End
Vol. 12 Ch. 135
ထိုအမျိုးသားသည် သူ၏ ဓာတ်ပုံရိုက်သည့်ပညာကို လျှို့ဝှက်စွာဖြင့် တိုးတက်အောင် လုပ်ခဲ့ခြင်း ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် သူသည် မှန်ကန်သော ရှုထောင့်ကို ရှာဖွေနိုင်ရန် တစ်ဝက်ထိုင်ချရမည်ကို သိနေသောကြောင့်ပင်။ ကျန်းချန်နင်၏ လက်အောက်မှ နောက်ထပ် ကျောင်းသားတစ်ဦးက လင်းချောင်ကို တိုးတိုးလေး ပြောလိုက်၏။
“ဗိုလ်မှူးကြီးက ဓာတ်ပုံရိုက်ပေးနေတော့ ကျွန်မ ပြုံးနိုင်မှာတောင် မဟုတ်ဘူး။”
ဒါက ဟာသတစ်ခုသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ထိုအမျိုးသား လင်းချောင်ကို အကြိမ်များစွာ လာကြိုသည်ကို မြင်ခဲ့ဖူးသောကြောင့် သူ၏ရောက်ရှိလာမှုကြောင့် အလွယ်တကူ စိတ်လှုပ်ရှားစရာ အကြောင်းမရှိတော့ပေ။
အားလုံး ဓာတ်ပုံရိုက်ပြီးသွားသည့်နောက် ကျိသော်က ကင်မရာကို မြှောက်လိုက်သည်။
“လင်းချောင်နဲ့ ကျွန်တော့်ကို ဓာတ်ပုံရိုက်ပေးနိုင်မဲ့သူရှိလား။”
“ကျွန်မ ရိုက်ပေးပါ့မယ်။”
လင်းချောင်နှင့် ဆက်ဆံရေး ကောင်းမွန်သည့် မိန်းကလေးတစ်ဦးက လက်ကမ်းပြီး ပြောလိုက်သည်။
ထို့ကြောင့် အစည်းအဝေးခန်းမ၏ ဆိုင်းဘုတ်အောက်တွင် မျက်စိပသာဒဖြစ်စရာ ပုံပန်းသွင်ပြင်နှစ်ခုသာ ကျန်ရှိတော့သည်။ စစ်ဝတ်စုံနှင့် ပခုံးပေါ်တွင်ကြယ်များ တောက်ပနေသော အမျိုးသား၊ အလုပ်ခွင်ဝတ်ဝတ်စုံနှင့် တောက်ပစွာ ယုံကြည်မှုရှိရှိပြုံးနေသော အမျိုးသမီး။ ကင်မရာ၏ ရှပ်တာခလုတ်ကို နှိပ်လိုက်သောအခါ လင်ချောင်း၏ ပခုံးပေါ်တွင် လက်တစ်စုံရောက်လာခဲ့သည်။
သူတို့သည် ကင်မရာကို တိုက်ရိုက်ကြည့်နေကြပြီး ဤရိုက်ချက်က သူတို့၏ မင်္ဂလာဆောင်ဓာတ်ပုံထက်ပင် ပိုရင်းနှီးသော ဓာတ်ပုံတစ်ပုံကို ချန်ထားနိုင်ခဲ့သည်။
အံ့သြသွားပုံရသည့် လင်းချောင်သည် ဓာတ်ပုံရိုက်ပြီးပြီးချင်း ထိုအမျိုးသားကို လှည့်ကြည့်လိုက်ရာ သူ၏အကြည့်နှင့် ဆုံမိခဲ့သည်။
သူတို့၏ မျက်လုံးများ ဆုံမိခဲ့ကြပြီး အလင်းရောင်ကြောင့်လားမသိသော်လည်း ထိုမိန်းကလေးသည် ပုံမှန် တည်ကြည်နေတတ်သော ကျိသော်၏ မျက်နှာပေါ်မှ နွေးထွေးမှု အရိပ်အယောင်လေးတစ်ခုကို မြင်လိုက်ရသည်။ ဘာမှ မတွေးတော့ဘဲ သူမ၏ လက်ချောင်းများက ဤအခိုက်အတန့်ကို ဓာတ်ပုံရိုက်ကူးထားလိုက်၏။
ဓာတ်ပုံများကို ထုတ်ပြီးနောက် ကျိသော်သည် ထိုပုံများကို တိတ်ဆိတ်စွာဖြင့် အချိန်အတန်ကြာ ကြည့်လိုက်ပြီးနောက် အယ်လ်ဘမ်ကို ဖွင့်ကာ ပထမစာမျက်နှာရှိ မင်္ဂလာဆောင်ဓာတ်ပုံကို ဤဓာတ်ပုံဖြင့် အစားထိုးလိုက်တော့သည်။ သူသည် ကျန်ရှိသော ဓာတ်ပုံများကို လင်းချောင်၏ ကျောင်းသို့ ပို့လိုက်ပြီး သူမကို ခေါ်ထုတ်ကာ အားလပ်ရက်အတွက် ပြန်ခေါ်လာခဲ့သည်။
ပရောဂျက်ပြီးဆုံးသွားပြီဖြစ်၍ လင်းချောင် နောက်နှစ်တွင် ဘွဲ့ယူမည့်စာတမ်းအတွက် ပြင်ဆင်ရန် မပြန်မီ စစ်တပ်စခန်းတွင် သူနှင့်အတူ ရက်အနည်းငယ် ဖြတ်သန်းနိုင်မည့် အားလပ်ရက်တိုလေး ရခဲ့သည်။
