← Chapters

Extra 8

Vol. 12 Ch. 143

Extra 8

Vol. 12 Ch. 143

လက်လှမ်းလိုက်မိသော ကောင်လေးရော၊ ဘေးနားက ကုရှောင်ကျန်းပါ အံ့သြသွားကြတော့သည်။ လင်းချောင်နှင့် ထိုကောင်လေး ပြဿနာတက်နေသည်ကို မြင်သောအခါ ကုရှောင်ကျန်းသည် သတ္တိမွေးပြီး လင်းချောင်ရှေ့က ကာပေးရန် ပြင်လိုက်သော်လည်း သူမ ခြေလှမ်းရုံရှိသေးချိန်တွင် လင်းချောင်က မြေပေါ်သို့ လဲကျသွားနှင့်ပြီ ဖြစ်သည်။

၎င်းက သူမ၏ ခြေထောက်များကို လေထဲတွင် ရပ်တန့်သွားစေပြီး၊ ပြန်ချရမလို မချရမလိုနှင့် သူမ မြင်လိုက်ရသည်မှာ တကယ်ပဲလားဟုပင် သံသယဝင်သွားစေခဲ့သည်။

တကယ်တမ်းတော့ သူတို့ကြားမှ အကွာအဝေးက ခြေလှမ်းတစ်ဝက်စာလောက် ကျန်သေးသည့်အတွက် ထိရန်ပင် မဖြစ်နိုင်...

တွန်းလိုက်မိသည်ဟု အထင်ခံရသော ကောင်လေးမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ လင်းချောင်၏ ကမ္ဘာပျက်မတတ် အော်ဟစ်သံကြောင့် အလုပ်မှပြန်လာသူများနှင့် ကျောင်းဆင်းလာသူများစွာ စုရုံးရောက်ရှိလာကြတော့၏။ သူက အလိုအလျောက် လက်ကို အမြန်ပြန်ရုတ်ပြီး ပြောလိုက်၏။

“နင်... နင် လျှောက်မအော်နေနဲ့...”

သူ၏ စကားမဆုံးခင်မှာပင် အနောက်မှ အားပြင်းပြင်းဖြင့် တွန်းထုတ်ခြင်း ခံလိုက်ရ၏။

“သူက မိန်းကလေးငယ်လေးတစ်ယောက်ပဲဟာကို မင်းက အနိုင်ကျင့်နေတာလား။”

ငယ်ရွယ်သော ကျိသော်၏ မျက်နှာမှာ ရေခဲတုံးကဲ့သို့ အေးစက်နေသည်။ ကျောင်းသွားပြီး ပြန်လာချိန်တွင် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အပေါ် သူ မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။

ကျိသော်သည် အရပ်ရှည်ပြီး သန်မာသဖြင့် ထိုကောင်လေးသည် ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် မြေကြီးပေါ်သို့ မှောက်လျက်သား လဲကျသွားတော့သည်။ သူ ပါးစပ်ဟလိုက်သောအခါ လင်းချောင် ဂျင်နှင့်ပစ်ပေါက်ထားသော ရှေ့သွားက သွေးများနှင့်အတူ ကျွတ်ထွက်သွားခဲ့ပြီး နာကျင်လွန်းသောကြောင့် သူ အော်ငိုလိုက်တော့သည်။

“ကျွန်တော်... ကျွန်တော် သူ့ကို ထိတောင် မထိရသေးပါဘူး!”

အသက် ၁၃ နှစ် ၁၄ နှစ်အရွယ်ရှိသော သူ၏ အစ်ကိုဖြစ်သူလည်း ထိုနေရာတွင် ရှိနေ၏။ ၎င်းကို မြင်သောအခါ သူတို့အုပ်စုသည် ကျိသော်ကို ဝိုင်းလိုက်ကြသည်။

“မင်းက ဘာလုပ်တာလဲ။ သေချာမြင်လိုက်လို့ ရိုက်တာလား။”

“သူ မထိဘူးဆိုရင် ချောင်ချောင်က သူ့ဘာသာသူ လဲကျသွားတာလား။”

