အခန်း (၁၃၂)
Vol. 12 Ch. 132
လင်းချောင်သည် သူတို့တူဝရီး တိုးတိုးတိတ်တိတ် ဘာတွေပြောနေသည်ကို မကြားလိုက်ရသော်လည်း နောက်တစ်နေ့တွင်တော့ ကျိသော်က သူမကို ဓာတ်ခွဲခန်းတံခါးအထိ လိုက်ပို့ပေးခဲ့သည်။ ယခင်က သူသည် သူမကို ကျောင်းဂိတ်ဝအထိသာ ပို့ပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ဓာတ်ခွဲခန်းအထိ လိုက်ပို့ပေးခြင်းက အာရုံစိုက်မှုများစွာကို ရရှိစေခဲ့သည်။
ဘယ်လိုဖြစ်ဖြစ်၊ သူတို့နှစ်ဦးစလုံးက ဆွဲဆောင်မှုရှိပြီး၊ ထိုအမျိုးသားကလည်း စစ်ဝတ်စုံနှင့် ဖြစ်နေသည်။ ဓာတ်ခွဲခန်း ရောက်သည့်အခါတွင်လည်း ကျိသော်က ချက်ချင်း ထွက်မသွားသေးပေ။ နေ့လယ်ဘက် သူမ ဘယ်အချိန် အလုပ်ပြီးမည်နှင့် ဘာစားချင်သည်ကို မေးခဲ့သည်။
သူ၏ အရပ်ရှည်သော ပုံပန်းသွင်ပြင်က ဓာတ်ခွဲခန်းတံခါးဝတွင် ရပ်နေသောကြောင့် နောက်ကျမှ ရောက်လာသော ပထမနှစ်နှင့် ဒုတိယနှစ် မဟာတန်းဘွဲ့လွန်ကျောင်းသား အနည်းငယ်ကို သူ၏အရှိန်အဝါကြောင့် ငြိမ်သက်သွားစေခဲ့သည်။
သူ ထွက်သွားပြီးနောက် သူတို့က ဓာတ်ခွဲခန်းထဲ ဝင်လာကာ လင်းချောင်ကို ကြည့်ပြီး မေးလိုက်ကြ၏။
“အဲ့ဒါက မင်းရဲ့ ခင်ပွန်းလား။”
“ဟုတ်တယ်။”
လင်းချောင် ထိုနေ့က ကျိဇယ် ဘာပြောခဲ့သည်ကို ခန့်မှန်းနိုင်ခဲ့သည်။
သီချင်းဆိုခြင်းအကြောင်း ဖြစ်နိုင်ပြီး သူမ၏ ယခင်ဘဝတွင် ယောက်ျားလေးများသည် ဂစ်တာတီးခဲ့ကြသော်လည်း ဤခေတ်တွင်မူ သူတို့သည် boomboxes များ သယ်ဆောင်လာကြသည်။ သူမကို ချစ်ကြောင်း တိုက်ရိုက်ဖော်ပြသူများကို သူမ လက်ထပ်ထားကြောင်း ပြောခဲ့သော်လည်း အချို့က ယုံကြည်ကြပြီး အချို့ကတော့ သိပ်မယုံကြည်ခဲ့ကြပေ။ မမျှော်လင့်ထားဘဲ ဒီအရာရှိအိုကြီး ကျိသော်သည် တိတ်တဆိတ်ဖြင့် သူ၏ ပိုင်ဆိုင်မှုကို ခိုင်ခိုင်မာမာ ကြေညာရန် ရောက်လာခဲ့သည်။
သူမလည်း ရယ်စရာကောင်းသည်ဟု ထင်ခဲ့ပြီး ပြောလိုက်၏။
“သူက မကြာသေးခင်ကမှ အားလပ်ရက်ရထားတာဆိုတော့ အခုတလော အားနေတာ။”
“ဒါပေမဲ့ ဓာတ်ခွဲခန်းတံခါးအထိ လိုက်ပို့တာ၊ လာကြိုတာမျိုး တခြားဘယ်သူမှလုပ်တာ မမြင်ဖူးဘူး။”
ကျိသော်ကို အရင်က မတွေ့ဖူးသည့် စီနီယာတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်၏။
“ဒါပေမဲ့ မင်း ခင်ပွန်းက အရမ်းခန့်ညားပြီး မင်းတို့နှစ်ယောက်ကလည်း အရမ်းလိုက်ဖက်တာပဲ။”
သာမန်အားဖြင့် အနည်းငယ် ဂရုမစိုက်တတ်သော ကျန်းချန်နင်ပင်လျှင် ဝင်ပြောလိုက်သည်။
“မင်းခင်ပွန်း ပြန်လာပြီပဲ။ ရက်နည်းနည်းလောက် ခွင့်ယူဖို့ လိုသေးလား။”
“မလိုပါဘူး”
