Extra 7
Vol. 12 Ch. 142
အသက် ၁၃ နှစ်အရွယ်သာ ရှိသေးသော တက်ကြွလှသည့် ကုရှောင်ပင်းသည် ဘတ်စကက်ဘော တစ်လုံးကို ကိုင်ထားခဲ့သည်။ သူက နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။
“ရှောင်ကျန်းရဲ့ ဂျင်ပျောက်သွားလို့ ကူရှာပေးနေတာ။”
သူ၏မျက်ခုံးများမှာ အသက်ဝင်နေပြီး ထိုအချိန်အခိုက်အတန့်ကို ထာဝရဖမ်းယူထားခဲ့သည့် အဖြူအမည်း ဓာတ်ပုံထဲကလို ခြောက်သွေ့မနေခဲ့ပေ။
သူ၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ လင်းချောင်သည် သူ၏နောက်တွင် အသက် ၆ နှစ် ၇ နှစ်အရွယ် မိန်းကလေးငယ်လေး တစ်ယောက်ကို တွေ့လိုက်ရ၏။ သူမသည် သူမ၏အသက်အရွယ်ထက် ပို၍ အရပ်ပုနေပုံရပြီး လက်ထဲတွင် ကြာပွတ်နှင့်ဂျင်ကို ကိုင်ထားကာ၊ ရဲရင့်သောမျက်ခုံးများ ရှိသော်လည်း ကြောက်ရွံ့နေသော အမူအရာ ရှိနေခဲ့သည်။
လင်းချောင် ကြည့်နေသည်ကို မြင်သောအခါ သူမက သူမအစ်ကို၏ နောက်တွင် သွားရပ်လိုက်၏။ ကုရှောင်ပင်းကတော့ သူ၏ညီမလေးသည် ရှက်တတ်သူဖြစ်မှန်း သိသဖြင့် ကာကွယ်ပေးသည့်အနေဖြင့် လက်ကို မြှောက်လိုက်သည်။
ထို့နောက် သူက အားနာသလို ပြောလိုက်သည်။ “သူမက သူစိမ်းဆိုရင် နည်းနည်း ကြောက်တတ်လို့ပါ။”
လက်ရှိ ခန္ဓာကိုယ်အခြေအနေကြောင့် စိတ်ခံစားချက် ပိုထိခိုက်လွယ်နေသော လင်းချောင်သည် ထိုမောင်နှမနှစ်ဦးကို ကြည့်ရင်း မျက်ဝန်းများ ပူနွေးလာခဲ့သည်။ ရှောင်ပင်း အသက်ရှင်နေသေးသည်မှာ၊ ရှောင်ကျန်း ပျောက်ဆုံးမသွားသေးသည်မှာ အလွန်ပင် ကောင်းမွန်သည်ဟု သူမ တွေးနေမိသည်။
ယခုအချိန်တွင် လူတိုင်းက ငယ်ရွယ်ပြီး တက်ကြွနေကြဆဲဖြစ်ပြီး၊ မည်သူကမှ ခွဲခွာမသွားကြသေးသလို၊ မည်သူ့တွင်မှ မဖြေရှင်းနိုင်သော ပြဿနာများ သို့မဟုတ် ဝမ်းနည်းပူဆွေးမှုများဖြင့် ဝန်ပိမနေကြသေးပေ။ ၎င်းသည် နောက်ပိုင်း ၁၄ နှစ်တာ ကာလများနှင့် သိသိသာသာ ကွာခြားနေလေသည်။
လင်းချောင်သည် မျက်တောင်ကို ခပ်ပြင်းပြင်းခတ်လိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
“ရပါတယ်... မင်္ဂလာပါ ကိုကို။”
သူမ၏ တောက်ပသော မျက်လုံးလေးများက အပြုံးကြောင့် ကွေးညွတ်သွားပြီး မျက်လုံးထောင့်က မှည့်လေးသည်လည်း ချစ်စရာကောင်းနေခဲ့သည်။ ၎င်းက စူးကျန့်ကို ခဏတာ ကြောင်အမ်းသွားစေပြီး ကျိသော်ကို မေးမိစေ၏။