ကျိသော်ကတော့ လုံးဝမယုံကြည်သလို၊ သူ့အရပ်လောက်တောင် မရှိကြသော ထိုကောင်လေးများကိုလည်း ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

ထို့နောက် ကုရှောင်ကျန်းသည် ကျိသော် ထိုအုပ်စုကို လိုက်လံထိုးနှက်ပြီး အဝေးသို့ မောင်းထုတ်နေသည်ကို ငေးကြည့်နေမိတော့သည်။

အထူးသဖြင့် ရှေ့သွားကျိုးသွားသော ကောင်လေးက ငိုယိုရင်း ပြေးထွက်သွားတော့၏။

“မိဘတွေကို သွားပြောမယ်၊ မင်း... မင်းက အနိုင်ကျင့်တဲ့သူပဲ!”

“မင်း နောက်တစ်ခါ သူမကို အနိုင်ကျင့်ရဲသေးရင် ငါကလည်း ထပ်ရိုက်ဦးမှာပဲ။”

ကျိသော်က အေးစက်စွာ ပြောလိုက်ပြီးမှ မြေပြင်ပေါ်မှ ကလေးမလေးကို ကြည့်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။

“ချောင်ချောင်... ဘာဖြစ်သွားသေးလဲ။”

“ဘာမှမဖြစ်ပါဘူး။”

လင်းချောင်က ငိုသံကို ချက်ချင်းရပ်လိုက်ပြီး ထထိုင်ကာ မျက်နှာပေါ်မှ လက်လေးများကို ဖယ်လိုက်သည်။

ကျိသော် သူမကို ချော့မော့ရန် ပြင်လိုက်သော်လည်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ရ၏။ ကောင်မလေး၏ မျက်နှာမှာ သန့်ရှင်းနေပြီး မျက်ရည်တစ်စက်မှပင် မရှိနေသလို၊ မျက်လုံးလေးများလည်း နီမြန်းမနေခဲ့ပေ။ သူမက ဟန်ဆောင်ငိုနေခဲ့သည်လား။

ကျိသော် စိတ်ခံစားချက်များ ဂယောက်ဂယက် ဖြစ်ကုန်တော့သည်။ ခဏအကြာတွင်တော့ သူက လေသံကိုနှိမ့်ပြီး မေးလိုက်၏။

“မင်း တကယ်ပဲ အဆင်ပြေတာလား။”

လင်းချောင်က အပြစ်ကင်းစင်သော မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

၎င်းက ကျိသော်၏ မျက်နှာအမူအရာကို ပို၍ ထူးဆန်းသွားစေခဲ့၏။

“ဒါဆို သူက မင်းကို တကယ် ရိုက်လိုက်တာလား၊ မရိုက်ခဲ့တာလား။”

လင်းချောင်က ဘာမှမပြောဘဲ ကျိသော်၏ တုံ့ပြန်မှုကိုသိချင်သဖြင့် သူ့ကိုသာ မော့ကြည့်နေခဲ့လိုက်သည်။

သူတို့နှစ်ဦး ခဏတာ အကြည့်ချင်း ဆုံနေကြပြီးနောက် ကျိသော်က သူမကို ပွေ့ချီလိုက်ကာ သူမ၏ မျက်နှာလေးကို သူ၏ရင်ခွင်ထဲသို့ ကပ်ထားလိုက်တော့သည်။

“ချောင်ချောင်... မကြောက်နဲ့နော်။ ကိုကို သူတို့ကို မောင်းထုတ်လိုက်ပြီ။”

သူက သူမအင်္ကျီပေါ်မှ ဖုန်များကို ခါပေးလိုက်ပြီး အသံကိုမြှင့်ကာ ပြောလိုက်သည်။

“ဘယ်သူက သူမကို အနိုင်ကျင့်ရဲသေးလဲ ကြည့်ကြသေးတာပေါ့!”

