Extra 6
Vol. 12 Ch. 141
အကြောင်းအရင်းမှာ ထိုညက ညစာစားပွဲတွင် လူအားလုံး၏ရှေ့၌ လင်းချောင်က ယဲ့မင်ရှူးကို ရုတ်တရက် မေးလိုက်သောကြောင့်ဖြစ်သည်။
“အဒေါ်... ဘာလို့ သမီးကို အမြဲတမ်း စိုက်ကြည့်နေတာလဲဟင်။ သမီးကို သဘောမကျလို့လား။”
ထိုအချိန်သည် အဘိုးကျိသည် သူ၏သားဖြစ်သူ၊ ချွေးမတို့နှင့်အတူ စေ့စပ်ကြောင်းလမ်းသည့် အကြောင်းကို ဆွေးနွေးပြီးကာစအချိန်သာ ရှိသေးသည်။ လင်းမိသားစုသည် ကျိမိသားစုအပေါ် ကျေးဇူးတရားရှိခဲ့ဖူးကြောင်း သိထားသဖြင့် ကျိကျွင်းက များများစားစား မစဉ်းစားဘဲ သဘောတူခဲ့သည်။ ယဲ့မင်ရှူးမှာ အကြိမ်ပေါင်းတစ်ရာမက ငြင်းဆန်ချင်သော်လည်း သူမ၏ အစ်က်ိုဖြစ်သူ ပြဿနာတက်နေသဖြင့် အဘိုးကျိ၏ အကူအညီကို လိုအပ်နေသောကြောင့် ကန့်ကွက်ရန် မဝံ့ရဲခဲ့ပေ။
သူတို့သည် အရာအားလုံး အဆင်ပြေသွားပြီဖြစ်ပြီး လင်းမိသားစုနှင့် အတည်ပြုရန်သာ လိုတော့သည်ဟု ထင်ခဲ့ကြသည်။ သို့သော် ဤကဲ့သို့သော မေးခွန်းမျိုးကို ကြားရလိမ့်မည်ဟုတော့ မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
သုံးနှစ်ခွဲအရွယ် ကလေးတစ်ယောက်က လိမ်ပြောနိုင်မည်လား။
စားပွဲရှိ လူအားလုံးက ယဲ့မင်ရှူးကို လှမ်းကြည့်ကြသည်။ အထူးသဖြင့် အဘိုးကျိဆိုလျှင် ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။
ယဲ့မင်ရှူးသည် စိတ်ထဲတွင် လုံးဝသဘောမတူနေသဖြင့် သူမ၏ မျက်နှာအမူအရာကို ကောင်းကောင်း ထိန်းနိုင်ခဲ့ရဲ့လားဆိုသည်ကိုပင် သူမကိုယ်တိုင် မသ်ိခဲ့ပေ။ ၎င်းကို လင်းချောင်က သတိထားမိသွားခြင်း ဖြစ်နိုင်၏။
ထိုအချိန်တွင် ယဲ့မင်ရှူးသည် ထိုမိသားစုထဲသို့ ရောက်ရှိနေသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသဖြင့် ရာထူးကြီးသော သူမ၏ ယောက္ခမကို ကြောက်ရွံ့နေရဆဲဖြစ်သည်။ အဘိုးကျိ မျက်မှောင်ကြုတ်သည်ကို မြင်သောအခါ သူမက ပြောလိုက်သည်။
“ချောင်ချောင် အမြင်မှားတာ ဖြစ်မှာပါ။”
အဘိုးကျိကတော့ အရာအားလုံးကို ထွင်းမြင်နိုင်သူဖြစ်သည်။ သူသည် ထိုအချိန်တွင် ဘာမှမပြောခဲ့သော်လည်း နောက်ပိုင်းတွင်တော့ ရွှီလီကို ခေါင်းခါပြလိုက်သည်။