“မင်းရဲ့ ကလေးသတို့သမီးလောင်းက ဘာလို့ ငါ့ကိုကျတော့ ‘ကိုကို’ လို့ မခေါ်တာလဲ။”
ကျိသော် ဘာမှပြန်မပြောတော့ဘဲ ကုရှောင်ပင်း၏ လက်ထဲမှ ဘတ်စကက်ဘော ဘောလုံးကိုယူကာ စူးကျန့်ထံသို့ တိုက်ရိုက် ပစ်ပေါက်လိုက်တော့သည်။
၁၉၆၅ ခုနှစ်ဝန်းကျင်တွင် တရုတ်နိုင်ငံ၌ ဘတ်စကက်ဘောနှင့် ဘောလုံးများမှာ အလွန်ရှားပါးသေးသည်။ သူမ၏ နေရပ်တွင်မူ သတင်းစာများကို အထပ်ထပ်လုံးပြီး ပြုလုပ်ထားသော ဘောလုံးများဖြင့်သာ ကစားကြရဆဲဖြစ်၏။
ခရီးတစ်ခုအကွာအဝေးအထိ လျှောက်လာပြီးနောက် နောက်ဆုံးတွင် အပြင်ဘက် ဘတ်စကက်ဘောကွင်းတစ်ခုကို သူတို့ တွေ့လိုက်ရသည်။ ဘတ်စကက်ဘောကွင်းဟု ခေါ်သော်လည်း ၎င်းမှာ ပိုက်ကွန်မပါသော ဂိုးကွင်းနှစ်ခုနှင့် မြေပြင်ပေါ်တွင် ထုံးဖြူဖြင့် ရိုးရှင်းစွာ ဆွဲထားသော စည်းဝိုင်းများသာ ဖြစ်သည်။
ဘောလုံးရှားပါးလွန်းသဖြင့် ကွင်းထဲတွင် လူမရှုပ်နေခဲ့ပေ။ ကျိသော်က လင်းချောင်ကို ကွင်းအစွန်းတွင် ချပေးလိုက်သော်လည်း ခဏအကြာတွင် စိတ်မချသဖြင့် သူမ၏ ချိုင်းအောက်မှမကာ ပို၍ဝေးသောနေရာသို့ ပြောင်းရွှေ့ပေးလိုက်သည်။
သူတို့နှစ်ဦးကြားတွင် ၉ နှစ်ခန့် အသက်ကွာခြားနေသော်လည်း အရင်က ဆက်ဆံခဲ့ဖူးသည့် အတွေ့အကြုံများအရ လင်းချောင်သည် ထိုကွာဟမှုကို အရေးကြီးသည်ဟု မခံစားခဲ့ရဖူးပေ။
သို့သော် အသက် ၁၈ နှစ်အရွယ် လင်းချောင်နှင့် ၂၇ နှစ်အရွယ် ကျိသော်တို့ကြားတွင်တော့ ရင့်ကျက်မှုကွာဟချက် ရှိခဲ့၏။ ယခု အသက် ၁၂ နှစ်အရွယ် ကျိသော်၏ ရှေ့တွင် ၃ နှစ်ခွဲအရွယ် လင်းချောင်မှာ ပဲပင်ပေါက်လေးတစ်ပင်မျှအရွယ်သာ ရှိနေခဲ့သည်။
ကျိသော်က သူမကို အလွယ်တကူပင် မလိုက်ပြီး မှာခဲ့၏။ “မင်း ဒီမှာပဲနေနော်၊ ဘယ်မှလျှောက်မသွားနဲ့။”
ထို့နောက် သူ သတိရသွားပြီး ပြောလိုက်ပြန်၏။ “မင်းအတွက် ဖန်ဂေါ်လီတွေ ယူလာပေးခဲ့သင့်တာ။”
တကယ်တမ်းတွင်တော့ ၃ နှစ်ခွဲကလေး မဟုတ်သော လင်းချောင်က ခေါင်းညိတ်ပြလိုက်သည်။
“ဒီမှာပဲ နေပါ့မယ်။”
ကောင်လေးကတော့ စိတ်ပူနေဆဲပင်။ “ကွင်းထဲကို လုံးဝမသွားနဲ့နော်။ တစ်ယောက်ယောက်နဲ့ တိုက်မိတာဖြစ်ဖြစ်၊ ဘောလုံးနဲ့ အမှန်ခံရတာဖြစ်ဖြစ် ဖြစ်လာရင် မင်းငိုနေဦးမှာ။”
