← Chapters

အခန်း (၁၃၄)

Vol. 12 Ch. 134

အခန်း (၁၃၄)

Vol. 12 Ch. 134

ယဲ့မင်ရှူးထွက်သွားပြီးနောက် တစ်ရက်အကြာတွင် မုဇီဓာတုစက်ရုံနှင့် ပူးပေါင်းထားသော စတိုးဆိုင်များအားလုံးသည် ထုတ်ကုန်အသစ်များဖြစ်သည့် မုဇီပန်းကန်ဆေးဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်တို့ကို စတင်ရောင်းချခဲ့သည်။

ဤစတိုးဆိုင်များစွာသည် အစောပိုင်းက ဆပ်ပြာရည်ရောင်းချရန်အတွက် သတ်မှတ်ထားသော အရောင်းနေရာများဖြစ်ပြီး နှစ်ပေါင်းများစွာကြာအောင် လည်ပတ်နေခဲ့ပြီးနောက် သူတို့၏ အရွယ်အစားသည် အဆပေါင်းများစွာ ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်သည်။

ဥပမာအားဖြင့်၊ မောက်အာဟူထုန်ရှိ လီတာ့ကျဲ၏ စတိုးဆိုင်သည် ပြန်လည်မွမ်းမံထားပြီဖြစ်ပြီး ပိုပြီးအရွယ်အစားကြီးလာကာ ပိုမို တောက်ပြောင်လာခဲ့သည်။ ယခုအခါတွင် မုဇီဓာတုစက်ရုံ၏ ထုတ်ကုန်များအတွက် သီးသန့်စင်တစ်ခုလည်း ရှိနေ၏။ ဝင်ပေါက်ရှိ ကျောက်သင်ပုန်းငယ်လေးတွင် အသစ်ရောက်ရှိလာသော ထုတ်ကုန်များကို စာရင်းပြုစုထားပြီး ပန်းကန်ဆေးဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်တို့ကို ထင်ရှားစွာ ပြသထားသည်။

သို့သော် လူတို့၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်မှာ လင်းချောင် အကြံပြုခဲ့သော ပလတ်စတစ်ဘူးများ ဖြစ်၏။ လွန်ခဲ့သော နှစ်နှစ်က ပလတ်စတစ်များကို ပလတ်စတစ်ပြားများနှင့် အိတ်များအတွက် ပိုမို အသုံးပြုလာခဲ့သော်လည်း ပလတ်စတစ်ဘူးများကတော့ စင်ပေါ်တွင် ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပစ္စည်းအသစ်များသည် အာရုံစိုက်မှုရအောင် ဆွဲဆောင်နိုင်ခဲ့ပြီး လူအများက သတိထားမိလိုက်သည်နှင့် ထိုပစ္စည်းများအကြောင်းကို မေးမြန်းခဲ့ကြသည်။ ရင်းနှီးသော ထုတ်လုပ်သူကို မြင်သောအခါ ဆပ်ပြာရည် အသုံးပြုသူ အများအပြားသည် ၎င်းကို ဝယ်ယူရန် မဆိုင်းမတွ ရွေးချယ်ခဲ့ကြသည်။

မကြာမီတွင် ဆီကြေးများကို ဖယ်ရှားနိုင်စွမ်းကောင်းသော ပန်းကန်ဆေးဆပ်ပြာရည်သည် ဆိုဒါနေရာတွင် အစားထိုးဝင်ရောက်နိုင်ခဲ့သည်။ ပစ်မှတ်ထားသော ပါဝင်ပစ္စည်းများ၊ ပိုမိုကောင်းမွန်သော သန့်စင်မှုနှင့် ကောင်းမွန်စွာထိန်းသိမ်းမှုတို့၏ အကျိုးသက်ရောက်မှုများကြောင့် ခေါင်းလျှော်ရည်သည် တဖြည်းဖြည်း ဆပ်ပြာရည်ကို အစားထိုးနိုင်လာကာ အမျိုးသမီးများကြားထဲ ရေပန်းစားလာခဲ့သည်။

လင်းချောင် စာတမ်းပြုစုခြင်းနှင့် အစီရင်ခံစာပြင်ဆင်ခြင်းအတွက် ကျန်းချန်နင်ကို ကူညီပေးရန် ကျောင်းသို့ ပြန်ရောက်လာသည့်အချိန်တွင် စက်ရုံ၏ ပို့ဆောင်ရေး ထရပ်ကားများသည် အနီးနားရှိ ပြည်နယ်များနှင့် မြို့များသို့ ဦးတည်နေပြီဖြစ်သည်။