လင်းချောင်သည် ဆရာဖြစ်သူ၏ ရုံးခန်းမှ ထွက်လာသောအခါ ကျန်းချန်နင်က သူမကို အကြံပေးနေခဲ့၏။
“အဲ့ဒီကိစ္စကို ထပ်စဉ်းစားပါဦး။”
ကျိသော်ကတော့ မျက်နှာအမူအရာ မပြောင်းလဲဘဲ ဓာတ်ပုံများကို လွှဲပြောင်းပေးခဲ့သည်။
ကျန်းချန်နင်သည် ချက်ချင်း ကျေးဇူးတင်စကား ပြောလိုက်သည်။
သူတို့ ကျောင်းမှ ထွက်လာပြီးနောက် ကားထဲသို့ဝင်ကာ စစ်တပ်စခန်းသို့ ပြန်လာစဉ် သူက မေးလိုက်သည်။
“ဘာကို ပြန်စဉ်းစားဖို့ လိုအပ်နေတာလဲ။”
“ပြည်ပမှာ ပညာသင်ဖို့ကိစ္စပါ။” လင်းချောင်က ပြောလိုက်သည်။ “ကျောင်းမှာ နိုင်ငံတကာဖလှယ်ရေး အစီအစဉ်အတွက် နေရာလွတ်တွေရှိတယ်၊ ဆရာကြီးက ကျွန်မကို သွားစေချင်တာ။ ဒါပေမဲ့ ကျွန်မ ငြင်းလိုက်တယ်။”
တည်ငြိမ်စွာ နားထောင်နေခဲ့သော ကျိသော်က ရုတ်တရက် လေးနက်သော လေသံဖြင့် မေးလိုက်၏။ “ဘာလို့ ငြင်းလိုက်တာလဲ။”
ဒီအချက်က လင်းချောင်ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။ သူမ ငြင်းပယ်ရခြင်း၏ အကြောင်းရင်းက ရိုးရှင်းသည်။ သူမ၏ ယခင်ဘဝတွင် သူမသည် ပစ္စည်းဗေဒ၊ အထူးသဖြင့် PAN-အခြေခံ ကာဗွန်ဖိုင်ဘာကို အထူးပြုလေ့လာခဲ့သည်။
ဆာကူရာနိုင်ငံနှင့် M နိုင်ငံတို့သည် ဤနယ်ပယ်တွင် အဆင့်မြင့်ဆုံးသော နည်းပညာကို အဓိကထိန်းချုပ်ထားခဲ့ပြီး အထူးသဖြင့် ဆာကူရာနိုင်ငံဆိုလျှင် ၎င်း၏ စွမ်းဆောင်ရည်မြင့်မားမှုနှင့် စစ်ရေးနှင့် အရပ်ဘက် နှစ်ခုလုံးတွင် ကျယ်ပြန့်စွာ အသုံးချနိုင်မှုတို့ကြောင့် ၎င်းကို မဟာဗျူဟာမြောက် ပစ္စည်းအဖြစ် သတ်မှတ်ထားပြီး တင်းကျပ်စွာ ကန့်သတ်ထားသည်။
ဤနယ်ပယ်တွင် ပြည်တွင်းဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့ပြီး၊ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှသာ သိသာထင်ရှားသော တိုးတက်မှုများ စတင်လုပ်ဆောင်နိုင်ခဲ့သော်လည်း အစပိုင်းမှနည်းပညာများနှင့် ကွာဟချက်သည်တော့ တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့သည်။
သူမ အချိန်နောက်ပြန်မသွားမီကထက်ပင် ပိုအဆင့်မြင့်သည်ဟု ဆိုလျှင်တောင် နိုင်ငံခြားနည်းပညာ မည်မျှပင် အဆင့်မြင့်ပါစေ သူမကတော့ အသုံးပြုခွင့် ရရှိမည် မဟုတ်ပေ။
လာမည့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်အတွင်း ဆက်ရှိနေမည့် နိုင်ငံခြားသွင်းကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် သူမသည် နည်းပညာကို စောစီးစွာ မိတ်ဆက်ပေးလိုသည်။
သို့သော် ကျိသော်ကတော့ ဤသို့ တွေးပုံမရပေ။ “မင်းမှာ ဒီလို ကောင်းမွန်တဲ့ အခွင့်အရေးမျိုး ရှိနေတာကို ဘာလို့ မသွားတာလဲ။”
သူသည် လင်းချောင်ကို ကြည့်လိုက်သည်။ “တကယ်လို့ ဒါက စစ်မှုထမ်းမိသားစုဝင်တွေ ပြည်ပမှာ ပညာသင်ကြားဖို့ ခက်ခဲတဲ့ကိစ္စကြောင့်ဆိုရင် ကိုယ် ကိုင်တွယ်လိုက်မယ်။ တကယ်လို့...”
