စတုတ္ထအဆင့် အစီအရင်ပညာရှင်၊ မဟာဆရာသခင်အဆင့် စွမ်းရည်များ(၂)။
Vol. 25 Ch. 292
သို့သော် သူ အလျင်စလို ထွက်မသွားဘဲ၊ သူ၏ လက်ရှိ ကျင့်ကြံမှု တိုးတက်မှုကို စစ်ဆေးရန် အချက်အလက်ပြမျက်နှာပြင်ကို ဖွင့်လိုက်သည်။
[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ရွှေအမြုတေ အစောပိုင်းအဆင့် (တိုးတက်မှု ၇၀%)၊ သက်တမ်း - ၆၄ (၅၅၀၀နှစ်) ]
[ ပင်ကိုပါရမီ - ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ် (တိုးတက်မှု ၇၀%) ]
[ ဓားသိုင်းပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (တိုးတက်မှု ၂၀%) ]
[ အဆောင်ပညာ - တတိယအဆင့် အောက်ခြေအဆင့် (တိုးတက်မှု ၁၀%) ]
[ အစီအရင်ပညာ - စတုတ္ထအဆင့် အောက်ခြေအဆင့် (တိုးတက်မှု ၅၀%) ]
[ ဆေးဖော်စပ်ပညာ - တတိယအဆင့် အလယ်အလတ်အဆင့် (တိုးတက်မှု ၆၀%) ]
[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - အကြီးစားအောင်မြင်မှုအဆင့် (တိုးတက်မှု ၉၀%) ]
[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (တိုးတက်မှု ၅၀%) ]
[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ ထိုးထွင်းသိမြင်သော နှလုံးသားမျက်လုံး၊ နှလုံးသားမျက်လုံး ဘာသာစကား (တိုးတက်မှု ၈၅%) ]
[ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့်၊ လေဓားသွားပညာ - မဟာဆရာသခင်အဆင့်၊ ရွှေအလင်းပညာ - မဟာဆရာသခင်အဆင့်၊ ရေခဲနှင်းပညာ - မဟာဆရာသခင်အဆင့်၊ နွေလေမိုးပညာ - မဟာဆရာသခင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - မဟာဆရာသခင်အဆင့်… ]
[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်လေး အောက်ခြေအဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘အရက်ကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘ရွှေစားကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ 'စာအုပ်ကူ' - အဆင့်သုံး အောက်ခြေအဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်သုံး အောက်ခြေအဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်လေး အောက်ခြေအဆင့်၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်သုံး အောက်ခြေအဆင့်။ ]
ရုတ်တရက်၊ အထင်ကြီးစရာကောင်းသော အချက်အလက်များ ကျိုးစွေ့၏ ရှေ့မှောက်တွင် ပေါ်လာလေသည်။
“မျှော်လင့်ထားတဲ့ အတိုင်းပဲ.. ရွှေအမြုတေနယ်ပယ်ကို တက်လှမ်းပြီးနောက်မှာ.. ငါ့ရဲ့ ကျင့်ကြံမှု တိုးတက်နှုန်းက ပိုပြီး နှေးကွေးလာတယ်…”
ကျိုးစွေ့ စိတ်လှုပ်ရှားစွာ မှတ်ချက်ချလိုက်သည်။