“ဒါက အဆင်ပြေမှာ မဟုတ်ဘူး။”
သူ၏ ထိုကလေးနှစ်ဦးကို လက်ထပ်စေချင်သည့် အကြောင်းအရင်းမှာ သူ့ရဲဘော်ဟောင်း၏ သားအကြီးတွင် သမီးလေးတစ်ဦးတည်းသာ ရှိပြီး၊ ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်ဆုံးရှုံးသွားရသဖြင့် ထိုကလေးမလေးကို တည်ငြိမ်သော ဘဝတစ်ခု ပေးချင်သောကြောင့်ပင်။
ချွေးမအကြီးမှာ သူမ၏မနှစ်သက်မှုကို ပွင့်ပွင့်လင်းလင်း ပြသပြီးသားဖြစ်၏။ သူမသည် နောင်တွင်ရော ထိုကလေးအပေါ် ကောင်းနိုင်မည်လား။ ဤဖြစ်ရပ်ကြောင့် အဘိုးလင်းကို ထိုကိစ္စကို ထပ်မံပြောဆိုလိုက်သည့်အခါတွင်လည်း သူရော ကလေး၏ မိခင်ပါ စိတ်အေးလက်အေးဖြင့် သဘောမတူနိုင်တော့ပေ။
သူတို့ဇနီးမောင်နှံနှစ်ဦး ဖြေရှင်းနည်း ရှာမတွေ့မီမှာပင် အဘိုးလင်း နေမကောင်းဖြစ်သွားခဲ့သည်။ အိမ်ပြန်ရောက်မှပေါ်လာရမည့် ထိုရောဂါမှာ မြေးမလေးကိုခေါ်ပြီး အိမ်ပြန်ရန် အလောတကြီး ဖြစ်နေသောကြောင့် စောစီးစွာ ပေါ်လာခဲ့ခြင်းဖြစ်သည်။
၎င်းကို လင်းချောင်က စတင်သိရှိခဲ့ခြင်း ဖြစ်သည်။ သူ့ကို ဆေးရုံသို့ပို့လိုက်သောအခါ ဆရာဝန်များက သူသည် ဒဏ်ရာဟောင်းများရှိနေပြီး ကျန်းမာရေးသည်လည်း မကောင်းတော့ကြောင်း၊ ယခု ကြုံတွေ့နေရသော ဝမ်းနည်းမှုက သူ၏ အခြေအနေကို ပိုဆိုးစေခဲ့ကြောင်း ပြောပြခဲ့သည်။ ယခုတစ်ကြိမ် အသက်ရှင်ခဲ့လျှင်ပင် သူ၏ သက်တမ်းမှာ သိပ်မရှည်နိုင်တော့ပေ။ ၎င်းကိုကြားပြီးနောက် အဘိုးကျိသည် အကြာကြီး တိတ်ဆိတ်သွားပြီး ရွှီလီကို ပြောလိုက်သည်။
“ဒုတိယသားနဲ့ပဲ အတည်ပြုလိုက်ကြရအောင်။”
မျိုးဆက်တစ်ခု ကွာခြားသွားသော်လည်း ဒုတိယသားနှင့် အတည်ပြုလိုက်ခြင်းက သူနှင့်ရွှီလီတို့သည် အနည်းဆုံးတော့ ထိုကလေးအပေါ် ကောင်းမွန်စွာ ဆက်ဆံနိုင်မည်ဟု ဆိုလိုခြင်းပင်။ အကယ်၍ အဘိုးလင်းသာ တစ်ခုခုဖြစ်ခဲ့လျှင်လည်း ကလေးသည် အခြားသူများ၏ လက်ထဲတွင် ဒုက္ခရောက်နေတော့မည် မဟုတ်ပေ။
စိတ်နှလုံးသား နူးညံ့သော ရွှီလီကလည်း မကန့်ကွက်ခဲ့သလို၊ သူ၏ကျန်းမာရေး မကောင်းတော့မှန်း သိထားသော အဘိုးလင်းကလည်း ၎င်းကို မငြင်းဆန်ခဲ့ပေ။
