ကောင်းကင်ဘုံကပ်ဘေးကို အံ့တုနိုင်သော ကူပိုးကောင်များ၊ ‘မိုးကြိုးကပ်ဘေးကူ’(၂)။
Vol. 25 Ch. 295
"ယာကျူ... မင်းအခြေအနေကရော အခု ဘယ်လိုလဲ…"
"ဝိညာဉ်သန္ဓေသားအဆင့်အတွက် ပြင်ဆင်မှုက ဘယ်လိုလဲ…"
ကျိုးစွေ့သည် ဤနှစ်များတစ်လျှောက် ဝိညာဉ်သန္ဓေသားအဆင့်အတွက် ပြင်ဆင်နေခဲ့သော လင်းယာကျူကို ကြည့်လိုက်သည်။
သူမသည် ဝိညာဉ်သန္ဓေသားအဆင့် လိုအပ်ချက်များနှင့် ကိုက်ညီစေရန်၊ သူမခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ထုတ်ပစ်ရန်အတွက် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်းများကို အသုံးပြုနေခဲ့သည်။
"မဆိုးပါဘူး…"
"ဝိညာဉ်သန္ဓေသားအဆင့်ရဲ့ ပထမအဆင့် ရွှေအမြုတေကို ဖြိုခွဲတာနဲ့ ပတ်သက်ပြီး ပြဿနာကြီးကြီးမားမား မရှိလောက်ဘူး…"
"ကျွန်မ ဒုတိယအဆင့်ဖြစ်တဲ့ နှလုံးသားမိစ္ဆာကပ်ဘေးအတွက်ပဲ စိတ်ပူနေတာ…"
"ပြီးတော့ တတိယအဆင့်ဖြစ်တဲ့ ကောင်းကင်ဘုံကပ်ဘေးပေါ့… ဟင်း…"
လင်းယာကျူက စိုးရိမ်မှုအချို့ဖြင့် ပြန်ဖြေလိုက်သည်။
သူမ၏ ကိုယ်ပေါ်တွင် ဝိညာဉ်သန္ဓေသားအဆင့် စိတ်ဝိညာဉ်ပစ္စည်းများ ရှိနေသော်လည်း၊ သူမ ဝိညာဉ်သန္ဓေသားအဆင့်သို့ အောင်မြင်စွာ ရောက်ရှိမည်ဟု အာမခံချက် မပေးနိုင်ပေ။
သူမသာ နှလုံးသားမိစ္ဆာကပ်ဘေးကို မကျော်လွှားနိုင်ပါက၊ သေချာပေါက် သေဆုံးသွားရပေမည်။ ထို့အပြင်၊ ဤစမ်းသပ်မှုသည် သူမ ကိုယ့်ကိုယ်ကိုသာ အားကိုးပြီး ကျော်လွှားရမည့် အရာတစ်ခုသာ ဖြစ်၏။
ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူများပင်လျှင်၊ ဤအဆင့်တွင် မကြာခဏ ကျရှုံးတတ်ကြသည်။
"ကြောက်စရာ မလိုပါဘူး… မင်းကို ဒုတိယအဆင့်ဖြစ်တဲ့ နှလုံးသားမိစ္ဆာကပ်ဘေးကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်မယ့်နည်းလမ်း ငါ့မှာ ရှိပါတယ်…"
"တတိယအဆင့်ဖြစ်တဲ့ ကောင်းကင်ဘုံကပ်ဘေးအတွက်လည်း… ငါ ဖြေရှင်းနည်း တွေ့ထားတယ်…"
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။
သူ ကျင့်ကြံထားသော မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်သည် နှလုံးသားမိစ္ဆာကို ကိုင်တွယ်ဖြေရှင်းရန် ပြိုင်ဘက်ကင်းသော လျှို့ဝှက်နည်းစနစ် တစ်ခု ဖြစ်သည်။
မိစ္ဆာနှလုံးသားဆင့်ခေါ်ခြင်းကျင့်စဉ်ကို အသုံးပြုခြင်းဖြင့်၊ သူသည် လင်းယာကျူ၏ ခန္ဓာကိုယ် အတွင်းရှိ နှလုံးသားမိစ္ဆာကို ဆင့်ခေါ်နိုင်ပြီး 'အိပ်မက်ဝိညာဉ်ကူ'ဖြင့် ဝါးမျိုစေနိုင်သည်။ ဤနည်းဖြင့်၊ လင်းယာကျူသည် ဒုတိယအဆင့်ကို အန္တရာယ်ကင်းစွာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
တတိယအဆင့်ဖြစ်သော ကောင်းကင်ဘုံကပ်ဘေးအတွက်မူ၊ သူသည် ဖြေရှင်းနည်းတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ယင်းမှာ ‘မိုးကြိုးကပ်ဘေးကူ’ဟု ခေါ်သော ကူပိုးကောင်အမျိုးအစားသစ် တစ်မျိုးကို သန့်စင်ရန်ပင် ဖြစ်၏။
