အခန်း (၁၃၃)
Vol. 12 Ch. 133
ယဲ့မင်ရှူး အံကြိတ်ပြီး တစ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။ “ဒုတိယသား၊ ချောင်ချောင်၊ ငါ တောင်းပန်ပါတယ်။”
ထိုစကားလုံးများသည် အံက်ိုကြိတ်ရင်း ညှစ်ထုတ်လိုက်သလိုပင်။ သူတို့သည် အဘိုးကြီးရှေ့တွင် မျက်နှာသာရရန် အဆင်ပြေကြောင်း၊ အားလုံးသည် မိသားစုဖြစ်ကြောင်း၊ ရန်ငြိုးထားစရာမလိုကြောင်း ပြောလိမ့်မည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် လင်းချောင်ကတော့ သူမကို ကြည့်ပြီး ပြောလိုက်၏။
“အစ်မ တောင်းပန်တာကို ကြားပါတယ်၊ ဒါပေမဲ့ ကျွန်မ လက်မခံနိုင်ပါဘူး။”
လင်းချောင်သည် အဘိုးကြီးနှင့် ရွှီလီတို့နှင့် အဆင်ပြေစွာနေနိုင်သည်မှာ သူတို့သည် သူမထံမှ ကိစ္စများကို ဖုံးကွယ်ထားခဲ့သော်လည်း အမြဲတမ်း သူမကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီး သူမ အလိုအပ်ဆုံးအချိန်၌ ကူညီခဲ့သောကြောင့် ဖြစ်သည်။
သူမသည် ကျိသော်နှင့် ပြန်လည်သင့်မြတ်နိုင်သည်မှာ သူက သူမကို စိတ်ရင်းမှန်ဖြင့် ဆက်ဆံခဲ့ပြီး သူတို့၏ ဆက်ဆံရေးအတွက် ပြောင်းလဲမှုများပြုလုပ်ရန် ဆန္ဒရှိသောကြောင့်ဖြစ်သည်။ သူမသည် ကျိဇယ်နှင့်လည်း ပြဿနာ ကြီးကြီးမားမား မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ဖြစ်ပျက်ခဲ့သည့်အရာများအတွက် အမှန်တကယ် နောင်တရခဲ့ပြီး သူမ လိုအပ်သည့်အချိန်တိုင်း တက်တက်ကြွကြွ ကူညီခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယဲ့မင်ရှူးကတော့ ဘယ်လိုအရာများ ပေးဆပ်ခဲ့သည်လဲ။ သူမကို အကြိမ်များစွာ ထိခိုက်အောင် ကြိုးစားခဲ့သည့်တိုင် တစ်ခါမှ လေးစားမှု မပြသခဲ့ပေ။
လင်းချောင် ထရပ်လိုက်၏။ “အဖေ၊ အမေ၊ တခြား ကိစ္စမရှိရင် ကျွန်မ သွားပါတော့မယ်။”
သူမသည် ယဲ့မင်ရှူးကို မျက်နှာသာတစ်စက်မျှ မပေးခဲ့ဘဲ သူမ၏မျက်နှာကို နီလိုက်၊ ဖြူလိုက် ဖြစ်သွားစေခဲ့သည်။ သူမ ကျိသော်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။ မမျှော်လင့်ထားဘဲ ကျိသော်က လင်းချောင်၏ အေးစက်သော သဘောထားကြောင့် မျက်မှောင်မကြုတ်ခဲ့ပေ။ သူသည်လည်း ထရပ်လိုက်ပြီး သူမနှင့်အတူ ထွက်ခွာရန် အသင့်ပြင်လိုက်သည်။
ဤသူသည် နာမည်ကျော် ကျိမိသားစု၏ ဒုတိယသား၊ မိတ်ဆက်ပေးခဲ့သည့် မည်သည့် အမျိုးသမီးကိုမှ မကြည့်ခဲ့သောသူ ဟုတ်သေးသည်လား။