ကျိသော်သည် ကလေးဘဝကတည်းက အလွယ်တကူ လှည့်စား၍ရသူ မဟုတ်ကြောင်း ထင်ရှားနေခဲ့သည်။ သူသည် အခြေအနေကို ချက်ချင်း နားလည်သွားပြီး သူမ၏ ပြဇာတ်ထဲတွင်ပင်ဝင်ရောက် ဆော့ကစားပေးလိုက်သေးသည်။

လင်းချောင် ပြုံးမိလိုက်သော်လည်း သူ၏လည်ပင်းကို တင်းတင်းဖက်ထားကာ တကယ်ကြောက်နေသလိုပုံစံဖြင့် သူ၏ပုခုံးပေါ်တွင် ခေါင်းလေးကို ဝှက်ထားလိုက်သည်။

အဖြစ်အပျက်အားလုံးကို မျက်မြင်တွေ့ခဲ့ရသော ကုရှောင်ကျန်းကတော့ ဆွံ့အ၍ ကျန်ရစ်ခဲ့၏။ သူမကို ပို၍ အံ့သြသွားစေသည့်အရာမှာ ထိုသို့ သရုပ်ဆောင်ခဲ့ပြီးနောက် သူတို့နှစ်ဦးက အိမ်သို့ပြန်ကာ အရင်ဦးအောင် သွားတိုင်ကြခြင်းပင်။

ကျိသော်သည် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် လင်းချောင်ကို ပွေ့ချီထားရင်း ပုံမှန် အပြစ်ပေးခံရသည့် နေရာတွင် မျက်နှာသေသေဖြင့် သွားရပ်နေခဲ့သည်။

တစ်စုံတစ်ယောက်က လာတိုင်တော့မည်ကို သူ သိထားသဖြင့် သူကိုယ်တိုင် အရင် အပြစ်ပေးခံလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ့တွင် တောင်းပန်ရန်တော့ အစီအစဉ် လုံးဝမရှိနေပေ။

တစ်ဖက်တွင်လည်း လင်းချောင်က ဘယ်သူပဲချော့ချော့ ကျိသော်၏ လည်ပင်းကိုသာ တင်းတင်းဖက်ထားပြီး အလွတ်မပေးပေ။ သူမ၏ အစောပိုင်းက အော်ဟစ်သံမှာ အလွန်ကျယ်လောင်လွန်းသဖြင့် အိမ်မှလူများ မကြားခဲ့လျှင်တောင် အနည်းငယ် စုံစမ်းကြည့်ရုံဖြင့် ဘာဖြစ်ခဲ့သည်ကို သိရှိနိုင်သည်။

ရွှီလီသည်လည်း အခြားနည်းလမ်းမရှိတော့သဖြင့် လင်းချောင် ခုနက အနိုင်ကျင့်ခံခဲ့ရလားဆိုသည်ကို ကုရှောင်ကျန်းအား ချော့မော့၍ မေးမြန်းရတော့သည်။

ကုရှောင်ကျန်းကတော့ အလိုအလျောက် သူတို့နှစ်ဦးကို လှမ်းကြည့်မိလိုက်သည်။ ကျိသော်နှင့် လင်းချောင်တို့တွင် တစ်ယောက်က တည်ငြိမ်သောမျက်ဝန်းများဖြင့်၊ နောက်တစ်ယောက်ကတော့ တောက်ပသောမျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်နေခဲ့ကြသည်။

သူမသည် သူမ၏အင်္ကျီကို ဆွဲကိုင်ထားမိပြီးနောက် ခေါင်းငုံ့ထားလိုက်သည်။ သူတို့နှစ်ယောက် အပြစ်ပေးခံရမည်ကို စိုးရိမ်နေမိခြင်းပင်။ အမှန်တကယ်တော့ ယနေ့ ဤကိစ္စဖြစ်ရသည်မှာ သူမကြောင့်သာဖြစ်၏။

မကြာမီမှာပင် ရှေ့သွားကျိုးသွားသော ကောင်လေး၏ မိဘများက သူတို့အိမ်တံခါးဝသို့ ရောက်လာပြီး ရွှီလီထံမှ ရှင်းပြချက်ပေးရန် တောင်းဆိုကြတော့သည်။

ပုံမှန်အားဖြင့် အကျိုးအကြောင်းသင့် တွေးတောတတ်သော ရွှီလီက ပြတ်သားစွာ မေးခွန်းထုတ်လိုက်တော့သည်။

