Extra 4
Vol. 12 Ch. 139
လင်းချောင်သည် နှစ်ပေါင်းများစွာကြာအောင် ဤအရာကို နားလည်ခဲ့သည်။ ထို့ကြောင့်လည်း သူမတို့သည် အဆင်ပြေစွာ နေထိုင်နိုင်ခဲ့သည်။ သူတို့၏ မိဘများကဲ့သို့ ကိုယ်ပိုင် အမြင်များကို အမြဲတမ်း ခေါင်းမာစွာပြောဆိုနေမည့်အစား သူတို့၏ အပြန်အလှန် နားလည်မှုဖြင့် နှစ်ဦးစလုံးက တစ်ဖက်သူကို လိုက်လျောပေးနိုင်ရန် ကိုယ်ပိုင်သဘောထားကို အနည်းငယ် အလျှော့ပေးလိုကြသောကြောင့် သူတို့၏ ဆက်ဆံရေးသည် ရေရှည်တည်မြဲခဲ့သည်။
သူမ သူ့ကို ပြုံးပြလိုက်၏။
“ဒီည သူမ မအိပ်ရင်တော့ ရှင့်အပြစ်ပဲ။”
ကျိသော် ပြန်မဖြေခဲ့ပေ။ သူတို့ အိမ်ပြန်ရောက်သောအခါ ညစာစားချိန်ရောက်ပြီဖြစ်ပြီး သူသည် ကလေးမလေးကို နှိုးရန်သွားခဲ့သည်။ သူမသည် မကျေနပ်သည့်အသံဖြင့် ညည်းတွားပြီး အိပ်ရာထရန်ဆန္ဒမရှိသဖြင့် သူလည်း အတင်းအကြပ် မလုပ်တော့ဘဲ စားစရာများကို အိုးထဲတွင်သာ ထားခဲ့လိုက်သည်။
ထို့နောက် မီးများပိတ်ပြီး သူ လင်းချောင်နှင့် တစ်ခုခုလုပ်ရန် ပြင်ဆင်နေချိန်တွင် ကလေးမလေးက နိုးလာခဲ့သည်။ အခြားကလေးများသည် သူတို့ နိုးလာသောအခါ သူတို့၏ မိခင်ကို ခေါ်တတ်ကြသော်လည်း သူမကတော့ သူမ၏ဖခင်ကိုသာ ခေါ်ခဲ့၏။
“ဖေဖေ၊ သိုးသားကင် စားချင်တယ်။”
သူမသည် ဗိုက်ဆာသောကြောင့် နိုးလာခဲ့ခြင်းဖြစ်ပြီး သူတို့၏ အိမ်တွင် သူမ၏ ဖခင်က အစားအသောက် စီစဉ်သူဖြစ်သည်။
လင်းချောင်သည် ဟင်းချက်ရန် ကြိုးစားခဲ့ဖူးသော်လည်း ထိုတစ်ကြိမ်ကြိုးစားပြီးသည့်နောက်တွင် ကလေးမလေးသည် သူမ မိခင်၏ဟင်းပွဲများကို ထပ်မံ မတောင်းဆိုတော့သလို ကျိသော်လည်း ထိုအတိုင်းပင်။
ထို့ကြောင့် ကျိသော်သည် သူ၏ ရှပ်အင်္ကျီနှင့် စစ်ဘောင်းဘီကို ဝတ်ဆင်ပြီး သမီးဖြစ်သူအတွက် အစားအစာလုပ်ပေးရန် ထလိုက်ရတော့သည်။
သိုးသားကင် မရှိနေပေ။ ထိုအမျိုးသားသည် သူ၏ သမီးအတွက် ဝက်သားကြော် လုပ်ပေးခဲ့သည်။
ကလေးမလေးသည် ပန်းကန်လေးဖြင့် ထမင်းတစ်ပန်းကန်ကို ပျော်ရွှင်စွာ စားသောက်ပြီးနောက် ကြယ်များနှင့်လကို ကြည့်ရန် သူ၏ ဖခင်ကို ခြံဝန်းသို့ဆွဲခေါ်သွားကာ ကဗျာနှင့် အတွေးအခေါ်များအကြောင်း ဆွေးနွေးခဲ့သည်။ နောက်ဆုံးတွင် သူမ ပြန်အိပ်ချင်လာသည့်အချိန်တွင်တော့ လင်းချောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီဖြစ်သည်။ ကျိသော်လည်း အချိန်ကို ကြည့်ပြီး တိတ်ဆိတ်စွာဖြင့် အဝတ်အစားများကိုချွတ်ကာ အိပ်ရာဝင်လိုက်ရတော့၏။
နောက်တစ်ကြိမ်တွင်တော့ သူသည် သူမ အိပ်ပျော်နေသည်ကို ညင်သာစွာ လှုပ်နိုးလိုက်သည်။
“သိုးသားကင် စားမလား။”
“သိုးသားကင်?”