သူ ခဏရပ်သွားခဲ့သည်။ “ကိုယ်က နှစ်နည်းနည်းလောက် ထပ်စောင့်နိုင်ဘဲ မင်းကို ကိုယ့်အတွက် စွန့်လွှတ်ခိုင်းလောက်အောင်အထိ အတ္တကြီးတဲ့သူမျိုး မဟုတ်ပါဘူး။”
ပြည်ပတွင် ပညာသင်ကြားသူအများစုက သွားချင်ကြပြီးမှ သူတို့၏မိသားစုကို ဆွဲဆောင်နိုင်မည့် နည်းလမ်းကို ရှာတတ်ကြသည်။ သို့သော် သူမက မသွားချင်သောကြောင့် သူမ၏မိသားစုက သူမကို ဆွဲဆောင်ရတော့မည်...
လင်းချောင်သည် ဘာစကားမှမပြောဘဲ သူ့ကို အချိန်အကြာကြီး ကြည့်နေခဲ့သည်။ “ပြည်ပမှာ ပညာသင်ကြားဖို့က ဘယ်လောက်ကြာမယ်ဆိုတာ ရှင် သိလား။”
“ကိုယ် စစ်မျက်နှာမှာ ဘယ်လောက်ကြာကြာ နေရမယ်ဆိုတာရော မင်း သိလား။”
သူမ မသိခဲ့။ သူ ပြန်မလာနိုင်တော့သည်လည်း ဖြစ်နိုင်သည့်တ်ိုင် သူမကတော့ သူ့ကို သွားခွင့်ပြုခဲ့သည်။
“အဲ့ဒါက မတူဘူး။” လင်းချောင်သည် ထိုနှစ်ခုကို နှိုင်းယှဉ်၍ မရနိုင်ဟု ခံစားခဲ့ရသည်။ “ရှင်က သွားက်ိုသွားရမယ်၊ ကျွန်မက သွားဖို့၊ မသွားဖို့ ရွေးချယ်နိုင်တယ်လေ။”
“ဒါဆို ဘာလို့ မသွားတာလဲ။” သူ၏ ယခင်မေးခွန်းသို့ ပြန်ရောက်လာပြန်သည်။
မမျှော်လင့်ထားဘဲ၊ သူမ၏ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို အမြဲ ထောက်ခံခဲ့သော ဤလူသည် ဤကိစ္စတွင်တော့ အတင်းအကျပ် ပြောဆိုနေခဲ့သည်။ ယာဉ်မောင်းဖြစ်သော ရှောင်ဖန်းလည်း ရှေ့ခန်းတွင် ရှိနေသောကြောင့် လင်းချောင်က သူ့ကို မည်သို့ ရှင်းပြရမည်ကို မသိခဲ့ပေ။
ထို့ကြောင့် သူတို့ အိမ်ရောက်၍ ကားပေါ်မှ ဆင်းသည့်အခါ ကျိသော်က တည်ကြည်သည့် မျက်နှာထားနှင့် လင်းချောင်ကလည်း လေးနက်သည့် အသွင်အပြင်နှင့် ရှိနေခဲ့သည်။ စုံတွဲကြားမှ လေထုသည် ပုံမှန်မဟုတ်ဘဲ တင်းမာနေခဲ့သည်။
လျိုကွေ့ရင်းသည် သူမ၏ အကြီးဆုံးသမီး၏ ကလေးကို ပွေ့ချီကာ ဒုတိယထပ်တွင် ရပ်နေရင်း သူတို့ကို မြင်လိုက်ရသည်။
“ရှောင်လင်း ပြန်ရောက်ပြီလား။”
လွန်ခဲ့သော နှစ်နှစ်က ကျိသော် ထွက်သွားခဲ့သဖြင့် လင်းချောင်သည် စစ်တပ်စခန်းသို့ ပြန်မသွားခဲ့ဘဲ အားလပ်ရက်များတွင် သူမတို့သည် ဖုန်းဖြင့်သာ စကားပြောခဲ့ကြသည်။
ကျွင်းဇီ စစ်တက္ကသိုလ်သို့ ဝင်ခွင့်ရသောအခါ လျိုကွေ့ရင်းသည် အလွန်ပျော်ရွှင်သဖြင့် အစားအစာများစွာ ပြုလုပ်ပြီး လင်းချောင်ကို ကျောင်းအထိ သွားပို့ခဲ့သည်။
ယခု၊ အချိန်နှစ်နှစ်ကျော် ကြာပြီးနောက် ကျွင်းဇီသည် ဒုတိယနှစ်သို့ ရောက်နေပြီဖြစ်ပြီး အိမ်တွင်ပျင်းရိနေသော လျိုကွေ့ရင်းသည် သူမ၏ သမီးနှင့် မြေးကို ထပ်မံလာရောက်လည်ပတ်ရန် ခေါ်ထားခြင်း ဖြစ်သည်။ မကြာမီတွင် သူမ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး သူမ၏ လက်ထဲမှ ကလေးမလေးက ဖောင်းဖောင်းကစ်ကစ် လက်ဖဝါးများဖြင့် ကျိသော်ထံ လက်လှမ်းလိုက်သည်။