လင်းချောင်းက ပုံမှန်အတိုင်း ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ရင်း ပြောလိုက်သည်။
“နောက်ဆုံး လုပ်စရာတစ်ခုပဲ ကျန်တော့တာ။ သူက လဝက်ကျော် ခွင့်ရထားတာဆိုတော့ ရက်နည်းနည်းလောက်က အရေးမကြီးပါဘူး။”
နေ့လယ်ဘက်တွင် ကျိသော်က သူမကို အချိန်မှီလာကြိုခဲ့ပြီး စာအုပ် ပြန်လာပေးသော ချီဟွိုင်ဝမ်နှင့် တိုးခဲ့သည်။ နှစ်နှစ်ကြာပြီးနောက် ထိုကောင်လေးသည် အတော်လေး အရပ်ရှည်လာခဲ့ပြီး စာများစွာ သင်ယူရသောကြောင့် ယခုအခါ မျက်မှန် တပ်ထားရသည်။
ပါးလွှာသော မှန်ဘီလူးများသည် သူ၏ မက်မွန်ပွင့်မျက်လုံးများကို ဖုံးအုပ်ထားသဖြင့် သူ့ကို ပို၍ပင် အေးစက်သည့်ပုံ ပေါ်နေစေခဲ့သည်။ သူသည် ဓာတ်ခွဲခန်းမှ ခုလေးတင် ပြန်လာခြင်းဖြစ်နိုင်ပြီး အဖြူရောင် ဓာတ်ခွဲခန်းဝတ်စုံကို ဝတ်ထားသည်။ ဓာတ်ခွဲခန်းဝတ်စုံ ဝတ်ထားသည့် လင်းချောင်၏ ဘေးတွင် ရပ်နေသောအခါ သူတို့သည် အတန်းဖော်များဟုပင် ထင်ရသည်။
ကျိသော်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ထိုကောင်လေးက သူ့ကို မြင်သောအခါ ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လိုက်သည်။
“ဆရာမယောက်ျား။”
သို့သော် သူတို့ မထွက်ခွာခင်တွင် သူက လင်းချောင်ကို ပြောခဲ့သည်။
“နှုတ်ဆက်ပါတယ်၊စီနီယာ။”
ကျိသော် သူ့ကို ကြည့်လိုက်မိသည်။ လင်းချောင် အဝတ်လဲပြီး ထွက်လာသောအခါ သူက ပေါ့ပေါ့ပါးပါး မေးလိုက်၏။
“သူက မင်းကို စီနီယာလို့ ခေါ်တာလား။”
လင်းချောင်က သူ့ဘေးမှ လမ်းလျှောက်နေရင်း ခေါင်းညိတ်ပြလိုက်၏။
“ကျွန်မတို့က ဌာနတူတူပဲလေ။ ‘ဆရာမ’ လို့ ခေါ်တာက နည်းနည်း ထူးဆန်းပြီး အာရုံစိုက်ခံရတယ်။ ပြီးတော့ ကျွန်မကလည်း သူ့ထက် အသက်သိပ်မကြီးပါဘူး။”
ကျိသော် ဘာမှ ထပ်မပြောတော့ပေ။ အိမ်ပြန်ရောက်တော့ မှန်ရှေ့တွင် ခဏတာ ရပ်နေမိ၏။
ထိုညတွင် ရေချိုးနေစဉ်အတွင်း သူသည် ဆပ်ပြာကို ပုံမှန်အတိုင်း လွယ်ကူလျင်မြန်စွာ လှမ်းယူလိုက်သည်။ သူ၏လက်သည် ဆပ်ပြာခွက်ကို ထိလိုက်သော်လည်း ရပ်တန့်သွားခဲ့၏။
ဆပ်ပြာခွက်ဘေးတွင် လင်းချောင်က သူမကိုယ်တိုင်သုံးရန် လုပ်ထားသော မျက်နှာသစ်ဆေး ရှိနေ၏။ ပလတ်စတစ်ဘူးငယ်လေးတစ်ခုထဲမှ နို့နှစ်ရောင်အနှစ်များဖြစ်သည်။
ကျိသော်သည် ၎င်းကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် ကောက်ယူကာ သူ၏လက်ပေါ်သို့ အနည်းငယ် ညှစ်ချလိုက်သည်။
ဆောင်းဦးလယ်ပွဲတော် မတိုင်မီ တစ်ရက်အလိုတွင် လင်းဝေ့၏ လုပ်ငန်း အဆုံးသတ်သွားခဲ့သည်။ သုံးနှစ်ကျော်အကြာတွင် သူသည် လင်းချောင်ကို နှုတ်ဆက်ပြီး သူ၏ဇာတိသို့ ခရီးစတင်ခဲ့သည်။