ကောယန်နှင့် သူမ၏ အဖွဲ့သည် ပြည်နယ်မြို့တော်တွင် စောင့်ဆိုင်းနေကြပြီး ကုန်ပစ္စည်းများ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ပြင်ဆင်ထားသော သုံးဘီးဆိုင်ကယ်များပေါ်သို့ တင်ရန် အသင့်ရှိနေသည်။

ယန်ဒူတွင် ဤထုတ်ကုန်ရှိကြောင်း သိရှိထားသဖြင့် သူမသည် လင်းချောင်မှတစ်ဆင့် မဟုတ်ဘဲ စက်ရုံသို့ သူမကိုယ်တိုင် ချဉ်းကပ်ကာ သူတို့၏မြို့ထဲမှ ပထမဆုံးနှင့် တစ်ခုတည်းသော လက်ကားအေဂျင်စီအဖြစ် အရယူနိုင်ခဲ့သည်။ ထို့ကြောင့် မြို့ထဲရှိ လူအများက သူမသည် သတ္တိရှိသူဖြစ်ကြောင်း ပြောဆိုခဲ့ကြပြီး သူမ ငွေရှာနိုင်သည်မှာ အံ့သြစရာမဟုတ်ကြောင်းပါ ပြောဆိုခဲ့ကြသည်။

သူမသည် ကုန်ပစ္စည်းများနေရာချမှုကို ညွှန်ကြားနေစဉ် ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။

“ယန်ဇီ၊ ကိုယ် ပြန်ရောက်ပြီ။”

ထိုသူသည် လွန်ခဲ့သောနှစ်များက နွေးထွေးသော ကောင်လေးတစ်ဦးကဲ့သို့ သူမကို ပြုံးပြလိုက်သည်။

ကောယန် ဘာမှမပြောခဲ့ဘဲ အတွင်းဘက်သို့ ဝင်ကာ ရေပုံးတစ်ပုံးကို ဆွဲယူပြီး သူ၏ခြေရင်းသို့ လောင်းချလိုက်၏။

“ရှင်က ဘယ်သူလဲ။ ဘယ်သူမို့လို့ ကျွန်မကို ယန်ဇီလို့ ခေါ်နေတာလဲ။”

“စာတစ်စောင်မှမလာဘဲ သုံးနှစ်ကျော် ပျောက်သွားပြီးမှ ပြန်လာတော့ သူ့ကို ချက်ချင်း မောင်းထုတ်လိုက်တာ။”

လင်းချောင်သည် ထိုနေ့ညနေခင်းတွင် ကောယန်ဖုန်းဆက်သောအခါ ဤအကြောင်းကို သိခဲ့ရသည်။

ထိုအချိန်တွင် သူမသည် ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ကာ စမ်းသပ်နေခဲ့ပြီး၊ ဖုန်းမြည်လာခြင်း ဖြစ်သည်။ ကျိသော်က အရင် ဖုန်းကိုကိုင်လိုက်ပြီး ကောယန်မှန်း သိသောအခါ သူမကို ပေးလိုက်ပြီး တဘက်ကိုယူကာ သူမ၏ ဆံပင်များကို ကူညီသုတ်ပေးခဲ့သည်။ လင်းချောင် ခေါင်းလှည့်လိုက်တိုင်း သူ၏မျက်နှာပေါ်မှ အစည်းအဝေးတစ်ခု တက်နေသည့်အလား တည်ကြည်နေသော အမူအရာကို မြင်နေရသည်။

သူမ ပြုံးပြီး ကောယန်ကို ပြောလိုက်၏။ “မှန်တယ်။ ငါဆိုရင်လည်း မောင်းထုတ်မိမှာပဲ။”

ဒီစကားကြောင့် သူမ၏ခေါင်းပေါ်တွင် လှုပ်ရှားနေသော လက်ပိုင်ရှင်သည် ခဏတာ ရပ်တန့်သွားခဲ့ပြီး မကြာခင်တွင်ပဲ ပုံမှန်အတိုင်း ဆံပင်သုတ်ခြင်းကို လျင်မြန်စွာ ပြန်စတင်ခဲ့သည်။

ကောယန်သည် သူမ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခြင်း ခံလိုက်ရသဖြင့် ခံစားချက်များ ပြင်းထန်ကာ ပိုပြောဆိုလာတော့သည်။