“ဦးဦး၊ ချီပါ။”
မိသားစု အဆင့်အတန်းက အနည်းငယ် ရှုပ်ထွေးနေ၏။ လင်းချောင်နှင့် ကျိသော်တို့သည် သူမ၏ အဘွားကို အမြဲတမ်း “မရီး” ဟု ခေါ်ဝေါ်ကြသည်။
ဒီကလေးသည် လင်းချောင်နှင့် ကျိသော်တို့ လက်ထပ်သည့်နှစ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ လျိုကွေ့ရင်းသည် သူမ၏ သမီးနှင့်မြေးထံ သွားရောက် လာရောက်လည်ပတ်ခိုင်းခဲ့ပြီး သူတို့အတွက် မင်္ဂလာပွဲမှ ကိတ်မုန့်များ ယူဆောင်သွားပေးခဲ့သည်။ ယခု ကလေးသည် လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ် ရှိနေပြီဖြစ်သည်။
ကလေးမလေးကို မြင်သောအခါ ကျိသော်၏ အမူအရာသည် အနည်းငယ် ပျော့ပြောင်းသွားပြီး အားစိုက်ထုတ်စရာမလိုဘဲ သူမကို ကောက်ချီကာ ပင့်မြှောက်လိုက်သည်။ ထိုမိန်းကလေးသည် သူ၏ တည်ကြည်သော မျက်နှာကို မကြောက်ဘဲ သူ ပင့်မြှောက်လိုက်သောအခါ ရယ်မောလိုက်ပြီး လင်းချောင်၏ ခြံထဲရှိ ဆီးသီးပင်ကို လက်ညှိုးထိုးပြကာ ဆီးသီးခူးချင်ကြောင်း ပြောခဲ့သည်။
“ဘာလို့ သူ့ကို ဆီးသီးခူးဖို့ ခေါ်မသွားတာလဲ။”
လင်းချောင်သည် ပြုံးရယ်လျက် အကြံပြုလိုက်ပြီး ကလေးမလေးကို ခဏတာ စနောက်လိုက်ပြီးနောက် သူမ၏ ပစ္စည်းများကိုယူ၍ အပေါ်ထပ်သို့ တက်သွားခဲ့သည်။
ကျိသော်သည် သူ၏ ယူနီဖောင်းကို သပ်ရပ်သန့်ရှင်းစွာထားရှိပြီး သူ၏ နေထိုင်ရာနေရာကို အလွန်သပ်ရပ်စွာ ထားရှိတတ်သော အမျိုးသားမျိုး ဖြစ်သည်။
လင်းချောင် မရှိသည့်တိုင်အောင် အခန်းသည် အညစ်အကြေး ကင်းစင်နေ၏။ နှစ်ယောက်အိပ်ခုတင်ကို သပ်ရပ်စွာ ခင်းထားပြီး ခေါင်းအုံးများကလည်း သူမ မထွက်ခွာမီကအတိုင်းဖြစ်သည်။ သစ်သားစားပွဲသည်လည်း ယခင်ကအတိုင်း နှစ်ခြမ်းပိုင်းထားဆဲဖြစ်ပြီး တစ်ခြမ်းက သူ အသုံးပြုရန်နှင့် အခြားတစ်ခြမ်းတွင် လင်းချောင်၏ ဟောင်းနွမ်းနေသော ခေါက်ထားသည့် စက္ကူအချို့ ပါဝင်သည့် ဘောပင်ထည့်ဗူးအဖြစ် အသုံးပြုသော သံဗူးတစ်ခုရှိသည်။
ထိုအထဲတွင် လင်းချောင်၏ ဟောင်းနွမ်းနေသည့် ခေါက်စက္ကူများ မဟုတ်ဘဲ အသစ်ခေါက်ထားသည့် စက္ကူအနည်းငယ်လည်း ပါဝင်နေပုံရသည်။ လင်းချောင် ၎င်းတို့ကို ကောက်ယူ၍ကြည့်လိုက်သောအခါ ကောင်းစွာမခေါက်ထားဘဲ ခေါက်ရိုးများ ထပ်နေသည်ကို သတိပြုမိလိုက်သည်။ ၎င်းတို့ကို အကြိမ်ကြိမ်ဖြန့်ချပြီးနောက် ပြန်ခေါက်ခြင်းများ ပြုလုပ်ထားသလိုပင်။