ဤကူပိုးကောင် အမျိုးအစားသည် အလွန့်အလွန် ထူးခြားပြီး ကောင်းကင်နှင့် မြေကြီးမှ မိုးကြိုးလျှပ်စီးများကို စားသုံးသည်။ ၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ လျှပ်စီးမိုးကြိုးအားလုံးကို ထိန်းချုပ်နိုင်ပြီး၊ အဆုံးမဲ့ နက်နဲဆန်းကြယ်မှုများ ပါဝင်သည်။
‘မိုးကြိုးကပ်ဘေးကူ’ကို သန့်စင်နိုင်ပါက၊ ၎င်းကို ကောင်းကင်ဘုံကပ်ဘေးကို ခုခံရန် အသုံးပြုနိုင်သည်။ ဤအရာက ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို များစွာ လျှော့ချပေးလိမ့်မည် ဖြစ်သည်။
ပြဿနာမှာ ‘မိုးကြိုးကပ်ဘေးကူ’ကို သန့်စင်ရန် အဓိကပါဝင်ပစ္စည်းသည် အလွန် ရှားပါးလှသည်။ ၎င်းကို မိုးကြိုးကပ်ဘေးသစ်သီးဟု ခေါ်သည်။
ဤသည်မှာ ထူးခြားသော စိတ်ဝိညာဉ်သစ်သီး အမျိုးအစားတစ်မျိုး ဖြစ်သည်။ ၎င်းသည် သီးခြား စိတ်ဝိညာဉ်သစ်ပင်တစ်ပင်၏ အသီး ဖြစ်ပြီး၊ ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားကို စုပ်ယူခြင်းဖြင့် ဖြစ်တည်လာသော အသီး ဖြစ်၏။
၎င်းကို စားသုံးပြီးနောက်၊ လူတစ်ဦးသည် ကောင်းကင်ဘုံကပ်ဘေးကို အတိုင်းအတာတစ်ခုအထိ ခုခံနိုင်သည်။
၎င်းကို အလွန်တန်ဖိုးကြီးပြီး တန်ဖိုးဖြတ်၍ပင်မရနိုင်ဟု ဖော်ပြနိုင်သည်။ ဝူကျိကျွန်း၏ လေလံပွဲတွင်ပင် ၎င်းကို ရှာမတွေ့နိုင်ပေ။ ဤသည်မှာ ငွေဖြင့် ဝယ်ယူ၍ မရနိုင်သော ရှားပါးပစ္စည်းတစ်ခု ဖြစ်သည်။
ထို့ကြောင့်၊ သူသည် မိုးကြိုးကပ်ဘေးသစ်သီးကို ရှာဖွေရန်အတွက် 'ပစ္စည်းရှာဖွေကူ'၏ စွမ်းအားကို အသုံးပြုရန် စီစဉ်ထားသည်။
"ဖြေရှင်းနည်းက ဘာလဲဟင်…"
ဤသည်ကို ကြားလိုက်ရသောအခါ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့ နှစ်ဦးစလုံး၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် ဝိုင်းစက်သွားကြတော့သည်။
မည်သို့ပင်ဖြစ်စေ၊ ကောင်းကင်ဘုံကပ်ဘေးကို ကျော်လွှားရန် စစ်မှန်သော နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါက၊ ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိရန် အောင်မြင်မှုနှုန်းသည် သိသိသာသာ တိုးတက်လာပေလိမ့်မည်။
သူတို့သည် ခင်ပွန်းဖြစ်သူ၏ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများကို သိရှိကြပြီး ဖြစ်ရာ၊ သူသည် နှလုံးသားမိစ္ဆာကပ်ဘေးနှင့် ကောင်းကင်ဘုံကပ်ဘေးနှစ်ခုစလုံးကို ခုခံနိုင်မည့်နည်းလမ်းကို အမှန်တကယ် ရှာဖွေတွေ့ရှိနိုင်မည်လောဟု တွေးတောနေမိကြသည်။
"အဲ့ဒါနဲ့ ပတ်သက်ပြီးတော့… ကိုယ် မင်းတို့ကို အခု ပြောပြလို့ မရသေးဘူး… အချိန်တန်ရင် မင်းတို့ သိလာရမှာပါ.."