“ဟုတ်တယ်။ ငါ့ကို မပြောဘဲ ထွက်သွားပြီး အခုမှ ပြန်လာလို့ရမယ်လို့ ထင်နေတာလား။ သူ ပိုက်ဆံ နည်းနည်း ပို့ပေးခဲ့ရုံနဲ့လေ။ ငါက ဒီပိုက်ဆံနည်းနည်းလေးကို လိုအပ်နေလို့လား၊ ဒါမှမဟုတ် သုံးနှစ်လုံး မျက်နှာတစ်ခါမှ မပြခဲ့တဲ့လူကို လိုအပ်နေလို့လား။”

“ဟုတ်တယ်။” လင်းချောင်က ဆက်လက် သဘောတူနေပြန်သည်။ “နင်သာ တခြားတစ်ယောက်ကို ရှာပြီး ချက်ချင်း လက်ထပ်ခဲ့မယ်ဆိုရင် အခုဆို ကလေးနှစ်ယောက်တောင် ရနေလောက်ပြီ။”

ဒီတစ်ကြိမ်တွင်တော့ ကောယန်က ဆက်မပြောတော့ပေ။ “သူ့လို လူတစ်ယောက်ကို ကိုင်တွယ်ရတာနဲ့တင် အတော် ပြဿနာများနေပြီ။ ဘာလို့ နောက်တစ်ယောက်က ထပ်ရှာရဦးမှာလဲ။ ငါ အချိန်ပိုရရင် ပိုက်ဆံပိုရှာနေတာပဲ ကောင်းတယ်။”

လင်းချောင် ရယ်မောလိုက်၏။ “မှန်တယ်၊ မှန်တယ်။ ယောက်ျားတွေက ပိုက်ဆံရှာတဲ့ အရှိန်ကိုပဲ နှောင့်နှေးစေတယ်။ သူ့ကို စိတ်မဝင်စားနဲ့။ ငါတို့ကို လိုချင်တဲ့သူတွေက မရှိတာမှ မဟုတ်တာ။”

ဖုန်းချပြီးနောက် ကျိသော်သည် သူမ၏ ဆံပင်ကို သုတ်ပေးပြီးစီးသွားပြီ ဖြစ်သည်။ “သေသေချာချာ ခြောက်သွားပြီလား စစ်ကြည့်လိုက်ဦး။”

“ရပါတယ်။ အိမ်မှာ ဆံပင်အခြောက်ခံစက် ရှိတယ်လေ။”

လင်းချောင် သူမ၏ ဆံပင်ကို စမ်းကြည့်လိုက်ပြီး ဆံပင်အခြောက်ခံစက်ယူရန် ဗီရိုရှိရာ သွားလိုက်သည်။

ဒါက ခေတ်ဟောင်း ပုံစံဖြစ်ပြီး အသံ

အလွန်ကျယ်သော်လည်း အနည်းဆုံးတော့ အလုပ်ဖြစ်ခဲ့သည်။ လင်းချောင်သာ နောက်ထပ် နှစ်အနည်းငယ်စောပြီး အချိန်နောက်ပြန်ခရီး သွားခဲ့မည်ဆိုလျှင် သူမ၏ ဆံပင်ကို လေနှင့်သာ အခြောက်ခံရတော့မည်ဖြစ်သည်။

ကျိသော်က ဘေးနားတွင် သတင်းကြည့်နေသည်။ သူမ၏ ဆံပင်ခြောက်သွားသည်ကို တွေ့သောအခါ သူမကို ကြည့်ပြီး ပြောလိုက်၏။

“မင်းရဲ့ ဝမ်းကွဲအစ်က်ိုကို မစည်းရုံးတော့ဘူးလား။” သူက ဖုန်းပြောခြင်းကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ထိုခေတ်ကာလများတွင် လူများကို လမ်းခွဲခြင်းထက် ပြန်လည်သင့်မြတ်စေရန်သာ အားပေးတတ်ကြသည်။ အထူးသဖြင့် လင်းချောင်၏ ဝမ်းကွဲအစ်ကိုက တစ်စုံတစ်ယောက်ကို ပြန်လည်ရရှိရန် ကြိုးစားနေသောအခါတွင် ဖြစ်သည်။

လင်းချောင်က ဆံပင်အခြောက်ခံစက်၏ကြိုးကို လိပ်နေရင်း သူ ခေတ္တရပ်သွားသည်ကို သတိရကာ မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ရှင်က စာနာတတ်နေတာလား။”

“ကိုယ်က မသွားခင် မင်းနဲ့ ဆွေးနွေးခဲ့တယ်။” ကျိသော်က ပြောလိုက်သည်။ “ပြီးတော့ မင်းဆီကို စာရေးခဲ့သေးတယ်လေ။”

