မိုးကြိုးကပ်ဘေးသစ်သီးကို ရယူခြင်း၊ ‘ရွှေအလင်းတစ်ထောင်ကူ’၏ ကြောက်မက်ဖွယ်စွမ်းအား(၁)။
Vol. 25 Ch. 299
သို့သော်၊ ကျိုးစွေ့သည် ရွှမ်ယင်ဂိုဏ်းမှ ရွှေအမြုတေဆရာသခင် သုံးဦးကို တွေးတောချိန် လုံးဝ မပေးခဲ့ပေ။
"အိပ်မက်နယ်မြေ ကျရောက်စေ…”
အတွေးတစ်ချက်ဖြင့်၊ ကျိုးစွေ့သည် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သည်။
ဘုန်း...။
သူ့ခန္ဓာကိုယ်ကို ဗဟိုပြုလျက်၊ မမြင်နိုင်သော အိပ်မက်နယ်မြေစွမ်းအား တစ်ခု ဖြာထွက်လာပြီး၊ ကီလိုမီတာ ရာပေါင်းများစွာအကျယ်အဝန်းကို ချက်ချင်းလွှမ်းခြုံသွားကာ၊ ရွှေအမြုတေကျင့်ကြံသူ သုံးဦးစလုံးကို ၎င်းအတွင်း၌ ပိတ်လှောင်လိုက်တော့သည်။
ဘာ...။
ချက်ချင်းပင်၊ ချီယုံချင်းနှင့် အခြား ရွှေအမြုတေကျင့်ကြံသူများ၏ မျက်နှာများ ဖြူဖျော့သွားသည်။ သူတို့၏ ပတ်ဝန်းကျင်သည် တုန်လှုပ်ဖွယ် အပြောင်းအလဲများကို ကြုံတွေ့နေရပြီး၊ အဆုံးမရှိသော မြူခိုးများ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေကာ၊ ပတ်ဝန်းကျင်ကို မမြင်နိုင် ဖြစ်သွားသည်ကို သတိပြုမိလိုက်ကြသည်။
လက်ရှိအချိန်တွင်၊ သူတို့ ဘယ်ရောက်နေမှန်း အတိအကျ မသိတော့ချေ။
"မင်းရဲ့ ထင်ယောင်ထင်မှားပုံရိပ်ယောင်က ငါ့ကို ဒုက္ခမပေးနိုင်ပါဘူး… ရွှမ်ယင်မိစ္ဆာမျက်လုံး... ငါ့အတွက် ဖြိုခွဲလိုက်စမ်း…"
ချီယုံချင်း၏ မျက်နှာသည် ဒေါသကြောင့် တွန့်လိမ်နေသည်။ ရွှမ်ယင်ဂိုဏ်း၏ တပည့်ရင်းနှင့် သူတော်စင်အမွေဆက်ခံသူတစ်ဦး အနေဖြင့်၊ သူသည် ထင်ယောင်ထင်မှား ပညာရပ်အမျိုးမျိုးကို ဖြိုခွင်းရန် အထူးပြုသော အစွမ်းထက်သည့် မျက်လုံးပညာရပ်ကို သဘာဝကျကျ ကျင့်ကြံထားခဲ့သည်။
ဤသည်မှာ တပည့်ရင်းတစ်ဦး၏ အားသာချက်ကို ပြသနေခြင်း ဖြစ်ပြီး၊ အားနည်းချက် မရှိသလောက် နီးပါး ဖြစ်၏။
တစ်ကိုယ်တော်ကျင့်ကြံသူများသည် အချို့သောကဏ္ဍများတွင် ဂိုဏ်းကျင့်ကြံသူများနှင့် ယှဉ်နိုင်သော်လည်း၊ အမွေအနှစ်ကင်းမဲ့မှုကြောင့် ဂိုဏ်းကျင့်ကြံသူများလောက် ဘက်စုံ ပြည့်စုံနိုင်မည် မဟုတ်ပေ။
ရန်သူများ၏ ပစ်မှတ်ထားခြင်းကို ခံရသည်နှင့်တပြိုင်နက်၊ သူတို့ သေဆုံးရန် အလားအလာ များသည်။
သို့သော်၊ ဂိုဏ်းတပည့်များမှာမူ မတူညီပေ။ ပြီးပြည့်စုံသော အမွေအနှစ်ဖြင့်၊ သူတို့တွင် အားနည်းချက်ဟူ၍ မရှိပေ။ သူတို့သည် မည်သည့် ချဉ်းကပ်မှုမျိုးကိုမဆို လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
ရုတ်တရက်၊ သူ၏ မျက်လုံးများအတွင်း၌ ရုန်းသင်္ကေတအများအပြား ပေါ်လာပြီး၊ မီးခိုးရောင် အလင်းတန်းများ ထွက်ပေါ်လာကာ၊ ထင်ယောင်ထင်မှား ပညာရပ်ကြောင့် ဖန်တီးထားသော စိတ်ကူးယဉ်နယ်ပယ်ကို ထိုးဖောက်ရန် ကြိုးပမ်းနေသကဲ့သို့ ဖြစ်နေချေသည်။
'မျှော်လင့်ထားတဲ့အတိုင်း… မိစ္ဆာဂိုဏ်းရဲ့ သူတော်စင်အမွေဆက်ခံသူ ဆိုတာနဲ့ ထိုက်တန်ပါပေတယ်… သူက မျက်လုံးပညာရပ်မှာ ကျွမ်းကျင်တာပဲ… အင်း… ဒါပေမဲ့ အချိန်နှောင်းသွားပြီ…'