သာမန်အားဖြင့် စိတ်သဘောထားကောင်းသော ရွှီလီပင် ထရပ်လိုက်၏။
“ကျွန်မ အိပ်မပျော်သလ်ိုဖြစ်နေလို့ ညနက်တဲ့အထိ မနေနိုင်ဘူး။ ကျွန်မလည်း သွားတော့မယ်။”
ချက်ချင်းပင် လူသုံးယောက် ထွက်ခွာတော့မည့် အခြေအနေ ဖြစ်လာခဲ့ပြီး အဘိုးကြီးက သူတို့ကို မတားမြစ်ခဲ့ပေ။
“ဒါဆို အားလုံး ပြန်ကြတော့လေ။”
ယဲ့မင်ရှူး ထိတ်လန့်သွားတော့၏။ “ဒုတိယသား၊ ကျိကျွင်းက မင်းရဲ့ အစ်ကိုကြီးပဲ။ မင်း ငယ်ငယ်တုန်းက သူ မင်းကို ကျောပိုးခဲ့တာ။ တောင်ပိုင်းခရိုင်မှာ သူ့ကို ဂရုစိုက်မဲ့သူ မရှိဘဲနဲ့ ဆင်းရဲဒုက္ခခံစေချင်နေတာလား။”
“တောင်ပိုင်းခရိုင်မှာ ဘာဖြစ်လို့လဲ။” လင်းချောင် ရုတ်တရက် ပြန်လှည့်လာပြီး ပြောလိုက်သည်။
“ကျိသော်လည်း ရှေ့တန်းမှာ ဒုက္ခခံနေခဲ့ရတယ်၊ အမြဲတမ်း အန္တရာယ်ရှိနေတယ်၊ ဒါပေမဲ့ သူ့ကို ဂရုစိုက်မဲ့သူ တစ်ယောက်ယောက် ရှိခဲ့လို့လား။”
ဒါက ကျိသော်ကို ရှင်းရှင်းလင်းလင်း ကာကွယ်ပေးနေခြင်းပင်။
“အစ်မ ကျွန်မနဲ့သူ့အကြောင်း ကောလာဟလတွေဖြန့်ပြီး လက်ထပ်ပွဲကို သူ့အပေါ် တွန်းပို့ခဲ့တုန်းကရော သူ့ကို မိသားစုလို့ ထင်ခဲ့သေးလား။”
နောက်ထပ် ပြင်းထန်သော စကားတစ်ခွန်းက သနားညှာတာမှုမရှိ ထွက်ပေါ်လာခဲ့သည်။
သူမ ဒီလိုလုပ်နေသည်ကို မြင်သောအခါ ကျိသော်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် သူ၏ရွယ်တူများထက် အမြဲ ပိုထက်မြက်ပြီး ရင့်ကျက်ခဲ့သဖြင့် သူ၏အဖေက သူ့အပေါ် ပို၍ပင်တင်းကြပ်ကာ မျှော်လင့်ချက်များစွာ ထားရှိခဲ့သည်။
ရှောင်ပင်း၏ အဖြစ်အပျက်ပြီးနောက် သူသည် သူ၏အနိုင်ယူတတ်သော သဘောသဘာဝကိုပင် ထိန်းချုပ်ထားခဲ့ပြီး အပြင်လူများအား သူသည် အလွယ်တကူ မချဉ်းကပ်နိုင်သူအဖြစ် ထင်နေစေခဲ့သည်။ သို့သော် ချောင်ချောင်သည် သူ၏ရှေ့တွင် ရပ်နေဆဲဖြစ်ပြီး မရီးဖြစ်သူ၏ စကားလုံးများကို လုံးလုံးလျားလျား ချေပပေးနေခဲ့သည်။
ကျိသော်သည် သူ၏ဘေးမှ လက်ကို ဆုပ်ကိုင်လိုက်သည်။ “အစ်ကိုကြီးကို စိုးရိမ်တယ်ဆိုရင် လိုက်သွားပြီး သူ့ကို ဂရုစိုက်ပေးလိုက်ပါ။ ကျွန်တော် စီစဉ်ပေးမယ်။”
ယဲ့မင်ရှူး၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူ တံခါးကို ဖွင့်ပြီး ထွက်သွားခဲ့တော့သည်။
ခဏအကြာတွင် ယဲ့မင်ရှူးက အဘိုးကြီးဘက်သို့ လှည့်ကြည့်လိုက်၏။ “အဖေ!”
