ထူးကဲသောအလှပဂေး ချူတျဲယီ၊ သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း(၂)။
Vol. 25 Ch. 297
ယခုတွင်မူ၊ အခြေအနေ ကွာခြားသွားပြီ ဖြစ်၏။
ဤအမျိုးသမီးသည် သူ၏ အဆိပ်သင့်ခြင်းကို ပြင်းထန်စွာ ခံထားရပြီး၊ သူပြုသမျှ နုရချေတော့မည်။ တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့သော ဤအမျိုးသမီးသည် ယခုအခါ သူ၏လက်ခုပ်ထဲသို့ ရောက်နေချေပြီ။
မှန်ပေသည်၊ သူသာ သူမ၏ ယင်အနှစ်သာရကို ရယူနိုင်ပါက၊ ဝိညာဉ်သန္ဓေသား ဖြစ်လာရန် အခွင့်အလမ်း တိုးလာပေလိမ့်မည်။ ဤသည်မှာ သူ သူမကို အသည်းအသန် ကြံစည်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။
"ငါ့ရဲ့ ယင်အနှစ်သာရကို ယူနိုင်မယ်လို့ ထင်နေတာလား… ထွီ.."
ချူတျဲယီ၏ မျက်နှာထား အေးစက်သွားပြီး၊ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်တစ်ခု သူမထံမှ ထွက်ပေါ်လာသည်။ သူမ ချောင်ပိတ်မိနေသော်လည်း၊ လက်နက်ချရန် ရည်ရွယ်ချက် လုံးဝ မရှိသေးပေ။
"ဟားဟား... ငါ မင်းရဲ့ အဲ့လို ခေါင်းမာတဲ့စိတ်ဓာတ်ကို သိပ်သဘောကျတာ…"
"ကိစ္စမရှိပါဘူး… မင်း ပို ရုန်းကန်လေ… အဆိပ်ပြင်းတဲ့ အနီရောင်မျက်နှာချေအဆိပ်က ပို ပြင်းထန်လာလေပဲ… ဟားဟား.."
"အချိန်တန်ရင်… ထွက်ပြေးဖို့ မပြောနဲ့.. ခြေလှမ်းတစ်လှမ်း လှမ်းဖို့တောင် မင်းအတွက် မဖြစ်နိုင်တော့ဘူး…"
"အလှလေးရေ... မင်း မကြာခင် အထွတ်အထိပ်ပျော်ရွှင်မှုရဲ့ အရသာကို နားလည်လာပါလိမ့်မယ်… ဟဲဟဲ…"
"ဒီတစ်ခါ… ငါ မင်းကိုရော မိုးကြိုးကပ်ဘေးသစ်သီးကိုပါ လိုချင်တယ်… အလှလေးရော.. စည်းစိမ်ဥစ္စာရော ငါယူမယ်… ဟားဟား…”
" စလိုက်ကြစို့… ရွှမ်ယင်သင်္ကေတလေးခုအစီအရင်ကို ခင်းကြ…"
ရွှမ်ယင်ဂိုဏ်းတပည့်ရင်း ချီယုံချင်း၏ မျက်လုံးများတွင် လောဘအရိပ်များ ပေါ်လာသည်။
ဝုန်း…။
တစ်ခဏချင်းမှာပင်၊ အခြား ရွှေအမြုတေကျင့်ကြံသူ သုံးဦးသည် တပည့်ရင်းချီယုံချင်းနှင့် ပူးပေါင်းပြီး ကြီးမားသော သင်္ကေတလေးခုအစီအရင်ကို ခင်းကျင်းလိုက်ကြသည်။
၎င်းသည် ရွှေအမြုတေကျင့်ကြံသူ လေးဦး၏ အင်အားကို စုစည်းထားခြင်းပင် ဖြစ်၏။ အဆုံးမရှိသော ရွှမ်ယင်စွမ်းအင်များ စုစည်းသွားပြီး၊ ကြောက်မက်ဖွယ် ရွှမ်ယင်ဓားချီကို ဖွဲ့စည်းလိုက်တော့သည်။
ထင်ရှားသည်မှာ၊ အနိုင်ရမည့် အခြေအနေ ရှိနေသော်လည်း၊ သူတို့သည် ချူတျဲယီအနီးသို့ ကပ်ရန် မဝံ့ရဲကြပေ။