သူပြောသည်မှာ မှန်သော်လည်း လင်းချောင်က သူ့ကို အပြုံးသဲ့သဲ့ဖြင့်ကြည့်ရင်း ပြောလိုက်သည်။ “ရှင် ဆွေးနွေးခဲ့ပါတယ်၊ ဒါပေမဲ့ နှစ်နှစ်ကျော်ကြာအောင် ပျောက်သွားခဲ့သေးတယ် မဟုတ်ဘူးလား။”

ကျိသော် မည်သို့မျှ မတုံ့ပြန်နိုင်တော့ဘဲ ဆံပင်အခြောက်ခံစက်ကို ဗီရိုထဲ ပြန်ထည့်ရန် ထလိုက်သည်။

လင်းချောင်က ဘီးကိုယူပြီး သူမ၏ ဆံပင်ရှည်များကို ဖြီးလိုက်၏။ “စကားတစ်ခွန်းမှမပြောဘဲ သုံးနှစ်ကြာ ထွက်သွားတာက ကျွန်မရဲ့ ဝမ်းကွဲအစ်ကို အမှားပဲ။ ကျွန်မ သူ့ဘက်ကနေ ရပ်တည်ပြီး ယန်ဇီကို စိတ်ဆိုးအောင် လုပ်သင့်လို့လား။ သူမက ဒေါသကို အရင်ဖြေထုတ်ဖို့ လိုတယ်။ ပြီးတော့ သူမ စိတ်ဆိုးနေတုန်းပဲဆိုရင် မျှော်လင့်ချက်က ရှိနေသေးတယ်လေ။”

သူမ စိတ်ဆိုးနေတုန်းဆိုလျှင် မျှော်လင့်ချက် ရှိနေသေးသည်လား။

ကျိသော် မျက်ခုံးပင့်လိုက်ပြီး သူ၏ စိတ်ဝင်စားမှုက်ို ပြသလိုက်သည်။

သူသည် သေချာပေါက် အမျိုးသမီးများ၏ နှလုံးသားကို နားမလည်သူဖြစ်သည်။ လင်းချောင်က သူ့ကို စူးစိုက်ကြည့်လိုက်၏။

“မျှော်လင့်ချက်မရှိနေဘူးဆိုရင် ဘာလို့ စိတ်ဆိုးနေမှာလဲ။ သူမက ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာ ဒါမှမဟုတ် သူ့ကို မသိချင်ယောင် ဆောင်တာမျိုးပဲ လုပ်တော့မှာပေါ့။”

စိတ်ဆိုးနေခြင်းသည် သူမ ဂရုစိုက်နေသေးသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူမသာ မဂရုစိုက်ဘူးဆိုလျှင် ဘာလို့သူ့ကို စိတ်ဆိုးနေမည်လဲ။

ကျိသော် ခဏတာ စဉ်းစားပြီးမှ မော့ကြည့်လိုက်၏။ “ဒါဆို မင်းရော အဲ့ဒီတုန်းက စိတ်ဆိုးခဲ့တာလား။”

သူမသာ ဂရုမစိုက်ဘူးဆိုလျှင် ကလေးဘဝကတည်းက စီစဉ်ထားသည့် လက်ထပ်ထိမ်းမြားရမည့် ကတိကဝတ်ကို ပြောင်းလဲခဲ့သည်ဖြစ်စေ၊ လျှို့ဝှက်ထားခဲ့သည်ဖြစ်စေ ဘာကမှ အရေးမကြီးတော့ပေ။ သူမအနေနှင့် ဘာပဲဖြစ်ဖြစ် ခေါင်းညိတ်လိုက်ပြီး သူနှင့် အကွာအဝေးတစ်ခု ခြားလိုက်လို့ရသည်။

စစ်တပ်တွင်း အိမ်ထောင်ရေးများကို ဖျက်သိမ်းရန် ခက်ခဲသော်လည်း တစ်ယောက်နှင့်တစ်ယောက် သဘောထားတူညီပြီး သဟဇာတဖြစ်နေခြင်းသည် အဆင်ပြေသော စုံတွဲတစ်တွဲဖြစ်နိုင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ရန်ဖြစ်ခြင်းနှင့် ငြင်းခုံခြင်းသည် အခြားနည်းလမ်းတစ်ခု ဖြစ်ပြီး၊ လက်ထပ်ထားသော်လည်း ခွဲ၍နေထိုင်ခြင်းသည် နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်နေပြန်သည်။ သူမသည် သူမကိုယ်သူမ အလွန်ယုံကြည်မှုရှိသူဖြစ်ပြီး ထူးချွန်စွာ နေထိုင်ခဲ့သောကြောင့် သူမဘဝအတွက် အလှဆင်ပစ္စည်းသဖွယ်ဖြစ်နေသည့် ခင်ပွန်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူမအတွက် အရေးမကြီးခဲ့ပေ။