သူသည် ကျင့်ကြံခြင်းခရီးကို ဆယ်နှစ်တိတိ ထပ်မံလျှောက်လှမ်းခဲ့သော်လည်း၊ သူ၏ ရွှေအမြုတေနယ်ပယ် အစောပိုင်းအဆင့် လုပ်ငန်းစဉ်ကို ၇၀%ထိသာ တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
ယင်းပင်လျှင်၊ သူ၏ တာအိုလက်တွဲဖော်များနှင့် အပြန်အလှန် ကျင့်ကြံမှုအကူအညီများ၊ ဆေးလုံးများ၏ အထောက်အပံ့များဖြင့်သာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်လေ၏။ ရွှေအမြုတေဆရာသခင်များ၏ ကျင့်ကြံခြင်းသည် အမှန်တကယ် မည်မျှ ခက်ခဲသည်အား စိတ်ကူး၍ပင် ကြည့်နိုင်ပေသည်။
တစ်ခါတစ်ရံတွင်၊ ရွှေအမြုတေကျင့်ကြံသူ တစ်ယောက်၏ ကျင့်ကြံခြင်း တိုးတက်မှုသည် ဆယ်စုနှစ် များစွာ၊ သို့မဟုတ် နှစ်တစ်ရာကြာသည့်တိုင် သိသာထင်ရှားသော တိုးတက်မှုများ မပြသနိုင်ပေ။
ထိုအခြေအနေများ ဖြစ်ပေါ်လာရခြင်းမှာ၊ ဆေးလုံးများ မလုံလောက်ခြင်း အပြင်၊ အရေးအကြီးဆုံး အချက်မှာ စိတ်ဝိညာဉ်အမြစ်၏ ပင်ကိုပါရမီ ပြဿနာကြောင့်သာ ဖြစ်ချေသည်။
ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်သည် အခြေတည်အဆင့်အတွင်း၌ လုံလောက်ရုံမျှသာ ရှိနိုင်သည်။ သို့သော်၊ ရွှေအမြုတေနယ်ပယ်သို့ ရောက်ရှိသည်နှင့်၊ ဤစိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီအဆင့်သည် အနည်းငယ် အဟန့်အတား ဖြစ်လာနိုင်သည်။ ဤအချက်က သူ၏ ကျင့်ကြံခြင်း တိုးတက်မှုကို နှေးကွေးစေခြင်းပင်။
သို့သော်၊ ဤသည်မှာ ရှောင်လွှဲမရနိုင်သော အခြေအနေတစ်ခုလည်း ဖြစ်ချေသည်။ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီ တိုးတက်ခြင်းသည် ကောင်းကင်ဘုံ၏ အလိုဆန္ဒကို ဆန့်ကျင်သော အရာသာ ဖြစ်သည်။
‘ချစ်ခြင်းမေတ္တာကူ’၏ စွမ်းအားကို အသုံးပြု၍ သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီကို မြှင့်တင်နိုင်ခြင်းသည်ပင် အမှန်တကယ် ကောင်းကင်ဘုံကို တွန်းလှန်ခြင်း ဖြစ်၏။ တိုးတက်မှုနှုန်း နှေးကွေးသော်လည်း၊ မည်သို့ပင် ဆိုစေကာမူ တိုးတက်နေသေးသည်။
ထို့အပြင်၊ ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်သည် လက်ရှိတွင် ၇၀% တိုးတက်မှု ရှိနေပြီ ဖြစ်ရာ၊ ၎င်းသည် အတော်လေး ကောင်းမွန်ပေသည်။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်၊ စတုတ္ထအဆင့် စိတ်ဝိညာဉ်အမြစ်၏ ပင်ကိုပါရမီသို့ မြှင့်တင်ရန် အခွင့်အရေး ရရှိလာမည်ဟု ခန့်မှန်းရသည်။ ထိုအချိန်တွင်၊ သူ၏ ကျင့်ကြံခြင်း ထိရောက်မှုသည် သေချာပေါက် သိသိသာသာ တိုးတက်လာပေလိမ့်မည်။
“ငါ မျှော်လင့်ထားတဲ့အတိုင်း… ငါ့ရဲ့ အစီအရင်ပညာက စတုတ္ထအဆင့် အောက်ခြေမှာပဲ ရှိသေးတယ်…”
“ငါ စတုတ္ထအဆင့် အထွတ်အထိပ်ကို တက်လှမ်းချင်ရင်.. အချိန်တချို့တော့ ယူရလိမ့်မယ်..”