မိသားစုနှစ်ခုစလုံးသည် ဆေးရုံခန်းအတွင်းမှာပင် စေ့စပ်ကြောင်းလမ်းမှု စာချုပ်ကို ရေးသားခဲ့ကြသည်။ လျိုယွ်ိလန်က အဘိုးလင်းကို ပြုစုရန် ဆေးရုံတွင် နေခဲ့ရသဖြင့် လင်းချောင်ကို ကျိမိသားစုထံ လုံးလုံးလျားလျား အပ်နှံထားခဲ့ရသည်။
လင်းချောင်သည် သူမ၏ ခြေတံတိုလေးများကို လွှဲယမ်းရင်း ကျိသော်၏ ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေသော အခန်းထဲတွင် ထိုင်နေမိသည်။ သူမကိုယ်သူမ တကယ်ပင် ကျိသော်၏ ကလေးသတို့သမီးလောင်း ဖြစ်နေပြီဟု ခံစားနေရ၏။
ရင်းနှီးသည်ဆိုသည်မှာ သူမသည် ထိုအခန်းထဲတွင် အကြာကြီး နေထိုင်ခဲ့ဖူးသောကြောင့်ဖြစ်ပြီး၊ စိမ်းသက်သည်ဆိုသည်မှာ ငယ်ရွယ်သော ကျိသော်၏ အခန်းမှာ လူကြီးဘဝ ကျိသော်း အခန်းနှင့် အတော်လေး ကွာခြားနေသောကြောင့် ဖြစ်သည်။ နံရံတွင် သေနတ်များ ချိတ်ထားပြီး စားပွဲပေါ်တွင်တော့ သံကြိုးပုံဆွဲချက်များနှင့် ကျည်ဆံများထည့်ထားသည့် ဖန်ဘူးများ ရှိနေသည်။
ကျိသော်သည် သူ၏ အိမ်စာများဖြင့် အလုပ်ရှုပ်နေပြီး၊ လင်းချောင်က ထိုဖန်ဘူးများကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ဘူးတစ်ခုကို သူမရှေ့သို့ ဆွဲပေးလိုက်ပြီး ပြောလိုက်သည်။
“အဲ့ဒါနဲ့ ကစားလို့ရတယ်၊ ဒါပေမဲ့ ဘာမှမပျောက်စေနဲ့။”
လင်းချောင်သည် တကယ်တမ်းတွင်တော့ ကစားချင်စိတ် မရှိပေ။ သို့သော်လည်း သူမ၏ လက်ဖဝါးလေးများကို ဖြန့်ပေးလိုက်၏။
“ကျေးဇူးပါ ကိုကို။”
“ငါ့ကို ဦးလေးလို့ ခေါ်ပါဆိုနေ။”
ကျိသော်က မကျေမနပ် ပြောလိုက်သော်လည်း သူ၏ အိမ်စာများကိုသာ ဆက်လုပ်နေခဲ့သည်။
လင်းချောင်သည် ဘေးဘက်မှကြည့်နေရင်း သူ၏ တိကျသေချာမှုကို သတိပြုမိလ်ိုက်သည်။ နောက်ပိုင်းတွင် စစ်တပ်ထဲသို့ ဝင်သွားခဲ့သော်လည်း သူ၏ပညာရေးမှာ သေချာပေါက် ကောင်းမွန်ခဲ့ပုံရသည်။
“ကျိသော်! အိမ်စာတွေ ပြီးပြီလား။”
အဝေးမှ အသံတစ်သံ ကြားလိုက်ရပြီး ကောင်လေးတစ်ယောက်က ခေါင်းပြူကြည့်လာ၏။ လင်းချောင် ကြည့်လိုက်ရာ နောက်ထပ်ကောင်လေးတစ်ယောက်မှာ စူးကျန့်ဖြစ်နေသည်။
ကျိသော်နှင့် နှိုင်းယှဉ်လျှင် စူးကျန့်က အနည်းငယ် ပို၍ဝဝဖိုင့်ဖိုင့်ရှိပြီး ကလေးမျက်နှာလေးနှင့် ဖြစ်သည်။