သူမ၏ လေသံသည် နာကြည်းချက် အပြည့်နှင့်ပင်။
သို့သော် အဘိုးကြီးသည် ကျိကျွင်း မဟုတ်သောကြောင့် ထိုစုံတွဲ၏ ချေပခြင်းကိုခံရသည့် သူမကို သနားနေမည် မဟုတ်ပေ။
“ဒုတိယသား ပြောတာ မှန်တယ်။ စိုးရိမ်ရင် သူ့နဲ့အတူ လိုက်သွားပြီးနေလိုက်ပါ။ မင်းအမေနဲ့ ငါက ရှောင်လင်ကို စောင့်ရှောက်ပေးထားပါ့မယ်။ သူမက အထက်တန်းအောင်တော့မှာဆိုတော့ အချိန်တိုင်း သူမဘေးမှာ မင်း ရှိနေဖို့ မလိုပါဘူး။”
သူသည် ကျိသော်၏ စကားများကို သဘောတူခဲ့ရုံသာမက ရှောင်လင်အတွက်ပါ အစီအစဉ်များ ချမှတ်ခဲ့သည်။
ယဲ့မင်ရှူး မူးမေ့လဲကျလုနီးပါး ခံစားလိုက်ရ၏။ အပြင်ဘက်တွင်တော့ လင်းချောင်သည် ကောင်းကင်မှ လကို မြင်လိုက်ရသည်။ လုံးဝန်းခြင်း မရှိသော်လည်း နူးညံ့ပြီး ဖြူဖျော့သော လရောင်က ခြံဝန်းတစ်ခုလုံးကို ညင်သာစွာ ထွန်းလင်းပေးနေခဲ့သည်။
“လမ်းလျှောက်ကြမလား။”
“လမ်းလျှောက်ကြမလား။”
ထိုစုံတွဲသည် တစ်ပြိုင်နက်တည်း တစ်ဦးကိုတစ်ဦးကြည့်ကာ အကြံပြုလိုက်ကြသည်။
ကျိသော်သည် သူမ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး လင်းချောင်ကလည်း သူ၏လက်ကို ပြန်ဆုပ်ကိုင်ကာ တုံ့ပြန်ခဲ့သည်။ ဤသည်မှာ ရှားပါးပြီး တစ်ခါမှမကြုံဖူးသေးသော သူတို့၏လက်ချောင်းများ ယှက်နွယ်ခြင်း ဖြစ်သည်။
သို့သော် သူတို့ကတော့ ထူးဆန်းသည်ဟု မခံစားခဲ့ရပေ။
“စုန့်ကျင်းနဲ့ ယွီကျင်းတို့ စေ့စပ်ပွဲအကြောင်း ရှင့်မရီးကို ပြောပြခဲ့တာလား။”
လင်းချောင်သည် အတိတ်က ကိစ္စတစ်ခုကို ပြန်သတိရလိုက်သည်။
ဒီလူသည် သူများကိစ္စများအား ဝင်ရှုပ်ရခြင်းကို မကြိုက်ပေ။ သူ မပြောခဲ့ဘူးဆိုလျှင် ယဲ့မင်ရှူး နာမကျန်းဖြစ်ရခြင်း၏ အကြောင်းရင်းက ဒါဖြစ်ကြောင်း သူ ဘယ်လိုလုပ် သေချာသိနိုင်မည်လဲ။
ကျိသော် မငြင်းခဲ့ပေ။ “မင်း ချင်တက္ကသိုလ်မှာ မဟာဘွဲ့အတွက် ဝင်ခွင့်ရသွားတယ်ဆိုတာကိုပါ ကိုယ် ပြောပြခဲ့တယ်လေ။”
ဒါက တကယ်ကို ရက်စက်ပြီး ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်သလိုပင်။ ဒီလူသည် အပြင်ပန်းပုံစံတွင် တည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်ထဲတွင်တော့ ရန်ငြိုးထားတတ်သူ ဖြစ်သည်။ သူ ကျိကျွင်းကို ပြောပြခဲ့လျှင်တောင် ကျိကျွင်းက သူတို့အတွက် ပျော်ရွှင်နေလိမ့်မည်။ တကယ် စိတ်ဆိုးမည့်သူက ယဲ့မင်ရှူး တစ်ယောက်တည်းသာ ဖြစ်၏။