“ဘာဖြစ်လို့ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို ရိုက်ရတာလဲ။”

သုံးနှစ်အရွယ် ကလေးလား။

ကောင်လေး၏ မိဘများသည် ကျိသော်၏ရင်ခွင်ထဲရှိ လင်းချောင်ကို သံသယဝင်စွာဖြင့် လှမ်းကြည့်ကြသည်။ ကောင်မလေးသည် နှုတ်ခမ်းလေးဆူကာ ကြောက်လန့်နေဟန်ဖြင့် ကျိသော်ကိုသာ တင်းတင်းဖက်ထား၏။

တစ်ဖက်တွင် လိမ္မာယဉ်ကျေးပြီး နူးညံ့သော သုံးနှစ်အရွယ် ကလေးမလေး၊ နောက်တစ်ဖက်တွင်တော့ သူတို့၏ ဆိုးသွမ်းလှသော သားဖြစ်သူ။ ကောင်လေး၏ မိဘများသည် ထင်မှတ်ထားသလို ဖြစ်မနေခဲ့သဖြင့် သူတို့သား၏ နဖူးကိုသာ လက်ညှိုးဖြင့်တွန်းလျက်ပြောလိုက်၏။

“ကြည့်စမ်း၊ ကလေးလေးကို အနိုင်ကျင့်နေတာ။ မင်းက အဲ့ဒီလောက်တောင် သတ္တိကောင်းနေတယ်ဆိုရင် အိမ်ကို ငိုပြီးပြန်မလာနဲ့။”

“ကျွန်တော် တကယ် မရိုက်ခဲ့ပါဘူးဆို!”

ကောင်လေးသည် မကျေမနပ်ဖြစ်လွန်းသဖြင့် ငိုချင်သလို ဖြစ်နေသော်လည်း မည်သူကမျှ မယုံကြပေ။

“မင်းမရိုက်ရင် သူမက ဘာလို့ အဲဒီလောက်တောင် အော်ငိုနေမှာလဲ။”

အိမ်အပြန်လမ်းတစ်လျှောက်လုံး သူသည် အဆူခံရရုံသာမက၊ သူ၏ ဒဏ်ရာနှင့် ကျိုးသွားသော သွားကို သတိရကာ ထပ်မံငိုကြွေးမိခဲ့ပြန်သည်။

တစ်ဖက်တွင်လည်း ကျိသော်သည် ယခုတစ်ကြိမ်တွင် အကျိုးအကြောင်း ခိုင်လုံသဖြင့် အပြစ်ပေးခြင်း မခံခဲ့ရပေ။ လင်းချောင်ကို သနားသွားသော ရွှီလီက သူမကို ပွေ့ချီကာ ချော့မော့ပြီး ပေါင်ပေါ်တင်ထားကာ သစ်အယ်သီးများ အခွံနွှာကျွေးနေသည်ကို သူ ကြည့်နေမိ၏။

မိန်းကလေးငယ်လေးသည် လိမ္မာယဉ်ကျေးစွာ ထိုင်နေပြီး သစ်အယ်သီး အဆံလေးများကို ပါးစပ်ထဲ ခွံ့ကျွေးလိုက်တိုင်း “ကျေးဇူးပါ” ဟု ချိုချိုသာသာ ပြောကာ အလွန်အရသာရှိရှိ စားနေလေသည်။

ကျိသော် ထိုမြင်ကွင်းကို ကြည့်ရင်း နှာခေါင်းတစ်ချက် ရှုံ့လိုက်မိ၏။

လင်းချောင် မော့ကြည့်လိုက်ရာ သူနှင့် အကြည့်ချင်းဆုံသွားသဖြင့် ရွှီလီ၏ ပေါင်ပေါ်မှဆင်း၍ သစ်အယ်သီးတစ်လုံးကို လှမ်းယူလိုက်သည်။

သူမ၏ ကလေးသွားလေးများဖြင့် ကိုက်နေသည်ကို မြင်သောအခါ ရွှီလီက ရယ်မောလျက် ပြောလိုက်သည်။