သူသည် မေးခွန်းမေးနေသည့်ပုံစံဖြင့် ပြောဆိုခဲ့သော်လည်း သူ၏လေသံကတော့ သေချာနေခဲ့၏။ သူ၏ အကြည့်သည် လင်းချောင်၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး သူမ၏ အဖြေကို စောင့်နေသလိုပင်။ သူသည် အမျိုးသမီးများ၏ နှလုံးသားကို ကောင်းစွာနားမလည်နေနိုင်သော်လည်း အံ့သြစရာကောင်းလောက်အောင် ထိုးထွင်းသိမြင်နိုင်စွမ်းရှိပြီး ကောက်ချက်ချရာတွင် အလွန်တော်သူဖြစ်သည်။

လင်းချောင် ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများကို ပင့်ကြည့်လိုက်သည်။ “နောက်တစ်ခါဆိုရင် ကျွန်မ ဒေါသမထွက်တော့ပါဘူး။”

ထိုစကားသည် အနည်းငယ်တော့ အန္တရာယ်ရှိနေသည်။ ဒေါသမထွက်ခြင်းကို အလေးပေးသည်လား၊ နောက်တစ်ခါကို အလေးပေးသည်လား ဆိုသည်မှာ ရှင်းလင်းမှု မရှိခဲ့ပေ။

ထိုထောင်ချောက်ကို ရိပ်မိလိုက်၍ဖြစ်စေ၊ ရိုးသားစွာ ရည်ရွယ်၍ဖြစ်စေ ကျိသော်က ပြောလိုက်သည်။ “နောက်တစ်ခါ ဆိုတာ မရှိစေရပါဘူး။”

သူ၏ လေသံက တည်ကြည်ပြီး အကြည့်က ခိုင်မာနေသည်။ လင်းချောင် နောက်ထပ် ဘာမှ မပြောတော့ဘဲ သူ၏ရှပ်အင်္ကျီပေါ်မှ သူ၏ဗိုက်သားများကို စမ်းလိုက်သည်။

“အခုထိ လေ့ကျင့်နေတုန်းပဲလား။”

နှစ်နှစ်ကြာ ကွဲကွာနေခဲ့ပြီးနောက် သူသည် လေ့ကျင့်ခန်း လုပ်နေရုံသာမက ကောင်းမွန်သော ကိုယ်ခန္ဓာကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။

မနက်ခင်းတွင်တော့ လင်းချောင်သည် မှန်ထဲ၌ ပန်းရောင်လွှမ်းပြီး တောက်ပနေသော သူမ၏ အသားအရေကို မြင်လိုက်ရပြီး သဟဇာတဖြစ်သော ဘဝ၏ လက္ခဏာကိုပါ ခံစားမိလိုက်သည်။

သူမ မထွက်ခွာမီ နောက်သို့လှည့်ပြီး သူ၏မေးစေ့ကို ပင့်တင်ကာ စနောက်လိုက်သည်။ “စွမ်းဆောင်ရည်ကောင်းသားပဲ။ ကျွန်မ သွားပြီ။ ဒီည အိပ်ရာထဲမှာ အသင့်ပြင်ထားနော်။”

သူမ၏ စကားမဆုံးခင်မှာပင် ထိုသူက သူမ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်သည်။ “ကျောင်းမသွားချင်ရင် မသွားချင်ဘူးလို့ ပြောလိုက်ပါ။”

“ကျောင်းမသွားဘဲ မနေရဲပါဘူး။ ကပ္ပတိန်ကျိ၊ ရှင့်ရဲ့ ခါးကရော ဘယ်လိုလဲ။”

လင်းချောင် စနောက်သည့်အနေနှင့် သူ၏ အထိမခံနိုင်ဆုံးသောနေရာကို ပွတ်သပ်လိုက်ကာ ရယ်မောရင်း ပြေးထွက်သွားခဲ့တော့သည်။

“ဆိုးလိုက်တဲ့ ကောင်မလေး။” ကျိသော်က သူမ ပွတ်သပ်သွားသော နေရာကိုထိရင်း တီးတိုး ပြောလိုက်သည်။