လင်းချောင်၏ ပရောဂျက်သည်လည်း နောက်ဆုံးတွင် ပြီးဆုံးခါနီးပြီဖြစ်သည်။ နောက်ထပ် အဆင့်များမှာ စာတမ်းပြုစုခြင်းနှင့် အစီရင်ခံစာ ပြင်ဆင်ခြင်းတို့ဖြစ်ပြီး၊ ၎င်းသည် အဓိကအားဖြင့် ကျန်းချန်နင်၏ တာဝန်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကျိဇယ်၏ ဂေါက်ဖြင့်ဖ်ိညှစ်ရသည့် ဆပ်ပြာဘူးများကို အောင်မြင်စွာ ချိန်ညှိပြီးစီးခဲ့ပြီး ပန်းကန်ဆေးဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်၏ ပထမအသုတ်ကို ဘူးများထဲ စတင်ထည့်ကာ အားလပ်ရက်ပြီးနောက် တရားဝင် ထုတ်လုပ်ရန် အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်။
အားလပ်ချိန် အနည်းငယ် ပိုနေသဖြင့် လင်းချောင်နှင့် ကျိသော်တို့သည် လဆန်း ၁၄ ရက်နေ့ ညနေတွင် အိမ်ဟောင်းသို့ ပြန်လာခဲ့သည်။ ညစာစားပြီးနောက် အနားယူရန် ပြင်ဆင်နေချိန်တွင် ယဲ့မင်ရှူး ရောက်လာခဲ့သည်။
သူတို့နှစ်ယောက်စလုံး သူမရောက်လာသည်ကို ကြားလိုက်သော်လည်း မလှုပ်ခဲ့ကြပေ။ သူတို့သည် ပြီးခဲ့သည့် နှစ်နှစ်တာကာလ၏ အားလပ်ရက် ဓာတ်ပုံများကိုသာ ဆက်ကြည့်ရှုနေကြပြီး အေးစက်သော ပုံစံကို ထိန်းထား၏။
ကျိသော်သည် လင်းချောင်၏ ရှပ်အင်္ကျီကို သတိထားမိပြီး ပြောလိုက်၏။“ဒီအင်္ကျီက နည်းနည်း သေးမနေဘူးလား။”
အင်္ကျီက သေးနေခြင်း မဟုတ်ဘဲ လင်းချောင်၏ ခန္ဓာကိုယ်ပုံစံ ပြောင်းလဲသွားသောကြောင့် ကျပ်နေပုံ ပေါ်နေခြင်းသာ ဖြစ်သည်။
လင်းချောင် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဒီအရာရှိအိုကြီးသည် နောက်တစ်စက္ကန့်လောက်တွင် သူမကို ဖုံးအုပ်ရန် အဘိုးကြီးများဝတ်သည့်အင်္ကျီကို ရှာလာမလားဟုပင် တွေးလိုက်မိသည်။ ထိုအချိန်တွင် ရွှီလီသည် တံခါးဝသို့ ရောက်လာပြီး အဘိုးကြီးတွင် ကျိသော်နှင့် ဆွေးနွေးစရာတစ်ခု ရှိကြောင်း၊ သူ့ကို စာကြည့်ခန်းသို့လာရန် မှာလိုက်ကြောင်း ပြောပြခဲ့သည်။
ထိုမြင်ကွင်းသည် ရင်းနှီးနေသဖြင့် လင်းချောင်သည် လွန်ခဲ့သော သုံးနှစ်က ရွှီလီ၏ မွေးနေ့ကို ပြန်သတိရသွားခဲ့သည်။ ထိုအချိန်က သူတို့ လက်ထပ်ပြီးခါစဖြစ်ပြီး ကျိယန်က အတွင်းခံများ ပို့ပေးခဲ့သည်။ ရွှီလီသည်လည်း သူ့ကို လာရှာခဲ့ပြီး သူသည် စာကြည့်ခန်းသို့ သွားခဲ့ရသည်။
ကျိသော် ဘယ်လောက်ကြာသွားခဲ့သည်က်ို သူမမသိသော်လည်း၊ သူ ပြန်ရောက်လာသောအခါ သူမက အိပ်ပျော်နေပြီဖြစ်သည်။
လင်းချောင်သည် မျက်လုံးများကို အောက်ချထားပြီး ဘာမှ မပြောခဲ့သော်လည်း ကျိသော်က ရုတ်တရက် သူမကို ကြည့်ပြီး ရွှီလီကို တိုက်ရိုက် မေးလိုက်သည်။