လင်းချောင်က ဆက်တိုက်ခေါင်းညိတ်ပြပြီး ထိုင်ရန် ကျောက်ခဲလေးတစ်လုံး ရှာလိုက်သည်။ သူမ ဘယ်မှမသွားကြောင်း အမူအရာဖြင့် ပြလိုက်ခြင်းဖြစ်၏။
“သူမကို ညီမနဲ့အတူ ပေးကစားမလားဟင်။”။တစ်စုံတစ်ဦးက တိုးတိုးလေး အကြံပြုလိုက်သည်။
လင်းချောင် လှမ်းကြည့်လိုက်ရာ လက်ထဲတွင် ကြာပွတ်လေးတစ်ချောင်းနှင့် ဂျင်တစ်လုံးကို ကိုင်ထားသော ကုရှောင်ကျန်း ဖြစ်နေ၏။ လင်းချောင် ကြည့်နေသည်ကို မြင်သောအခါ ထိုမိန်းကလေးငယ်က အနည်းငယ် ရှက်သွားသော်လည်း ထပ်ပြောလိုက်သည်။
“သူ့ကို ညီမနဲ့ ကစားခိုင်းလိုက်ပါ။”
“အဲ့ဒါလည်း အဆင်ပြေတာပဲ။”
သူငယ်ချင်းဖြစ်သူ၏ ညီမလေးနှင့် ရင်းနှီးပြီးသားဖြစ်သော ကျိသော်သည် သူ၏ မျက်မှောင်ကြုတ်မှုကို လျှော့ချလိုက်သည်။
ထိုအချိန်မှာပင် စူးကျန့်က သူ့ကို လှမ်းအော်လိုက်၏။ “မင်း ကစားမှာလား၊ မကစားဘူးလား။”
ကောင်လေးက မျက်နှာသေသေဖြင့် ပြန်ဖြေလိုက်ပြီး ကွင်းထဲသို့ ပြေးသွားတော့၏။
ယခုအခါ မိန်းကလေးငယ်နှစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်။ ကုရှောင်ကျန်းက လင်းချောင်ကို ကြည့်နေသော်လည်း စကားမပြောရဲပေ။ လင်းချောင်ကတော့ ပွင့်လင်းသူဖြစ်၏။ သူမ၏ အကြည့်က ကုရှောင်ကျန်း၏ လက်ထဲရှိ ပစ္စည်းများပေါ်သို့ ကျရောက်သွားပြီး မေးလိုက်သည်။
“မမ ဂျင်ပေါက်မလို့လား။”
“အင်း။”
သူမက ခေါင်းညိတ်ပြီး ပစ္စည်းများကို လင်းချောင်ထံ ကမ်းပေးလိုက်သည်။
“မင်း ကစားလို့ရတယ်နော်။”
သူမသည် အလွန်သဘောကောင်းလှသည်။ အခုမှတွေ့ဖူးသော ညီမငယ်လေးကိုပင် သူမ၏ ကစားစရာများကို ဝေမျှပေးချင်နေ၏။
လင်းချောင် ထိုပစ္စည်းများကို ယူကြည့်လိုက်ရာ ဂျင်ကို သစ်သားဖြင့် ထုလုပ်ထားပြီး အတွင်း၌ သံဘောစေ့ တစ်ခုပါသဖြင့် အနည်းငယ် လေးနေသည်။ ကြာပွတ်မှာ နိုင်လွန်ကြိုးဖြင့် ပြုလုပ်ထားပြီး လက်ကိုင်က တုတ်ကာ ထိပ်ဖျားက သေးသွယ်၏။ အရှည်မှာ ကုရှောင်ကျန်း၏ အရပ်နှင့် အနေတော် ဖြစ်သော်လည်း လင်းချောင်အတွက်မူ အနည်းငယ် ရှည်နေသည်။
ယခင်ဘဝတွင် လင်းချောင်၌ ကစားစရာများစွာ ရှိခဲ့ဖူးသော်လည်း ဤပစ္စည်းမျိုးနှင့်တော့ တစ်ခါမှ မကစားဖူးပေ။ သူမသည် ဂျင်ကို မြေပြင်ပေါ်တင်ပြီး ကြာပွတ်ဖြင့် ရိုက်ကြည့်သည်။ နှစ်ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့သော်လည်း တတိယအကြိမ်တွင်တော့ ထိမှန်သွားခဲ့သည်။ သို့သော် သစ်သားဂျင်မှာ ယိုင်လဲကျသွားပြီး လည်ပတ်ခြင်း မရှိခဲ့ပေ။