သူ၏ အင်္ကျီလက်များကို လိပ်တင်လိုက်ပြီး ကွဲနေသောအမိုးကြွပ်ပြားများကို လဲလှယ်တော့မည့်အချိန်တွင် ဖုန်းမြည်လာခဲ့သည်။

ကျိသော် ဖုန်းကိုဖြေလိုက်တော့ လင်းဝေ့ ဖြစ်နေ၏။ “ချောင်ချောင် ထွက်သွားပြီလား။”

လင်ဝေ့၏ လေသံသည် စိတ်ပျက်အားငယ်သလိုပုံစံဖြင့် ထွက်ပေါ်လာခဲ့သည်။

ကျိသော်က “အင်း” ဟု ပြန်ဖြေလိုက်ပြီး “သူမ ပြန်လာရင် ပြောပြလိုက်ပါ့မယ်” ဟု ပြောမည်အလုပ် ခဏရပ်လိုက်၏။

“ကောယန်ကိစ္စကြောင့် ချောင်ချောင်ကို ရှာနေတာလား။”

“ဘယ်လိုသိတာလဲ။” လင်းဝေ့ အံ့သြသွားခဲ့ရသည်။

ကျိသော်ကတော့ ပြန်မဖြေခဲ့ပေ။ “လက်လျှော့ချင်တာလား၊ ဒါမှမဟုတ် ပိုပြီးကြိုးစားချင်တာလား။”

“လက်လျှော့ချင်တယ်ဆိုရင် ဘာလို့ သူမဆီ ပြန်သွားပြီး ရှာနေမှာလဲ။”လင်းဝေ့သည် လက်လျှော့လိုစိတ် မရှိကြောင်း သေချာနေသည်။

“ဒါပေမဲ့ သူမက ငါ့ကိုစကားမပြောဘူး၊ ရေနဲ့တောင် ပက်သေးတယ်။ ချောင်ချောင်ကို မေးကြည့်တာကလွဲလို့ တခြားရွေးချယ်စရာလည်း မရှိတော့ဘူး။”

“သူမ စိတ်ဆိုးနေတယ်ဆိုတာက သူမ ဂရုစိုက်နေသေးတာပဲလို့ တစ်ခါမှ မတွေးကြည့်မိဘူးလား။” ကျိသော်သည် သူ အသစ်ရရှိထားခဲ့သော အသိဉာဏ်ကို အသုံးပြုလိုက်သည်။

သူ၏ ယောက်ဖကြောင့်သာ မဟုတ်လျှင် သူသည်လည်း ကိစ္စများစွာကို သိခွင့်ရခဲ့မည် မဟုတ်ပေ။

လင်းဝေ့ကတော့ တကယ်ကို ထိုသို့ မတွေးခဲ့မိပေ။ “သူမ ဂရုစိုက်နေသေးလို့ပေါ့... ဒီလိုလား။”

ကျိသော်က အခိုင်အမာ ပြန်ဖြေလိုက်သည်။ “ဟုတ်တယ်။ မဟုတ်ရင် ဘာလို့ အစ်ကို့ကို ရေနဲ့ပက်မှာလဲ။ သူမက ယဉ်ယဉ်ကျေးကျေး ဆက်ဆံတာ ဒါမှမဟုတ် မသိချင်ယောင်ဆောင်တာမျိုး လုပ်နိုင်တယ်လေ။”

သံသယဝင်စရာမလိုဘဲ ဒီအချက်ကို သူ မနေ့ညက လင်းချောင်ထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။

လင်းဝေ့ ရုတ်တရက် နားလည်သွား၏။ “ယောက်ဖက တကယ်ကို နားလည်နိုင်တာပဲ။ ဒီနှစ်တွေ အချည်းနှီးမဖြစ်ခဲ့ဘူး။”

ကျိသော် - "..."

တစ်ဖက်လူကသာ သူ့ကို ယောက်ဖဟု မခေါ်ခဲ့လျှင် သူ ဖုန်းချမိနိုင်လောက်သည်။ သို့သော် ယခုတော့ သူ စတင်ပြောဆိုပြီးပြီဖြစ်သည့်အတွက် အဆုံးအထိ အကူအညီပေးရန် ဆုံးဖြတ်လိုက်၏။

“သေချာ ကိုင်တွယ်ရမယ့် ကိစ္စတစ်ခု ရှိသေးတယ်၊ မဟုတ်ရင် အစ်ကိုတို့ နှစ်ယောက်စလုံး အခွင့်အရေး ရနိုင်ဦးမှာ မဟုတ်ဘူး။”

“ဘာကိစ္စလဲ။”