“ဒါက မိသားစုကိစ္စလား။”
ရွှီလီက လင်းချောင်ကို တစ်ချက်ကြည့်ပြီး တစ်ခုခုပြောရန် ပြင်ဆင်နေစဉ် ကျိသော်သည် လင်းချောင်၏ လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
“အတူတူ သွားကြစို့။”
သူ၏ လက်ကြီးသည် နွေးထွေး၊ ခိုင်မာပြီး သန်မာသည်။
“ဒါက မိသားစုကိစ္စဖြစ်တဲ့အတွက် ချောင်ချောင်ကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ကူညီခိုင်းလိုက်ပါ။”
သူတို့အခန်းနှင့် အဘိုးကြီး၏ စာဖတ်ခန်းသည် အရှေ့ဘက်ခြံထဲတွင်ရှိပြီး ခဏလေး လမ်းလျှောက်သွားရုံသာ ဖြစ်သည်။
တံခါးကို ဖွင့်လိုက်သောအခါ အဘိုးကြီးသည် စားပွဲနောက်တွင် မျက်နှာတည်တည်ဖြင့် ထိုင်နေပြီး ယဲ့မင်ရှူးသည် အခန်းအလယ်တွင် ခေါင်းငုံ့ကာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
အဘိုးအဘွားနှစ်ဦးသည် ယဲ့မင်ရှူးကို မခေါ်ခဲ့သောကြောင့် ကျိသော် ပြန်လာပြီးနောက် သူမကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့ခြင်းဖြစ်သည်။ လင်းချောင်သည်လည်း ယဲ့မင်ရှူး အလွန်အလုပ်များနေ၍ အကြိမ်အနည်းငယ်သာ ဆုံဖူးခဲ့သည်။ ကျိကျွင်း ထွက်သွားပြီးနောက် အဘိုးအဘွားနှစ်ဦး၏ ချွေးမအကြီးအပေါ်ထားသည့် သဘောထားသည် အလွန်အေးစက်နေခဲ့သည်။
အားကိုးအားထားပြုရမည့် ခင်ပွန်းမရှိဘဲ ယဲ့မင်ရှူးသည် ရေမပါသော ပန်းတစ်ပွင့်ကဲ့သို့ စကားပြောဆိုရာတွင်လည်း ယုံကြည်မှု ကင်းမဲ့နေသည်။
ထို့အပြင် စုန့်မိသားစုထံမှ ရိုက်ခတ်မှုသည်လည်း အလွန်ပြင်းထန်ခဲ့၏။ သူမသည် ဒေါသထွက်ပြီး နောင်တရကာ၊ နှစ်ဝက်လောက်အတွင်း သားအိမ်တွင် အကျိတ်ဖြစ်ခဲ့သည်။
ထိုအကျိတ်သည် အခြေအနေ မဆိုးဝါးသော အကျိတ်သာဖြစ်ပြီး နောက်ပိုင်းတွင် ဖယ်ရှားပစ်နိုင်ခဲ့သော်လည်း သူမသည် လျင်မြန်စွာ ပိန်ကျလာပြီး အိုမင်းရင့်ရော်လာခဲ့သည်။ လင်းချောင် ပထမဆုံး တွေ့ဆုံခဲ့ချိန်ကကဲ့သို့ တည်ငြိမ်ပြီး လှပခြင်းမျိုး မရှိနေတော့ပေ။ သူမသည် ယခုအခါ လူများကို ယခင်ထက် သာလွန်သည့်စိတ်ဖြင့်သာ ကြည့်နေခဲ့သည်။
လင်းချောင်ကို မြင်သောအခါ အဘိုးကြီး အံ့အားသင့်သွားသော်လည်း ဘာမှသိပ်မတုံ့ပြန်ခဲ့ပေ။ သူသည် သူ၏ မျက်နှာအမူအရာကိုသာ နူးညံ့စေပြီး သူမအား ခေါင်းညိတ်ပြလိုက်၏။
“ချောင်ချောင်လည်း ဒီရောက်နေတာပဲ။”
သို့သော် ယဲ့မင်ရှူးကတော့ သူမ၏ခေါင်းကို ရုတ်တရက် လှည့်လိုက်၏။ သူမ၏ ဖြူဖျော့ပိန်လှီသော မျက်နှာသည် ပထမတွင် အံ့အားသင့်မှုကိုပြသနေပြီး လျင်မြန်စွာပဲ ပြန်လည် နီရဲသွားခဲ့သည်။