ကျိသော် မျက်မှောင်ကြုတ်လျက် ဤအရာများကို ခေါက်နေသည်ကို စိတ်ကူးကြည့်လိုက်သောအခါ လင်းချောင် ရယ်ချင်လာသည်။ ထို့နောက် သူမသည် အနီးနားရှိ စက္ကူပုံးတစ်လုံးကို သတိထားမိလိုက်၏။
ထိုပုံးကို အပြည့်အဝ မပိတ်ထားသောကြောင့် အနီရောင်ခေါင်းစီးများပါသော စာရွက်စာတမ်းများအချို့ ပေါ်နေသည်ကို တွေ့လိုက်ရရာ ရုံးမှ ယူဆောင်လာခဲ့ကြောင်း ရှင်းနေတော့သည်။
ကျိသော် စစ်တပ်စခန်းမှ နံရံများကို ဆေးသုတ်နေသည်ဟု ပြောခဲ့သည်ကို ပြန်သတိရလိုက်သောအခါ သူ ပစ္စည်းများကို အိမ်ယူလာခြင်းက သဘာဝကျနေ၏။ လင်းချောင် အကြည့်လွှဲတော့မည့်အချိန်တွင် ဓာတ်ပုံတစ်ပုံ၏ ထောင့်စွန်းတစ်ခုက ထိုးထွက်နေသည်ကို သူမ မြင်လိုက်ရ၏။
ဒီဓာတ်ပုံက အလွန်ရင်းနှီးနေသည်။ သူမ ဆွဲမထုတ်ဘဲ မနေနိုင်တော့သဖြင့် မိသားစုအယ်လ်ဘမ်ကို လှန်ကြည့်လိုက်သည်။ ဒီဓာတ်ပုံက အတူတူပဲဟု ထင်ရသော်လည်း မတူနေပေ။ဒါက ကျိမိသားစုနှင့် လင်းမိသားစုတို့ စေ့စပ်ကြောင်းလမ်းမှု စီစဉ်ခဲ့သည့်အချိန်က လင်းမိသားစုဘက်မှ ပေးပို့ခဲ့ခြင်း ဖြစ်နိုင်သည်။
ဒီဓာတ်ပုံကို ကျိသော်၏ ပစ္စည်းများထဲတွင် ရှာတွေ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သလို သူက သူ၏ရုံးခန်းထဲတွင် သိမ်းဆည်းထားခြင်းလည်း ဖြစ်နေသေးသည်။
လင်းချောင်သည် အယ်လ်ဘမ်ကို သူ့နေရာသို့သူ ပြန်ထားလိုက်ပြီး ဓာတ်ပုံကို ပြန်ထည့်တော့မည့်အချိန်တွင် သူမ၏ မျက်လုံးများက ပုံးထဲရှိ စာတစ်စောင်ကို တွေ့လိုက်မိသည်။
စာလုံးကြီးများနှင့် ရေးထားသည့် လက်ရေးသည် ကျိသော်၏ လက်ရေးဖြစ်ပြီး “ကျွန်တော့်ရဲ့ အချစ်ဆုံးဇနီး ချောင်ချောင်ထံသို့” ဟု လိပ်မူထားသည်။
သူ စစ်မျက်နှာ၌ ရှိနေသည့်နှစ်များအတွင်း သူ၏ သုံးလတစ်ကြိမ် ပို့ခဲ့သော စာများတွင် “ကျွန်တော့်ဇနီး လင်းချောင်” ဟုသာ လိပ်မူထားခဲ့သည်။
သိလိုစိတ်ဖြင့် လင်းချောင်သည် စာကို ကောက်ယူပြီး ဖွင့်ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဒါ ဘာလဲဆိုသည်ကို သူမ နားလည်လိုက်၏။ ဒါက ကျိသော် စစ်မြေပြင်သို့ မသွားခင် သူမအတွက် ရေးခဲ့သည့်စာ၊ သူ၏ နောက်ဆုံး ဆန္ဒဖော်ထုတ်ချက် ဖြစ်သည်။
“တကယ်လို့ မင်း ဒီစာကို ဖတ်နေရပြီဆိုရင်တော့ ကိုယ် တောင်းပန်ပါတယ်၊ ကိုယ် ဒီနေရာမှာ မရှိနိုင်တော့တာ ဖြစ်နိုင်တယ်။”
စာက ဤတောင်းပန်စကားနှင့် စတင်ထားသည်။ ဒီစကားလုံးများကို သူ ရေးသားခဲ့ချိန်က သူ ဘယ်လို ခံစားခဲ့ရမည်ဆိုသည်ကို လင်းချောင် မသိခဲ့သော်လည်း ယခု သူမ ဖတ်လိုက်ရသည့်အခါတွင်တော့ ဝမ်းနည်းမှု တစ်ခုကို ခံစားလိုက်ရသည်။