“ကိုယ် သူတို့ကို အငြိမ်းစားယူမဲ့အရွယ် မရောက်မချင်း ပြန်လာခွင့် မပေးတော့ဘူး။”
ကျိသော်က ရှေ့ခြံနှင့် နောက်ခြံကို ဆက်သွယ်ထားသည့် လခြမ်းတံခါးကို ဖြတ်လျှောက်ရင်း ပြောလိုက်သည်။
လင်းချောင် ခေါင်းလှည့်ကြည့်လိုက်ရာ ထိုအမျိုးသားသည် ခြံအမိုးစွန်းနေရာတွင် ချိတ်ထားသည့် ခေါင်းလောင်းကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ဆောင်းဦးလေက သန့်ရှင်းလန်းဆန်းနေပြီး လေပြင်းထန်စွာတိုက်ခတ်ခြင်း မရှိခဲ့ပေ။ ခေါင်းလောင်းကြီးသည်လည်း တိတ်ဆိတ်စွာ ချိတ်ဆွဲလျက်ရှိပြီး အသံ မထွက်ခဲ့ပေ။
“မင်း ကြားချင်လား။”ကျိသော် သူမကို လှည့်ပြီး မေးလိုက်သည်။
လင်းချောင် မတုံ့ပြန်နိုင်ခင်တွင်ပဲ ထိုအမျိုးသားက နောက်ကိုအနည်းငယ် ဆုတ်လိုက်ပြီး ပြေးလိုက်ကာ နံရံကို ခြေထောက်နှင့်ကန်ပြီး ခေါင်းလောင်းကို တိကျစွာရိုက်ခတ်လိုက်သည်။
ချက်ချင်းဆိုသလို တိတ်ဆိတ်နေသည့် ခြံဝန်းတစ်ခုလုံး ကြည်လင်စွာ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံဖြင့် ပြည့်နှက်သွားခဲ့၏။
ကျိသော်သည် သူ၏လက်များကို သုတ်လိုက်သည်။ သူ၏မျက်နှာထားက တည်ကြည်နေပြီး အသက်ရှူနှုန်းက မှန်နေကာ ကလေးဆန်သည့် အလုပ်မျိုး လုပ်ခဲ့သူက သူမဟုတ်သည့်အတိုင်းပင်။
သူတို့နှစ်ဦးစလုံး အမိုးစွန်းကို ကြည့်လိုက်၏။
“‘သော်’ ဆိုတာက ခေါင်းလောင်း မဟုတ်ဘူးလား။ ကိုယ် ငယ်ငယ်က ဖျားနေတယ်ဆိုရင်လည်း ကိုယ်တို့ရဲ့ မိဘတွေက အလုပ်တွေရှုပ်နေလို့ ကိုယ့်ကို ဂရုမစိုက်နိုင်ခဲ့ဘူး။ အစ်ကိုကြီးက ကိုယ့်ကိုကျောပိုးပြီး တုတ်ရှည်ကြီးနဲ့ ဒီခေါင်းလောင်းကို တီးပေးခဲ့ဖူးတယ်။”
သူ့ထက် ဆယ်နှစ်ကျော်ပိုကြီးသည့် ကျိကျွင်းသည် လက်မထပ်ခင် ကလေးဘဝက သူ့ကို တကယ်ချစ်ခဲ့ဖူးသည်။ သို့သော် ဘဝကတော့ ဤအတိုင်းပင်။ အထူးသဖြင့် အသက်ကြီးသူများ ဆုံးပါးသွားပြီးနောက် မိသားစုများ ဝေးကွာသွားတတ်ကြသည်။ လူတိုင်းတွင် ကိုယ်ပိုင်မိသားစုနှင့် ဘဝကို ပိုင်ဆိုင်ထားကြသည်။
ကျိသော် လင်းချောင်၏ လက်ကို ထပ်မံ ဆုပ်ကိုင်လိုက်မိပြန်သည်။ “မင်း ဒီအသံကို နားထောင်ရတာ ကြိုက်တယ်ဆိုရင် နောက်ပိုင်းမှာ မင်းအတွက် ကိုယ် ထပ်တီးပေးမယ်။”