ကျိုးစွေ့သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
မျက်လုံးပညာရပ်ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦးနှင့် ဤမျှ မြန်မြန်ဆန်ဆန် တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤစွမ်းအားမျိုးသည် 'အိပ်မက်ဝိညာဉ်ကူ'၏ အိပ်မက်နယ်မြေစွမ်းအားကို အမှန်တကယ်ပင် အနည်းငယ် ဟန့်တားထားနိုင်သည်။
သို့သော်၊ သူသည် ဤအရာအတွက် ကောင်းစွာ ပြင်ဆင်ထားပြီး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် နည်းလမ်းတစ်ခုတည်းကို အားကိုးရုံဖြင့် ပြိုင်ဘက်ကင်း မဖြစ်နိုင်ကြောင်း သူ သိသောကြောင့် ဖြစ်သည်။
'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားသည် သူတို့ကို အနည်းငယ် နှောင့်ယှက်ရန် ရည်ရွယ်ခြင်းမျှသာ ဖြစ်သည်။ ရွှေအမြုတေကျင့်ကြံသူများကြား တိုက်ပွဲများတွင်၊ အနည်းငယ်သော ပေါ့ဆမှုသည် သေစေနိုင်သော အကျပ်အတည်းများကို ဖြစ်ပေါ်စေနိုင်သည်။
ရွှစ်...။
တစ်ခဏချင်းမှာပင်၊ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပျံသန်းဝင်ရောက်လာသည်။ တိုက်ခိုက်မှု စတင်လိုက်သူမှာ ‘ရွှေအလင်းတစ်ထောင်ကူ’ပင် ဖြစ်ချေသည်။
၎င်းသည် အဆိပ်ပေါင်းတစ်သောင်းကို ဝါးမျိုနိုင်သော ကူပိုးကောင်သက်သက် မဟုတ်ဘဲ၊ ကြောက်မက်ဖွယ် ဖျက်ဆီးစွမ်းအားကို ပိုင်ဆိုင်ထားသော 'အဆိပ်တစ်သောင်းကူ'ကိုယ်တိုင်လည်း ဖြစ်ချေ၏။ သို့သော် ယခင်က ၎င်း၏ အစွမ်းသတ္တိကို ပြသခဲလှပြီး၊ အခွင့်အရေးလည်း သိပ်မရခဲ့ပေ။
ဤအခိုက်အတန့်တွင်၊ ၎င်းသည် အတောင်ပံများကို ခတ်လိုက်ပြီး၊ ရွှေရောင်ကြယ်တံခွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ချက်ချင်းပင်၊ ၎င်းသည် ထက်မြက်သော ဓားတစ်လက်ကဲ့သို့ ချီယုံချင်းနှင့် အခြားသူများထံသို့ ပေါ့ပေါ့ပါးပါး ပျံသန်းသွားပြီး၊ သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် ဒဏ်ရာများကို ချက်ချင်း ဖြစ်ပေါ်စေကာ သွေးများ စီးကျလာစေတော့သည်။
ဘာရယ်...။
ချီယုံချင်းနှင့် အခြား ရွှေအမြုတေကျင့်ကြံသူ သုံးဦးတို့ မှင်တက်သွားကြသည်။
သူတို့သည် မူလက ၎င်းကို သေစေနိုင်သော တိုက်ခိုက်မှုတစ်ခုဟု ထင်မှတ်ခဲ့သော်လည်း၊ ၎င်းသည် သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် အပေါ်ယံဒဏ်ရာတစ်ခုမျှသာ ဖြစ်စေခဲ့သည်။ သူတို့အတွက်မူ၊ ဤအရာသည် လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။
"အားးးးးး"
ဤသို့ တွေးနေစဉ်မှာပင်၊ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြင်းထန်သော နာကျင်မှုတစ်ခုက ရုတ်တရက် ပျံ့နှံ့သွားသည်။ ခန္ဓာကိုယ်များကို ပုရွက်ဆိတ်ထောင်ပေါင်းများစွာ ကိုက်ခဲဆုတ်ဖြဲနေသကဲ့သို့ ခံစားရပြီး၊ မယုံနိုင်လောက်အောင် နာကျင်မှုကို ဖြစ်ပေါ်စေလေသည်။
"သေစမ်းကွာ… အဆိပ်… ငါတို့ အဆိပ်ခတ်ခံလိုက်ရပြီ…"
"အဆိပ်ဖြေဆေးလုံး… တတိယအဆင့် အဆိပ်ဖြေဆေးလုံးကို ချက်ချင်းသုံး…."