“အားလုံးက အပြင်မှာ စောင့်နေကြတာ။ အိမ်စာကို နောက်မှပြီးအောင်လုပ်လို့ မရဘူးလား။”
စူးကျန့်က လင်းချောင်ကို သတိပြုမိသွားပြီး မေးလိုက်၏။
“ဒါက ဘယ်သူလဲ။”
“အဖေ့သူငယ်ချင်းရဲ့ မြေးလေ။” ကျိသော် ပြန်ဖြေလိုက်သည်။
“သူ့ရဲ့ ကလေးသတို့သမီးလောင်းပါ။” လင်းချောင်က ဝင်ဖြည့်ပြောလိုက်၏။
သူတို့နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်းလိုလို ပြောလိုက်ကြခြင်း ဖြစ်သည်။ ကျိသော်၏ မျက်နှာက တည်သွားတော့၏။
“ဘာ ကလေးသတို့သမီးလောင်းလဲ။ သူ လျှောက်ပြောနေတာတွေကို နားမထောင်နဲ့။”
အချိန်က နောက်ကျနေပြီဖြစ်သဖြင့် စူးကျန့်က ရယ်မောလိုက်ကာ မေးလိုက်သည်။
“မင်းမှာ ကလေးသတို့သမီးလောင်း ရှိနေတာလား။”
“ကလေးတစ်ယောက် ပြောတာကို မင်းက ယုံနေတာလား။”
ကျိသော် သူ့ကို စိုက်ကြည့်လိုက်ပြီး အိမ်စာများကို ဆက်လုပ်နေလိုက်သည်။
“ငါ မလိုက်တော့ဘူး။ သူ့ကို စောင့်ကြည့်ရဦးမယ်။”
“မင်းရဲ့ ကလေးသတို့သမီးလောင်းလည်း မဟုတ်ဘဲနဲ့ အပြင်တောင် ထွက်မကစားနိုင်တော့ဘူးလား။”
စူးကျန့်က ရယ်မောရင်း ပြောလိုက်သဖြင့် ကျိသော်၏ ကန်ခြင်းကို ခံလိုက်ရသည်။
သူက ရှောင်လိုက်ပြီး ပြောခဲ့ပြန်သည်။“ဒါဆိုရင်လည်း သူ့ကိုပါ တစ်ခါတည်း ခေါ်ခဲ့လေ။ ငါတို့ ရှောင်ကျန်းကိုလည်း ခေါ်နေကျပဲဟာ။”
ကျိသော်က လင်းချောင်ကို ကြည့်လိုက်၏။ “နေဦး၊ ငါ သူနဲ့ စကားပြောလိုက်ဦးမယ်။”
လင်းချောင်သည် မျက်တောင်လေး ခတ်လိုက်ပြီး... သူက ဒီအရွယ်တွင်တောင် သူမကို တကယ်ကြီး ‘စကားပြောညှိနှိုင်း တော့မည်လားဟု တွေးနေမိသည်။
အိမ်စာများ ပြီးသွားသောအခါ ကျိသော်သည် သူမကို တည်ကြည်စွာ ကြည့်လိုက်သည်။
“စကားပြောရအောင်။”
သူ၏ မျက်နှာကို မြင်လိုက်ရသောအခါ လင်းချောင်သည် ထိုင်ခုံပေါ်မှ ခုန်ဆင်းပြီး ဖန်ဘူးတစ်လုံး သွားရှာချင်စိတ် ပေါက်သွားခဲ့သည်။
သူမက စိတ်ကိုထိန်းလိုက်ပြီး ပြောလိုက်၏။
“ဟုတ်ကဲ့။”
“ငါ အပြင်ထွက်ကစားချင်တယ်။ မင်းကို ခေါ်သွားပေးလို့ရပေမဲ့၊ မင်းက စကားနားထောင်ရမယ်၊ ပြီးတော့ ပြဿနာ မရှာရဘူး။”
ကျိသော်က အလေးအနက် ပြောလိုက်သည်။
“ဟုတ်ကဲ့။” လင်းချောင်က ခေါင်းညိတ်ပြလိုက်၏။
“ပြီးတော့...”