“ဂျင်လည်အောင် အရင်ဆုံး ကြိုးနဲ့ပတ်ရတာ။”
ကုရှောင်ကျန်းက ဘေးမှနေ၍ သရုပ်ပြလိုက်သည်။
ကုရှောက်ကျန်းသည် သရုပ်ပြရဲသော်လည်း အနားသို့မကပ်ရဲသည်ကို မြင်သောအခါ လင်းချောင်က ကြာပွတ်ကို သူမထံ ပြန်ပေးလိုက်သည်။
“မမပဲ ပေါက်ပြပါ၊ ညီမလေး ကြည့်နေမယ်။”
ကုရှောင်ကျန်း၏ မျက်နှာလေး နီမြန်းသွားတော့သည်။
လင်းချောင်က ကြာပွတ်ကို သူမ၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး မျက်လုံးလေးများ ကွေးသွားအောင် ပြုံးပြလိုက်သည်။
“မမ... ညီမလေးကို ပေါက်ပြပါနော်။”
အမြဲတမ်း သူမ၏ အစ်ကိုဖြစ်သူထံမှ စောင့်ရှောက်မှုကိုသာ ခံခဲ့ရသော ကုရှောင်ကျန်းအတွက် ဤသို့ နူးညံ့၍ ချစ်စရာကောင်းသော ညီမငယ်လေးက “မမ” ဟု ခေါ်သည်ကို ကြားရသည်မှာ ရှားပါးသည့်အဖြစ်အပျက်ပင်။
တောက်ပသော မျက်ဝန်းများထဲမှ ယုံကြည်မှုကို ခံစားလိုက်ရသဖြင့် သူမသည် ကြာပွတ်ကို တင်းတင်းဆုပ်ကိုင်ကာ မြေပြင်ပေါ်က ဂျင်ကို ကောက်ယူပြီး ဂရုတစိုက် ပတ်လိုက်သည်။ သူမသည် အလုပ်တစ်ခုခုလုပ်လျှင် အလွန်အာရုံစိုက်တတ်သူ ဖြစ်သောကြောင့် နောက်ပိုင်းတွင် ကျောင်းကောင်းကောင်း တက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
မကြာမီမှာပင် သူမသည် အခြားသော စိုးရိမ်မှုများကို မေ့လျော့သွားခဲ့တော့သည်။ ကြာပွတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်သောအခါ ဂျင်မှာ မြေပြင်ပေါ်သို့ ကျသွားပြီး တစ်ချက်ခုန်ကာ စတင်လည်ပတ်တော့သည်။
ကုရှောင်ကျန်း ဤကစားနည်းတွင် ကျွမ်းကျင်သည်မှာ ထင်ရှား၏။ သူမ၏ အကြည့်သည် ဂျင်ပေါ်တွင်သာ ရှိနေပြီး လည်ပတ်မှု အရှိန်မသေစေရန် သင့်တော်သော အချိန်တွင် ကြာပွတ်ဖြင့် အမြဲ ရိုက်ပေးနေခဲ့သည်။
သူမ၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာ မရှိတော့ပေ။ အကြိမ်ပေါင်းများစွာ အောင်မြင်စွာ ရိုက်နိုင်ခဲ့ပြီးနောက် ဘေးနားက လင်းချောင်ကို သတိရသွားပြီး ရပ်လိုက်ကာ ပြောလိုက်သည်။
“အဲဒီလို ကစားရတာ။”
လင်းချောင်က စိတ်မရှည်ခြင်းမရှိဘဲ လက်ခုပ်တီးလိုက်၏။
“မမက တကယ် တော်တာပဲ!”
