Extra 5
Vol. 12 Ch. 140
လင်းဟွေ့သည် ထိုသို့သော ကလေးငယ်လေးက ဤမျှ ရဲရင့်လိမ့်မည်၊ ရိုက်နှက်ပြီး သူ့ကိုယ်သူ ကာကွယ်တတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပုံရသည်။ သူမသည် ချက်ချင်းဆိုသလို လင်းချောင်နှင့် ကျိသော်ကို လှည့်ကြည့်လိုက်၏။
“ဒီကလေးက ဘယ်လို ဖြစ်နေတာလဲ။”
ကံမကောင်းစွာဖြင့် လင်းချောင်သည် အခြေအနေကို ဖြေရှင်းရန်အတွက် သူမ၏ ကိုယ်ပိုင်ကလေးကို ဆူပူမည့် မိဘမျိုး မဟုတ်နေခဲ့ပေ။ သူမက ချက်ချင်း ပြန်ပြောလိုက်၏။
“နင့်ရဲ့ ကလေးကရော ဘယ်လ်ို ဖြစ်နေတာလဲ။”
ကျိသော်က ရှေ့သို့တက်လာပြီး လင်းဟွေ့၏ လက်မောင်းထဲတွင် ငိုနေသော ကောင်လေးကို ကြည့်လိုက်ပြီး လင်းချောင်ကို ပြောလိုက်သည်။
“ဒီကိစ္စအတွက် ကလေးကို အပြစ်တင်လို့ မရဘူး။”
လင်းဟွေ့က သူသည် အခြေအနေကို ပြေလည်အောင် လုပ်နေသည်ဟု ထင်သဖြင့် မတ်မတ်ရပ်လိုက်၏။
“ဟုတ်တယ်…”
သူမ စကားမဆုံးမီ ကျိသော်က ဆက်ပြောခဲ့သည်။
“သူ့မိဘတွေကို အပြစ်တင်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ငယ်ငယ်တုန်းကတည်းကလည်း ဒီလိုပဲ သူများကို အနိုင်ကျင့်ခဲ့တာလေ။”
လင်းဟွေ့၏ အမူအရာသည် လုံးဝ ပျက်သွားခဲ့သည်။ ယခုထက်ထိတိုင် လင်းချောင်သည် ထိုအကြောင်းကို စဉ်းစားမိတိုင်း မပြုံးဘဲ မနေနိုင်ခဲ့ပေ။
သူတို့၏ ဇာတိတွင်ဆိုလျှင် ဧည့်ရိပ်သာများ အပါအဝင် လူတိုင်းသည် မြေသားဖြင့်လုပ်ထားသောခုတင်များပေါ်တွင် အိပ်ကြသည်။ ကိုယ်လက်ဆေးကြောပြီးနောက် ကျိသော်သည် သမီးဖြစ်သူ၏ လက်နှင့် ခြေထောက်များကို ဆေးကြောရန် ရေနွေးတည်ထားခဲ့သည်။ ကလေးသည် အိပ်ပျော်နေပြီဖြစ်သောကြောင့် သူသည် ညင်သာစွာ လှုပ်ရှားခဲ့သည်။ နျန်နျန်သည် အအိပ်မငြိမ်သူဖြစ်သောကြောင့် သူမ၏ ခြေထောက်ဖြင့် သူ၏လက်ကို ကန်လိုက်သည်။ သူမသည် အတော်လေး အားစိုက်၍ ကန်လိုက်ခြင်းဖြစ်သည်။ ဤကလေးမလေးသည် သန်မာပြီး ယခုအချိန်တွင်တောင် သူမ ကိုယ်ပေါ်သို့ခုန်တက်ခြင်းကို လင်းချောင် မထိန်းနိုင်ခဲ့ပေ။
ကျိသော်လည်း သူမကို ညင်သာစွာ ပုတ်ပေးလိုက်၏။ သူမ၏ ခြေ၊လက်များကို ခြောက်သွေ့အောင် သုတ်ပြီးနောက် သူသည် သူမ၏ ခြေထောက်လေးများကို နမ်းလိုက်သည်။
အခန်းသည် မကြီးသောကြောင့် လင်းချောင်သည် သူ၏အနောက်မှနေ၍ သူ၏ပခုံးပေါ် မှီလိုက်ပြီး ထိုသူ သူမတို့သမီး၏ ခြေထောက်များကို စောင်ထဲထည့်ပေးနေသည်ကို ကြည့်နေခဲ့သည်။