မည်သို့ပင်ဆိုစေကာမူ၊ သူမသည် နှစ်တစ်ထောင်အတွင်း ကောင်းကင်မိစ္ဆာဂိုဏ်း၏ အထူးချွန်ဆုံး ပါရမီရှင် ဖြစ်၏။ သူမ မည်ကဲ့သို့သော စွမ်းရည်များ ပိုင်ဆိုင်ထားသည်ကို မည်သူမျှ မသိကြပေ။
ထို့ကြောင့် သူတို့သည် အစီအရင်အင်အားကို အသုံးပြု၍၊ ဤအမျိုးသမီး၏ စွမ်းအားကို ဖြည်းဖြည်းချင်း လျှော့ချရန် စီစဉ်ထားကြသည်။ အဆိပ်အာနိသင် ပြသောအခါတွင်မူ၊ သူမသည် သူတို့ ပြုသမျှ နုရပေမည် မဟုတ်ပါလော။
"လော့ဝါထီး…"
ချူတျဲယီ လက်ဝှေ့ယမ်းလိုက်ပြီး၊ ထိပ်တန်း အရည်အသွေးရှိ ကာကွယ်ရေးရတနာ တစ်ခုကို ထုတ်ယူလိုက်ရာ၊ အဝါရောင်ထီးတစ်ချောင်း ပျံထွက်လာပြီး ကြီးမားသော အရှိန်အဝါတစ်ခုကို ဖြန့်ကျက်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားလိုက်သည်။
ထူထပ်သော ကာကွယ်ရေး ရုန်းသင်္ကေတများက မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာတော့သည်။
ဤသည်မှာ ခိုင်မာသော ကာကွယ်ရေးစွမ်းအား ရှိသည့် ထိပ်တန်းအဆင့် ကာကွယ်ရေးရတနာတစ်ခု ဖြစ်ချေသည်။ သာမန် ရွှေအမြုတေကျင့်ကြံသူများ၏ တိုက်ခိုက်မှုများပင်လျှင် ဤထိပ်တန်းအရည်အသွေးရှိသော ရတနာကို ဖျက်ဆီးရန် ခက်ခဲပေလိမ့်မည်။
ဝုန်း…အုန်း…။
နောက်တစ်စက္ကန့်တွင်၊ မရေမတွက်နိုင်သော ရွှမ်ယင်ဓားချီများ တရစပ်တိုက်ခိုက်လာပြီး၊ လော့ဝါထီးကို ထိမှန်ကာ ကြောက်မက်ဖွယ် ဖျက်ဆီးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး၊ လှိုင်းဂယက်များ အဆက်မပြတ် ဖြစ်ပေါ်စေခဲ့သည်။
မြေပြင်သည် ဤကြောက်မက်ဖွယ်တိုက်ပွဲ၏ နောက်ဆက်တွဲတုန်ခါမှုများကို မခံနိုင်ပေ။ မိုင်ဆယ်ပေါင်းများစွာ ပတ်လည်တွင် ပြင်းထန်သော တုန်ခါမှုများ သိမ့်သိမ့်တုန်နေပြီး၊ ဖုန်မှုန့်များ လေထဲတွင် ပြည့်နှက်နေကာ တောလှဲသံများ မြည်ဟိန်းနေတော့သည်။
ရွှမ်ယင်သင်္ကေတလေးခုအစီအရင်၏ ကြီးမားသောစွမ်းအားကို စိတ်ကူး၍ပင် ကြည့်နိုင်ပေသည်။
ရုတ်တရက်၊ ချူတျဲယီ၏ မျက်နှာအရောင် ပြောင်းလဲသွားသည်။ အဆိပ်ပြင်းသော အနီရောင်မျက်နှာချေအဆိပ် သင့်ထားသဖြင့် သူမ၏ လှပသောမျက်နှာမှာ နီရဲလာပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
ဆက်လက် မတောင့်ခံနိုင်တော့ဘဲ၊ သူမ မြေပြင်ပေါ်သို့ လဲကျသွားရသလို နဖူးပေါ်ရှိ အနီရောင် အစက်လေးသည်လည်း ပိုမို တောက်ပလာချေသည်။
ထင်ရှားသည်မှာ၊ ဤကဲ့သို့သော တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိရန်မှာ လွန်ကဲလွန်းလှသည်။