သူမ၏ လက်ခုပ်သံမှာ ကျယ်လောင်ပြီး အမူအရာသည်လည်း အလွန်ရိုးသားလွန်းသဖြင့် ကုရှောင်ကျန်း၏ မျက်နှာလေးက နီရဲသွားခဲ့ရသည်။
ရှက်တတ်သော ကလေးများအတွက် အားပေးမှုက အလိုအပ်ဆုံးအရာ ဖြစ်သည်။ လက်ခုပ်တီးပြီးနောက် လင်းချောင်က ဆက်လုပ်ရန် အမူအရာပြလိုက်သည်။
“မမ... နောက်တစ်ခါ ထပ်လည်အောင် လုပ်ပြပါဦး။”
ကုရှောင်ကျန်း၏ နားရွက်လေးများပါ နီမြန်းသွားတော့သည်။
“မမ... မမ မင်းကို သင်ပေးမယ်လေ။”
“ဟုတ်ကဲ့။”
လင်းချောင်က ခေါင်းလေးကို စောင်းပြီး ပြန်ထူးလိုက်သည်။
မကြာမီမှာပင် ကွင်းထဲ၌ ကြာပွတ်ရိုက်သံနှင့်အတူ ကလေးမလေး၏ အားကျသံများ ထပ်မံထွက်ပေါ်လာတော့သည်။
“အံ့သြစရာပဲ! နောက်တစ်ခါ ထပ်လုပ်ပြပါဦးလားဟင်။”
ကျိသော် လှမ်းကြည့်လိုက်သောအခါ သူမ၏ မျက်လုံးကြီးများကို ဝိုင်းနေအောင်ဖွင့်ကာ၊ လက်ဖဝါးလေးများ နီရဲသည်အထိ လက်ခုပ်တီးနေသော ကောင်မလေးကို တွေ့လိုက်ရသည်။
“ဘာကြည့်နေတာလဲ။”
စူးကျန့်က ဘောလုံးကို ကြားဖြတ်လုယူကာ သူ့ကို ရယ်မောပြောင်လှောင်လိုက်သည်။
ကျိသော် ဘာမှပြန်မပြောဘဲ ခုန်လိုက်ကာ စူးကျန့်၏ ဘောလုံးပစ်သွင်းမှုကို ပိတ်ဆို့လိုက်ပြီး ဘောလုံးကို ကျွမ်းကျင်စွာ ဆွဲယူကာ ဂိုးသွင်းလိုက်တော့သည်။
“ကောင်းလိုက်တဲ့ ဂိုး!”
ကုရှောင်ပင်းက ချီးကျူးရင်း ခံစစ်အတွက် ပြန်ပြေးလာသည်။
ကျိသော်သည် ခုနက သူကြားလိုက်ရသော ချီးကျူးသံနှင့် ဆင်တူနေသည်ဟု တွေးမိလိုက်ပြန်သည်။ သူ နောက်သို့ ပြန်လျှောက်လာစဉ် ကွင်းဘေးသို့ လှမ်းကြည့်လိုက်မိသည်။
ထိုကလေးမလေးက သူ့ကို ကြည့်ပင်မကြည့်ဘဲ ပြောနေခဲ့သေးသည်။
“မမက ညီမလေးတွေ့ဖူးသမျှထဲမှာ အတော်ဆုံး မမပဲ!"