ကျိုးစွေ့ အနည်းငယ် ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ယောက်ျားကလဲ... ပြောပြပါဆို… ကျွန်မ ရှင့်ကို အများကြီး ပြုစုပေးပါ့မယ်.. နော်.. နော်လို့…"
"ကျွန်မ ဘယ် ကျင့်ကြံမှု ကိုယ်ဟန်အနေအထားကိုမဆို လေ့ကျင့်ဖို့ ဆန္ဒ ရှိပါတယ်…"
ရှန်ပိချန်သည် ကျိုးစွေ့ကို တွယ်ဖက်လိုက်သည်။
သူမ၏ အသံသည် သဘာဝအလျောက် ဆွဲဆောင်မှု ရှိပြီး၊ အရိုးထဲထိ စိမ့်ဝင်သွားလောက်အောင် ထူးကဲစွာ ညှို့ယူဖမ်းစားနိုင်စွမ်း ရှိသည်။
သူမ၏ စကားများကို ကြားလိုက်ရသောအခါ ကျိုးစွေ့ခမျာ မနည်း တွန်းလှန်နေရတော့သည်။
မည်သို့ပင်ဖြစ်စေ၊ သူတို့သည် ခန်းဝင်ပြီးသား လင်မယားများ ဖြစ်ကြရာ၊ သူ ဟန်ဆောင်နေစရာ မလိုချေ။ မကြာမီ၌၊ ပျော်ရွှင်ဖွယ်တေးသွားများက သူတို့၏ အိပ်ခန်းဆောင်အား ပြည့်နှက်သွားစေတော့သည်။
...
ဤအခိုက်အတန့်တွင်၊ ကြယ်သုံးပွင့်ကျွန်းစုရှိ ကျွန်းများအနက် တစ်ခုပေါ်တွင် ကျင့်ကြံသူအုပ်စုတစ်စု ပုန်းအောင်းနေကြသည်။
သူတို့သည် မိစ္ဆာနက်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူများ ဖြစ်ကြသည်။
ယုမိသားစု၊ တိုင်မိသားစု၊ စုန်မိသားစုနှင့် အခြားများစွာသော မိသားစုများ ပြိုလဲမှုသည် သူတို့နှင့် များစွာ သက်ဆိုင်နေသည်။ ယခုအခါ၊ သူတို့သည် အင်မော်တယ်ရှားမြို့တော်ကို မျက်စိကျနေကြလေ၏။
"အင်မော်တယ်ရှားမြို့တော်မှာ အရင်းအမြစ်တွေ ပေါများတယ်… ကျင့်ကြံသူ ငါးသန်းကျော်လည်း နေထိုင်ကြတယ်…"
"သူ့ရဲ့ နှစ်စဉ်အိမ်ငှားခ တစ်ခုတည်းကတင် စိတ်ကူးမယဉ်နိုင်လောက်တဲ့ ဝိညာဉ်ကျောက်တုံး ပမာဏကို ရရှိနေမှာပဲ…"
"ငါတို့သာ အင်မော်တယ်ရှားမြို့တော်ကို လုယက်နိုင်ရင်… ငါတို့ရဲ့ ဝိညာဉ်သန္ဓေသားတွေအတွက် လုံလောက်တဲ့ ဝိညာဉ်ကျောက်တုံးတွေ ရလိမ့်မယ်…"
ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူတစ်ဦး၏ မျက်လုံးများ လောဘဖြင့် တောက်ပနေချေသည်။
ဤမိစ္ဆာကျင့်ကြံသူများအတွက် ဆေးဖော်စပ်ပညာ၊ အဆောင်ပြုလုပ်ခြင်းနှင့် အခြားသော ကျင့်ကြံခြင်း နည်းစနစ်များမှတဆင့် ငွေရှာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
လုယက်ခြင်းနှင့် ဓားပြတိုက်ခြင်းမှတဆင့်သာ သူတို့ အနိုင်နိုင် ရပ်တည်နေရသည်။
သူတို့၏ အဓိကမူဝါဒမှာ လုယက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းသာ ဖြစ်၏။ မိစ္ဆာကျင့်ကြံသူအများစုသည် ဤရှင်သန်ရေး စွမ်းရည်များကိုသာ အားကိုးကြပြီး၊ အခြား ဘာမျှ မတတ်မြောက်ကြဟု ဆိုနိုင်ပေသည်။
"သောက်ရူး… ငါ အင်မော်တယ်ရှားမြို့တော်ကို မလုယက်ချင်ဘူးလို့ မင်း ထင်နေလား…"