လင်းချောင်သည် သူမ၏ မျက်လုံးများ နီရဲနေသည်ကို သတိပြုမိခဲ့ပြီး သူမ ငိုနေခဲ့သည်ဖြစ်ကြောင်း သ်ိလိုက်၏။ တစ်ချိန်က သူမ၏သားနှင့် စေ့စပ်ဖူးသော ဤညီမအငယ်နှင့် ဤသို့တွေ့ဆုံရခြင်းသည် အမှန်ပင် ရှက်စရာကောင်းသည်။
လင်းချောင်သည် အဘိုးကြီးကို “အဖေ” ဟု နှုတ်ဆက်လိုက်သည်။
ကျိသော်ကတော့ သူမကို နံရံဘေးရှိ ထိုင်ခုံသို့ ခေါ်သွားလိုက်၏။
ယခုအခါ ယဲ့မင်ရှူး တစ်ဦးတည်းကသာ ရပ်နေသူဖြစ်ပြီး ရွှီလီသည်လည်း တံခါးဝတွင် ထွက်ခွာရန် ပြင်ဆင်နေသည်။ အဘိုးကြီးသည် သူ၏သားကို ကြည့်ပြီးနောက် သူ့ဘေးမှ သား၏ ချွေးမကို ကြည့်ကာ ရုတ်တရက် သူ့ဇနီးအား ပြောလိုက်သည်။
“မင်းလည်း နေခဲ့ပြီး နားထောင်ဦးလေ။”
ရွှီလီ အံ့အားသင့်သွားခဲ့သည်။ သူမသည် အကြီးဆုံးသား၏ မိသားစုနှင့် ပတ်သက်သော ကိစ္စများကို အမြဲ ရှောင်ရှားခဲ့ပြီး အဘိုးကြီးသည်လည်း ဘာမှ မပြောခဲ့ဖူးပေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ သူက သူမကို နေခဲ့ရန် တိုက်တွန်းခဲ့သည်။ ထိုင်စရာနေရာမရှိသည်ကို မြင်သောအခါ သူမက ပြောလိုက်၏။
"ထိုင်ခုံ ယူလိုက်ဦးမယ်။"
“အမေ၊ ဒီမှာ ထိုင်ပါ။”
ကျိသော်က ထရပ်လိုက်ပြီး လင်းချောင်ဘေးရှိ ခုံပုလေးကို ယူလာကာ ပြောလိုက်သည်။
ယခုအခါ ယဲ့မင်ရှူး တစ်ဦးတည်းကသာ ရပ်နေခဲ့ပြီး မိသားစုတစ်ခုလုံးကို ရင်ဆိုင်နေရ၏။ ပြင်ပလူတစ်ယောက်သာမက စီရင်ချက်ကို စောင့်ဆိုင်းနေသော တရားခံတစ်ဦးကဲ့သို့ပင် ဖြစ်နေလေသည်။ ၎င်းက သူမ၏ မျက်နှာအမူအရာကို ပို၍ပင် တောင့်တင်းသွားစေခဲ့၏။ ခဏတာ တိတ်ဆိတ်နေပြီးနောက် အဘိုးကြီးက ပြောလိုက်၏။
“ဒုတိယသားနဲ့ ဆွေးနွေးစရာရှိတယ် မဟုတ်လား။ သူ အခု ရောက်နေပြီဆိုတော့ ပြောပါ။”
သူမသည် အတင်းအကြပ် ပြုံးလိုက်၏။ “ဘာမှတော့ မဟုတ်ပါဘူး။ ဒုတိယသား ပြန်ရောက်လာပြီကြားလို့ ဝမ်းသာလို့လာခဲ့တာပါ။ မလာခင် ကျိကျွင်းကိုတောင် ဖုန်းခေါ်ခဲ့သေးတယ်။ ကံမကောင်းစွာနဲ့ သူက တောင်ပိုင်းခရိုင်မှာ ရှိနေလို့ မိသားစုနဲ့အတူ ဆောင်းဦးလယ်ပွဲတော်အတွက် ပြန်လာပြီး ဆုံစည်းဖို့ မဖြစ်နိုင်ဘူးတဲ့။”
သူမ၏ မျက်လုံးများ ထပ်မံနီရဲလာခဲ့သည်။ “သူ့အသက်က ငါးဆယ်နီးပါး ရှိနေပြီ။ သူထွက်သွားခဲ့တာလည်း နှစ်နှစ်ကျော်ပြီ။ ရိတ်သိမ်းတာကို ကိုယ်တိုင် ကြီးကြပ်နေရတယ်။ သူ့အကြောင်း စဉ်းစားလိုက်တိုင်း ရင်နာရတယ်။”
ဒါက သူမ၏ ခင်ပွန်းမရှိခြင်း၊ သားဖြစ်သူက သူမစကားနားမထောင်ခြင်းနှင့် အားကိုးရာမရှိခြင်းတို့နှင့် ပတ်သက်နေသည်။ သူမသည် ခင်ပွန်းဖြစ်သူကို ပြန်ခေါ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