ကျိုးစွေ့တစ်ယောက် သူ့မေးစေ့ကို တွေးတောဟန်ဖြင့် ပွတ်သပ်လိုက်သည်။
စတုတ္ထအဆင့် အဆင့်မြင်အစီအရင်ကို နားလည်ခြင်း ဆိုသည်မှာ သူသည် ထိုစတုတ္ထအဆင့် အစီအရင်၏ နက်နဲမှုကို သဘောပေါက်သွားပြီဟုသာ ဆိုလိုခြင်း ဖြစ်သည်။ သူ၏ အစီအရင်ပညာရပ်ကို စတုတ္ထအဆင့် အထွတ်အထိပ်ထိ အမှန်တကယ် မြှင့်တင်နိုင်ခဲ့ပြီဟု မဆိုလိုပေ။
အကယ်၍ အစီအရင်ပညာရပ်သည် အမှန်တကယ်ပင် စတုတ္ထအဆင့် အထွတ်အထိပ်သို့ တိုးတက်ခဲ့ပါက၊ ဆိုလိုသည်မှာ သူသည် စတုတ္ထအဆင့် အစီအရင်တစ်ခုစီတိုင်းကို အပြည့်အဝ နားလည် သဘောပေါက်သွားပြီဟု ဆိုလိုသည်။
မည်သည့် စတုတ္ထအဆင့် အစီအရင်ပဲ ဖြစ်ပါစေ၊ သူသည် အားစိုက်ထုတ်စရာ မလိုဘဲ ခင်းကျင်းနိင်သည်။
အမှန်အတိုင်းဆိုရလျှင်၊ သူသည် စတုတ္ထအဆင့် အောက်ခြေအဆင့် အစီအရင်ပညာရှင်တစ်ဦးမျှသာ ဖြစ်နေလျှင်ပင်၊ ချန်လန်ပင်လယ်တွင် ထိပ်တန်းတည်ရှိမှု တစ်ခုအဖြစ် သတ်မှတ်ခံရမည် ဖြစ်ပြီး၊ အစီအရင်ပညာရပ်၏ မဟာဆရာသခင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။
သူ၏ အစီအရင်ပညာရပ်အဆင့်ကို ယှဉ်နိုင်သူများသည် လက်ချိုးရေ၍ ရလောက်အောင် နည်းပါးပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စတုတ္ထအဆင့် အစီအရင်ကို နားလည် သဘောပေါက်ရန် မည်မျှ ခက်ခဲကြောင်း သူ သိသောကြောင့် ဖြစ်၏။
တတိယ နှင့် စတုတ္ထအဆင့်များကြား ကွာခြားချက်သည် မူကြိုကျောင်းသား နှင့် တက္ကသိုလ်ကျောင်းသား တစ်ဦးကြား ကွာခြားချက်ကဲ့သို့ပင် ဖြစ်သည်။ အခက်အခဲသည် ဆယ်ဆကျော်မက တိုးလာခဲ့သည်။
ချန်လန်ပင်လယ်တွင် တတိယအဆင့် အစီအရင်ပညာရှင်များ အတော်အတန် များပြားသော်လည်း၊ စတုတ္ထအဆင့် အစီအရင်ပညာရှင်များကိုမူ လက်ချိုးရေ၍ ရနိုင်သည်။
“နှလုံးသားမျက်လုံးဘာသာစကားကလည်း ပြီးပြည့်စုံဖို့ နီးစပ်နေပုံ ရတယ်… ဒီနှလုံးသားမျက်လုံးကို ပြီးပြည့်စုံအောင် လုပ်ဖို့ ငါ အချိန်ရှာရမယ်…”
ကျိုးစွေ့ သူ၏ နှလုံးသားမျက်လုံးဘာသာစကားတိုးတက်မှုကို အတော်လေး ကျေနပ်နေသည်။
မည်သို့ပင်ဖြစ်စေ၊ ဤဆယ်နှစ်တာကာလအတွင်း သူသည် နှလုံးသားမျက်လုံးကို တိုးတက်စေရန် အာရုံ သိပ်မစိုက်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဤနှလုံးသားမျက်လုံး၏ စွမ်းရည်သည် သူ၏ လက်ရှိ ကျင့်ကြံမှု တိုးတက်မှုအတွက် များစွာ အထောက်အကူ မပြုသလို၊ သူ၏ တိုက်ခိုက်ရေး စွမ်းအားကိုလည်း သိသိသာသာ တိုးမြှင့်ပေးခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းသည် သူ၏ အစီအရင်ပညာရပ်နှင့် ရိုးရှင်းစွာ နှိုင်းယှဉ်၍ မရနိုင်ပေ။