“ရှင်က သမီးမိန်းကလေးကို ဒီလောက်တောင် သဘောကျတာလား။”
ကျိသော် ဘာမှ မပြောခဲ့သော်လည်း သူ၏ မျက်လုံးများကတော့ အဓိပ္ပာယ် များစွာကို ဖော်ပြနေခဲ့သည်။
လင်းချောင် သူ၏နားနှင့် ပိုနီးကပ်သွားအောင် မှီလိုက်သည်။ “ကျွန်မသာ ဒီလိုအရွယ်ဖြစ်နေပြီး ရှင်နဲ့ စေ့စပ်ခဲ့ရင်ရော။”
ကျိသော်သည် ကလေးဘဝကတည်းက စေ့စပ်ခြင်းမျိုးအပေါ် မည်သို့ တုံ့ပြန်လာမည်ကို သူမ တွေးမိလိုက်သည်။
ကျိသော်ကတော့ သူမ၏ ခြေထောက်ကို ပုတ်လိုက်၏။ “တကယ်လို့ အဲ့ဒီလိုသာဆိုရင် က်ိုယ် မင်းကို ကိုယ့်သမီးလိုပဲ ပြုစုပျိုးထောင်တော့မှာပေါ့။”
လင်းချောင် ထိုစကားကို သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည့်စကားဟုသာ ထင်ခဲ့သော်လည်း တစ်နေ့တွင်တော့ သူမ နိုးလာသောအခါ သူမကိုယ်သူမ ကလေးငယ်တစ်ဦးအဖြစ် အမှန်တကယ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
သူမသည် သူမ၏ တိုတိုတုတ်တုတ် ဖောင်းဖောင်းအိအိ လက်ကလေးများဖြင့် ထိုင်ခုံပုလေးပေါ်တွင် ထိုင်နေပြီး စားပွဲ၏အမြင့်ကိုပင် မမီတမီ ဖြစ်နေလေသည်။ သူမ၏ ရှေ့တွင်တော့ လင်းဝေ့၏ သေးငယ်သော ဗားရှင်းလေးက ဆောင့်ကြောင့်ထိုင်လျက် သစ်ကြားသီးများကို ထုခွဲရန် တူတစ်ချောင်းနှင့် ရုန်းကန်နေလေသည်။ သူက သစ်ကြားသီးတစ်လုံးကို အပိုင်းပိုင်းဖြစ်အောင် ထုခွဲပြီးနောက် အထဲကအဆံကို ယူစားလိုက်သည်။ ထို့နောက် ပိုကြီးသော တစ်လုံးကို ထပ်မံထုခွဲကာ လင်းချောင်ထံ ကမ်းပေးလိုက်၏။
လင်းချောင်သည် ကလေးလုပ်အားကို ခေါင်းပုံဖြတ်နေသကဲ့သို့ ခံစားမိလိုက်သဖြင့် အနည်းငယ် အားနာမိသော်လည်း ၎င်းကိုစားလိုက်သည်။ သစ်ကြားသီးသည် ဆိမ့်အိမွှေးကြိုင်နေပြီး သူမ၏ လက်ရှိအခြေအနေကို စဉ်းစားရန်အတွက် အထောက်အကူ ဖြစ်စေသည်။ သူမသည် မနေ့ကမှ သူမသည် ပြန်ငယ်ရွယ်သွားသည်ဆိုသည့်အကြောင်းကို သိရှိခဲ့ရခြင်းဖြစ်သည်။ တစ်ညလုံး အိပ်စက်ပြီးနောက်တွင်လည်း ပုံမှန်အတိုင်း ပြန်မဖြစ်လာသေးဘဲ မည်သည့်အချိန်တွင် ပြန်ဖြစ်မည်ကိုလည်း သူမ မသိနေခဲ့ပေ။