“ချောင်ချောင်... မဝသေးဘူးလား။ မဝသေးရင် အဘွား ထပ်နွှာပေးမယ်လေ။”

လင်းချောင်က ဘာမှပြန်မပြောဘဲ သစ်အယ်သီးခွံကို မရမက ကိုက်ခွဲကာ သူမ၏ လက်ချောင်းလေးများဖြင့် အထဲမှ အနီရောင်အသားကို ဖယ်ထုတ်ရန် ကြိုးစားနေခဲ့သည်။

နေ့လယ်စာ မစားနိုင်တော့မည်စိုးသဖြင့် ရွှီလီက နောက်ထပ် မကျွေးတော့ဘဲ ရပ်လိုက်သည်။ လင်းချောင်သည် နောက်ဆုံးတွင် သစ်အယ်သီး တစ်လုံးကို ခက်ခက်ခဲခဲ နွှာပြီးသွားသောအခါ ကျိသော်ရှိရာသို့ ပြေးသွားလိုက်သည်။

လင်းချောင်က ကျိသော်အနားသို့ သွားကာ လက်လေးကို ကမ်းပေးလိုက်၏။

“ကိုကို့အတွက်။”

“ဪ... သူ့အတွက်လား။”

ရွှီလီက ကျိသော်ကို လှမ်းကြည့်ရင်း ရယ်မောလိုက်သည်။

ကျိသော်သည် အကြည့်ခံရသဖြင့် အနည်းငယ် အနေရခက်သွားကာ လင်းချောင်လက်ထဲမှ သစ်အယ်သီးကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ဒါကို မင်း ကိုက်ထားတာလား။”

လင်းချောင် နွှာထားသည့် ပုံစံမှာ အမှန်ပင် ရှုပ်ပွနေပြီး သစ်အယ်သီး မျက်နှာပြင်မှာလည်း မညီမညာဖြစ်နေခဲ့ကာ အသားအချို့ပင် ပဲ့နေလေသည်။ သို့သော် သူမသည် လူကောင်သေးသေးလေးဖြစ်ပြီး အားမရှိသလို လက်ချောင်းလေးများကလည်း မသွက်လက်သေးသဖြင့် ဒါက သူမ အကောင်းဆုံး လုပ်ထားခြင်းပင်။

လင်းချောင်က ထိုသစ်အယ်သီးကို ပြန်ကြည့်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။ သူမဘာသာပဲ ပြန်စားရန် ပြင်လိုက်စဉ်တွင် ကျိသော်က လက်လှမ်းကာ သစ်အယ်သီးကို ယူလိုက်၏။

“ဒီတစ်ခါပဲရမှာနော်။”

“ဒီတစ်ခါပဲ” ဟု ဆိုခဲ့သော်လည်း နောက်တစ်နေ့တွင် လင်းချောင်က အဘိုးဝယ်ပေးသည့် သကြားချောင်းကို ယူလာပြီး သူ့ကို မြည်းကြည့်ခိုင်းပြန်သည်။ သူသည် မျက်နှာသေသေနှင့် နေနေခဲ့သေးသော်လည်း နောက်ဆုံးတွင်တော့ တစ်ကိုက်ကိုက်ပေးလိုက်ရသည်။

သို့သော်လည်း ထိုသို့ အော်ငိုခဲ့သည့် ကိစ္စကြောင့် ဆိုးသွမ်းသော ကလေးများက လင်းချောင်ကို “အငိုသန်လေး” ဟု နာမည်ပြောင် ပေးလိုက်ကြ၏။

သူမသည် ကျိမိသားစုနှင့်အတူ နေထိုင်သဖြင့် ကျိသော်နှင့် သူ၏ သူငယ်ချင်းများဖြင့်သာ ကစားလေ့ရှိသည်။ ယခုအခါ လူများစွာက သူမအကြောင်းကို သိနေကြပြီဖြစ်သလို၊ သူမသည် ကျိသော်၏ ကလေးသတို့သမီးလောင်း ဖြစ်ကြောင်းကိုလည်း သိရှိသွားကြလေပြီ။