ကလေးမလေးသည် အစပိုင်းတွင် စိတ်ရှုပ်ထွေးနေသော်လည်း သူမ၏ မျက်လုံးများက တောက်ပလာ၏။
“ဟုတ်ကဲ့! စားချင်တယ်!”
အစားကောင်းကောင်း စားသောက်ပြီး ပျော်ရွှင်စွာကစားပြီးနောက် သူမသည် အလွန်ပင်ပန်းသွားသဖြင့် ညနေ ၈ နာရီ မတိုင်မီ အိပ်ပျော်သွားခဲ့သည်။ လင်းချောင် သူမ၏ သမီးကို အိပ်ယာဝင်ခိုင်းနေဆဲတွင် သူမ၏ခါးကို လက်တစ်ဖက်က ဖက်လိုက်သည်ကို ခံစားလိုက်ရပြီးနောက် သူမ၏ နားအနီးတွင် နွေးထွေးသော အသက်ရှူသံကို ခံစားလိုက်ရသည်။
သူမ၏ အချိန်ဇယားကိုညှိပြီးနောက် ကလေးမလေးတွင် စိုးရိမ်ပူပန်မှု အသစ်တစ်ခု ရှိလာခဲ့သည်။ သူမသည် ဆံပင်ကောက်ကောက်များ ရှိနေသည်ကို သဘောပေါက်ခဲ့၏။ ပြဿနာမှာ သူမ ဆံပင်ကောက်ကောက် ရှိနေခြင်း မဟုတ်ဘဲ သူမ၏ မိဘများ၊ အဘိုးအဘွားများ သို့မဟုတ် သူမ၏ မောင်နှမများပင်လျှင် သူမကဲ့သို့ ဆံပင်ကောက်ကောက် မရှိကြခြင်း ဖြစ်သည်။
မနက်ခင်းတွင် လင်းချောင် ခန္ဓာကိုယ် ဆေးကြောမှုများ ပြီးစီးသွားပြီးနောက် သူမသမီး၏ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပေးရန် ပြင်ဆင်နေချိန်တွင် သူမ၏ သမီးသည် ရေဇလုံဘေးတွင် ခြေဖျားထောက်ရပ်နေပြီး သူမ၏ ဆံပင်ကိုဖြောင့်ရန် ဘီးကို ရေစွတ်နေသည်ကို သတိပြုမိလိုက်၏။ သူမ၏ သဘာဝအတိုင်း ဖွာနေသော ဆံပင်ကောက်ကောက်လေးများသည် ယခုအခါ စိုစွတ်ပြီး ပျော့ပြောင်းနေသည်။ သူမ လွှတ်လိုက်သည်နှင့် ဆံပင်များ ပြန်လည်၍ကောက်သွားပြန်သည်။
နျန်နျန်သည် ပုံမှန်အားဖြင့် မငိုတတ်သော်လည်း မှန်ထဲမှ သူမ၏ ပုံရိပ်ကို မြင်လိုက်ရပြီး ယခင်ကထက် ပိုဆိုးသွားသည်ကို မြင်သောအခါ ဒေါသဖြင့် သူမ၏ပါးများ ဖောင်းလာတော့သည်။
လင်းချောင်သည် သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။
“အဆင်ပြေပါတယ်။ သမီး ကျောင်းသွားတဲ့အခါ ဆံပင်ဖြောင့်စက် တစ်ခုခု သုံးလို့ရတယ်။”
လင်းချောင်သည် ယခုကာလတွင် ဆံပင်ကောက်ခြင်း ခေတ်စားနေသဖြင့် လူသိမများသေးသော ဆံပင်ဖြောင့်စက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ကလေးမလေးသည် ခဏတာလောက် သူမကို မော့ကြည့်လိုက်ပြီး သူမ၏ အမူအရာသည် သူမ၏ ဖခင်ကဲ့သို့ အလေးအနက်ပုံစံနှင့်ပင်။