၎င်းသည် ၁၉၆၅ ခုနှစ်၏ ဆောင်းဦးအစောပိုင်း ဖြစ်ပုံရသည်။ သူမသည် အသက် သုံးနှစ်ခွဲရှိပြီဖြစ်ပြီး ထိုနှစ်အစောပိုင်းကမှ သူမ၏ သုံးနှစ်ပြည့်မွေးနေ့ကို ကျင်းပခဲ့ခြင်းဖြစ်သည်။ အဘိုးလင်းနှင့် အဘွားလင်းတို့သည် ကျန်းမာနေဆဲဖြစ်ပြီး လျိုယွိလန်မှာလည်း နောက်အိမ်ထောင် မပြုရသေးပေ။ သို့သော် လင်းရှို့ရန်မှာတော့ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့နေရပြီ ဖြစ်သည်။ အကြောင်းမှာ မနေ့က မိသားစုထံသို့ စာတစ်စောင် ရောက်ရှိလာခဲ့ပြီး အဘွားလင်းနှင့် လျိုယွိလန်တို့သည် ထိုအချိန်မှစ၍ ငိုကြွေးနေကြသောကြောင့်ဖြစ်သည်။
ယခုအချိန်တွင် လင်းချောင်နှင့် လင်းဝေ့တို့သည် ပင်မအခန်းကြီးအတွင်းရှိ မီးဖိုကြီးဘေးတွင် ထိုင်ကာ သစ်ကြားသီးများကို ထုခွဲနေကြသည်။ အထဲမှ တိုးတိုးလေး ပြောဆိုနေကြသော အသံများနှင့် ရှိုက်သံများကိုလည်း ကြားနေရဆဲပင်။
လင်းချောင် သိထားသည့်အတိုင်းဆိုလျှင် အဘိုးလင်းသည် မကြာမီတွင် သူ၏ အငယ်ဆုံးသားကို ခေါ်ဆောင်၍ ယန်ဒူသို့ သွားကာ သူ၏ သားအကြီးဖြစ်သူ၏ ပစ္စည်းများကို သွားရောက်ယူဆောင်မည်ဖြစ်သည်။ ထို့ပြင် တိုက်တိုက်ဆိုင်ဆိုင်ပင် လင်းချောင်အတွက် စေ့စပ်ကြောင်းလမ်းမှုတစ်ခုကိုပါ စီစဉ်ပေးခဲ့ဦးမည် ဖြစ်သည်။
ဤအကြောင်းကို စဉ်းစားနေရင်းနှင့် လင်းချောင်၏ အကြည့်သည် တင်းကျပ်စွာ ပိတ်ထားသော တံခါးရှိရာသို့ ရောက်သွားခဲ့သည်။
“အဘိုးနဲ့ အဘွားက ကိစ္စတစ်ခုခုအကြောင်း ပြောနေကြတာပါ။ ညီမလေး မကြောက်နဲ့နော်။”
လင်းဝေ့က သတိပြုမိသွားပြီး သူမ၏ ခေါင်းကို အသာအယာ ပုတ်ကာ နှစ်သိမ့်သည့်အနေဖြင့် တိုးတိုးလေး ပြောလိုက်သည်။
အသက် ခြောက်နှစ်အရွယ်သာ ရှိသေးသော်လည်း ထိုကလေးသည် အိမ်ရှိ လေးလံထိုင်းမှိုင်းနေသော အခြေအနေကြောင့် တစ်ခုခု မှားယွင်းနေသည်ကို ခံစားမိနေခဲ့သည်။
လင်းချောင် လှမ်းကြည့်လိုက်သောအခါ လင်းဝေ့၏ မျက်နှာလေးသည်လည်း တင်းမာနေသည်ကို တွေ့ရ၏။ ၎င်းသည် သူမအတွက် စိုးရိမ်ပေးနေခြင်းထက် သူကိုယ်တိုင် ကြောက်လန့်နေခြင်းနှင့် ပိုတူနေလေသည်။
သူမသည် သစ်ကြားသီးအဆံကြီးကြီး နှစ်ခုကို သူ့လက်ထဲသို့ ပြန်ထည့်ပေးလိုက်ကာ ပြောလိုက်၏။
“ညီမလေး မကြောက်ပါဘူး၊ အစ်ကိုလည်း စားလေ။”
မကြာမီတွင် တံခါးပွင့်လာခဲ့ပြီး အဘိုးလင်းသည် ယိမ်းယိုင်လျက် ထွက်လာကာ သူ၏ အငယ်ဆုံးသားကို ယန်ဒူသို့ သူနှင့်အတူလိုက်ခဲ့ရန် ခေါ်လိုက်တော့သည်။