ကျိသော်ဘက်တွင် ဘာတွေဖြစ်နေလဲဆိုသည်ကို လင်းချောင် အတိအကျမသိသော်လည်း ဒီကိစ္စနှင့် ပတ်သက်၍ စနောက်ရဲသူမှန်သမျှ အရိုက်ခံရလိမ့်မည်ဆိုသည်ကိုတော့ သူမ ခန့်မှန်းမိသည်။ သူမဘက်တွင်တော့ ကျိသော် ကျောင်းသွားသည့်အချိန်ဆိုလျှင် ကုရှောင်ကျန်းနှင့်အတူ ကစားလေ့ရှိပြီး၊ တစ်ခါတရံတွင် ဟိုကလေးတစ်သိုက်နှင့် ပြန်ဆုံတတ်သည်။

ကလေးများက “ကလေးသတို့သမီးလောင်း” ဆိုသည့် အဓိပ္ပာယ်ကို သေချာနားမလည်ကြသော်လည်း လင်းချောင်ကို စနောက်ရန်အတွက်တော့ အသုံးချနေကြဆဲပင်။

အထူးသဖြင့် ဟိုနေ့က ကောင်လေးဆိုလျှင် သူမကို “ကလေးသတို့သမီးလောင်း” ၊ “အငိုသန်လေး” မကြာခဏ လိုက်ခေါ်နေတတ်သည်။

လင်းချောင်ကတော့ ဒီကောင်လေးသည် မှတ်လောက်သားလောက်အောင် အရိုက်မခံရသေးဘူးဟုသာ တွေးမိခဲ့သည်။ ဒီတစ်ကြိမ်တွင်တော့ ထိုကောင်လေး အနားကိုတောင် မရောက်လာသေးခင်တွင်ပဲ သူမက သူရှိရာ ပြေးသွားပြီး အချိန်ကိုက် မြေပြင်ပေါ်မှာ လှဲချလိုက်ကာ အော်ဟစ်ပြန်တော့သည်။

“ကိုကိုကျိသော်... သူ ကျွန်မကို ထပ်ရိုက်ပြန်ပြီ!”

တကယ်တမ်းတွင်တော့ မည်မျှ ဆိုးရွားသည့်ကလေးဖြစ်စေ၊ သူမက အနားကို အတင်းပြေးလာပြီး အတင်းငိုပြလိမ့်မည်ဟုတော့ မျှော်လင့်ထားမိခဲ့မည် မဟုတ်ပေ။

မျှော်လင့်ထားတဲ့အတိုင်း ကျိသော်က သူတို့ကို ထပ်ပြီး ကောင်းကောင်းဆုံးမလိုက်ပြန်သည်။ တတိယအကြိမ် ပြန်ဆုံသည့်အခါတွင်တော့ တစ်ဖက်က စကားတောင် မပြောရသေးခင် လင်းချောင်သည် သူတို့ထံပြေးလာရန် ပြင်လိုက်သည့်အတွက် ကလေးတစ်သိုက်လုံး ဖရိုဖရဲ ထွက်ပြေးကြလေတော့သည်။

ကုရှောင်ကျန်းကတော့ အံ့သြနေခဲ့မိ၏။ ယခင်ကဆိုလျှင် သူမသည် ထိုသူတို့ကို အမြဲရှောင်နေခဲ့ရသည်။ ယခုတော့ သူတို့က တစ်စုံတစ်ယောက်ကို ပြန်ရှောင်နေရသည်ကို သူမ မြင်နေရ၏။

မိန်းကလေးငယ်လေး၏ မျက်လုံးဝိုင်းဝိုင်းလေးများကို ကြည့်ပြီး လင်းချောင်က တည်ငြိမ်သည့်မျက်နှာထားနှင့် ပြောလိုက်သည်။

“ကလေးတွေက စကားနားမထောင်ဘူးဆိုရင် ရိုက်ပေးရတယ်၊ တစ်ခါရိုက်လို့ မရရင် နှစ်ခါရိုက်ရမှာပေါ့။”