ယဲ့မင်ရှူး ပြန်လာသောအခါ အဘိုးကြီးသည် ကျိသော်ကို ခေါ်လိုက်သည်။ လင်းချောင်သည် လာနေရင်း ဤအကြောင်းကို ခန့်မှန်းမိခဲ့သည်။ ယဲ့မင်ရှူးသည် နည်းလမ်းဟောင်းများကို အသုံးပြုနေဆဲဖြစ်ကြောင်းကိုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။
ကျိဇယ်သည် စစ်တပ်ထဲမှ ထွက်လာခဲ့သည်မှာ နှစ်နှစ်ကျော်ပြီဖြစ်ပြီး ယဲ့မင်ရှူးသည် ယခင်ကတည်းက လက်လျှော့ခဲ့ပြီးပြီ ဖြစ်သည်။ သူ၏စက်ရုံသည် ဖွံ့ဖြိုးတိုးတက်နေပြီး ထိုအကြောင်း ပြောဆိုရခြင်းသည် ရှက်စရာမရှိပေ။ သို့သော် ကျိဇယ်သည် ကျိကျွင်းနှင့် ကွာခြားသည်။ သူသည် ပိုက်ဆံ၊ ပစ္စည်းနှင့် မျက်နှာသာပေးမည်၊ သို့သော် သူ၏ကိစ္စများကိုတော့ သူမအား ထိန်းချုပ်ခွင့်ပေးမည် မဟုတ်ပေ။
နှစ်နှစ်အတွင်း ကျိဇယ်သည် စက်ရုံနှင့်ပတ်သက်၍ သူမကို ဘာတစ်ခုမှ မပြောပြခဲ့ပေ။ သူမ ထုတ်ပြောလာတိုင်း သူက ပြုံးပြီး နားထောင်ရုံသာ ရှိပြီး ဘယ်တော့မှ တုံ့ပြန်ခြင်းမရှိသလို အိမ်တွင် သူမကို ထောက်ခံခြင်းလည်း မရှိခဲ့ပေ။
အကြိမ်များစွာကြုံခဲ့ပြီးနောက် သူမ ဒေါသထွက်လွန်း၍ ငိုခဲ့ပြီး မိခင်ဘက်မလိုက်သော သားတစ်ယောက်ထက် အဖြူရောင်မျက်လုံးရှိသော ဝံပုလွေတစ်ကောင် (ကျေးဇူးကန်းသူ)ကို မွေးမြူခြင်းက ပို၍ကောင်းကြောင်း ပြောခဲ့သေးသည်။ သူမသည် သူမ၏ ခါးသီးသော ကံကြမ္မာကိုတွေး၍ ငိုကြွေးခဲ့၏။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကျိသော် မရှိခဲ့သဖြင့် အဘိုး၊အဘွားနှစ်ဦးသည် သူတို့၏သားကို စိတ်ပူပန်နေခဲ့ကြပြီး သူမသည်လည်း ထုတ်ပြောရန် မရဲခဲ့ပေ။ အခုမှတော့ သူ ပြန်လာပြီဖြစ်၍ သူမ ဆက်ထိန်းမထားနိုင်တော့။ သို့သော်လည်း သူမ၏ စကားများနှင့် မျက်ရည်များကြားမှ အခန်းထဲရှိ ဘယ်သူကမှ သူမအပေါ် တုံ့ပြန်ခြင်း မရှိခဲ့ပေ။
ယဲ့မင်ရှူးသည် ကျိကျွင်းကို အချစ်ဆုံးဖြစ်သော အဘိုးကြီးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အဖေ၊ ကျိကျွင်း ကလေးဘဝတုန်းက နှင်းကိုက်နာဖြစ်ဖူးတယ်ဆိုတာ အဖေလည်း သိပါတယ်။ ခြေထောက်ကို နေ့တိုင်း ရေစိမ်မပေးရင် ရေခဲရိုက်ထားသလို ခံစားရတယ်။ နှစ်နှစ်ကျော်နေပြီ၊ သူ့ကို ဂရုစိုက်ပေးမဲ့သူ တစ်ယောက်မှ မရှိဘူး။ ကျွန်မ ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲ။ ကျေးဇူးပြုပြီး သူ့ကို ပြန်ခေါ်ပေးပါ။”
ကျိကျွင်း ကလေးဘဝတုန်းက နှင်းကိုက်နာဖြစ်ဖူးသည်။ သူတို့မိသားစု၏ ဦးလေးငယ်ဖြစ်သူက သူ့ကို အပြင်ထုတ်ပစ်ခဲ့ချိန်မှလွဲပြီး ဘယ်အချိန်ကများ ထပ်ဖြစ်ခဲ့သည်လဲ...