“ကိုယ်တို့ရဲ့ အိမ်ထောင်ရေးက အမှားတစ်ခုနဲ့ စတင်ခဲ့တာ။ ကိုယ်က မလိုချင်ခဲ့ဘူး၊ မင်းကတော့ အခြေအနေကြောင့် အတင်းအကျပ် လက်ခံခဲ့ရတယ်။ ဒါပေမဲ့ ကံကြမ္မာက ဒီအမှားမျိုးကို ကိုယ့်ကို ပေးခဲ့တဲ့အတွက် ကိုယ် အရမ်းကျေးဇူးတင်ပါတယ်။”
ဒီအရာများသည် အရာရှိအိုကြီး ကျိသော်အနေနှင့် သူမကို မျက်နှာချင်းဆိုင် ဘယ်တော့မှ မပြောနိုင်မည့် စကားလုံးများ ဖြစ်သည်။
“ကိုယ်က မင်းထက် ကိုးနှစ်ပိုကြီးတယ်၊ မင်းထက် အရင်အိုမင်းမယ်၊ မင်းထက် အရင်ထွက်ခွာသွားနိုင်မယ်ဆိုတာ ကိုယ် သိပါတယ်။ ကိုယ်က မင်းကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်ဘူး၊ မင်းနဲ့ အလိုက်ဖက်ဆုံးသူလည်း မဟုတ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ့်အတွက်တော့ မင်းက အမြဲတမ်း အကောင်းဆုံးနဲ့ တစ်ဦးတည်းသောသူ၊ ကိုယ့်ဘဝရဲ့ အကြီးမြတ်ဆုံးနဲ့ အလှပဆုံးသော အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။”
ဒီအရာရှိအိုကြီးက တော်တော် ခံစားလွယ်သည်။ လင်းချောင် ရယ်ချင်သလိုလို၊ ငိုချင်သလိုလို ခံစားလိုက်ရ၏။
“ဒါပေမဲ့ ဒီအံ့အားသင့်စရာက မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ပခုံးပေါ်က တာဝန်လည်း ဖြစ်တယ်။ မင်း နားလည်ပြီး ကိုယ့်က်ို ထောက်ခံပေးတဲ့အတွက် ကိုယ် အရမ်း ပျော်ရွှင်ရတယ်။ ပြီးတော့ မင်းက အသက်ငယ်နေသေးတဲ့အတွက် ပိုလို့တောင် ကျေးဇူးတင်မိပါတယ်။”
လင်းချောင်သည် သူဘာကြောင့် ကျေးဇူးတင်နေကြောင်းကို စာဆက်ဖတ်ပြီးမှ နားလည်နိုင်ခဲ့သည်။
“မင်းက အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး။ မင်းမှာ ကိုယ့်ကိုရော၊ ကိုယ်တို့ရဲ့ အိမ်ထောင်ရေးကိုပါ မေ့ပစ်ဖို့ အချိန်အများကြီးရှိတယ်။ မင်းမှာ ဥာဏ်ရည်နဲ့ စွမ်းရည်ရှိတယ်။ ရှောင်ဇယ်ရဲ့ ကုမ္ပဏီမှာလည်း မင်း ရှယ်ယာ လေးဆယ်ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားတယ်။ ကိုယ့်ကို စိတ်မပူပါနဲ့၊ မင်းရဲ့ဘဝကို ကောင်းကောင်း နေထိုင်ပါ။ မင်း သဘောကျတဲ့သူကို ရှာတွေ့ရင် ဘဝကို ဆက်လျှောက်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကို သဘောကျတယ်ဆိုရင် ကိုယ်နဲ့ပတ်သက်ပြီး စိတ်ပူနေစရာ မလိုဘူး ဒါမှမဟုတ် ဘာမှ ချန်ထားခဲ့စရာလည်း မလိုပါဘူး။ က်ိုယ် မင်းကို လက်ထပ်မယ်လို့ ကတိပေးခဲ့ပေမဲ့ တစ်သက်တာလုံး ဂရုစိုက်ပေးဖို့တော့ မတတ်နိုင်ခဲ့ဘူး။ ဒါက ကိုယ့်ရဲ့ အမှားပါ...”