"ဒါပေမဲ့ အင်မော်တယ်ရှားမြို့တော်က အရမ်း အန္တရာယ်များတယ်… ရွှေအမြုတေ နှောင်းပိုင်းကျင့်ကြံသူ သွေးစွန်းမိစ္ဆာအိုလို လူစားမျိုးတောင်မှ တစ်ခါက တိုက်ခိုက်ခဲ့ဖူးသေးတယ်…"
"အဲ့ဒီတုန်းက ဘာဖြစ်ခဲ့လဲ သိလား… သူတို့အားလုံးကို မြို့ထဲက ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက်က သတ်ဖြတ်ပစ်ခဲ့ပြီး… သူတို့ရဲ့ ခေါင်းတွေကို ဝူကျိမဟာမိတ်အဖွဲ့မှာ ဆုငွေနဲ့တောင် လဲလှယ်ခဲ့ကြတယ်…"
"မင်း သွေးစွန်းမိစ္ဆာအိုရဲ့ ခြေရာအတိုင်း လိုက်ချင်နေတာတော့ မဟုတ်ပါဘူးနော်…"
အခြား ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူတစ်ဦးက အေးစက်စက် လှောင်ရယ်သံဖြင့် ပြစ်တင် ဝေဖန်လိုက်သည်။
အင်မော်တယ်ရှားမြို့တော်သည် ဝါးစားရန် လွယ်ကူသော အရိုးတစ်ချောင်း မဟုတ်ကြောင်း၊ သူ၏ ရဲဘော်ကို တင်းမာစွာ သတိပေးလိုက်သည်။
"သွေးစွန်းမိစ္ဆာအိုမှာ တတိယအဆင့် တားမြစ်ချက်ဖျက်ဆီးခြင်းအဆောင် ရှိပေမယ့်… အသုံးမဝင်ခဲ့ဘူးလို့ ပြောကြတယ်…"
"ဒါက အင်မော်တယ်ရှားမြို့တော်မှာ တတိယအဆင့် အစီအရင်ပညာရှင်တစ်ယောက် ပုန်းအောင်းနေလို့ပဲ…"
"ဒီ အစီအရင်ပညာရှင်က ဟို ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးယောက်ရဲ့ လက်တွဲဖော် ဖြစ်ပုံရပြီးတော့… သူ့အချိန်အများစုကို ဂိုဏ်းထဲမှာ ကျင့်ကြံခြင်းနဲ့ပဲ ကုန်ဆုံးနေတာတဲ့…"
"သူ့ကို ရှာဖွေဖို့ဆိုတာ မဖြစ်နိုင်တဲ့အလုပ်ပဲ…"
အခြား ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူတစ်ဦးက စိတ်မရှည်စွာ ပြောလိုက်သည်။
သူသည် တတိယအဆင့် အစီအရင်ပညာရှင်ကို ဖမ်းဆီးရန် အမြဲတစေ ကြံစည်ခဲ့သော်လည်း၊ သူသည် အင်မော်တယ်ရှားမြို့တော်တွင် ထိုချာတိတ်အား မည်သည့်အခါကမျှ မမြင်တွေ့ခဲ့ဖူးပေ။
သူသည် တောင်တံခါးအတွင်း၌ အမြဲတမ်း ပုန်းအောင်းနေပြီး၊ အလစ်အငိုက်ဖမ်းရန် အခွင့်အရေး မရှိခဲ့ဟုပင် ပြောနိုင်သည်။
ထို့အပြင်၊ သူသည် အင်မော်တယ်ရှားဂိုဏ်း၏ အဓိက နယ်မြေများထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ ၎င်းသည် ထောင်ချောက်ထဲသို့ တည့်တည့်ဝင်သွားခြင်းနှင့် မကွာခြားပေ။
"အဲ့ဒီ တတိယအဆင့် အစီအရင်ပညာရှင်က တကယ်ကို ထူးခြားတယ်… ခန့်မှန်းရခက်တဲ့ အစီအရင်ပညာ ရှိတယ်…"
"ငါ အစီအရင်အချိတ်အဆက်တွေကို ရှာဖို့ တစ်ခါ ကြိုးစားဖူးပေမယ့် လက်ဗလာနဲ့ပဲ ပြန်ခဲ့ရတယ်…ဟူး…"
"ကင်းလှည့်အဖွဲ့နဲ့ တိုးတော့မလိုတောင် ဖြစ်ခဲ့ရတယ်… ချီး…"