ဒီလိုပြောနေသည့် သူမ၏ပုံစံလေးက ဘယ်လောက်တောင် ချစ်စရာကောင်းနေသလဲဆိုသည်ကို သူမကိုယ်တိုင်ပင် သိပုံမရပေ။ သူမထက် ပိုပြီး ကလေးဆန်သူ ရှိနိုင်ဦးမည်လား။

ကုရှောင်ကျန်း ရယ်မောခဲ့သော်လည်း စိုးရိမ်သည့်ပုံစံနှင့် မေးလိုက်သည်။

“ဒါက အစ်ကိုကျိသော်အတွက် ပြဿနာဖြစ်မသွားနိုင်ဘူးလားဟင်။”

တစ်ခါတရံတွင် ရှောင်ကျန်းသည် အလွန်အမင်း အလိုက်သိလွန်းသည်၊ ကြောက်တတ်သည်၊ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်နေတတ်သည်၊ ထို့ကြောင့် ဘယ်လိုမတရားမှုမျိုးကိုမဆို ဘာမှမပြောဘဲ ကြိတ်မှိတ်ခံစားနေခဲ့မိသည်။

သို့သော်လည်း သည်းခံလေလေ၊ အခြားသူများက ဤသူသည် အနိုင်ကျင့်၍ရသည့်သူဟု ပိုပြီး ထင်လာလေလေဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်သည် အနိုင်ကျင့်၍ရသူ မဟုတ်ဘူး ဆိုသည်ကို ပြလိုက်လျှင် အခြားသူများက သင့်ကို ထပ်ပြီး အနှောင့်အယှက်ပေးရန် နှစ်ခါပြန် စဉ်းစားမိကြလိမ့်မည်။

လင်းချောင်က ရဲရဲဝံ့ဝံ့ပဲ ပြောလိုက်၏။ “ဒါပေမဲ့ ညီမလေး အနိုင်ကျင့်ခံရရင် ကိုကိုကျိသော်က ညီမလေးကို သနားမှာလေ။”

ဒါကတော့ ကုရှောင်ကျန်း တစ်ခါမှ မစဉ်းစားဖူးသည့် ရှုထောင့်တစ်ခု ဖြစ်နေသောကြောင့် သူမ အတော်အံ့အားသင့်သွားခဲ့ရသည်။

လင်းချောင်က လက်ညှိုးလေးများ ချိုးပြီး ရေတွက်ပြ၏။ “ကိုကိုကျိသော် တစ်ယောက်တည်းတင် မဟုတ်ဘူး။ အဘိုး၊ အဘွားနဲ့ ကိုကိုသာ့ဝေတို့ အားလုံးက ကျွန်မကို သနားကြမှာ။”

သူမ၏ လက်ချိုးရေတွက်ပုံမှာ အနည်းငယ် ရှုပ်ထွေးနေသော်လည်း ကုရှောင်ကျန်းကို သိစေချင်သည့် အဓိပ္ပာယ်ကတော့ ရှင်းလင်းပေါ်လွင်နေသည်။

“အခုတော့ အဆင်ပြေသွားပါပြီ။ သူတို့ ညီမလေးကို ထပ်ပြီး အနိုင်မကျင့်ရဲတော့ဘူး။ ကိုကိုကျိသော်၊ အဘိုး၊ အဘွားနဲ့ ကိုကိုသာ့ဝေတို့လည်း ညီမလေးအတွက် စိတ်ပူစရာ မလိုတော့ဘူးပေါ့။”

ယခုအချိန်သည် ထိုခက်ခဲလှသော (၁၀) နှစ်တာကာလ၏ အစောပိုင်းအချိန်များသာ ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် လင်းချောင် အနည်းငယ် ကြောက်မိနေ၏။ သူမသည် ဤနေရာတွင် မည်မျှကြာကြာ နေနိုင်မည်လဲ၊ သို့မဟုတ် ရှောင်ပင်းနှင့် ရှောင်ကျန်းတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်ရန် ဘာများလုပ်ပေးနိုင်မည်လဲဆိုသည်ကို သူမ မသိနေခဲ့ပေ။ သူမ လုပ်ပေးနိုင်သည်မှာ ရှောင်ကျန်းကို ငြိမ်ခံမနေတတ်အောင် သင်ပေးနိုင်ခြင်းသာရှိသည်။