“သမီး ကျောင်းမသွားချင်ဘူး။ စစ်ပွဲထဲကိုပဲ သွားချင်တယ်။”
ဤစကားကြောင့် အပြင်ထွက်ရန် ပြင်ဆင်နေသော ကျိသော်က သူ၏သမီးကို ပြန်လှည့်ကြည့်မိခဲ့သည်။ လင်းချောင် ကြည့်လိုက်သောအချိန်တွင် သူသည် လှည့်မကြည့်ခဲ့ဟန်ဆောင်ကာ သူ၏ စစ်ဦးထုပ်ကို ပုံမှန်အတိုင်း ချိန်ညှိလိုက်၏။
“သွားတော့မယ်။”
ထို့နောက် နောက်တစ်ပတ် တနင်္ဂနွေနေ့တွင် သူသည် ကလေးမလေးကို စစ်တပ်အခြေစိုက်စခန်းသို့ ခေါ်သွားခဲ့ပြီး ထိုနေရာတွင် သူမသည် ရွှံ့များထဲတွင် ကစားခဲ့ကာ အပြန်လမ်းတွင် သူ၏ လက်မောင်းပေါ်၌ အိပ်ပျော်နေခဲ့သည်။
ဦးလေးဖြစ်သူ လင်းဝေ့သည် နျန်နျန်၏ ကျောင်းထွက်လိုသည့် အိပ်မက်အကြောင်းကို နောက်ကျမှ သိရှိခဲ့ရ၏။ သူ အဓိကအားဖြင့် သိရှိခဲ့သည့်အချိန်မှာ သူတို့မိသားစုသုံးဦးသည် သူ သုံးနှစ်ကျော်ကြာ စောင့်ဆိုင်စခဲ့ရသော သူ၏မင်္ဂလာပွဲအတွက် ပြန်လာကြသောအခါ ဖြစ်သည်။
သူ အချိန်အကြာကြီး စကားတစ်ခွန်းမှမပြောဘဲ ထွက်ခွာသွားခဲ့သောကြောင့် ကောယန်သည်လည်း သူ့ကို အချိန်အကြာကြီး ဆိုင်းငံ့ထားခဲ့သည်။ ကောယန်သည် သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်ဖြင့် အလုပ်များနေပြီး လက်ထပ်ရန် အလျင်မလိုခဲ့ပေ။
မကြာသေးမီက သူတို့၏ အတန်းဖော် အများအပြားတွင် မိသားစုဝင်အသစ်များ ရှိလာခဲ့ကြပြီး သူတို့သည် လပြည့်နေ့တွင် မင်္ဂလာပွဲနှစ်ခုကို ဆက်တိုက် တက်ရောက်ခဲ့ကြရသည်။ အငယ်ဆုံး အတန်းဖော်၏ မင်္ဂလာပွဲကိုပင် တက်ရောက်ခဲ့ကြပြီးဖြစ်သည်။
သူတို့နှစ်ယောက်သည် အမြဲအတူတကွ ရှိနေသည့်တိုင် မတည်ငြိမ်သေးသည်ကို မြင်သောအခါ တစ်စုံတစ်ဦးက သူတို့ မည်သည့်အချိန်တွင်မှ လက်ထပ်ရန် စီစဉ်ထားကြောင်း စနောက်ကာ မေးခဲ့၏။
“ဒီနှစ် မေလ ၁ ရက်နေ့။”
ထိုအချိန်တွင် ကောယန်က ပေါ့ပေါ့ပါးပါး ပြန်ပြောခဲ့သည်။
သူ အံ့အားသင့်သွားပြီး ထိုမင်္ဂလာပွဲမှပြန်လာသည်နှင့် အိမ်ထောင်စုစာရင်းနှင့် ထောက်ခံစာကို ပြန်သွားယူကာ အရင်ဆုံး လက်ထပ်လက်မှတ်ထိုးထားရန် အတင်းအကြပ် တောင်းဆိုခဲ့သည်။