ဒီစကားက အဘိုးကြီး၏ နူးညံ့သည့် နှလုံးသားနှင့် ရွှီလီ၏ ရင်ကို ထိမှန်သွားခဲ့သည်။ ထိုအချိန်တုန်းက ကျိကျွင်း သေလုနီးပါးဖြစ်ခဲ့သည့်အတွက် သူမသည် သူမ၏ ကိုယ်ပိုင်ကလေးကို ဆုံးရှုံးခဲ့ရပြီးနောက်တွင်တောင် သူ့ကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးခဲ့သည်။ နောက်ဆုံးမှာတော့ သူမ ဘယ်လိုအရာတွေ ပြန်ရခဲ့သည်လဲ။
ရွှီလီသည် မျက်လုံးများကို အောက်ချထားကာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် နွေးထွေးနူးညံ့သော လက်တစ်ဖက်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရ၏။ ခေါင်းလှည့်ကြည့်လိုက်သောအခါ လင်းချောင်က နှစ်သိမ့်မှုပေးသည့် မျက်လုံးများဖြင့် သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမဘေးတွင် သူမ၏သားလည်း ရှိနေ၏။ သူမ၏ရင်ထဲတွင် ဝန်ထုပ်ဝန်ပိုးများ လျော့ပါးသွားသလို ခံစားရပြီး လင်းချောင်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ညင်သာစွာ ပုတ်ပေးလိုက်၏။
အဘိုးကြီးသည် ဤအရာကို မြင်သော်ည်း ယဲ့မင်ရှူး မျှော်လင့်သလို သနားစိတ်မဝင်ခဲ့ဘဲ ချွေးမအကြီးအပေါ်ထားသည့် သူ၏အကြည့်က ပို၍ပင် အေးစက်လာခဲ့သည်။
“အကြီးဆုံးသားက ဘာလို့ ပြောင်းရွှေ့ခံရတာလဲဆိုတာ မင်း သိလား။”
ယဲ့မင်ရှူး စကားမပြောနိုင်ဖြစ်သွား၏။ လုံးဝမသိဘူးဟု မပြောနိုင်၊ မဟုတ်လျှင် ကျိကျွင်း ပြောင်းရွှေ့ခံရသည်ကို ကြားသောအခါ သူမ စိတ်လှုပ်ရှားနေခဲ့မိမည် မဟုတ်ပေ။
အဘိုးကြီးသည် အပြင်ပန်းတွင် ဒေါသကြီးပုံရသော်လည်း မိသားစုကိစ္စများတွင် အမြဲလိုလို စိတ်လျှော့ထားတတ်သည်ကို သူမ သိသည်။ မဟုတ်လျှင် သူမ ဒုတိယသားနှင့် လင်းချောင်အကြောင်း ကောလဟာလများ ဖြန့်ခဲ့ချိန်က အဘိုးကြီးသည် သူမကို အေးစက်စက် ဆက်ဆံရုံနှင့် ရပ်တန့်နေခဲ့မည် မဟုတ်ပေ။
သို့သော် ယနေ့တွင်တော့ သူသည် ဒုတိယသားနှင့် လင်းချောင်တို့ ရှေ့တွင် သူမကို တိုက်ရိုက်မေးနေသည်။
သူမ မဖြေနိုင်သောကြောင့် အဘိုးကြီးက သူမအတွက် ဖြေပေးလိုက်၏။ “မင်း ရုံးထဲမှာမှာရှိနေတုန်းက ချောင်ချောင် ကိုယ်ပိုင်စီးပွားရေး လုပ်နေတယ်ဆိုပြီး စွပ်စွဲထားတဲ့ အစီရင်ခံစာကို ရေးခဲ့လို့ပဲ။ မင်းရဲ့ အစ်ကိုကြီးကို ဖော်မြူလာရောင်းဖို့ ချောင်ချောင်ကို ပြောခိုင်းဖို့ အကြီးဆုံးသားကို ခိုင်းခဲ့လို့ပဲ။ မင်း လုပ်ခဲ့သမျှအတွက် ချောင်ချောင်ကို တစ်ခါလောက် တောင်းပန်ခဲ့ဖူးလား။”