"လွယ်လွယ်ပြောရရင်… အင်မော်တယ်ရှားမြို့တော်က ခွဲရခက်တဲ့ အခွံမာသီးပဲ… မဆင်မခြင် ဝင်မရှုပ်နဲ့… မဟုတ်ရင် ငါတို့သင်္ဘော ရေမြောင်းထဲ မှောက်သွားလိမ့်မယ်…"
"ငါတို့က ဒီကို အကျိုးအမြတ်ရှာဖို့ပဲ လာတာ… အသက်စွန့်ဖို့ မဟုတ်ဘူး…"
"ဓားပြတိုက်တယ်ဆိုတာ အားနည်းတဲ့ပစ်မှတ်တွေကိုပဲ ရည်ရွယ်သင့်တယ်.. ဝါးရခက်တဲ့ အရိုးမျိုးကို မဟုတ်ဘူး…"
နောက်ထပ် ရွှေအမြုတေ မိစ္ဆာကျင့်ကြံသူတစ်ဦးက သူ့အမြင်ကို ပြောပြလိုက်သည်။
အင်မော်တယ်ရှားမြို့တော်သည် ကြောက်မက်ဖွယ် ရန်သူတစ်ဦး ဖြစ်ပြီး၊ နဂါးတွင်း သို့မဟုတ် ကျားလှိုဏ်ဂူထဲသို့ ဝင်ရောက်ခြင်းကဲ့သို့ သိသာထင်ရှားသော အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် သူ တွေဝေနေမိသည်။
"ကောင်းပြီ… မင်းတို့အားလုံး အင်မော်တယ်ရှားမြို့တော်ကို ယှဉ်ပြိုင်ဖို့ တွန့်ဆုတ်နေကြရင်လည်း မေ့လိုက်ပါတော့… ငါတို့ တခြား တတိယအဆင့် ကျွန်းတချို့ကို သွားရှာလို့ ရပါတယ်…"
"ဒီ ပင်လယ်မျိုးနွယ်စု ကျူးကျော်မှုက ငါတို့ မိစ္ဆာနက်ဂိုဏ်းအတွက် ရွှေရောင်အခွင့်အရေးပဲ…"
"ဟုတ်တယ်မလား… ပင်လယ်မျိုးနွယ်စု ဖန်တီးလိုက်တဲ့ ပရမ်းပတာ ဖြစ်ရပ်တွေကြားမှာ.. ငါတို့ ပွဲ့လန့်တုန်းဖျာခင်းပြီး.. ရွှေအမြုတေမိသားစု အများအပြားကို ဝင်ရောက်စီးနင်းနိုင်တယ်လေ…"
"ဒီနှစ်အနည်းငယ်အတွင်း ငါတို့ ရရှိခဲ့တဲ့ လုယက်ပစ္စည်းတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်က ရရှိခဲ့တဲ့ ပမာဏစုစုပေါင်းထက် ကျော်လွန်နေပြီ… ငါတို့ တကယ်ကို ရတနာစိန်ကျောက် ဇယ်တောက်တမ်း ကစားနေသလိုကို ဖြစ်နေပြီ…”
"ဒီစစ်ပွဲ နည်းနည်းပိုပြီး ရှည်ကြာပါစေလို့ ငါ ဆုတောင်းတယ်.. မဟုတ်ရင်.. ငါတို့ ဒီလိုအခွင့်အရေးမျိုး ဘယ်မှာ ရှာတွေ့နိုင်မှာလဲ…"
"ဒါပေမဲ့.. ပင်လယ်မျိုးနွယ်စုက အနိုင်ရသွားရင် ဘယ်လိုလုပ်ကြမလဲ.."
"ဘာ ကြောက်စရာ ရှိလို့လဲကွာ… ကမ္ဘာကြီးက အကျယ်ကြီး.. ငါတို့ မသွားနိုင်တဲ့နေရာ ဘယ်မှာ ရှိလို့လဲ…"
"ဟုတ်တယ်… ငါတို့ ချန်လန်ပင်လယ်ဧရိယာမှာ မနေရရင်တောင်… တခြားနေရာတွေကို ခရီးဆန့်လို့ ရသေးတယ်.. ပင်လယ်မျိုးနွယ်စ်က မြေပြင်အားလုံးကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်နေလား.. လခွမ်း.. အဲ့တာအသာထား.. အခုစစ်ပွဲမှာတောင် သူတို့ အနိုင်ရမလား ဆိုတာ မသေချာသေးဘူး… ဟမ့်…"
"ငါသေပြီးမှ… ရေကြီးမယ့်ကိစ္စကို ဘာဂရုစိုက်နေစရာ လိုလဲ… မဟုတ်ဘူးလား…"
မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများသည် မျိုးနွယ်စုစစ်ပွဲများကို အလေးအနက်မထားဘဲ၊ မိမိကိုယ်ကျိုးအတွက်သာ အဆင်အခြင်မဲ့ ဆွေးနွေးနေကြတော့သည်။