အစ်ကိုကြီးက မရီးကို ထိန်းချုပ်လို့ မရနိုင်တော့ဘူးဆိုလျှင် သူတို့နှစ်ဦးစလုံး ပြန်မလာသင့်ပေ။ ဝေးဝေးတွင် နေနေရလျှင် သူတို့ လိုချင်သည်ကို လုပ်လို့ရ၏။ သူ့တွင် သူ့ကိုယ်ပိုင် မိသားစုနှင့် ကာကွယ်ပေးရမည့် လူတစ်ယောက် သည်။
“ကျွန်မ ‘Childhood’ သီချင်း နားထောင်ရတာ ကြိုက်တယ်ဆိုရင် ရှင်လည်း ကျွန်မအတွက် ဆိုပြပေးမှာလား။” လင်းချောင်က ပြုံးပြီး မေးလိုက်၏။
ကျိသော် မတုံ့ပြန်ခဲ့ဘဲ သူ၏မျက်ခုံးများ ကြုံ့သွားခဲ့ရသည်။
လင်းချောင် သူ၏မျက်ခုံးကို ဖိလိုက်၏။ “နောက်ကျရင် မျက်မှောင်ကြုတ်တာ နည်းနည်း လျှော့၊ မဟုတ်ရင် စိတ်ပူပန်တာကနေ အရေးအကြောင်းတွေ ဖြစ်လာလိမ့်မယ်။”
ကျိသော် ခေတ္တရပ်သွားပြီးနောက် သူမအား သူ့မျက်ခုံးကို ထိတွေ့ခွင့် ပေးခဲ့သည်။ သူမ မှီလိုက်ချိန်တွင်ပဲ သူက သူမ၏ခါးကို ထောက်ကူပေးလိုက်သည်။
လင်းချောင် တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်မ ထင်တာကတော့ အစ်မက ဟိုဘက်ကို သွားတယ်ဆိုရင်တောင် အရင်ကလိုမျိုး အစ်ကိုကြီးကို ထပ်ပြီး ချုပ်ကိုင်နိုင်တော့မှာ မဟုတ်ဘူး။”
ကျိသော် မျက်ခုံးပင့်လိုက်ပြီး သံသယဖြစ်နေပုံ ပေါ်နေခဲ့၏။ “အစ်ကိုကြီးက မရီးရဲ့ စကားကို နားထောင်တယ်ဆိုတာ သူ့စိတ်ပျော့လို့ချည်းသက်သက် မဟုတ်ဘဲ သူမက သူ့ကို အပြည့်အဝမှီခိုနေတဲ့ တစ်ဦးတည်းသောသူ ဖြစ်နေလို့ပဲ။”
ကျိသော်သည် ကလေးဘဝကတည်းက ထူးချွန်ခဲ့သူဖြစ်သောကြောင့် ဆယ်နှစ်ကျော် ငယ်ရွယ်သော သူ၏ညီနှင့် ယှဉ်လျှင် ဘာမှမဟုတ်ဘူးဟု ခံစားရသော ကျိကျွင်း၏ စိတ်ဓာတ်ကျခြင်းနှင့် ဂုဏ်ယူဝင့်ကြွားလိုသော ခံစားချက်များကို နားမလည်နိုင်ခဲ့ပေ။
အကြီးဆုံးသားအနေဖြင့် သူသည် သူ့ထက် ဆယ်နှစ်ကျော်ငယ်သော ညီဖြစ်သူကိုပင် မယှဉ်နိုင်ခဲ့ပေ။ သူ ငယ်စဉ်ကတည်းက လေးစားခဲ့ရသော ဖခင်က သူ့အပေါ် မျှော်လင့်ချက်မရှိခဲ့သောကြောင့် သူသည် အရေးမပါသူဟုသာ အမြဲ ခံစားနေခဲ့ရသည်။
ယဲ့မင်ရှူး တစ်ယောက်တည်းကသာ သူ့ကို အပြည့်အဝ မှီခိုခဲ့သည်။ သူမ ပိုင်ဆိုင်သမျှ အရာအားလုံးသည် သူ့ထံမှ လာခဲ့သောကြောင့် သူမသည် အားနည်းသူဖြစ်ပြီး သူ၏အကူအညီနှင့် အကာအကွယ်ကို လိုအပ်ခဲ့သည်။
သူသည် ယဲ့မင်ရှူးထံတွင် သူ၏ကိုယ်ပိုင်တန်ဖိုးကို သိရှိခဲ့ရပြီး သူ့၏ ကာကွယ်ပေးချင်စိတ်ကိုလည်း သူမက ကျေနပ်စေနိုင်ခဲ့သည်။ ဒါကြောင့် သူသည် သူမအတွက် အကြိမ်ကြိမ်ရပ်တည်ပေးခဲ့ခြင်း ဖြစ်သည်။