“အစ်ကို့ရဲ့ မိသားစုပေါ့။”

နှစ်ဆယ်ရက်ကြာအောင် နှစ်စဉ်ခွင့်ရက်ယူပြီးနောက် ကျိသော်သည် ကုန်ခြောက်များ ဝယ်ကာ ချက်ပြုတ်၍၊ လင်းချောင်၏ ကျောင်းသို့ နေ့စဉ် ပို့ဆောင်ပေးခဲ့သည်။

သူ စစ်တပ်သို့ ပြန်သွားချိန်တွင် သူ စစ်မြေပြင်မှ ပြန်ယူလာခဲ့သော အေးစက်ပြီး တင်းမာသော အငွေ့အသက်များကို သူ၏နွေးထွေးသော အိမ်တွင်းဘဝက လွှမ်းမိုးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကြီးမားသည့် အရာများကို အောင်မြင်အောင် လုပ်ဆောင်ခြင်းသည် ယောက်ျားတစ်ယောက်အတွက် အရေးကြီးသော်လည်း မိသားစုရှိခြင်းကသာ ဒီလောကတွင် စစ်မှန်သည့် ဆက်နွှယ်မှုတစ်ခုကို ပေးစွမ်းနိုင်သည့်အရာ ဖြစ်သည်။

ဗိုလ်မှူးကြီးတင်းသည် သူ၏ တစ်ချိန်က အတော်ဆုံးသော လက်အောက်ငယ်သားကို ကြည့်လိုက်သည်။

“မင်းရဲ့ ပြောင်းရွှေ့မိန့် ရောက်လာပြီ။ မင်းက အခု တတိယအဆင့် သံချပ်ကာတပ်ရင်းရဲ့ ဗိုလ်မှူးကြီးဖြစ်သွားပြီ။ ဂုဏ်ယူပါတယ်၊ ဗိုလ်မှူးကြီးကျိ။”

ကျိသော်၏ ပခုံးပေါ်တွင် ကြယ်လေးပွင့် ရောက်ရှိလာပြီး ရက်အနည်းငယ်အကြာတွင် လင်းချောင်သည် အလုပ်ခွင်တွင် ဝတ်သောဝတ်စုံကို ဝတ်ကာ ဆံပင်များကို စုစည်းလျက် သူမ၏ ဆရာကြီးနောက်သို့ လိုက်၍ အစည်းအဝေးခန်းမထဲသို့ ဝင်ရောက်ခဲ့သည်။ သူမသည် ကျန်းချန်နင်၏ လက်ထောက်အဖြစ် တာဝန်ယူမည်ဖြစ်ပြီး သုတေသနရလဒ်များကို တင်ပြရာတွင် ပါဝင်ကူညီမည် ဖြစ်သည်။

စင်မြင့်ပေါ်တွင် ရပ်နေခြင်းနှင့် နှိုင်းယှဉ်လျှင် အစည်းအဝေးခန်းမတွင် ပိုမို၍ လူနည်းပါးသော်လည်း တစ်ဦးချင်းစီက ပိုမို အရေးပါသူများသာ ဖြစ်ကြသည်။ ချင်တက္ကသိုလ်မှ ခေါင်းဆောင်များ၊ ဓာတုဗေဒဆိုင်ရာ အခြားကျောင်းများနှင့် သုတေသနဌာနများမှ ကျွမ်းကျင်သူများနှင့် ကိုယ်စားလှယ်များ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များပင် ပါဝင်ခဲ့ကြသည်။

အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်အမျိုးသမီးသည် သူမ၏ ဆရာဖြစ်သူ၏ နောက်ဘက် ခြေတစ်လှမ်းအကွာတွင် ရပ်နေပြီး တည်ငြိမ်သောပုံစံဖြင့် ရှိနေခဲ့သည်။ သူမ၏ သရုပ်ပြမှုများက စနစ်တကျရှိပြီး သူမ၏ အဖြေများက ရှင်းလင်းပြတ်သားကာ ယုတ္တိတန်သည်။

မည်မျှပင် ရှုပ်ထွေးသော မေးခွန်းများ ဖြစ်စေကာမူ သူမ၏ အမူအရာက မပြောင်းလဲဘဲ ကျွမ်းကျင်စွာ၊ ထိုးထွင်းဉာဏ်ဖြင့် အမြဲဖြေရှင်းနိုင်ခဲ့သဖြင့် သူမသည် ကျန်းချန်နင်အတွက် ပြီးပြည့်စုံသော ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။