သူသည် နှလုံးသားမျက်လုံး၌ သူ၏ လေ့ကျင့်မှုကို ယာယီ ရွှေ့ဆိုင်းထားသော်လည်း၊ ၈၅% ပြီးစီးသည်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
မျက်လုံး ဖွဲ့စည်းခြင်းသည် မဝေးတော့ပေ။ အောင်မြင်သည်နှင့်၊ သူသည် အရာအားလုံး၏ ဘာသာစကားကို ကျွမ်းကျင်ပေလိမ့်မည်။ ဤသည်မှာ အလွန်တရာ အရေးပါသော စွမ်းရည်တစ်ခု ဖြစ်၏။
ချန်လန်ပင်လယ် ဒေသအတွင်းတွင် မရေမတွက်နိုင်သော သတ္တဝါများနှင့် မျိုးစိတ်များ ရှိကြသည်။
တစ်ခုချင်းစီတွင် သာမန်လူသားများ နားမလည်နိုင်သော ကိုယ်ပိုင် ဘာသာစကားများ ရှိကြသည်။ သို့သော်၊ နှလုံးသားမျက်လုံးဘာသာစကား၏ စွမ်းအားဖြင့်၊ သူသည် အခြားသူများ၏ အရေးအသား သို့မဟုတ် ဘာသာစကားကို သင်ယူစရာ မလိုဘဲ နားလည်နိုင်သည်။ ၎င်းသည် စကြဝဠာ ဘာသာပြန်စက်တစ်ခုနှင့် တူသည်။
“ဒါပေမဲ့… အကြီးမားဆုံး တိုးတက်မှုကတော့ ငါ့ရဲ့ အခြေခံမန္တန်တွေပဲ…”
ကျိုးစွေ့ သူ၏ အချက်အလက်ပြမျက်နှာပြင်ပေါ်တွင် တွေ့မြင်နေရသည်။ သူ၏ အခြေခံမန္တန် အားလုံးနီးပါး မဟာဆရာသခင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ စွမ်းရည်များ ဤမျှ လျင်မြန်စွာ တိုးတက်လာရသည့် အကြောင်းရင်းမှာ အဆင့်သုံး 'စာအုပ်ကူ'၏ စွမ်းအားကြောင့် ဖြစ်သည်။
သူသည် ပုံရိပ်ယောင်စာကြည့်တိုက်ထဲသို့ ဝင်ရောက်ပြီး မန္တန်အမျိုးမျိုးကို လေ့ကျင့်သောအခါ၊ သူ၏ နားလည်နိုင်စွမ်းသည် သုံးဆအထိ တိုးလာသည်။ ထို့ကြောင့်၊ မန္တန်အမျိုးမျိုးအပေါ် သူ၏ နားလည်မှုသည် လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်ဖြင့် တိုးတက်လာခဲ့သည်။
ထို့အပြင်၊ ယင်းတို့ အားလုံးသည် အကောင်းဆုံး အခြေခံမန္တန်များပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို မဟာဆရာသခင်နယ်ပယ်အထိ ကျင့်ကြံရန် လွယ်ကူသည်။
မည်သို့ပင်ဆိုစေကာမူ၊ ယခုအခါ သူသည် ရွှေအမြုတေဆရာသခင်တစ်ဦး ဖြစ်နေပြီ မဟုတ်ပါလော။ ဤအခြေခံမန္တန်များကို ကျင့်ကြံရခြင်းသည် လက်ဖဝါး လှန်လိုက်သကဲ့သို လွယ်ကူသည်ဟုပင် ခံစားရချေသည်။ ဆိုရလျှင်၊ တက္ကသိုလ်ကျောင်းသား တစ်ယောက်က မူကြို ကျောင်းသား၏ ပုစ္ဆာများကို ဖြေရှင်းရသလိုပင် ဖြစ်၏။
"မီးလုံးပညာရပ်"
"လေဓားသွားပညာ"
"ရေခဲနှင်းပညာ"
"ရွှေအလင်းပညာ"
ဤအခိုက်အတန့်တွင် ကျိုးစွေ့ မတ်တတ်ရပ်လိုက်ပြီး မန္တန်အမျိုးမျိုးကို စတင် ထုတ်ဖော်အသက်သွင်းလိုက်သည်။
ဘန်း…။
ရုတ်တရက်၊ မီးလုံးတစ်လုံးသည် အမြောက်ဆန်ကဲ့သို့ ပျံထွက်သွားပြီး၊ အခန်းထဲရှိ နံရံကို ချက်ချင်း ထိမှန်သွားကာ၊ မီးများ လွင့်စင်လျက် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေခဲ့တော့သည်။