ကျိကျွင်း လွန်ခဲ့သောနှစ်နှစ်က ယန်ဒူမှ ပြောင်းရွှေ့ခံခဲ့ရစဉ်တွင် သူ့ကို အခြားသူများနှင့် နှိုင်းယှဉ်သူ ပို၍နည်းပါးလာခဲ့သည်။ သူသည် သူ၏ရာထူးရှိ အခြားအရာရှိများကဲ့သို့ပင် အခြေခံအဆင့်သို့ သွားရောက်ကာ သာမန်လူများနှင့် ပေါင်းသင်းနေခဲ့ပြီး ယဲ့မင်ရှူးထံတွင် မရှိခဲ့သော ကိုယ်ပိုင်တန်ဖိုးကို အခြားနေရာများတွင် ရှာဖွေတွေ့ရှိခဲ့သည်။
မကြာသေးမီက နှစ်သစ်ကူးအတွက် အိမ်ပြန်လာခဲ့ချိန်တွင် သူသည် အားလပ်ရက်ကုန်သည်အထိပင် မနေခဲ့ဘဲ တောင်ပိုင်းခရိုင်သို့ အလျင်အမြန် ပြန်သွားခဲ့ရသည်။ ဒီလိုသာ မဟုတ်ခဲ့လျှင် ယဲ့မင်ရှူးက သူ့ကို ပြန်လာခိုင်းရန် ဒီလောက်အထိ စိတ်အားထက်သန်နေမည် မဟုတ်ပေ။
လရောင်အောက်တွင် ထိုစုံတွဲသည် ပူးကပ်နေကြပြီး တိုးတိုးလေး စကားပြောနေကြသည်။
အိမ်မကြီးအတွင်းတွင်တော့ ရွှီလီသည် သူမ၏ လိုက်ကာကို ချလိုက်ပြီး ပြောလိုက်၏။ “ဒီတစ်ခါတော့ တကယ် ဖြေရှင်းပြီးသွားပြီ ထင်တယ်။”
“ငါ့ကို လူငယ်စုံတွဲတွေရဲ့ ကိစ္စတွေ ဝင်မရှုပ်နဲ့လို့ပြောခဲ့တာ မင်း မဟုတ်ဘူးလား။” ဘေးနားက အဘိုးကြီးက ညည်းညူလိုက်၏။
“ကျွန်မ ဝင်ရှုပ်ချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နောက်ခြံက ခေါင်းလောင်းသံကို ကြားရတော့ တစ်ခုခု မှားနေပြီလားလို့ စိုးရိမ်မိလိုက်လို့ပါ။” ရွှီလီက စောင်ကိုမတင်ရင်း ပြောလိုက်သည်။
အဘိုးကြီးသည် သူမ အိပ်ရာဝင်သည်အထိ တိတ်ဆိတ်နေခဲ့ပြီးမှ မျက်နှာတည်တည်ဖြင့် ရုတ်တရက် မေးလိုက်၏။ “သူတို့ တကယ်ပဲ ပြန်အဆင်ပြေသွားကြပြီလား။”
“ကျွန်မကို မကြည့်နဲ့လို့ပြောခဲ့ပြီး အခုကျတော့ ရှင်က...” ရွှီလီ သူ့ကိုကြည့်ပြီး ရယ်မောလိုက်သည်။
ရယ်မောပြီးနောက် သူမက သူ စိတ်ပူပန်မှု မနေရအောင် အလျင်အမြန် ထပ်ပြောလိုက်သည်။ “သူတို့ ပြန်အဆင်ပြေသွားကြပြီ။ ဒီနေ့ ဒုတိယသား သူမကို ခေါ်လာတုန်းက ချောင်ချောင် နည်းနည်းပိုပြီး စိတ်အေးလက်အေး ရှိနေတာကို ကျွန်မ မြင်လိုက်တယ်။ နောက်တော့ ချွေးမအကြီး စကားပြောတဲ့အခါလည်း သူမက ဒုတိယသားဘက်ကနေ ကာကွယ်ပေးခဲ့တာပဲ မဟုတ်လား။”
ဒီအချက်က အဘိုးကြီးကို အချိန်အကြာကြီး တိတ်ဆိတ်သွားစေခဲ့၏။ “ကောင်းတယ်။ အရှုပ်တွေကို စခဲ့တဲ့နေရာမှာပဲ ပြန်ဖြေရှင်းကြတာပေါ့။”