ကျန်းချန်နင်က သူမကို မလိုအပ်သည့်အခါ သူမသည် ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး မလိုအပ်ဘဲ ဝင်မပြောခဲ့ပေ။

တင်ပြမှု ပြီးဆုံးသွားသောအခါ လက်ခုပ်သံများ ဟိန်းထွက်လာတော့သည်။

“ဒါက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အရေးအကြီးဆုံး ဓာတုဗေဒ သုတေသနရလဒ်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။” တစ်စုံတစ်ယောက်က မှတ်ချက်ပေးခဲ့၏။

ဒုံးကျည်များ၏ တိကျမှန်ကန်မှုကို

သိသိသာသာ တိုးတက်စေသည့် စွမ်းရည်သည် အမျိုးသားကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ရန်အတွက် အလွန် အရေးပါသည်မှာ အမှန်တကယ်ကို သံသယဖြစ်ဖွယ်မရှိပေ။

လူတိုင်း မတ်တတ်ရပ်လိုက်ကြ၍ ကျန်းချန်နင်နှင့် လက်ဆွဲနှုတ်ဆက်ကြပြီး အချို့က သူ့နောက်ကွယ်ရှိ လင်းချောင်ကို သတိထားမိခဲ့ကြသည်။

“ခင်ဗျားက တကယ်တော်တဲ့ ကျောင်းသားတစ်ယောက်ကို ရွေးချယ်ခဲ့တာပဲ။”

ပညာရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်တစ်ဦးက လင်းချောင်ကို အနည်းငယ် ရင်းနှီးနေပုံရ၏။

“အရင်တစ်ခါက စင်မြင့်ပေါ်မှာ။ ဒီတစ်ခါ အစည်းအဝေးခန်းမမှာ။”

လင်းချောင်က ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။ “ဒါက ကျွန်မရဲ့ဆရာက ကျွန်မကို ဒီအခွင့်အရေး ပေးခဲ့လို့လည်း ပါပါတယ်။”

သူမသည် ကြွားဝါခြင်းလည်း မရှိသလို မာနကြီးခြင်းမျိုးလည်း မရှိခဲ့ပေ။ ဆရာမတစ်ယောက်အနေဖြင့် အလေးအနက် သင်ကြားခဲ့ပြီး ကျောင်းသားတစ်ယောက်အနေဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်။

ထိုသို့သောသူသည် မည်သည့်နေရာတွင်မဆို တောက်ပနေမည်ဖြစ်ပြီး သူမ၏ကိုယ်ပိုင် တောက်ပသော ဘဝကို ရှင်သန်နေနိုင်မည်ဖြစ်သည်။

လူအားလုံး ထွက်ခွာသွားပြီး အစည်းအဝေးခန်းထဲမှထွက်ခွာရန် ပစ္စည်းများ သိမ်းဆည်းနေစဉ် အပြင်ဘက်မှ ဝင်လာသော ရင်းနှီးသည့် အရပ်မြင့်မြင့် အသွင်အပြင်တစ်ခုကို လင်းချောင် သတိထားမိလိုက်သည်။

ထိုအမျိုးသားသည် စောစောကတည်းက ရောက်လာခဲ့ခြင်းဖြစ်သော်လည်း သူမတို့ကို အနှောင့်အယှက် မဖြစ်စေရန် ဝင်မလာခဲ့ခြင်းသာ ဖြစ်ရမည်။ သူသည် ယခင်က သူမအတွက် ဝယ်ပေးခဲ့သော ကင်မရာကို ယူလာခဲ့၏။

“မင်းအတွက် ဓာတ်ပုံ နည်းနည်း ရိုက်ပေးမယ်။”

“ကောင်းပါတယ်၊ တကယ်ကောင်းတယ်။ ကျွန်တော်တို့ရဲ့ ဆရာကြီးကိုလည်း ဓာတ်ပုံ နှစ်ပုံလောက် ရိုက်ပေးပါဦး။ သူ ဒီလို သပ်ရပ်နေတာမျိုးက ရှားတယ်။” ကျောင်းသားတစ်ဦးက စနောက်လိုက်သည်။

လူတစ်စုသည် အစည်းအဝေးခန်းမရှိ ဆိုင်းဘုတ်အောက်တွင် ရပ်နေကြပြီး အဖွဲ့လိုက်ဓာတ်ပုံရိုက်ကြသည်၊ ထို့နောက် အဖွဲ့ငယ်လေးများဖြင့် တစ်ဦးချင်းစီ ဓာတ်ပုံရိုက်ကြပြန်သည်။

All Chapters