ယခုတော့ မင်္ဂလာပွဲ ကျင်းပနိုင်ခဲ့လေပြီ။ နေ့လည်စာစားပွဲပြီးနောက် လင်းဝေ့သည် ညနေပိုင်းတွင် လင်းချောင်တို့ မိသားစုသုံးဦးကို ညစာစားရန်အတွက် ဖိတ်ကြားခဲ့ပြီး နေ့လည်ကထက်ပင် ပို၍ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။ သူသည် အလွန်ပျော်ရွှင်နေသဖြင့် အရက်သောက်ခဲ့ပြီး ကျိသော်ကိုလည်း အလွန်ချစ်ခင်သည့်ပုံစံဖြင့် စကားပြောနေခဲ့သည်။
“ဒီနေ့အတွက် ယောက်ဖကို ကျေးဇူးတင်ရမှာ! ဒီအိမ်ထောင်ရေးရဲ့ တစ်ဝက်လောက်က ယောက်ဖကျေးဇူးကြောင့်ပဲ။ ခွက်တိုက်ရအောင်!”
သို့သော် ကျိသော်ကတော့ ထိုကျေးဇူးတစ်ဝက်ကို မလိုချင်ပေ။
“သောက်တာ များနေပြီထင်တယ်။”
“မများပါဘူး၊ စိတ်ပျော်ရုံလောက်ပါပဲ။”
လင်းဝေ့က ပြောလိုက်သည်။ သူ၏ မျက်လုံးများသည်လည်း အနည်းငယ် နီရဲလာ၏။
“ချောင်ချောင်သာ မရှိရင် ထပ်ပြီးပြန်လာနိုင်မယ်လို့ မထင်ခဲ့မိလောက်ဘူး။ ယောက်ဖသာ မရှိဘူးဆိုရင်လည်း ယန်ဇီကို ပြန်ရအောင် လုပ်နိုင်ခဲ့မှာ မဟုတ်ဘူး။ မင်းတို့နှစ်ယောက်က ကျေးဇူးရှင်တွေပါ။ ပြီးတော့ ချောင်ချောင်၊ ကျေးဇူးတင်ပါတယ်၊ ငါ့ကို မင်းရဲ့ အစ်ကိုအဖြစ် အသိအမှတ်ပြုနေဆဲမို့လို့ တကယ် ကျေးဇူးတင်ပါတယ်။”
သူသည် ထိုအချိန်က မာရုန်လျန်နှင့် ပတ်သက်သော ကိစ္စကို ရည်ညွှန်းနေခြင်းဖြစ်သည်။ နှစ်ကာလများ ကြာပြီးသည့်တိုင် သူ ထိုကိစ္စအတွက် အပြစ်ရှိစိတ် ခံစားနေရဆဲ ဖြစ်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။
သို့သော် ထိုအဖြစ်အပျက်သာ မဖြစ်ခဲ့ပါက ကျိသော်သည်လည်း သူ၏ ဘဝတွင် လင်းချောင်နှင့် တစ်ခါမျှ ဆုံတွေ့နိုင်ခဲ့မည် မဟုတ်ပေ။
ဤအကြောင်းကြောင့် ကျိသော်သည် သူ၏ သမီးနှင့် ဇနီးသည်အနီးတွင် ကပ်မနေသရွေ့ သူ၏တူဖြစ်သူကို အမြင်ကြည်ခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ခွက်ကို မြှောက်ကာ သူ၏ ယောက်ဖနှင့် ခွက်တိုက်လိုက်၏။
“နည်းနည်းပဲ သောက်ပါ။”
ကံမကောင်းစွာဖြင့် သတိပေးရန် နောက်ကျသွားခဲ့လေပြီ။ လင်းဝေ့က ခေါင်းညိတ်၏။
“ယောက်ဖက အများကြီး ကူညီခဲ့တာ။ ကလေးရလာရင် ယောက်ဖကို သူတို့ရဲ့ ခေါင်းကိုင်ဖခင်အဖြစ် အသိအမှတ်ပြုစေရမယ်။”