လင်းဟွေ့မှာ နို့ဖြတ်ခါစသာ ရှိသေးပြီး စွင်းရှို့ကျစ်တွင်လည်း တတိယမြောက်ရင်သွေးကို လွယ်ထားသည်မှာ ကိုယ်ဝန်လေးလကျော်ပြီဖြစ်သည်။ သူမသည် လင်းရှို့ယီကို ညည်းညူပြောဆိုလိုက်သည်။
“ဘာလို့ ရှင် သွားရမှာလဲ။ ရာသီဥတုကလည်း အရမ်းအေးနေတာကို၊ ကျွန်မမှာလည်း ကိုယ်ဝန်နဲ့။”
“အဖေက စာကောင်းကောင်း မတတ်ဘူးလေ၊ မင်းလည်း သိသားနဲ့။”
လင်းရှိုယီက ထိုသို့ ပြန်ဖြေလိုက်ပြီး တစ်စုံတစ်ဦး ကြားသွားမည်ကို စိုးရိမ်သည့်ပုံစံဖြင့် နောက်သို့လှမ်းကြည့်ကာ တံခါးကို အမြန်ပိတ်ပစ်လိုက်သည်။
သူတို့ ထွက်ခွာတော့မည့်အချိန်တွင် လင်းချောင်သည် အဘိုးလင်း၏ အင်္ကျီစကို ဆွဲလိုက်သည်။
“ဖေဖေ။”
အဘိုးလင်း လန့်သွားခဲ့ပြီး သူမက မျက်နှာလေး မော့ကြည့်လာကာ ပြောလိုက်သည်။
“ချောင်ချောင်လည်း ဖေဖေ့ကို သွားရှာချင်တယ်၊ လိုက်ချင်တယ်။”
နူးညံ့သော ကလေးငယ်၏ အသံကြောင့် လျိုယွိလန်မှာ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ လင်းချောင်ကို ပွေ့ဖက်ရန် အနားသို့ ရောက်လာခဲ့တော့သည်။
လင်းချောင်က ငြင်းဆန်လိုက်ပြီး ယခုတစ်ကြိမ်တွင်တော့ အဘိုးလင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆွဲထားလိုက်တော့၏။
“ဖေဖေ့ကိုပဲ သွားရှာမယ်။”
သူမသည် ဘာတွေဖြစ်ပျက်နေမှန်း သေချာမသိသေးပေ။ သူမ အချိန်ခရီးသွား လုပ်မိပြန်ပြီလား၊ သူမ တစ်ယောက်တည်းလား သို့မဟုတ်... သူမ၏ မျှော်လင့်ချက်တစ်ခုကတော့ ကျိသော်နှင့် တွေ့ဆုံနိုင်ရန်ပင်။
ကလေးငယ်၏ မျက်လုံးများမှာ ဖြူစင်နေပြီး ခေါင်းမာလှသည်။ အဘိုးလင်းသည် သူမကို အကြာကြီး စိုက်ကြည့်နေသော်လည်း သူမက လက်မလွှတ်ခဲ့ပေ။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် အဘိုးလင်းသည် သူမကို ချီလိုက်ပြီး သူမ၏ ဆံပင်များကို ကြင်နာစွာ ဖွဖွလေးပွတ်ကာ သက်ပြင်းချလိုက်၏။
“ချောင်ချောင် တစ်ခုခုကို အာရုံရနေတာ ထင်တယ်။”
ထို့နောက် သူသည် စိတ်မပါလက်မပါ ဖြစ်နေသော ချွေးမဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ထားလိုက်ပါတော့၊ ရှို့ယီ မင်းနေခဲ့လိုက်။ မင်းမရီးကိုပဲ ချောင်ချောင်နဲ့အတူ ငါနဲ့လိုက်ခဲ့ခိုင်းလိုက်တော့မယ်။”
မူလကတော့ လင်းချောင်သည် အလွန်ငယ်သေးသဖြင့် သူမကို ပြုစုစောင့်ရှောက်ရန် လျိုယွိလန်ကို အိမ်တွင် ထားရစ်ခဲ့ချင်သော်လည်း နောက်ဆုံးတွင်တော့ မိခင်ရော သမီးဖြစ်သူကိုပါ ခေါ်သွားခဲ့ရတော့သည်။