နောက်ဆုံးမှ ရိုးရှင်းသော စကားလုံး သုံးလုံး—“မင်းရဲ့ ခင်ပွန်း၊ကျိသော်”—သည် လင်းချောင်အတွက် ဝေဝါးနေပြီး ဆက်ဖတ်၍မရနိုင်တော့ပေ။
မျက်ရည်တစ်စက်က စာပေါ်ကျလာပြီး ဝေဝါးနေသော စကားလုံးများကို ပေကျံစေကာ သူမ၏ နှလုံးသားထဲသို့ နစ်မြုပ်သွားခဲ့သည်။
အခန်းထဲတွင် တိတ်ဆိတ်နေပြီး ခြံဝင်းထဲမှ အသံများကို ရှင်းလင်းစွာ ကြားနေရသည်။
ကလေးမလေး၏ စူးရှသော ရယ်သံ၊ ကျိသော်၏ ရံဖန်ရံခါပြန်ဖြေပေးနေသော အဖြေများ၊ လျိုကွေ့ရင်း၏ ဒေသိယ စကားသံ။
“မင်း ကလေးတွေကို ချစ်တယ်ဆိုတာ ငါ မြင်တယ်။ ရှောင်လင်းကို တစ်ယောက်လောက်မွေးပေးဖို့ တောင်းဆိုကြည့်ပါလား။ သူများကလေးကို ချီတာထက် ကိုယ့်ကလေးကို ချီရတာက ပိုကောင်းပါတယ်။”
“အလျင်မလိုပါဘူး။” ကျိသော်၏ အဖြေသည် အရင်ကအတိုင်းပင်။
ရွှီလီ မေးခဲ့တုန်းကလည်း အတူတူပဲဖြစ်ပြီး ယခု လျိုကွေ့ရင်းကို ပြန်ဖြေတော့လည်း အတူတူပင်။
“ဘာလို့ အလျင်မလိုရမှာလဲ။ မင်း အသက်ကသုံးဆယ်ကျော်နေပြီ။ ငါတို့ရဲ့ လောင်လျန်ဆိုရင် မင်းအရွယ်မှာ ငရုတ်သီးနဲ့ဆား သွားဝယ်နိုင်တဲ့ ကလေးတစ်ယောက် ရနေပြီ။”
သို့သော် သူကတော့ ဘယ်တုန်းကမှ အလျင်စလို မလုပ်ခဲ့ပေ။ သူသည် သူမကို မိသားစုဖိအားများမှ အမြဲတမ်း ကာကွယ်ပေးနေခဲ့ပြီး သူမကို ပြည်ပတွင် ပညာသင်ကြားစေရန်ပင် ဆန္ဒရှိခဲ့သေးသည်။
ကျိသော် အပေါ်ထပ်သို့ ရောက်လာသောအခါ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်နေခဲ့၏။ လင်းချောင်ကတေ့ မျက်လုံးများ အနည်းငယ် နီရဲလျက် စားပွဲတွင် ထိုင်နေခဲ့၏။
“ဘာဖြစ်တာလဲ။”
သူ၏မျက်နှာထား တင်းမာသွားခဲ့သည်။ ကားထဲမှ သူတို့၏ စကားပြောဆိုမှုကို ပြန်တွေးမိပြီးနောက် သူက ညင်သာစွာ မေးလိုက်၏။
“ကိုယ့်ရဲ့လေသံက ခုနက အရမ်း ပြင်းသွားလို့လား။”
“မဟုတ်ပါဘူး။” လင်းချောင်၏ အသံတွင် အနည်းငယ် နှာခေါင်းသံရောနေခဲ့သည်။
“ဒါဆိုရင် ဘာဖြစ်တာလဲ။”
ကျိသော်၏ တစ်ကိုယ်လုံး တင်းမာသွားခဲ့ပြီး သူမထံ အလျင်အမြန် လျှောက်သွားကာ သူမ၏ မျက်လုံးများမှ စိုစွတ်မှုကို သုတ်ပေးလိုက်သည်။
လင်းချောင်သည် သူ၏ခါးကို ပွေ့ဖက်လိုက်ပြီး သူမ၏ မျက်နှာကို သူ၏ဗိုက်ရှိရာသို့ အတင်းထိုးသွင်းလိုက်သည်။
“ကျွန်မ မသွားချင်တာက ကျွန်မရဲ့ သုတေသန လမ်းကြောင်းအရဆိုရင် ပြည်ပမှာ အများကြီး သင်ယူနိုင်မှာ မဟုတ်လို့ပါ။” သူမက ညင်သာစွာ ရှင်းပြလိုက်သည်။