ခေါင်းကိုင်ဖခင် ဖြစ်လာခြင်းသည် ပြဿနာမဟုတ်ပေ။ ပြဿနာမှာ သူသည် ကျိသော်၏ အကူအညီအကြောင်းကို ထပ်ခါတလဲလဲ ပြောနေခြင်းပင်။
နျန်နျန်သည် စားသောက်ပြီးနောက် ပြေးလွှားကစားနေခဲ့ပြီး လင်းချောင်လည်း စတင် စားသောက်လိုက်၏။ ဤစကားကို ကြားသောအခါ သူမ၏ ခင်ပွန်းကို ကြည့်လိုက်တော့သည်။
ကောယန်က ပို၍ ပွင့်လင်းစွာပြောဆိုလိုက်သည်။ စားပွဲအောက်မှ လင်းဝေ့ကို ဆွဲလိမ်လိုက်၏။
“သူ ရှင့်ကို ဘာတွေ ကူညီခဲ့တာလဲ။”
လင်းဝေ့သည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားကာ အရက်မူးပြေသွားပြီး ကောယန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စားပွဲတစ်ဖက်မှ ကျိသော်ကို ကြည့်လိုက်သည်။ စကားပြောရန်ပင် မဝံ့ရဲတော့ပေ။
ကောယန်သည် ကျိသော်နှင့် လင်းချောင်ရှေ့တွင် ဘာမှ မပြောခဲ့သော်လည်း သူတို့ အိမ်ပြန်ရောက်သည်နှင့် သူ့ကို အိပ်ခန်းအပြင်ဘက်တွင် ထုတ်ထားခဲ့၏။
ကျိသော်က ပို၍ပါးနပ်သည်။ သူသည် ပထမဦးစွာ သူ၏ သမီးဖြစ်သူ နျန်နျန်ကို ချီလိုက်ပြီး သူ၏ ဇနီးသည်နောက်သို့ ထပ်ကြပ်မကွာလိုက်သွားခဲ့သည်။ သူတို့ အခန်းထဲဝင်သောအခါ သူက ဝန်ခံလိုက်သည်။
“သူ့ကို မိသားစုကိစ္စတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်အချို့ ပေးခဲ့ဖူးတယ်။”
“ရှင်တို့ နှစ်ယောက် အဆက်အသွယ် ရှိနေမှန်း ဘာလို့ ကျွန်မ မသိရတာလဲ။” လင်းချောင် မျက်ခုံးပင့်လိုက်သည်။
“သိပ်တော့ မရှိပါဘူး။” ကျိသော်က အပြစ်ရှိသည့်ပုံမပေါ်ဘဲ ပြန်ဖြေလိုက်သည်။
“သူက မင်းကိုဖုန်းခေါ်ခဲ့ပေမဲ့ မင်း မရှိဘူး၊ အဲ့ဒါနဲ့ ကိုယ်တို့ ခဏလောက် စကားပြောခဲ့ကြတာ”
“ဒါဆို ရှင် သူ့ကို ဘယ်လို အကြံဉာဏ်မျိုး ပေးခဲ့လိုက်တာလဲ။”
လင်းချောင်သည် အမှန်တကယ်ကို သိချင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မင်္ဂလာပွဲတစ်ခုလုံးတွင် လင်းရှိုယီနှင့် စွင်းရှို့ကျစ်တို့သည် အလွန်ကောင်းမွန်စွာ ပြုမူနေခဲ့ကြပြီး ကောယန်အပေါ် အနည်းငယ်သတိထားကာ ချီးမွမ်းခန်းဖွင့်နေခဲ့ကြသောကြောင့်ပင်။