ကျိသော်က အပြင်ဘက်တွင် စောင့်နေသည့် စူးကျန့်ကို တစ်ချက်လှမ်းကြည့်လိုက်ကာ ပြောလိုက်သည်။
“မင်းက ငါ့ရဲ့ ကလေးသတို့သမီးလောင်းဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့။”
“ဟုတ်ကဲ့။” လင်းချောင်က ပြုံးရင်း ခေါင်းညိတ်လိုက်ပြန်၏။
“ငါ့ကို ကတိပေး၊ မဟုတ်ရင် နောက်တစ်ခါ မင်းကို မခေါ်တော့ဘူး။”
ကျိသော်က သူမက်ို အပေါ်ဝတ်အင်္ကျီနှင့် ဦးထုပ်ကို ဝတ်ပေးရင်း ပြောလိုက်သည်။
လင်းချောင် ဦးထုပ်ဆောင်းလိုက်ပြီးနောက် တံခါးဝသို့ ရောက်သောအခါ ပြေးလာသော ကျိဇယ်နှင့် ဆုံမိခဲ့၏။
ကျိဇယ်သည် အမြဲတမ်း ကျိသော်တို့နောက်သို့ လိုက်နေကျဖြစ်သဖြင့် ချက်ချင်းပင် လိုက်ချင်နေတော့သည်။
ကျိသော်က လင်းချောင်ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်၏။ “ဒီတစ်ခါတော့ မရဘူး။ ငါ မင်းတို့နှစ်ယောက်လုံးကို မထိန်းနိုင်ဘူး။”
ကျိဇယ် ဇဝေဇဝါဖြစ်သွားတော့၏။ “ဘာလို့လဲ။”
“ငါ ချောင်ချောင်ကို စောင့်ရှောက်ရမှာမို့လို့လေ။” ကျိသော်က လင်းချောင်၏ ဦးထုပ်ကို ပြန်ပြင်ပေးရင်း ပြောလိုက်သည်။
“ကျေးဇူးပါ ကိုကို။” လင်းချောင်က ချိုသာစွာ ပြောလိုက်သည်။
“ငါ့ကို ဦးလေးလို့ ခေါ်ပါဆိုနေ။” ကျိသော်ကတော့ ထိုအပြောကို မလျှော့ဘဲ အပြင်သို့ ထွက်လာခဲ့၏။
လင်းချောင်သည် သူမ၏ ခြေတံတိုလေးများဖြင့် သူတို့နောက်သို့ အမှီလိုက်ရန် ရုန်းကန်နေရသည်။
“မင်း ဒီထက်မြန်မြန် မလျှောက်နိုင်တော့ဘူးလား။”
“မြန်မြန်လျှောက်နေတာပဲလေ။”
လင်းချောင်သည် အနည်းငယ် အေးနေသလို ခံစားရသော်လည်း အမီလိုက်ရန် စိတ်ပိုင်းဖြတ်ထားသည်။
ကျိဇယ်က ၎င်းကို မြင်သောအခါ ကြွားလိုက်သည်။ “ကျွန်တော်ကတော့ အမီလိုက်နိုင်တယ်နော် ဦးလေး!”
လင်းချောင် ရုန်းကန်နေရသည်ကို မြင်သောအခါ ကျိသော်က ထိုင်ချလိုက်ပြီး ပြောလိုက်၏။ “လာ... ငါ ချီသွားပေးမယ်။”
အရပ်ရှည်ရှည်နှင့် ပိန်ပိန်ပါးပါး ကောင်လေးမှာ ကြီးထွားနေဆဲ အရွယ်သာ ရှိသေးသည်။ နောင်တစ်ချိန်တွင် လူအများ အားကျရမည့် ကျယ်ပြန့်သော ပခုံးသားများနှင့် ကြွက်သားများသည် ယခု သူ့တွင် မရှိသေးပေ။ သို့သော် သူက အနည်းငယ် စိတ်မရှည်သော အမူအရာဖြင့် ငုံ့ပေးလိုက်သောအခါ လင်းချောင်သည် သူ့ကို အလွန်ချစ်စရာကောင်းသည်ဟု ထင်၍ ပြုံးမိလိုက်တော့သည်။