ခရီးစဉ်တစ်လျှောက်လုံးတွင် လင်းချောင်သည် ငိုယိုခြင်း သို့မဟုတ် ပြဿနာရှာခြင်းမျိုး လုံးဝမရှိဘဲ လူကြီးများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေခဲ့ပေ။ အဘိုးလင်းနှင့် လျိုယွိလန်တို့ သူမကို ကြည့်မိတိုင်း သူတို့၏ ရင်ထဲ၌ ပို၍ ခံစားလာရသည်။
လင်းရှို့ရန်၏ အသုံးအဆောင်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို မြင်လိုက်ရသောအခါ လျိုယွိလန်မှာ မထိန်းနိုင်အောင် ငိုကြွေးလိုက်တော့သည်။ အဘိုးလင်းကတော့ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေပြီး မျက်ရည်မကျအောင် မျက်တောင်ကို ခပ်ပြင်းပြင်း ခတ်နေရရှာသည်။
လင်းချောင်သည်လည်း လေးလံထိုင်းမှိုင်းနေသော ပတ်ဝန်းကျင် အခြေအနေနှင့် ကျိသော်၏ စာအကြောင်းကို စဉ်းစားမိကာ မျက်ရည်ဝဲလာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က သေးငယ်သွားသောကြောင့် ဖြစ်နိုင်၏။သူမ၏ စိတ်ခံစားချက်များမှာ ပို၍ ထိခိုက်လွယ်နေသည်။ တကယ်လို့သာ ကျိသော် ပြန်မလာနိုင်ခဲ့လျှင် ဘယ်လိုဖြစ်မည်လဲဆိုသည်ကို သူမ မတွေးဘဲ မနေနိုင်ခဲ့ပေ။ သူမသည် လျိုယွီလန်ကဲ့သို့ ကမ္ဘာပျက်သွားသလိုမျိုး ခံစားရမည်မဟုတ်သော်လည်း သူမ၏ နှလုံးသားတစ်စိတ်တစ်ပိုင်းကတော့ သေချာပေါက် ပြိုကွဲသွားပေလိမ့်မည်။
ထိုအချိန်တွင် အဘိုးကျိ ရောက်ရှိလာ၏။ “စိတ်မကောင်းပါဘူး လောင်လင်း။ ငါ ရှို့ရန်ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး။”
အသက်ငါးဆယ်ကျော်အရွယ်သာ ရှိသေးသော အဘိုးကျိသည် စစ်ဝတ်စုံဖြင့် ကြည့်ကောင်းနေပြီး တစ်သက်လုံး လယ်ယာလုပ်ကိုင်လာခဲ့သည့် သူ၏သူငယ်ချင်းဖြစ်သူ အဘိုးလင်းနှင့် သိသိသာသာ ကွာခြားနေသည်။
အဘိုးလင်းသည် ခဏတာ ကြောင်အမ်းသွားပြီးနောက် လက်ယမ်းပြလိုက်သည်။ “ဒါက မင်းနဲ့ ဘာမှမဆိုင်ပါဘူး။ ရှို့ရန် ဒီမှာ စစ်ထဲဝင်ဖို့ လာခဲ့တယ်ဆိုတာ ငါ မင်းကိုမှ မပြောခဲ့တာ။”
အဘိုးလင်းသည် ဝမ်းနည်းမှုကို ထိန်းချုပ်ရင်း မိတ်ဆက်ပေးလိုက်သည်။ “ဒါက ငါ့ရဲ့ ချွေးမအကြီး လျိုယွိလန်နဲ့ မြေးမလေး လင်းချောင်ပါ။”
အဘိုးကျိ၏ ငယ်ရွယ်သောပုံစံကို ရုတ်တရက် မြင်လိုက်ရသဖြင့် လင်းချောင် အနည်းငယ် မနေတတ် ဖြစ်သွားခဲ့သည်။ သူ့ကို “အဖေ” ဟု ခေါ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်၍ ယခုအခါ “အဘိုး” ဟု ပြောင်းခေါ်ရန်မှာ သူမအတွက် ခက်ခဲနေသည်။