၎င်းသည် သူတို့၏ ပုံမှန် စရိုက်များနှင့် မတူပေ။ သူတို့သည် ပထမဆုံး ထိုနှစ်ယောက်၏ ဆက်ဆံရေးကို သိရှိခဲ့သောအခါ စွင်းရှို့ကျစ်က ကောယန်ကို ရိုက်ခဲ့သေးသည်။ ထိုအချိန်က လင်းဝေ့သည် ရွာရှိ လယ်သမားတစ်ဦးသာဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူသည် မြေသြဇာစက်ရုံတွင် အစုရှယ်ယာအချို့ရှိသော နည်းပညာရှင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် သူတို့ ပျော်ရွှင်နေခြင်းဖြစ်လိမ့်မည်။
သူ၏ လက်မောင်းထဲမှ ကလေးမလေးသည် သူတို့၏ စကားကိုနားထောင်ရန် မျက်လုံးတစ်ဖက်ကို မှိတ်ပြီး နားထောင်နေသည်ကို သတိပြုမိလိုက်၏။ ကျိသော်သည် သူမကို ပုတ်ပေးပြီး ပြန်အိပ်စေကာ လင်းချောင်ကို တီးတိုးပြောလိုက်သည်။
“ကိုယ်က သူ့ကို သူ့မိသားစုဆီက ပိုက်ဆံတောင်းခိုင်းလိုက်တာ။ အပြင်မှာ အကြွေးတွေတင်နေတယ်လို့ ပြောခိုင်းလိုက်တယ်။”
“အကြွေး?”
လင်းချောင် အံ့အားသင့်သွားပြီးနောက် သူမ သဘောပေါက်သွားကာ သူ့ကို ပြုံးပြလိုက်၏။
“ရှင် အဲ့ဒါကို စဉ်းစားခဲ့တာလား။”
ဤအချက်က ဒီလူ မည်မျှ လိမ္မာပါးနပ်ကြောင်း ပြသနေပြီး လင်းဝေ့ကို ထိုသို့သော မကောင်းသည့် အကြံမျိုးကို ပေးနိုင်ခဲ့သည်။
“ရှင် သူ့ကို အကြွေးတောင်းတဲ့သူအဖြစ် ဟန်ဆောင်ဖို့ လူရှာခိုင်းခဲ့သေးလား။”
ကျိသော် မငြင်းခဲ့ပေ။
အကျင့်ဟောင်းများသည် ပြင်ရခက်ခဲသည်။ လင်းရှို့ယီနှင့် စွင်းရှို့ကျစ်ကဲ့သို့သော လူများကို အကျိုးသင့်အကြောင်းသင့် ပြောဆို၍ မရနိုင်ပေ။ သူတို့၏ သား ထွက်သွားပြီး သုံးနှစ်အကြာတွင်တောင် သူတို့၏ သဘာဝကို ပြောင်းလဲပစ်ရန်က မဖြစ်နိုင်။ နောင်လာမည့် ပြဿနာများကို ရှောင်ရှားရန် သူတို့သည် ပုံမှန်မဟုတ်သော ချဉ်းကပ်မှုတစ်ခုကို ပြုလုပ်ရန် လိုအပ်သည်။
လင်းဝေ့ ပြန်လာပြီး အပြင်တွင် အကြွေးတင်လာသည်ဟု ပြောသောအခါ သူတို့ အစပိုင်းတွင် မယုံခဲ့ကြဘဲ သူ ဒုက္ခရောက်ဟန် ဆောင်နေသည်ဟုသာ ထင်ခဲ့ကြသည်။ သို့သော် မကြာမီတွင်တော့ “အကြွေးတောင်းသူများ” ရောက်လာကြပြီး လင်းဝေ့သည် ထိုသူများအား ရက်စက်စွာဖြင့် သူ့ကို ထိုးကြိတ်စေခဲ့သည်။