တည်ငြိမ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မားလှသော ကျိသော်တွင် ငယ်စဉ်က ဤသို့သော ပုံစံမျိုး ရှိခဲ့လိမ့်မည်ဟု မည်သူက ထင်မိခဲ့မည်လဲ။
သူမသည် တွန့်ဆုတ်မနေဘဲ အမြန်ပြေးသွားကာ ခြေဖျားလေးထောက်ပြီး သူမ၏ လက်မောင်းတိုလေးများဖြင့် ထိုကောင်လေး၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။
၎င်းသည် ကျိသော်အတွက် ပထမဆုံးအကြိမ် မိန်းကလေးတစ်ဦးသို့မဟုတ် ကလေးတစ်ဦးကို ကျောပိုးဖူးခြင်း ဖြစ်သည်။
ခြောက်နှစ်ငယ်သော ကျိဇယ်မှာ သူ၏အနောက်သို့ အမြဲပြေးလိုက်နေကျ ကောင်လေးတစ်ဦးသာ ဖြစ်သည်။ လင်းချောင်ကတော့ ထိုသို့မဟုတ်ဘဲ သေးသေးကွေးကွေး၊ ခြေတံတိုတိုနှင့် သူ့အဖေ၏ ရဲဘော်ဟောင်း၏ မြေးဖြစ်သည်။ အကယ်၍ သူမသာ ပြေးရင်းလဲကျသွားပါက သေချာပေါက် ငိုယိုပြီး လူတိုင်းကို စိတ်အနှောင့်အယှက် ပေးပေလိမ့်မည်။
ထိုသို့တွေးနေစဉ်မှာပင် သူ၏လည်ပင်းကို ဖက်ထားသော သူမ၏ လက်မောင်းလေးများနှင့် သူ၏ကျောပေါ်မှ သေးငယ်ပေါ့ပါးသော ခန္ဓာကိုယ်လေးကို သူ ခံစားလိုက်ရ၏။
သူမသည် အလွန်ပေါ့ပါးပြီး နူးညံ့လှသဖြင့် သူက အောက်ကျမသွားအောင် ပြန်ပြင်၍ကျောပိုးလိုက်ရင်း ပြောလိုက်သည်။
“တင်းတင်းဖက်ထား။”
“ဟုတ်ကဲ့။”
လင်းချောင်က သူမ၏ လက်မောင်းလေးများဖြင့် သူ့ကို တင်းတင်းဖက်ထားလိုက်သည်။ သူသည် သူမကို လွှတ်ချမိမည်ကို ကြောက်နေမှန်း သူမ သိသဖြင့် ပြုံးလိုက်ပြီး သူ၏ပါးကို နမ်းလိုက်၏။
ထရပ်လိုက်ရုံသာရှိသေးသော ကျိသော်သည် စိုစွတ်နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသဖြင့် ကိုယ်နေဟန်ထားပင် ပျက်မတတ် တောင့်တင်းသွားခဲ့တော့သည်။
“မင်း ဘာလုပ်တာလဲ။ ထပ်ပြီး လှုပ်နေရင် ငါ မင်းကို အောက်ပစ်ချလိုက်မှာနော်!”
သူက နောက်သို့ လှည့်ကြည့်လိုက်ကာ သူမကို မျက်မှောင်ကြုတ်၍ ဟောက်လိုက်သည်။
ဆောင်းရာသီ၏ နံနက်ခင်း နေရောင်ခြည်မှာ တောက်ပနေပြီး၊ ကောင်လေး၏ အေးစက်စက် မျက်နှာပေးနှင့် နွေးထွေးသော နေရောင်ခြည်ကြောင့် နီမြန်းနေသော သူ၏ နားရွက်လေးများကို လင်းချောင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူသည် နောင်တစ်ချိန်တွင် ဖြစ်လာမည့် တည်ကြည်သော အမျိုးသားကြီးထက်ပင် ပို၍ ချစ်စရာကောင်းနေသေးသည်။