ကံကောင်းသည်မှာ အဘိုးကျိသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရသော ကလေးမလေးကို သနားဂရုဏာ သက်နေမိသဖြင့် ထိုအရာကို ဂရုမစိုက်မိခဲ့ပေ။ ထိုအစား သူမကို ချီလိုက်ပြီး ဆံပင်များကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်၏။
“ရှို့ရန်မှာ ဒီသမီးလေး တစ်ယောက်တည်းပဲ ရှိတာလား။”
“ဟုတ်တယ်။”အဘိုးလင်းက သက်ပြင်းချရင်း ပြောလိုက်သည်။ “ဒီကလေးမလေးရဲ့ ဘဝက ခက်ခဲလွန်းပါတယ်။”
အဘိုးကျိသည် လင်းချောင်၏ မျက်နှာကို ခဏတာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်သည်။ “ရောက်တုန်းရောက်ခိုက် ငါတို့အိမ်မှာ ထမင်းလာစားကြလေ။ မင်းတို့ ယန်ဒူမှာ တည်းခိုဖို့နေရာလည်း ရှိမှာမဟုတ်ဘူး။”
“အဲ့ဒါ... အဆင်ပြေပါ့မလား။”
အဆုံးတွင်တော့ သူတို့သည် နာရေးကိစ္စနှင့် ရောက်လာကြခြင်း ဖြစ်သည်။
အဘိုးကျိကတော့ ကားပြင်ဆင်ခိုင်းပြီးပြီးဖြစ်၏။“ငါတို့အားလုံးက အဲ့ဒီ ခက်ခဲတဲ့ခေတ်တွေကို ဖြတ်သန်းလာကြတဲ့သူတွေပဲ။ ဒီလိုအရာတွေကို ငါတို့ အရေးမစိုက်ပါဘူး။”
၁၉၆၅ ခုနှစ်တွင် ကျိမိသားစု၏ နေအိမ်ဟောင်းဝင်းထဲ၌ ဒန်းတစ်ခု ရှိနေဆဲဖြစ်သည်။ အသက်လေးဆယ်ကျော်အရွယ် ရွှီလီသည် ဆံပင်အချို့ ဖြူနေပြီဖြစ်သော်လည်း အပြင်သို့ထွက်ကာ ကြိုဆိုနှုတ်ဆက်နေ၏။
လျိုယွိလန်၏ ချီပိုးမှုဖြင့် လင်းချောင်သည် အိမ်တံခါးကို ကျော်လိုက်သည်နှင့် အမိုးစွန်းအောက်တွင် ထင်းရှူးပင်တစ်ပင်ကဲ့သို့ အရပ်အမောင်းဖြင့် မတ်မတ်ရပ်နေသော ကောင်လေးတစ်ယောက်ကို ချက်ချင်း သတိပြုမိလိုက်၏။
အသက် ၁၂ နှစ် သို့မဟုတ် ၁၃ နှစ်ခန့်သာ ရှိသေးသော်လည်း သူသည် အရပ် ၁.၈ မီတာနီးပါး ရှိနေပြီဖြစ်ပြီး၊ သူ၏ နက်မှောင်ကာ စူးရှသော မျက်လုံးများက ရဲတင်းလွန်းလှသည်။
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လင်းချောင်သည် ချီဟွိုင်ဝမ်ကို သတိရမိသွားခဲ့သည်။
ထိုကောင်လေး၏ အကြည့်မှာလည်း အေးစက်ပြီး တည့်တိုးဆန်လွန်းသည်။ အတန်းထဲတွင် အိမ်စာကူးရင်း မိသွားသည့်တိုင် ထိုအကြည့်မျိူးနှင့်ပင်။ သို့သော် ယခုကျိသော်၏ မျက်လုံးထဲက ဤအကြည့်မှာတော့ သူမသိသော ကျိသော်နှင့် လုံးဝမတူနေခဲ့ပေ။ သေချာပေါက် မဟုတ်ပေ...