"အသုံးမဝင်ဘူး… ဘာမှအသုံးမဝင်ဘူး… တတိယအဆင့် အဆိပ်ဖြေဆေးလုံးက ဘာအာနိသင်မှမရှိဘူး…"
"ဒါ ဘာအဆိပ်ကြီးလဲ… ဒီခွေးမသား ငါတို့အပေါ် ဘာအဆိပ် သုံးလိုက်တာလဲ…"
"စတုတ္ထအဆင့်အဆိပ် ဖြစ်နိုင်မလား… ဒါပေမဲ့ ဒီကောင့်မှာ ဘယ်လိုလုပ် အဲ့ဒီလိုအဆိပ်မျိုး ရှိနေနိုင်မှာလဲ…"
ချီယုံချင်းနှင့် သူ့အပေါင်းအပါများ၏ မျက်နှာများ သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့သည် အဆိပ် အသုံးပြုရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် အဆိပ်ဖြေဆေးလုံးများ ဆောင်ထားကြရာ၊ တတိယအဆင့် အဆိပ်ဖြေဆေးလုံးများကို ရူးသွပ်မတတ် မျိုချနေကြသည်။ ဝမ်းနည်းစရာမှာ၊ မည်သည့် နည်းလမ်းကို ကြိုးစားစေကာမူ အချည်းနှီးသာ ဖြစ်ချေသည်။
ဘုန်း...။
သွေးရောင်မြူခိုး အမျှင်တန်းများသည် သူတို့၏ မျက်လုံး၊ ပါးစပ်၊ နှာခေါင်း၊ နားရွက် စသည်ဒွါရခုနစ်ပေါက်မှ ထွက်ပေါ်လာပြီး၊ မျက်စိတစ်မှိတ်အတွင်း သွေးရောင်မြူခိုးများ သူတို့၏ ခန္ဓာကိုယ်များကို လွှမ်းခြုံသွားသည်။
တစ်စက္ကန့် အကြာတွင်၊ သူတို့၏ ခန္ဓာကိုယ်များ သွေးရောင်မြူခိုးများကြောင့် အရည်ပျော်သွားပြီး၊ သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ မြေပြင်သည်ပင် သွေးအိုင်ကြောင့် တိုက်စားပျော်ဝင်သွားရပြီး၊ ကြီးမားနက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ တရှဲရှဲ မြည်သံများ ထွက်ပေါ်နေချေသည်။
စတုတ္ထအဆင့် အဆိပ်ပြင်း…၊ သွေးမြူခိုးအဆိပ်…။
ဤသည်မှာ ဆန်းကြယ်သောနတ်ဆိုး၊ သွေးမိစ္ဆာသစ်ပင်ထံမှ သေစေနိုင်သော အဆိပ်ဖြစ်၏။
ယခင်က ‘ရွှေအလင်းတစ်ထောင်ကူ’သည် ၎င်းကို ရှန်ပိချန်၏ ခန္ဓာကိုယ်မှ စုပ်ယူခဲ့ပြီး၊ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ကာ၊ အခြား သေစေနိုင်သော အဆိပ်များဖြင့် ပေါင်းစပ်လိုက်သဖြင့်၊ သွေးမြူခိုးအဆိပ်၏ အဆိပ်ပြင်းထန်မှုကို ဆယ်ဆကျော် တိုးမြှင့်စေခဲ့သည်။
ရွှေအမြုတေကျင့်ကြံသူများကို ထည့်ပြောစရာပင် မလိုချေ၊ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများပင်လျှင် ဤအဆိပ်ကြောင့် ကိုယ်တစ်ပိုင်း မသန်မစွမ်း ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ချီယုံချင်းနှင့် အခြားသုံးဦး သွေးမြူခိုးအဆိပ်မိသွားသောအခါ၊ သူတို့တွင် ပြန်လည်တိုက်ခိုက်ရန် အင်အားမရှိသလောက် ဖြစ်သွားခဲ့ရသည်။