ကျိသော် သူမကို ကျောပိုးထားစဉ် လင်းချောင်က ခြေထောက်လေးများကို လွှဲယမ်းရင်း မေးလိုက်၏။
“ကိုကို... အပြင်ထွက်မကစားတော့ဘူးလား။”
“မင်းသာ ထပ်လှုပ်နေရင် မသွားတော့ဘူး။”
ကျိသော်၏ လေယူလေသိမ်းမှာ ခတ်ထန်နေဆဲ ဖြစ်သော်လည်း သူသည် အိမ်ရှေ့ဝင်းတံခါးကို ဖွင့်ကာ တံခါးခုံကို အသာအယာ ကျော်လိုက်သည်။
ခြေလှမ်းကျဲကြီးများ လှမ်းလျက် ထိုအရပ်ရှည်ရှည် ကောင်လေးသည် လမ်းကြားထိပ်သို့ အလျင်အမြန်ရောက်သွားခဲ့သည်။ စူးကျန့် ပြောခဲ့သည့်အတိုင်း ထိုနေရာတွင် လူပျိုပေါက်အရွယ် ကောင်လေးအချို့ စောင့်နေကြ၏။
ထိုခေတ်အခါက မိသားစုတစ်ခုတွင် ကလေးများစွာ ရှိတတ်ကြပြီး အစ်ကိုကြီး၊ အစ်မကြီးများက ညီငယ်၊ ညီမငယ်များကို ထိန်းကျောင်းရသည်မှာ သာမန်ကိစ္စပင်။ သို့သော် လင်းချောင်ကို ကျောပိုးထားသော ကျိသော်၏ ပုံစံမှာတော့ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့လေသည်။
“မင်းအမေက မင်းအတွက် နောက်ထပ် ညီမလေးတစ်ယောက် ဘယ်တုန်းက မွေးပေးလိုက်တာလဲ။” တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်၏။
လင်းချောင်က ကျိသော်၏ ကျောနောက်မှ ခေါင်းလေးပြူကြည့်လိုက်သည်။ သူမ တစ်ခုခု ပြောတော့မည့်အချိန်မှာပင် စူးကျန့်က ရယ်မောလျက် ပြောလိုက်၏။
“အဲ့ဒါက သူ့ရဲ့ ကလေးသတို့သမီးလောင်းကွ။”
ကျိသော် သတိပေးထားသည့်အတိုင်း လင်းချောင်က ဘာမှမပြောဘဲ လိုက်နာနေသော်လည်း၊ ပါးစပ်သရမ်းသော စူးကျန့်ကတော့ တိတ်တိတ်မနေနိုင်ခဲ့ပေ။
“ဒါက ငါ့အဖေရဲ့ ရဲဘော်ရဲဘက်ရဲ့ မြေးမလေးပါ။”
ကျိသော်က လင်းချောင်ကို အောက်မချဘဲ စူးကျန့်ကို လှမ်းကန်ရင်း ပြောလိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ စူးကျန့် ပြေးစရာ နေရာရှိသွားသဖြင့် လှည့်ပြေးရင်း လှမ်းအော်တော့သည်။
“မင်းရဲ့ ဇနီးလေးက မင်းကျောပေါ်မှာ ရှိနေသေးတာပဲ။ အောက်ကျသွားမှာ မကြောက်ဘူးလား။”
ကျိသော် ပို၍စိတ်တိုသွားသော်လည်း မသိစိတ်အရ လင်းချောင်ကို ပို၍ တင်းတင်းကျပ်ကျပ် ဖက်ထားမိခဲ့သည်။
လင်းချောင်လည်း ၎င်းကို သတိထားမိသဖြင့် သူ၏လည်ပင်းကို တင်းတင်းဖက်လိုက်၏။
“လုံးဝ မကြောက်ပါဘူး ကိုကို။ သူ့ကို လိုက်ဖမ်း!”