အဆုံးမရှိသော စွမ်းအားကို ပြသလိုက်ခြင်းပင်။
လေဓားသွား တစ်ခုသည်လည်း ပျံထွက်သွားသည်။ ဓားချီကဲ့သို့ ထက်ရှပြီး၊ ချက်ချင်းပင် သူ့ရှေ့ရှိ နံရံပေါ်တွင် မီတာအတော်အတန် ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
ရေခဲနှင်းပညာကို ထုတ်ဖော်လိုက်သောအခါ၊ မြေပြင်သည် ထူထဲသော ရေခဲလွှာတစ်ခုအဖြစ် ချက်ချင်း အေးခဲသွားပြီး၊ အပူချိန်ကို ဒီဂရီ ဆယ်ဂဏန်းအထိ လျှော့ချပစ်လိုက်သည်။
မန္တန်တစ်ခုစီ၏ စွမ်းအားသည် ထူးကဲလှသည်။
“မျှော်လင့်ထားတဲ့အတိုင်း… အခြေခံမန္တန်တွေတောင်မှ မဟာဆရာသခင်နယ်ပယ်အထိ ကျင့်ကြံလိုက်ရင်.. စိတ်ကူးမယဉ်နိုင်လောက်အောင် အစွမ်းထက်လာတာပဲ.. ဒါ့အပြင်.. ရွှေအမြုတေ ကျင့်ကြံမှုစွမ်းအားနဲ့ တွန်းအားပေးလိုက်တော့.. မန္တန်တွေရဲ့ စွမ်းအားက ပိုပြီးတော့တောင် အံ့ဩစရာ ကောင်းလာတယ်..”
ကျိုးစွေ့တစ်ယောက် ကျင့်ကြံခြင်းလောကရှိ ကျော်ကြားသော မန္တန်ကျင့်ကြံသူများအကြောင်း တွေးတောမိတော့သည်။
သူတို့သည် မန္တန်အမျိုးမျိုးကို အထူးပြုပြီး မန္တန်အတတ် အများအပြားတွင် ကျွမ်းကျင်ကြကာ၊ သူတို့၏ တိုက်ခိုက်ရေးစွမ်းအားသည် ဓားကျင့်ကြံသူများထက် မနိမ့်ကျပေ။
မန္တန်ကျင့်ကြံသူ တစ်ဦးစီတိုင်းသည် ကျင့်ကြံခြင်းလောကတွင် ရွေ့လျားနေသော ခံတပ်တစ်ခု ဖြစ်ပြီး၊ တစ်ဦးချင်းစီသည် သူတို့၏ အမည်ကို ကျော်ကြားစေနိုင်ခဲ့သည်။
ယခုအခါ၊ သူသည်လည်း မန္တန်ကျင့်ကြံသူတစ်ဦး၏ အစွမ်းသတ္တိအချို့ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
ကျင့်ကြံခြင်းလောကတွင် စွမ်းရည်တစ်ခုစီကို အစွန်းရောက်အဆင့်ထိ ကျင့်ကြံပါက၊ ကြီးမားသော စွမ်းအားကို ဖန်တီးပေးလိမ့်မည်ဟု ဆိုလေ့ရှိသည်။
“ငါ့ဆီမှာရှိတဲ့ ကြွယ်ဝတဲ့ ရွှေအမြုတေ ကျင့်ကြံမှုစွမ်းအားနဲ့ဆိုရင်… မန္တန်ကျင့်ကြံသူဖြစ်လာဖို့ အလွယ်လေးပဲ..”
“တခြား မန္တန်ကျင့်ကြံသူတွေက မန္တန် ဒါဇင်အနည်းငယ်လောက် စီရင်ပြီးရင် သူတို့ရဲ့ မှော်စွမ်းအားကို ပြန်လည် ဖြည့်တင်းဖို့.. အနားယူဖို့ လိုအပ်လိမ့်မယ်…”
“ဒါပေမဲ့.. ငါက မန္တန် ရာပေါင်းများစွာကို ဘာပြဿနာမှမရှိဘဲ စီရင်နိုင်လောက်တယ်…”
“ငါလေးက တကယ့်ကို ကျင့်ကြံခြင်းလောကရဲ့ ရွေ့လျားနေတဲ့ ခံတပ်ပဲ… မန္တန်တွေရဲ့ စွမ်းအားကို အဝေးကနေ ထိန်းချုပ်ပြီး ရန်သူတွေကို တရစပ်ဗုံးကြဲတိုက်ခိုက်နိုင်တယ်…”
ကျိုးစွေ့တစ်ယောက် ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်နှက်နေတော့သည်။