ထိုရိုက်နှက်မှုပြီးနောက် သူတို့သည် သူ့ကို မယုံဘဲ မနေနိုင်တော့ပေ။ အကြွေးပမာဏကို မြင်သောအခါ သူတို့တွင် ရှိသမျှ အရာအားလုံးကို ရောင်းချလျှင်တောင် ဆပ်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်ခဲ့ကြ၏။
သူတို့ မဆပ်နိုင်လျှင် ဘာလုပ်ရမည်လဲ။
လင်းချောင်သည် ယန်ဒူကဲ့သို့ အဝေးကြီးတွင် ရောက်နေပြီး သူတို့ သူမကို ရှာမတွေ့နိုင်သော်လည်း ကောယန်ကတော့ ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ ကောယန်၏ မိခင်သည် ကြွားဝါခြင်းကို မကြိုက်သော်လည်း ရွာသားများက ကောယန်သည် မြို့ပေါ်နှင့် မြို့ငယ်လေးများတွင် လက်ကားဆိုင်များ ဖွင့်ထားသည်ဟု ပြောကြသောကြောင့် သူမတွင် ငွေ ရှိနေလောက်သည်။
ပြောရလျှင်တော့ ဝမ်းနည်းစရာကောင်းသည်။ တစ်ခါတရံတွင် အကြောင်းပြချက်နဲ့ စစ်မှန်သည့် ခံစားချက်များက လူတို့ကို မယုံကြည်စေနိုင်သော်လည်း အကျိုးစီးပွားကတော့ သူတို့ကို နာခံစေနိုင်သည်။
လင်းရှိုယီနှင့် စွန်ရှို့ကျစ်တို့၏ သဘောထားသည် ၁၈၀ ဒီဂရီတိုင်အောင် ပြောင်းလဲသွားခဲ့သည်။ သူတို့သည် သူတို့၏ သား ကောယန်ကို ပြန်လည်ရယူနိုင်ရန် အပြင်းအထန် ထောက်ခံခဲ့ရုံသာမက ဘေးချင်းကပ် ကောမိသားစုထံ အစားအစာနှင့် အချိုရည်များကိုပါ ပို့ပေးကာ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် ကြိုးစားခဲ့ကြသည်။
ယခုအချိန်အထိတိုင် လင်းဝေ့သည် သူ၏ မိဘများထံမှ ပိုက်ဆံတောင်းရန် ရက်အနည်းငယ်ခြားတိုင်း အိမ်ပြန်လေ့ရှိသည်။ သူ ရသည် မရသည်က အရေးမကြီးပေ။ အရေးကြီးသည်မှာ သူတို့၏သားသည် အကြွေးဆပ်ရန် ကျန်နေသေးပြီး ကောယန်ကို စိတ်ပျော်ရွှင်အောင် ထားရန် လိုအပ်နေကြောင်း သူတို့ သိစေရန် ဖြစ်သည်။
ကောယန်သည် စိတ်ဆတ်သူဖြစ်ပြီး သူတို့ကို မျက်နှာသာပေးခြင်းမျိုး တစ်ခါမျှ မရှိခဲ့ပေ။
လင်းဟွေ့အတွက်မူ သူမ၏ မိဘများသည် သူမအပေါ် မျှော်လင့်ချက် ပိုနည်းပါးခဲ့သည်။ လျိုယွိလန်သည် လင်းဟွေ့၏ လက်တွဲဖော်အကြောင်း ပြောတိုင်း ဘာကြောင့် ချီတုံချတုံ ဖြစ်နေရသည်ကို လင်းချောင် နောက်မှ သိရှိခဲ့ရ၏။