ကစားပွဲအပြီးတွင်တော့ ထိုမိန်းကလေးငယ် နှစ်ဦးမှာ လက်ချင်းချိတ်ထားကြပြီး ကုရှောင်ကျန်း၏ အစောပိုင်းက ရှက်ရွံ့မှုများသည်လည်း ပျောက်ကွယ်နေခဲ့လေပြီ။
ကျိသော် ကွင်းထဲမှ ထွက်လာသည်ကို မြင်သောအခါ လင်းချောင်က လက်ကို လွှတ်လိုက်ပြီး သူရှိရာသို့ လျှောက်သွားကာ ကုရှောင်ကျန်းကို လက်ပြလိုက်သည်။
“မမ... နောက်တစ်ခါကျရင်လည်း ညီမလေးကို ထပ်သင်ပေးဦးနော်။”
ကုရှောင်ကျန်းက ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။
“အင်း... ဟုတ်ပါပြီ။”
သူတို့ ပြန်လာကြစဉ် သူမက သူမအစ်ကို၏ အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်သည်။
“ကျွန်မရဲ့ ကြာပွတ်အတိုလေးကို ပြန်ရှာပေးလို့ ရမလားဟင်။”
“အဲ့ဒါကို ဘာလုပ်မလို့လဲ။”
ကုရှောင်ပင်းက ချွေးသုတ်ရင်း နားမလည်သဖြင့် မေးလိုက်သည်။
“ချောင်ချောင်အတွက်လေ။”
ကုရှောင်ကျန်းက ကြာပွတ်ကို ကိုင်ထားရင်း တိုးတိုးလေး ပြောသည်။
“ချောင်ချောင်က သေးသေးလေးဆိုတော့ ဒီအရှည်ကြီးနဲ့ အဆင်မပြေဘူး။”
“ဪ... ကျိသော်ရဲ့ ကလေးသတို့သမီးလောင်းလေးကို ပြောတာလား။”
ကုရှောင်ပင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့တော့သည်။
“သူ့နာမည်က ချောင်ချောင်ပါ။” ကုရှောင်ကျန်းက ညင်သာစွာ ပြင်ပေးလိုက်သည်။
“အင်းပါ... ချောင်ချောင်ပေါ့။”
ကုရှောင်ပင်းက ထိုသို့ပြောရင်း ညီမဖြစ်သူ၏ မျှော်လင့်ချက်အပြည့်ရှိနေသော မျက်နှာလေးကို ကြည့်ကာ မေးလိုက်သည်။
“ရှောင်ကျန်း.. မင်း ချောင်ချောင်ကို သဘောကျလို့လား။”
“မင်း ရှောင်ကျန်းကို သဘောကျလား။”
အိမ်အပြန်လမ်းတွင် ကျိသော်ကလည်း လင်းချောင်ကို မေးလိုက်၏။
လင်းချောင်က ခေါင်းညိတ်ပြီး ချီးကျူးလိုက်သည်။
“မမက တကယ်တော်တာပဲ။ ဂျင်ပေါက်တာ အရမ်းကျွမ်းတယ်။”
ဂျင်ပေါက်တာက ဘယ်သူမဆို လုပ်တတ်တာပဲ။
ကျိသော် ဘာမှပြန်မပြောဘဲ သူမကို တစ်လမ်းလုံး ကျောပိုးလာခဲ့သည်။ အိမ်သို့ ရောက်သောအခါ အပြင်ထွက်လာသော ယဲ့မင်ရှူးနှင့် ဆုံမိကြသည်။ သူမသည် အဘိုးကျိထံမှ အကူအညီတောင်းရန် လာခြင်းဖြစ်သော်လည်း ကလေးသတို့သမီးလောင်းကိစ္စကြောင့် အရာအားလုံးက အဆင်မပြေခဲ့ပေ။ ကျိသော် လင်းချောင်ကို ကျောပိုးထားသည်ကို မြင်သောအခါ သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပြီး ပြောလိုက်၏။
“မင်းတို့ နှစ်ယောက်ကတော့ ပျော်နေကြတာပဲ။”
ကျိသော်က သူမ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်ဘဲ ခေါင်းညိတ်ပြကာ "မရီး" ဟု နှုတ်ဆက်လိုက်သည်။