လင်းချောင် အနည်းငယ် စိတ်ပျက်သွားမိသည်။ အဘိုးကျိလည်း ၎င်းကို သတိပြုမိသွားပြီး စိတ်အနှောင့်အယှက်ဖြစ်ပုံရကာ ရွှီလီကို မေးလိုက်သည်။
“တစ်ယောက်ယောက် ပြဿနာ လာရှာပြန်ပြီလား။”
ရွှီလီက အကူအညီမဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။
အဘိုးကျိက ထပ်မမေးတော့ဘဲ လင်းချောင်၊ အဘိုးလင်းနှင့် လျိုယွိလန်တို့ကို မိတ်ဆက်ပေးလိုက်သည်။
လင်းချောင်၏ မျက်လုံးများကတော့ ကျိသော်အပေါ်တွင်သာ ရှိနေခဲ့သည်။
သူမကို အောက်သို့ ချပေးလိုက်သောအခါ သူမက သူရှိရာ လျှောက်သွားပြီး သူ၏ဒူးခေါင်းကို လက်ချောင်းလေးဖြင့် တို့လိုက်၏။
“ကိုကိုက အပြစ်ပေးခံရလို့ မတ်တပ်ရပ်နေရတာလား။”
သူမသည် အတည်ပြုချင်နေပြီး သူမတစ်ခါမှ မမြင်ဖူးခဲ့သော ဤငယ်ရွယ်သည့် ကျိသော်ကို သိချင်စိတ်ပြင်းပြနေသည်။
ဆောင်းရာသီတွင် မြောက်လေများ မကြာခဏ တိုက်ခတ်လေ့ရှိသည်။ ကျိသော်သည် မတ်မတ်ရပ်လျက် အမိုးစွန်းမှ ခေါင်းလောင်းများကို ကြည့်နေသည်။ သူမ၏ အသံကို ကြားသောအခါမှ သူ၏ခြေထောက်နားရှိ ကလေးငယ်လေးကို သတိပြုမိသွား၏။ သူမသည် အလွန်သေးငယ်လှပြီး သူ့ကိုမော့ကြည့်နေလျှင်ပင် သူ၏ပေါင်လောက်သာ ရှိသည်။
သူမ၏ မျက်လုံးလေးများက နက်မှောင်ပြီး တောက်ပနေကာ မျက်လုံးထောင့်တွင် မှည့်လေးတစ်လုံး ရှိနေသည်။ သူမ၏အားမှ သေးငယ်လွန်းသဖြင့် သူ၏ဒူးကို တို့လိုက်သောအခါ အနည်းငယ် ယားကျိကျိ ဖြစ်သွားစေပြီး သူ့ကို အနည်းငယ် တွန့်သွားစေသော်လည်း “အင်း” ဟုသာ ပြန်ဖြေပေးလိုက်သည်။
အကယ်၍သာ လူကြီးအရွယ် ကျိသော်ဆိုလျှင် သူသည် မျက်မှောင်ကြုတ်ပြီး တစ်ဖက်လူနေရခက်အောင် တစ်ခွန်းမှမပြောဘဲ စိုက်ကြည့်နေပေလိမ့်မည်။ လင်းချောင်သည် ၎င်းကို ရယ်စရာကောင်းသည်ဟု ထင်မိကာ နောက်တစ်ကြိမ် ထပ်တို့လိုက်ပြီး သိသိလျက်နှင့် မေးလိုက်၏။
“ကိုကို့နာမည် ဘယ်လိုခေါ်လဲဟင်။”
ယခုတစ်ကြိမ်တွင် ငယ်ရွယ်သော ကျိသော်က မျက်မှောင်ကြုတ်လိုက်သည်။
“သူစိမ်းတွေကို မကိုင်ရဘူးလို့ ဘယ်သူမှ မပြောဖူးဘူးလား။”
အင်း... ကျိသော်သည် ငယ်ငယ်ကတည်းက နူးညံ့ပြီး ကြင်နာတတ်သူမျိုး မဟုတ်ဘူးဆိုသည်မှာ ရှင်းနေလေသည်။
လင်းချောင် သူ့ကို မော့ကြည့်ပြီး ဘာမှမပြောတော့ဘဲ သူမ၏ လုံးလုံးဝိုင်းဝိုင်း ခန္ဓာကိုယ်လေးကို လှည့်ကာ ထွက်သွားတော့သည်။