နောက်တစ်နေ့တွင် လင်းချောင် နောက်ကျမှ နိုးလာခဲ့သည်။ ကျိသော်ကတော့ အိပ်ရာထပြီး တစ်ယောက်တည်း ရေချိုးပြီးနေပြီဖြစ်ကာ သူ၏မျက်နှာထားက ပုံမှန်အတိုင်း တည်ကြည်နေဆဲဖြစ်သော်လည်း ရှင်းပြ၍မရအောင် လန်းဆန်းနေခဲ့သည်။
ရွှီလီ သူ့ကို ပြုံးလျက်ကြည့်လိုက်၏။ “ချောင်ချောင်ရဲ့ မနက်စာကို သိမ်းထားပေးရမလား၊ ဒါမှမဟုတ် မင်း အခန်းထဲ ယူသွားလိုက်မလား။”
မျက်နှာသစ်နေရင်းနှင့် ကျိသော်က မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြောလိုက်၏။ “ကျွန်တော် ယူသွားပြီး သူမနဲ့အတူ စားလိုက်ပါ့မယ်။”
ဒီကလေးက ပြပွဲတွင် သူဘာလုပ်ရမလဲဟူ၍ သူမကို မေးခဲ့သည့်အချိန်တုန်းကအတိုင်း မဟုတ်တော့ပေ။
ရွှီလီ သူမ၏သားကို စိတ်ဆိုးချင်သော်လည်း အံ့သြစရာကောင်းသည်မှာ ကျိသော်သည် မျက်နှာသစ်ပြီး မျက်နှာသုတ်ပုဝါနှင့် သုတ်ပြီးနောက် မှန်ရှေ့တွင်ရပ်ပြီး သူ့ကိုယ်သူ သေသေချာချာ စစ်ဆေးနေခြင်းပင်။ ဒါက သူမ၏ သားနှင့် မတူပေ။ အရင်ကဆိုလျှင် မျက်နှာကို အလျင်အမြန်သစ်ပြီး ထွက်သွားတတ်ကာ၊ တစ်မိနစ်ခွဲထက် ပိုကြာနေလျှင် အချိန်ဖြုန်းသည်ဟု မှတ်ယူတတ်သူဖြစ်သည်။
ရွှီလီ အံ့အားသင့်နေတုန်း ကျိသော်က ရုတ်တရက် မေးလိုက်၏။ “ကျွန်တော့်မျက်နှာမှာ အရေးအကြောင်းတွေ ရှိနေလား။”
သူမ နားကြားမှားသွားလားဟုပင် တွေးမိကာ အံ့ဩသွားတော့၏။
သူမ မတုံ့ပြန်သည်ကို မြင်သောအခါ ကျိသော်က မျက်မှောင်ကြုတ်လိုက်ပြီးမှ လျင်မြန်စွာ ပြန်ဖြေလျော့လိုက်ကာ အသံတိုးတိုးဖြင့် ထပ်မေးသည်။
“ကျွန်တော့်မှာ အရေးအကြောင်းတွေ ရှိနေလား။”
ဒီတစ်ကြိမ်တွင်တော့ ရွှီလီ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီး ရယ်ချင်မိသွားခဲ့သည်။ “မျက်နှာပေါ်က အမာရွတ်တွေကိုတောင် ဂရုမစိုက်တဲ့သူက အခု အရေးအကြောင်းတွေကို စိုးရိမ်နေတာလား။”
လူငယ်စုံတွဲ၏ ဆက်ဆံရေး တိုးတက်လာသော်လည်း ယဲ့မင်ရှူး၏ အခြေအနေကတော့ မှေးမှိန်နေခဲ့၏။
ကျိသော် လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီးနောက် မကြာမီတွင် သူမ၏ ပြောင်းရွှေ့ရန် အမိန့်စာ ရောက်လာခဲ့သည်။ သူမသည် သူမ၏ ကိစ္စနှင့်ပတ်သက်၍ အသနားခံနိုင်မည့် အခွင့်အရေးကိုပင် ရှာမတွေ့ခဲ့ပေ။ သူမသည် ကျိလင်ကို မိသားစုနှင့် စကားပြောရန် တောင်းဆိုခဲ့သော်လည်း ကျိလင်က ငြင်းဆိုခဲ့၏။