သူတို့ အထဲသို့ ဝင်တော့မည့်အချိန်တွင် လင်းချောင်က ခေါင်းလေးလှည့်ကာ ကျိသော်ကို အတုခိုးပြီး - “မရီး” ဟု လိုက်ခေါ်လိုက်သည်။
ထိုကလေးသံလေးဖြင့် ခေါ်သံကို ကြားလိုက်ရသောအခါ ယဲ့မင်ရှူး ခဏတာ ကြောင်အမ်းအမ်းဖြစ်သွားတော့သည်။
တကယ်တော့ လင်းချောင်၏ ကျိမိသားစုဝင်များကို ခေါ်ဝေါ်သည့်ပုံစံမှာ အတော်လေး ရှုပ်ထွေးနေ၏။ အဘိုးကျိနဲ့ ရွှီလီကိုတော့ “အဘိုး၊ အဘွား” ဟု ခေါ်ပြီး၊ ကျိသော်ကိုတော့ “ကိုကို” ဟု ခေါ်သည်။ ကျိဇယ်ကိုတော့ ”တူလေး” ဟု ခေါ်ပြန်၏။
ကျိဇယ်ကတော့ ဒါကို လုံးဝနားမလည်နိုင်ပေ။ သူသည် လင်းချောင်ထက် သိသိသာသာကြီးနေပါလျက် ဘာလို့ “တူလေး” ဖြစ်သွားရသည်လဲ။
ဒါကို ပြင်ဆင်ရန်အတွက် သူက စီးကရက်ဗူးများထဲမှ စုဆောင်းထားသည့် ကတ်ပြားလေးများကို ယူလာပေးသည့်အပြင် လင်းချောင်ကို ပုစွန်အရသာချိုချဉ်နှစ်လုံးပါ ပေးလိုက်သေးသည်။
“ငါ့ကို ကိုကိုလို့ ခေါ်နော်။”
လင်းချောင်က သူမ၏ “တူလေး” ပေးသည့် သကြားလုံးကို လက်ခံလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်၏။
“မခေါ်ဘူး။”
“ဘာလို့လဲ။” ကျိဇယ် အံ့သြသွားတော့သည်။
လင်းချောင်က တည်ကြည်သည့် မျက်နှာထားနှင့် ပြောလိုက်၏။
“ညီမက အစ်ကို့ကို ကိုကိုလို့ ခေါ်မယ်ဆိုရင်၊ အစ်ကို့ဦးလေးကိုလည်း ကိုကိုလို့ ခေါ်နေတာပဲလေ။ အဲ့ဒီတော့ အစ်ကိုက သူ့ကို ဘယ်လိုခေါ်ရတော့မှာလဲ။”
ကျိဇယ် စဉ်းစားကြည့်မိရာ အသက် ၆ နှစ် ၇ နှစ်အရွယ် ဦးနှောက်လေးက ဂယောက်ဂယက် ဖြစ်ကုန်ပါတော့သည်။ သူ့ကို ဒီလိုမျိုး ဝေဝေဝါးဝါးဖြစ်အောင် လုပ်ထားခြင်းက ပိုကောင်းသည်။ မဟုတ်လျှင် သူက လင်းချောင်ကို “ကိုကို” ဟု ခေါ်ခိုင်းရန် လိုက်နှောင့်ယှက်နေပါက နောင်တစ်ချိန်တွင် သူ့ဦးလေးထံမှ အရိုက်ခံရကာ လင်းချောင်ကို “အဘွား” ဟု ပြန်ခေါ်နေရဦးမည်။
ကျိသော်က အချိုမကြိုက်ပေ။ ဆယ်ကျော်သက်အရွယ်ကတည်းက မကြိုက်ခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် လင်းချောင်က သကြားလုံးနှစ်လုံးကို သူမနှင့်လာကစားတဲ့ ကုရှောင်ကျန်းက်ို ပေးလိုက်၏။ ရှက်တတ်သည့် မိန်းကလေးငယ်လေးက သကြားလုံးကို သူမထံ ပြန်ပေးရန် ကြိုးစားခဲ့သေးသည်။
လင်းချောင်ကတော့ အတင်း မရရအောင် ပေးလိုက်သည်။ “မမက ညီမလေးကို ဂျင်ပေါက်တတ်အောင် သင်ပေးထားတာ၊ ဒါကြောင့် မမစားရမယ်။”
နောက်ဆုံးတော့ ကုရှောင်ကျန်းက သကြားလုံးကို အိတ်ထဲထည့်လိုက်ပြီး သူမယူလာသည့် ပစ္စည်းလေးတစ်ခုကို လင်းချောင်ထံ ကမ်းပေးလိုက်သည်။
“ရော့... ဒါလေးနဲ့ ကစားကြည့်။”