ထို့ကြောင့် စူးကျန့် သိပ်ဝေးဝေးမပြေးနိုင်ခင်မှာပင် ကျိသော်သည် ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး သူ၏ နောက်မှလိုက်မီသွားကာ သူ၏တင်ပါးကို လှမ်းကန်လိုက်တော့သည်။
“မင်း တကယ်ကြီး သူမကို လွှတ်ချမိမှာ မကြောက်ဘူးလား။”
စူးကျန့်တစ်ယောက် ယိုင်တိယိုင်တိုင်ဖြစ်သွားပြီး အခြားသူတစ်ဦး၏ နောက်ဘက်သို့ အမြန်ပြေးပုန်းကာ သူတို့ကို မယုံကြည်နိုင်သလို ကြည့်နေခဲ့သည်။
ထို့နောက် ကျိသော်က ဟန်ပြလှည့်စားကာ သူ့ကို နောက်တစ်ကြိမ် ထပ်ကန်လိုက်ပြန်သည်။
ဤကောင်လေးသည် အမြဲတမ်းလိုလို ပြဿနာရှာတတ်သူဖြစ်ပြီး၊ အင်အားအနည်းဆုံးဖြစ်သော်လည်း အမြဲတမ်း ရန်စရန် အကြောင်းတစ်ခုခုကို ရှာနေတတ်သူဖြစ်သည်။ အနိုင်ကျင့်ခံလိုက်ရပြီးမှသာ သူ ငြိမ်ကုပ်သွားတော့သည်။
လင်းချောင်က သူ၏ ရှုံ့မဲ့နေသော မျက်နှာကို ကြည့်ပြီး ရယ်မောလိုက်၏။
“ကိုကိုက လူတစ်ယောက်ကို ကျောပိုးထားတာတောင်၊ ကိုကို့လောက် မြန်မြန် မပြေးနိုင်ဘူးနော်။”
သူမ၏ ကလေးသံလေးမှာ လှောင်ပြောင်နေသလို ဖြစ်နေသဖြင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းက ရယ်မောကုန်ကြ၏။
စူးကျန့်လည်း သူ၏လက်သီးကို မြှောက်ပြကာ ကြောက်စရာကောင်းဟန်ဆောင်ပြီး ခြိမ်းခြောက်လိုက်လေသည်။
“မင်းရဲ့ ကိုကိုကျိသော် မရှိတဲ့အခါကျရင် သတိထားနေနော်၊ ငါ မင်းကို ရိုက်ပစ်မှာ။”
ခြိမ်းခြောက်မှုနှင့် ပတ်သက်လာလျှင်တော့ သူမ၏ ကိုကိုကျိသော်၏ လူရှိန်စရာကောင်းသော အရှိန်အဝါကို မည်သူမျှ မယှဉ်နိုင်ပေ။
လင်းချောင်သည် လုံးဝမကြောက်ပေ။ သူမသည် ကျိသော်၏ ကျောပေါ်မှနေ၍ စူးကျန့်ကို ငုံ့ကြည့်ကာ ပြောလိုက်၏။
“အစ်ကို မမီပါဘူး။”
တကယ်ကိုပဲ နောက်ပိုင်းမှ ထွားလာမည့် စူးကျန့်သည် အရွယ်ရောက်သည့်တိုင် ကျိသော်ထက်တော့ အရပ်ပုနေဆဲဖြစ်သည်။ ထိုစကားကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်းပဲ ဒေါသထွက်ဟန်ဆောင်ကာ အင်္ကျီလက်ကို လိပ်တင်ရင်း ပြောလိုက်၏။
“ကလေးမလေး... ငါ မင်းကို မနိုင်ဘူးလို့ ထင်နေတာလား။”
လင်းချောင်က ခေါင်းလေးကို ပြန်ငုံ့လိုက်ပြီး ကျိသော်၏ နောက်တွင် ပုန်းကာ ပြောလိုက်သည်။
“ကိုကိုကျိသော်... ကယ်ပါဦး!”
ကျိသော်က သူမကို ကာကွယ်ရန် သူ၏ခန္ဓာကိုယ်ကို တစ်ဖက်သို့ လှည့်လိုက်သည်။
“သူ့ကို အောက်ချလိုက်စမ်းပါ ညီအစ်ကိုရာ!”
စူးကျန့်က ရှေ့သို့တိုးရန် ကြိုးစားသော်လည်း တစ်စုံတစ်ဦး၏ ဆွဲခြင်းကို ခံလိုက်ရ၏။
“မင်း သူ့ကို တစ်ခါမှလည်း မနိုင်ဘဲနဲ့၊ အမြဲတမ်း သွားသွားရန်စနေတာပဲ။”
လင်းချောင် ပြန်ချောင်းကြည့်လိုက်သောအခါ ထူထဲသော မျက်ခုံးများနှင့် နွေးထွေးတောက်ပသော အပြုံးပိုင်ရှင် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
သူမ အလွန်ရင်းနှီးနေသော်လည်း တစ်ခါမှ အပြင်တွင် တကယ်မမြင်ဖူးခဲ့သော မျက်နှာတစ်ခု...။
ဟန်ဆောင်နေခြင်းသာဖြစ်သော စူးကျန့်က လှည့်ကြည့်ကာ ရောက်လာသူကို မေးလိုက်သည်။
“ရှောင်ပင်း... ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ။”