“ဟုတ်ပါပြီ။” ကျိသော် ပြန်ဖြေလိုက်ပြီးနောက် သူ၏လက်ကို သူမ၏ ကျောပေါ်သို့ တင်လိုက်သည်။ “မင်း တကယ်ပဲ မသွားချင်ဘူးဆိုရင် မသွားပါနဲ့။”
“ပြီးတော့။”
လင်းချောင်က ဆက်ပြောလိုက်၏။
“ရှင် ဆေးလိပ်ဖြတ်သင့်တယ်။”
“ဟုတ်ပြီလေ။”
ကျိသော်သည် ရှင်းရှင်းလင်းလင်း မကြားလိုက်ရသော်လည်း သဘောတူလိုက်သည်။
လင်းချောင် မော့ကြည့်လိုက်ပြီး သူမ၏ လက်များကတော့ သူ၏ခါးကို မြဲမြံစွာ ဖက်ထားဆဲပင်။
“ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ဆေးလိပ်သောက်တာ၊ အရက်သောက်တာမျိုးတွေ မလုပ်ရဘူး။ ကလေးအတွက် မကောင်းဘူး။”
ဒီတစ်ကြိမ်တွင်တော့ ထိုအမျိုးသား နားလည်သွားခဲ့ပြီး သူမ၏ပခုံးပေါ်ရှိ လက်က ရပ်တန့်သွားခဲ့သည်။
“ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်နေတာ။”
“ဟုတ်တယ်လေ။” လင်းချောင်က အခိုင်အမာ ခေါင်းညိတ်လိုက်သည်။
ယခင်က သူမသည် သူမ၏ ပညာရေးကြောင့် ကလေးယူရန် မစဉ်းစားခဲ့ပေ။ သို့သော် သူသာ သူမကို သည်းခံနိုင်သည်ဆိုလျှင် သူမသည်လည်း သူ့အတွက် သူမ၏ အစီအစဉ်များကို ပြောင်းလဲပစ်နိုင်သည်။
သူမသည် သူ့အတွက် အံ့အားသင့်စရာတစ်ခုဖြစ်ပြီး သူသည်လည်း ထိုအတိုင်း သူမအတွက် အံ့အားသင့်စရာတစ်ခု ဖြစ်နေပြန်သည်။
သူတို့သည် အသက်ကိုးနှစ် ကွာခြားပြီး သူတို့၏ ဆက်ဆံရေးသည် အမှားနှင့် အတင်းအကျပ်ပြုလုပ်မှုများဖြင့် စတင်ခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အလွန်အမှီအခိုကင်းပြီး စိတ်ဓာတ်ခိုင်မာသူများဖြစ်သောကြောင့် လိုက်ဖက်မှုမရှိသယောင်ပင် ထင်ရသည်။ သို့သော် ဒီလောကတွင် လိုက်ဖက်ညီသည့် စုံတွဲများကို ဘယ်မှာ ရှာတွေ့နိုင်သည်လဲ။
လူအများစုသည် သူတို့၏ တစ်သက်တာလုံးတွင် ထိုသို့သော ပြီးပြည့်စုံသည့် လက်တွဲဖော်မျိုးကို ရှာမတွေ့နိုင်ကြပေ။ သူတို့သည် နေ့စဉ် အပြန်အလှန် ဆက်သွယ်မှုများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦးအတွက် အသင့်တော်ဆုံး ပုံစံများ ဖြစ်လာတတ်ကြသည်။
သူတို့၏ အရပ်အမြင့် ၂၀ စင်တီမီတာကျော် ကွာခြားမှုကဲ့သို့ပင်၊ ပွေ့ဖက်ချင်သောအခါ သို့မဟုတ် နမ်းချင်သောအခါ တစ်ယောက်က ခေါင်းငုံ့ရမည်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ခြေဖျားထောက်ရလိမ့်မည်။ သူသည် သူမအတွက် အမြဲတမ်း ခေါင်းငုံ့ပေးခဲ့သူဖြစ်သောကြောင့် ဒီတစ်ကြိမ်တွင် သူမက သူ့အတွက် ခြေဖျားထောက်လိုက်လျှင်ရော ဘာဖြစ်သွားမည်လဲ။
End of the main story