ငြိမ်ခံမနေနှင့်၊ အနိုင်ကျင့်ရလွယ်သောသူဟု အထင်မခံရစေနှင့်။

ကုရှောင်ပင်းသည် သူမအတွက် မားမားမတ်မတ် ရပ်တည်ပေးရန် အသင့်ရှိသလို ကျိသော်နှင့် စူးကျန့်တို့ကလည်း ထိုနည်းအတိုင်းပင်။

တစ်စုံတစ်ယောက်က သူမကို ထိပါးရန် ကြိုးစားလာပါက၊ ထိုသူတို့ နောက်တစ်ကြိမ် မနှောင့်ယှက်ရဲအောင် အရင်ဆုံး ထိခိုက်နာကျင်သွားအောင်တော့ ပြုလုပ်ရလိမ့်မည်။

လင်းချောင်သည် ရှောင်ကျန်း နားလည်နိုင်မလား မသိသော်လည်း၊ သူမ ရှိနေသရွေ့တော့ မည်သူ့ကိုမျှ အနိုင်ကျင့်ခွင့် သို့မဟုတ် အခွင့်အရေးယူခွင့် ပေးမည်မဟုတ်ပေ။ သူမသည် သူမ၏ ကြာပွတ်လေးကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။

“နောက်တစ်ခါ ကိုကိုကျိသော် မရှိတဲ့အချိန် သူတို့ ရောက်လာရင်၊ မမက ကျွန်မကို ကူပြီး သူတို့ကို ရိုက်ပေးရမယ်နော်!”

မိန်းကလေးငယ်လေး၏ မျက်ဝန်းများမှာ ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေခဲ့သည်။ ကုရှောင်ကျန်းသည်လည်း တာဝန်သိစိတ်ဖြင့် ပြန်ဖြေလိုက်၏။

“အင်း... အင်းပါ။”

သို့သော် လင်းချောင်၏ စကားများက အတိတ်နိမိတ်ကဲ့သို့ ဖြစ်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ရက်အနည်းငယ်အကြာတွင် ကျိသော် နေမကောင်းဖြစ်သွားသောကြောင့်ပင်။

ထိုနေ့က ယန်ဒူတွင် နှင်းများ စတင်ကျဆင်းနေပြီဖြစ်ပြီး အိမ်ခေါင်မိုးများနှင့် သစ်ကိုင်းဖျားများပေါ်တွင် အဖြူရောင်အလွှာများ ဖုံးလွှမ်းနေသည်။ လင်းချောင်သည် ကြိုးဖြင့်ချည်ကာ လည်ပင်းတွင် ဆွဲထားရသော လက်အိတ်ထူကြီးများ၊ ဂွမ်းအင်္ကျီ၊ ပုဝါနှင့် ဦးထုပ်တို့ကို နွေးထွေးလုံခြုံအောင် ဝတ်ဆင်ထားရသည်။သူမသည် ကျိသော်၏ နောက်မှ လိုက်လာခဲ့ရာ လမ်းလျှောက်ရသည်မှာ မမီမကမ်း ဖြစ်နေတော့၏။

“လျှောက်နိုင်ရဲ့လား။”

ကျိသော်က သူမ ရုန်းကန်နေရသည်ကို မြင်သောအခါ လှည့်ကြည့်ပြီး သူမကို ပွေ့ချီလိုက်သည်။

သူသည် သူမကို အမှန်တကယ်ပင် လက်မောင်းအောက်မှမကာ ပွေ့ချီလိုက်ခြင်း ဖြစ်သည်။ လင်းချောင်လည်း စက္ကန့်အနည်းငယ်မျှ ကြောင်သွားပြီးမှ ခြေထောက်ကိုယမ်းကာ အော်လိုက်၏။

“အောက်ချပေးပါ!”

ရွှီလီက မြင်သွားပြီး လှမ်းပြောလိုက်သည်။“ချောင်ချောင်ကို ပြုတ်မကျစေနဲ့နော်။”

“ဟုတ်ကဲ့။”

All Chapters