မျက်စိတစ်မှိတ်အတွင်း၊ သူတို့သည် သွေးမြူခိုးအဆိပ်ကြောင့် သွေးအိုင်အဖြစ် အရည်ပျော်သွားခဲ့ရသည်။ သူတို့၏ လျှို့ဝှက်နည်းစနစ်များကို အသုံးပြုချင်လျှင်ပင်၊ သူတို့တွင် လုပ်ဆောင်ရန် နည်းလမ်း မရှိတော့ပေ။
ဝှစ်… ဝှစ်… ဝှစ်…။
ထိုစဉ်၊ ချီယုံချင်းနှင့် အခြားသူများ သေဆုံးသွားသည့် အခိုက်အတန့်တွင်၊ သူတို့၏ ခန္ဓာကိုယ်များမှ အနက်ရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး၊ တားဆီးမရနိုင်လောက်သော လျင်မြန်မှုဖြင့် ကျိုးစွေ့ကိုယ်ပွားထဲသို့ ဝင်ရောက်သွားသည်။
ဘာ...။
ရုတ်တရက်၊ ကိုယ်ပွားကျိုးစွေ့သည် သူ၏ ဝိညာဉ်ကို ကြိုးမျှင်လေးများဖြင့် ရစ်ပတ်ထားသကဲ့သို့ ဖြစ်သွားသည်ကို သတိပြုမိလိုက်သည်။ ဖယ်ရှား၍ မရနိုင်သော ကပ်ပါးကောင်ကဲ့သို့ပင်၊ သူ မည်မျှပင် ကြိုးစားစေကာမူ ခါချ၍ မရနိုင်ပေ။
"ဒါ ဘာကြီးလဲ…"
ကျိုးစွေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး၊ ဤအရာသည် ကောင်းသောအရာ မဟုတ်ကြောင်း အလိုအလျောက် အာရုံခံမိလိုက်သည်။
ဘန်း…။
ဤအတွေးကြောင့် သူ လုံးဝ တွန့်ဆုတ်မနေတော့။ သူသည် 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို အသုံးပြု၍ ချီယုံချင်းနှင့် အခြား ရွှေအမြုတေကျင့်ကြံသူ လေးဦး၏ ဝိညာဉ်များကို ချက်ချင်း ဝါးမျိုလိုက်ပြီး၊ သူတို့ထံမှ မှတ်ဉာဏ်အမြောက်အမြားကို ရယူလိုက်သည်။
'ဒီလိုကိုး... ဒါက ရွှမ်ယင်ဂိုဏ်းရဲ့ အမြင့်မြတ်ဆုံး စိတ်ဝိညာဉ်လျှို့ဝှက်နည်းစနစ်…စိတ်ဝိညာဉ်ဆွဲဆောင်သူပဲ…'
‘ရွှမ်ယင်ဂိုဏ်းရဲ့ တပည့်ရင်းတွေနဲ့ ရွှေအမြုတေ အကြီးအကဲတိုင်းက ဒီ စိတ်ဝိညာဉ်လျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်ထားကြတယ်… သူတို့ အသတ်ခံရတာနဲ့.. စိတ်ဝိညာဉ်ဆွဲဆောင်သူက လူသတ်သမားဆီကို အလိုအလျောက် တွယ်ကပ်သွားလိမ့်မယ်…'
'စိတ်ဝိညာဉ်ဆွဲဆောင်သူက ရွှမ်ယင်ဂိုဏ်းတပည့်ရဲ့ လူသတ်သမားကို အမှတ်အသားပြုဖို့ အသုံးဝင်တယ်… ရွှမ်ယင်ဂိုဏ်းတစ်ခုတည်းက ဒီလို လျှို့ဝှက်နည်းစနစ်ကို ပိုင်ဆိုင်တာ မဟုတ်ဘူးပဲ… ကောင်းကင်မိစ္ဆာဂိုဏ်းနဲ့ ဟေးရှားနန်းတော်လည်း ပိုင်ဆိုင်ထားကြတယ်…'