အဘိုးကြီးက အသံကို မြှင့်လိုက်သည်။ “မင်း ဒုတိယသားနဲ့ ချောင်ချောင်အကြောင်း ကောလဟာလတွေ ဖြန့်ခဲ့တယ်၊ ဒုတိယသားပေါ်ကို စီစဉ်ထားတဲ့ အိမ်ထောင်ရေးကို တွန်းပို့ခဲ့တယ်၊ မင်း သူနဲ့ ချောင်ချောင်ကို တစ်ခါလောက် တောင်းပန်ခဲ့ဖူးလား။”
ကျိသော် နှစ်နှစ်ကြာ အဝေးရောက်နေစဉ်အတွင်း အဘိုးကြီးသည် အပြင်ပန်းတွင် တည်ငြိမ်နေခဲ့သော်လည်း နှလုံးသားကတော့ အမြဲ စိုးရိမ်ပူပန်နေခဲ့သည်။
တစ်ခါတရံ ညဘက် အိပ်မပျော်သောအခါ “တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ဟု တွေးနေတတ်သည်။ သူ၏ သားအငယ်အပေါ် ဆက်ဆံမိခဲ့ပုံအတွက် သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်။ သူသည် မြေးဖြစ်သူ၏ အိမ်ထောင်ရေးကို သားအငယ်ပေါ် အတင်းအကျပ် တွန်းပို့ခဲ့ပြီး တစ်ခါမှ မတောင်းပန်ခဲ့ရ၊ ထို့အပြင် ချောင်ချောင်လည်း ရှိသေးသည်...
သူသည် လောင်လင်ကို သူမအား တစ်သက်လုံး ဂရုစိုက်မည်ဟု ကတိပေးခဲ့သော်လည်း သူမသည် မိသားစုထဲ ဝင်လာသည့်အချိန်မှစ၍ ဒုက္ခရောက်နေခဲ့ရသည်။ သူက သူမကို တကယ်တမ်း ကောင်းကောင်း ဂရုစိုက်နိုင်ခဲ့ရဲ့လား။
အဘိုးကြီးသည် ထိတ်လန့်တကြားဖြစ်နေသော သူ၏ချွေးမကို အေးစက်သောအပြုံးဖြင့် ကြည့်လိုက်သည်။
“မင်းက ဘာတစ်ခုကိုမှ မတောင်းပန်ဘဲ ဒီလောက်လုပ်ထားခဲ့ပြီးတော့ ငါ့ကို အကြီးဆုံးသားကို ပြန်ခေါ်ပေးဖို့ တောင်းဆိုချင်နေတာလား။”
သူသည် ကျိသော်နှင့် လင်းချောင်တို့ ရှေ့တွင် သူမ၏ မျက်နှာဖုံးကို ဆုတ်ဖြဲပစ်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ ယဲ့မင်ရှူး၏ မျက်နှာသည် နီရဲသွားရုံသာမက အသည်း၏ အရောင်အဆင်းသို့ ပြောင်းသွားခဲ့လေသည်။ သူမသည် ဂုဏ်သိက္ခာကို အလေးထားဆုံးသူဖြစ်ပြီး အထူးသဖြင့် လင်းချောင်၊ သူမ၏ ယခု လက်ရှိ ညီမဖြစ်သူနှင့် ယခင်က အနာဂတ်ချွေးမလောင်း၏ ရှေ့တွင် ဖြစ်သည်။
အဘိုးကြီး၏ စကားများသည် သူမ၏ မျက်နှာဖုံးကို ဆုတ်ဖြဲကာ နင်းခြေပစ်လိုက်သလို ဖြစ်ခဲ့သည်။ သို့သော် ကျိကျွင်း မရှိသည့်အတွက် ဘယ်သူကမှ သူမအတွက် စကားပြောပေးမည် မဟုတ်ပေ။ ကျိကျွင်း ပြန်မလာပါက ယခုရေပာ နောင်မှာပါ ဘယ်သူကမှ သူမအတွက် စကားပြောပေးမည် မဟုတ်တော့ပေ။