ထို့အပြင်၊ အဆိပ်ပြင်းသော အနီရောင်မျက်နှာချေအဆိပ်နှင့် ပေါင်းစပ်လိုက်သည့်အခါတွင် သူမ ဆက်လက် မတောင့်ခံနိုင်တော့ပေ။
သူမသာ အထွတ်အထိပ်အခြေအနေတွင် ရှိနေပါက၊ ဤအဆင့် တိုက်ခိုက်မှုသည် သူမအတွက် မိုးဖွဲလေးများ ကျရောက်သည့်အလား ဘာမျှ မဟုတ်ပေ။ သို့သော် ယခု၊ ၎င်းသည် ကုလားအုတ်၏ ကျောရိုးကို ကျိုးစေခဲ့သော နောက်ဆုံးကောက်ရိုးမျှင် ဖြစ်လာခဲ့ချေသည်။
"ဟားဟား... သူတော်စင်အမွေဆက်ခံသူ… ဒီမြင်းရိုင်းမလေးတော့ ခင်ဗျားယဉ်ပါးအောင် လုပ်တာ ခံလိုက်ရပြီ ထင်တယ်ဗျို့…"
ဤမြင်ကွင်းကို မြင်ရသောအခါ၊ ရွှေအမြုတေဆရာသခင်တစ်ဦးက အားပါးတရ ရယ်မောလိုက်ပြီး၊ အလွန် ကျေနပ်သွားသည်။
သုံးရက်သုံးညတိုင် လိုက်လံဖမ်းဆီးပြီးနောက်၊ သူတို့သည် ကောင်းကင်မိစ္ဆာဂိုဏ်းမှ ဤအမျိုးသမီး ကျင့်ကြံသူကို နောက်ဆုံးတွင် ချိုးနှိမ်နိုင်ခဲ့ချေပြီ။ ဤသည်မှာ သူတို့၏အစီအစဉ် အောင်မြင်စွာ အကောင်အထည် ပေါ်လာပြီ ဖြစ်ကြောင်း ဆိုလိုပေသည်။
"အံ့ဩစရာ ကောင်းတာကတော့… သူမ အနီရောင်မျက်နှာချေအဆိပ်ကို သုံးရက်သုံးည တောင့်ခံနိုင်ခဲ့တာပဲ…"
"ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ တပည့်ရင်း ဖြစ်ထိုက်ပါပေတယ်… သူမသာ အဆိပ်မမိခဲ့ရင်.. ငါတို့ ကိုင်တွယ်နိုင်မယ် မထင်ဘူး.."
ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်းချီယုံချင်းက သူ၏ လေးစားမှုကို ထုတ်ဖော် ပြောကြားလိုက်သည်။
ဤလိုက်လံဖမ်းဆီးမှုတစ်လျှောက်၊ သူသည် ဤအမျိုးသမီး၏ အစွမ်းသတ္တိကို ပိုမို တန်ဖိုးထားလာခဲ့မိသည်။
သူမသည် ရတနာများနှင့် နည်းစနစ်မျိုးစုံကို ထုတ်ဖော်ခဲ့ပြီး၊ သူမ၏မွေးရာပါ ပါရမီကို ပြသခဲ့သည်။ သူသာ ကြိုတင်ချုံခိုတိုက်ခိုက်ရန် အစီအစဉ် မဆွဲခဲ့ပါက၊ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုတွင် သူသည် သူမ၏ ပြိုင်ဘက် မဟုတ်ပေ။
မှန်ပေသည်၊ ကျင့်ကြံခြင်းလောကတွင် ခွန်အားကြီးပြီး ကျင့်ကြံမှုမြင့်မားသူများကသာ သေချာပေါက် အနိုင်ရမည်ဟု မဆိုလိုပေ။ တစ်ခါတစ်ရံ ဉာဏ်ပညာက အဆုံးအဖြတ် ပေးနိုင်သည်မဟုတ်လော။
"သူတော်စင်အမွေဆက်ခံသူ... ငါတို့ ဒီအမျိုးသမီးကို အခုချက်ချင်းပဲ ခေါ်သွားသင့်တယ်…"
"ကောင်းကင်မိစ္ဆာဂိုဏ်းက သူတို့ရဲ့ တပည့်ရင်း မတော်တဆဖြစ်တာကို သိသွားမှာ ငါ စိုးရိမ်မိတယ်.."
"ဝိညာဉ်သန္ဓေသားကျင့်ကြံသူတွေ ရောက်လာရင်… ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးနော်.."
ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးက ချက်ချင်း ပြောလိုက်သည်။
သူ ချက်ချင်း ထွက်ပြေးချင်နေသည်။ မည်သို့ပင်ဖြစ်စေ၊ ပြိုင်ဘက်မှာ ကောင်းကင်မိစ္ဆာဂိုဏ်း ဂိုဏ်းချုပ်၏ တပည့်ရင်း ဖြစ်နေသည်။ ဤကိစ္စကြောင့် ကောင်းကင်မိစ္ဆာဂိုဏ်း ဂိုဏ်းချုပ် မည်မျှ ဒေါသထွက်မည်အား စိတ်ကူးကြည့်၍ပင် မရနိုင်ချေ။
"မပူပါနဲ့… ဒီအမျိုးသမီးရဲ့ အကူအညီတောင်းတဲ့ အချက်ပြက ထွက်မသွားနိုင်ဘူး…"
"ငါ့မှာ ဒီအချက်ပြမှုကို ကြားဖြတ်ဟန့်တားဖို့ ကူညီပေးမယ့် ကောင်းကင်မိစ္ဆာဂိုဏ်းထဲက လူတွေ ရှိတယ်…"
"ဘာပဲဖြစ်ဖြစ်… ဒီအမျိုးသမီးက မောက်မာပြီး ဗိုလ်ကျတတ်တယ်လေ… ထူးချွန်ပြီး ပါရမီရှိပေမယ့်… ကောင်းကင်မိစ္ဆာဂိုဏ်းထဲက လူအများကြီးရဲ့ လမ်းကို ပိတ်ဆို့ထားခဲ့တာပဲ…"
"ဒီအတားအဆီးကို မဖယ်ရှားရင် တခြားသူတွေ ဘယ်လိုလုပ် ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်ကြမှာလဲ…"
ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်းချီယုံချင်းက ရေရွတ်လိုက်သည်။
ဤတစ်ခေါက်၊ သူ၏အစီအစဉ် ချောချောမွေ့မွေ့ ဖြစ်ရသည့် အကြောင်းရင်မှာ သူ့တွင် အတွင်းရော အပြင်ပါ ပူးပေါင်းကြံစည်သူများ ရှိသောကြောင့်ပင်။
ကောင်းကင်မိစ္ဆာဂိုဏ်းအတွင်းမှ ကျင့်ကြံသူများက သူ့ကို ကူညီပြီး၊ အားလုံးကို လှည့်ဖြားရှုပ်ထွေးစေခြင်း မရှိခဲ့လျှင်မူ၊ ချူတျဲယီသည် ဤမျှ လွယ်ကူစွာ အရူးလုပ်ခံရမည် မဟုတ်ပေ။
အခြား ရွှေအမြုတေဆရာသခင်များသည် အံ့ဩတုန်လှုပ်သွားကြပြီး၊ သူတို့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ၊ ကောင်းကင်မိစ္ဆာဂိုဏ်းအတွင်း ပြင်းထန်သော အတွင်းကြိတ်တိုက်ပွဲများ ရှိနေကြောင်း သတိပြုမိလိုက်သည်။ ချူတျဲယီကဲ့သို့သော ပါရမီရှင်တစ်ဦးကိုပင် လူအများက မနှစ်သက်ကြပေ။
မည်သို့ပင်ဆိုစေကာမူ၊ ချူတျဲယီ၏ ရုတ်တရက် ကျော်ကြားလာမှုက လူအများအပြား၏ အရင်းအမြစ်များကို ယူဆောင်သွားပြီး သူတို့၏လမ်းကြောင်းများကို ပိတ်ဆို့စေခဲ့သည် မဟုတ်ပါလော။
ဤသို့သော မကြုံစဖူးသော ပါရမီရှင်ကို လူတချို့က ကြံစည်ချင်ကြသည်မှာ မျှော်လင့်ထားပြီးသား ကိစ္စတစ်ရပ်ပင်။
မှန်ပေသည်၊ ဤသို့သော ကိစ္စရပ်များသည် ကောင်းကင်မိစ္ဆာဂိုဏ်းတစ်ခုတည်းတွင်သာ ရှိသည်မဟုတ်ပေ။ ရွှမ်ယင်ဂိုဏ်းအတွင်း၌ အလားတူ ကိစ္စများ ဖြစ်ပွားနေသည် မဟုတ်လော။
"ကျေးဇူးတင်စရာ ကောင်းတာကတော့… ကောင်းကင်မိစ္ဆာဂိုဏ်းအတွင်းမှာ ပြင်းထန်တဲ့ အတွင်းကြိတ် ပဋိပက္ခတွေရှိနေတာပဲ… မဟုတ်ရင်.. ငါ ဘယ်လိုလုပ် ဒီအခွင့်အရေးကို ရနိုင်မှာလဲ… ဟားဟား.."
ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်းချီယုံချင်းက အောင်နိုင်သူအဖြစ် ရယ်မောလိုက်သည်။
သူ၏သူလျှိုကိုသာ ကျေးဇူးတင်ရပေမည်၊ သို့မဟုတ်ပါက အစီအစဉ်သည် ဤမျှ ချောချောမွေ့မွေ့ ဖြစ်လာနိုင်မည် မဟုတ်ပေ။ ဤအမျိုးသမီးကို ထိန်းချုပ်နိုင်မည့် အခွင့်အရေးအား တစ်သက်လုံး ရရှိနိုင်မည့်လမ်း မရှိချေ။
"သူတော်စင်အမွေဆက်ခံသူ... ဒီလိုဆိုရင်… အခုပဲ လှုပ်ရှားပြီး ဒီအမျိုးသမီးကို ပြန်ပေးဆွဲလိုက်ကြရအောင်.."
ရုတ်တရက်၊ ရွှေအမြုတေဆရာသခင်တစ်ဦးက သတိလစ်နေသော ချူတျဲယီကို ပြန်ပေးဆွဲချင်လာသည်။
"မလောနဲ့… ဒီအမျိုးသမီးက အရမ်း ကောက်ကျစ်တယ်…"
"သူမ မေ့ချင်ယောင်ဆောင်နေတာလား ဘယ်သူသိမှာလဲ…"
"ငါတို့ မဆင်မခြင် ချဉ်းကပ်လို့ကတော့.. သူမရဲ့ ထောင်ချောက်ထဲ ကျသွားနိုင်တယ်…"
"ရုပ်သေးတစ်ရုပ် အရင် လွှတ်လိုက်ကြစို့… ဒါဆို ငါတို့ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး…"
ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်းချီယုံချင်းက လေးနက်စွာ ပြောလိုက်သည်။
သူသည် အလွန်တည်ငြိမ်ပြီး မည်သည့်အရာကိုမျှ ပေါ့ပေါ့တန်တန် မလုပ်ဆောင်ပေ။
မည်သို့ပင်ဖြစ်စေ၊ သူသည် မိစ္ဆာဂိုဏ်းဖြစ်သော ရွှမ်ယင်ဂိုဏ်းတွင် နှစ်ပေါင်းရာချီ နေခဲ့ပြီး၊ လှည့်ဖြားမှု ပုံစံမျိုးစုံကို မြင်ဖူးခဲ့သည်။ သူ၏ သတိထားတတ်မှုက မကြခဏဆိုသလို သူ့အသက်အား ကယ်တင်ပေးခဲ့သည်။
"သူတော်စင်အမွေဆက်ခံသူက တကယ့်ကို ဉာဏ်ကောင်းတာပဲ… ကျွန်တော် ဒီအမျိုးသမီးကို ပြန်ပေးဆွဲဖို့ အရုပ်တစ်ရုပ် လွှတ်လိုက်ပါ့မယ်…"
"ဒီအမျိုးသမီး မေ့ချင်ယောင်ဆောင်နေမှာ စိုးလို့ပါ.."
ရွှေအမြုတေကျင့်ကြံသူ တစ်ဦးက ခေါင်းညိတ်လိုက်ပြီး၊ ချီယုံချင်း၏ သတိထားမှုကို စိတ်ပါလက်ပါ သဘောတူလိုက်သည်။ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ သိုလှောင်အိတ်ထဲမှ အရုပ်တစ်ရုပ်ကို ချက်ချင်း ထုတ်ယူရန် ကြိုးစားလိုက်သည်။
"မင်းတို့ အားလုံးက မိစ္ဆာကျင့်ကြံသူ တစ်သိုက်ပဲ… ရွှေအမြုတေကျင့်ကြံသူ လေးယောက်က အမျိုးသမီးကျင့်ကြံသူ တစ်ယောက်ကို အနိုင်ကျင့်နေကြတာပဲ…"
"မင်းတို့ အားလုံး သေသင့်တယ်…"
ထိုစဉ်၊ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး၊ ရွှေအမြုတေဆရာသခင် လေးဦး၏ စိတ်ထဲတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားကာ၊ သူတို့၏ မျက်နှာထားများကို ချက်ချင်း ပြောင်းလဲသွားစေတော့သည်။
အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် ပတ်ဝန်းကျင်တွင် မည်သည့် ပုန်းအောင်းနေသော ကျင့်ကြံသူကိုမျှ အာရုံမခံမိခဲ့သောကြောင့် ဖြစ်ပေသည်။
ဝှစ်…။
ထိုစဉ်၊ ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး၊ အသက်ရှူမှားလောက်သော အရှိန်ဖြင့် မျက်စိတစ်မှိတ်အတွင်း ရွှေအမြုတေဆရာသခင် တစ်ဦး၏ မျက်နှာထက်သို့ ရောက်ရှိသွားသည်။
လှုပ်ရှားလိုက်သူမှာ ထံးစံအတိုင်း ကျိုးစွေ့ပင် ဖြစ်ချေ၏။