ထိုအရာသည် အရွယ်အစား ပိုသေးငယ်သည့် ဂျင်နှင့် ကြာပွတ်လေးဖြစ်သည်။ လင်းချောင် စမ်းကစားကြည့်လိုက်ရာ အလေးချိန်နှင့် အရှည်က သူမနှင့် အနေတော်ဖြစ်နေသည့်အတွက် မျက်လုံးလေးများ ကွေးသွားအောင် ပြုံးလိုက်မိသည်။
“ကျေးဇူးပါ မမ။”
ကုရှောင်ကျန်းလည်း စိတ်သက်သာရာရသွားပုံနှင့် ရှက်ပြုံးလေး ပြုံးပြလိုက်၏။
“ရပါတယ်။”
ကျိသော် ကျောင်းသွားနေသည်ဖြစ်၍ လင်းချောင်က ကုရှောင်ကျန်းနှင့် လက်ချင်းချိတ်ကာ အိမ်အနီးအနားရှိ ဂျင်ပေါက်လို့ကောင်းမည့် မြေပြန့်နေရာကို ထွက်လာခဲ့ကြသည်။
သူမသည် ခန္ဓာကိုယ်သေးပြီး အားမရှိသေးသောကြောင့် ဒီဂျင်အသေးလေးက သူမအတွက် အပြည့်အဝ အလုပ်ဖြစ်ခဲ့သည်။ နောက်ဆုံးတွင်တော့ သူမသည်လည်း ဂျင်လည်အောင် လုပ်တတ်သွားသလို၊ ကြာပွတ်ဖြင့်ရိုက်တဲ့ အချိန်အဆလည်း ပိုကောင်းလာ၏။ မိန်းကလေးငယ်နှစ်ယောက် အလှည့်ကျ ကစားနေခဲ့ကြသည်မှာ မွန်းတည့်သွားချိန်အထိပင်။
လင်းချောင်က ကောင်းကင်ကို ကြည့်လိုက်၏။
“ပြန်ကြတော့မလားဟင်။”
ကုရှောင်ကျန်းက ခေါင်းညိတ်ပြီး မြေပြင်ပေါ်မှ ဂျင်ကို ကောက်ရန် ပြင်လိုက်ချိန်တွင်ပဲ အသက် ၈ နှစ် ၉ နှစ်အရွယ် ကောင်လေးတစ်ယောက်က ပြေးလာပြီး ဂျင်ကို ကန်ထုတ်လိုက်သည်။ ဂျင်က အနီးအနားရှိ တံတိုင်းကို “ဖြောင်း” ခနဲ ရိုက်မိသွားပြီး သူတို့၏ ဘေးပတ်လည်မှ ရယ်သံများ ထွက်ပေါ်လာခဲ့၏။
ကုရှောင်ကျန်းလည်း မှင်တက်သွားပြီး မျက်ဝန်းလေးများ နီမြန်းလာခဲ့သည့်တိုင် နှုတ်ခမ်းကိုတော့ တင်းတင်းစေ့ထားပြီး ဘာသံမှ ထွက်မလာခဲ့ပေ။ ကျောင်းက ပြန်လာကြသည့် ကောင်လေးများကတော့ ပိုပြီး အားရပါးရ ရယ်မောကြကာ ဂျင်ကို ဝေးသထက်ဝေးအောင် လိုက်ကန်နေကြသည်။ သူတို့ထဲက တစ်ယောက်က လင်းချောင်ကို လှမ်းအော်လိုက်၏။
“သူ့မိဘတွေက သေကုန်ပြီလေ၊ နင်က ဘာလို့ သူ့နဲ့ ကစားနေတာလဲ။ နင့်ဆီကို ကံဆိုးတာတွေ ကူးလာမှာ မကြောက်ဘူးလား။”
သူ၏ စကားမဆုံးခင်မှာပဲ လင်းချောင် ပစ်ပေါက်လိုက်သည့် ဂျင်အသေးလေးက သူ၏ ရှေ့သွားများကို တည့်တည့်ကြီး မှန်သွားတော့သည်။
သွားလဲရမည့် အရွယ်ဖြစ်၍ ရှေ့သွားက လှုပ်နေသောကြောင့် နာကျင်မှူက ပိုပြင်းပြီး မျက်ရည်များပါ ဝေ့တက်လာတော့သည်။
“နင်... နင်!”
သူက ဒေါသတကြီးနှင့် ရှေ့တိုးလာပြီး လက်နှင့်ရိုက်ရန် ပြင်လိုက်သော်လည်း သူမကို မထိခင်မှာပင် ကောင်မလေးက မြေပြင်ပေါ်ကို လဲကျသွားပြီး အိမ်ခေါင်မိုးပါ ပွင့်ထွက်မတတ် ကျယ်လောင်သည့်အသံဖြင့် အော်ငိုတော့သည်။
“ကိုကိုကျိသော်... ညီမလေးကို ရိုက်နေကြတယ်!”