'ဒါကြောင့် ချန်လန်ပင်လယ်ဧရိယာမှာ… အဓိကမိစ္ဆာဂိုဏ်းကြီးသုံးခုရဲ့ အရေးပါတဲ့ အကြီးအကဲတွေနဲ့ တပည့်ရင်းတွေကို သတ်ရဲသူ မရှိသလောက်ပဲ… မဟုတ်ရင်.. အဲ့ဒါက အဓိကမိစ္ဆာဂိုဏ်းကြီးသုံးခုနဲ့ သေတဲ့အထိ ရန်ငြိုးဖွဲ့မိလိုက်တာပဲ.. သူတို့ရဲ့ အဆက်မပြတ် လိုက်လံဖမ်းဆီးခြင်းကို ခံရလိမ့်မယ်…'
'ဒါပေါ့.. အဓိကဝိညာဉ်သန္ဓေသားဂိုဏ်းကြီး ငါးခုက တပည့်ရင်းတွေကတော့ လုပ်ရဲကြတယ်… ဘာပဲဖြစ်ဖြစ်… သူတို့နောက်မှာ ခိုင်မာတောင့်တင်းတဲ့ ဝိညာဉ်သန္ဓေသားအဆင့် အထောက်အပံ့ရှိနေပြီး အဓိကမိစ္ဆာဂိုဏ်းကြီးသုံးခုရဲ့ လက်တုံ့ပြန်မှုကို မကြောက်ကြဘူး…'
'စိတ်ဝိညာဉ်ဆွဲဆောင်သူက အမှတ်အသား ပြုလုပ်ရုံသက်သက်ပဲ အသုံးဝင်တာ… ဝိညာဉ်ကို ထိခိုက်အောင်တော့ လုပ်နိုင်စွမ်း မရှိဘူး… အဓိက ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းကြီးငါးခုက တပည့်ရင််တွေအတွက်တော့… ဒီလို စိတ်ဝိညာဉ်ဆွဲဆောင်သူမျိုးက သူတို့ရဲ့ အောင်မြင်မှုသက်သေပဲ… သူတို့ စိတ်ဝိညာဉ်ဆွဲဆောင်သူများများ ရလေ…သူတို့ မိစ္ဆာဂိုဏ်းကျင့်ကြံသူတွေကို များများသတ်နိုင်လေ ဖြစ်ပြီး အကျိုးပြုကုသိုလ် ပိုရလေပဲ…’
'ဝိညာဉ်သန္ဓေသားဂိုဏ်း အကြီးအကဲတိုင်းလိုလိုရဲ့ လက်တွေမှာ မိစ္ဆာဂိုဏ်းကျင့်ကြံသူတွေရဲ့ အသက်တွေ မရေမတွက်နိုင်အောင် ရှိကြတယ်…'
'ဒါပေမဲ့… တစ်ကိုယ်တော်ကျင့်ကြံသူတွေအတွက်တော့… ဒါက သေစေနိုင်တဲ့ ဘေးဒုက္ခတစ်ခုပဲ.. ဘာပဲဖြစ်ဖြစ်.. ဝိညာဉ်သန္ဓေသားအဆင့် မိစ္ဆာဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးတာကို ရင်ဆိုင်ရရင်.. ဘယ်သူမဆို ကြောက်လန့်ပြီး ဆောက်တည်ရာမဲ့ ဖြစ်ကြမှာပဲ…'
'မင်းတို့အတွက် ကံမကောင်းတာက… ဒီ စိတ်ဝိညာဉ်ဆွဲဆောင်သူက ငါ့အတွက် အသုံးမဝင်ဘူး.. ဘာလို့လဲဆိုတော့ ငါက ကိုယ်ပွားတစ်ခု ဖြစ်နေလို့ပဲ.. ဟဟ..'
ကိုယ်ပွားကျိုးစွေ့ အနည်းငယ် ပြုံးလိုက်ပြီး၊ အတွေးတစ်ချက် ဖြတ်ပြေးသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ၊ ဤကိုယ်ပွားသည် ချက်ချင်း ပြိုကွဲသွားပြီး၊ စိတ်ဝိညာဉ်ဆွဲဆောင်သူသည် လောကြကြီးထဲ ပျောက်ကွယ်သွားသည်။ လူသတ်သမား သေဆုံးသွားသည်ကို အာရုံခံမိသောကြောင့်၊ ၎င်းသည် သဘာဝအတိုင်း အလိုအလျောက် ပျက်ဆီးသွားခြင်းပင် ဖြစ်သည်။