“သမီးက အထက်တန်း ဒုတိယနှစ်ရောက်နေပြီ၊ ကျောင်းဆောင်မှာ နေလို့ရပြီ။ တကယ် စိုးရိမ်တယ်ဆိုရင် သမီး ကျောင်းပြောင်းလိုက်ပြီး အမေနဲ့ လိုက်ခဲ့မယ်။”
“ကျောင်းပြောင်းမယ်။ အဲ့ဒီမှာ ကောင်းတဲ့ ကျောင်းတွေရှိလို့လား။” ယဲ့မင်ရှူးသည် သူမ၏ သမီးကြောင့် ဒေါသထွက်ခဲ့ရပြန်သည်။
ကျိလင် ဘာမှ မပြောဘဲ ခေါင်းငုံ့ကာ အိမ်စာ ဆက်လုပ်နေခဲ့သည်။ ဆယ့်ခြောက်နှစ်၊ တရုတ်ရိုးရာအသက်အရဆိုလျှင် ဆယ့်ရှစ်နှစ်နီးပါးတွင်ရှိပြီ ဖြစ်သောကြောင့် အသေးစိတ် အချက်အလက်များကို မသိလျှင်တောင် ကိစ္စများစွာကို သူမသိမြင်နိုင်ပြီ ဖြစ်သည်။ သူမ၏ မိဘ၊ ဦးလေးနှင့် အဒေါ်၊ အစ်ကိုတို့၏ သူမအမေအပေါ်ထားသော သဘောထားများကို မြင်နေရသည်။
သူမ၏ အဖေ မရှိနေဘဲ၊ သူမ၏ အစ်ကိုကလည်း သူမ၏ အမေစကားကို နားမထောင်တော့သည့်အခါ သူမ၏ အမေက သူမကို မကြာခဏ အပြစ်တင်ပြောဆိုတတ်လာပြီး သူမသည်လည်း ကြားရသည်ကို ငြီးငွေ့နေပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ ယဲ့မင်ရှူးသည် ကျိလင်ကို ခေါ်မသွားဘဲ တောင်ပိုင်းခရိုင်သို့ သူမ တစ်ယောက်တည်း ရထားစီးကာ ထွက်ခွာသွားခဲ့သည်။ သူမသည် ကျိကျွင်းကို အဘိုးကြီးနှင့် စကားပြောရန် ဆွဲဆောင်နိုင်လိမ့်မည်၊ ထို့နောက် အဘိုးကြီးက သူတို့ကို ပြန်လာခွင့်ပြုလိမ့်မည်ဟု တွေးခဲ့မိသည်။
ကျိလင်သည် သူမ၏ပစ္စည်းများကို အိမ်ဟောင်းသို့ ပြန်ရွှေ့ကာ လင်းချောင်ကို ပြောလိုက်၏။ “ကျွန်မ အခု အရွယ်ရောက်ပြီလို့ ထင်လား။”
အသက် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် မိန်းကလေးသည် အရွယ်ရောက်သော အမျိုးသမီးငယ်တစ်ဦးနှင့်တူပြီး နောက်ဆုံးတွင် အရပ်ရှည်လာခဲ့ပြီဖြစ်သည်။ သူမသည် လင်းချောင်ကို မော့ကြည့်ပြီး ပြောလိုက်၏။
“အဒေါ်၊ ကျွန်မ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်နေတုန်းပဲ။ မတူညီတဲ့ လူတွေပုံစံ သရုပ်ဆောင်ပြီး မတူညီတဲ့ ဇာတ်ရုပ်တွေနဲ့ ရုပ်ရှင်ဖန်သားပြင်ပေါ်မှာ ပေါ်နေချင်တယ်။ ဒါက အရမ်း စိတ်ဝင်စားစရာကောင်းတယ်။”
သူမ၏ မျက်လုံးများသည် ယခင်ကလို မဟုတ်တော့ဘဲ သူမ၏ ကနဦး တောင့်တမှုထက် ကျော်လွန်နေသော ဆုံးဖြတ်ချက်အသစ်ဖြင့် တောက်ပနေခဲ့သည်။