ကျိသော်၏ အကြည့်သည် အမိုးစွန်းဆီသို့ ပြန်ရောက်ရုံသာ ရှိသေးချိန်တွင် ထိုကလေးမလေး၏ အသံကို ကြားလိုက်ရသည်။
“ဟိုက အကိုကြီးနဲ့ သွားကစားလို့ ရမလားဟင်။”
“အဲ့ဒါက သမီးရဲ့ ဦးလေးငယ်လေ၊ အစ်ကို မဟုတ်ဘူး။” လျိုယွ်ိလန်က ငြင်သာစွာ စကားပြင်ပေးလိုက်သည်။
သို့သော် ကလေးမလေးကတော့ ဇွတ်ငြင်း၏။“သူက သေချာပေါက် အစ်ကိုပါ။”
ထို့ကြောင့်ပင် သူ၏ မတ်တပ်ရပ်နေရသည့် အပြစ်ဒဏ်မှာ ကလေးထိန်းရသည့်အလုပ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တကယ်တော့ လင်းချောင်ကို ထိန်းရသည်မှာ လွယ်ကူသည်။ သူမသည် ငိုယိုခြင်း၊ ပြဿနာရှာခြင်း သို့မဟုတ် ဆိုးသွမ်းခြင်းများ မရှိပေ။ သူမသည် သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်နေရသည်ကိုသာ နှစ်သက်သည်။
တစ်ကြိမ်နှစ်ကြိမ်ဆိုလျှင် ကိစ္စမရှိသော်လည်း အကြိမ်ပေါင်းများစွာ ဖြစ်လာသောအခါ ကျိသော် မနေနိုင်တော့ဘဲ မေးလိုက်၏။
“မင်းက ဘာလို့ ငါ့ကိုပဲ အမြဲ စိုက်ကြည့်နေတာလဲ။”
“ဘာလို့လဲဆိုတော့... ကိုကိုက ကြည့်ကောင်းလို့လေ။” လင်းချောင် သူမ၏မျက်လုံးလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်သည်။
သူမ၏စကားများက အလွန်တည့်တိုးဆန်လွန်းသဖြင့် ကျိသော် ခဏတာ ဆွံ့အသွားပြီးမှ ပြောလိုက်သည်။
“ဒီလိုဆိုရင်တောင် မင်းကြည့်လို့မရဘူး!”
သူသည် တည်ကြည်လေးနက်ဟန်ဆောင်ရန် ကြိုးစားနေသော်လည်း သူ၏အမူအရာမှာတော့ သိသိသာသာပင် စိတ်မလုံဖြစ်နေပုံပင်။
အင်း... လူကြီးဖြစ်လာလျှင် အာဏာရှိမည့်သူဖြစ်သော်လည်း ငယ်ငယ်တုန်းကတော့ ကျိသော်တွင်လည်း စိတ်မလုံခြုံမှုများ ရှိနိုင်ခဲ့သည်။ ဤကောင်လေးသည် ကြီးလာသည့်အခါ “ဘာလို့လဲ? မင်းက လှလို့ပေါ့” ဟု တည်တည်တံ့တံ့ ပြောမည့် အမျိုးသားတစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မိမည်လဲ။
လင်းချောင်၏ မျက်လုံးလေးများသည် သူမပြုံးလိုက်သဖြင့် လခြမ်းကွေးလေးများသဖွယ် ဖြစ်သွားကာ သူ၏ဘောင်းဘီစကို ဆွဲလိုက်သည်။
“အပြင်မှာ အေးတယ် ကိုကို။ အထဲမှာ သွားကစားရအောင်။”
၎င်းသည် ငယ်ရွယ်သော ကျိသော်နှင့် ဤကလေးမလေးတို့ ပထမဆုံးဆုံတွေ့ခြင်းပင်။ သူမကို ပြန်ပို့တော့မည်ဟု ကြားလိုက်ရချိန်တွင် သူသည် စိတ်သက်သာရာ ရသွားခဲ့သေးသည်။
သို့သော် နောက်တစ်နေ့တွင်တော့ ဤကလေးမလေးမှာ သူ၏စေ့စပ်ထားသူ ဖြစ်လာပြီး သူတို့မိသားစုနှင့်အတူ နေထိုင်တော့မည်ကို သူ လုံးဝမသိထားခဲ့ပေ။