Extra 9
Vol. 12 Ch. 144
ကျိသော်က ပြန်ဖြေလိုက်ပြီး သူမကို ပို၍ သက်သောင့်သက်သာရှိသော ပုံစံဖြင့် ပြောင်းချီလိုက်သည်။ အိမ်ဝင်းထဲမှ ထွက်လာချိန်တွင် သူ၏ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့ချင်သလို ဖြစ်နေ၏။
အစပိုင်းတွင် လင်းချောင် ဘာမှသတိမထားမိသော်လည်း ခဏအကြာတွင်တော့ ကျိသော်၏ ပွေ့ချီထားသောလက်များက တဖြည်းဖြည်း လျော့ရဲလာခဲ့သည်။
သူမ လျှောကျတော့မည်ကို ခံစားမိသဖြင့် လင်းချောင်သည် အလိုအလျောက် သူ၏လည်ပင်းကို ဖက်လိုက်ပြီး သူမ၏ ပါးလေးကို သူ၏ပါးနှင့် ကပ်လိုက်ရာ သူ၏မျက်နှာက ပူကျစ်နေသည်ကို သ်ိလိုက်ရသည်။ သူမလည်း အထင်မှားမည်စိုးသဖြင့် လက်အိတ်ကို ချွတ်လိုက်ပြီး သူမ၏ လက်ကလေးဖြင့် ကျိသော်၏ လည်ပင်းကို စမ်းကြည့်လိုက်သည်။
ကျိသော်၏ တုံ့ပြန်မှုကလည်း ပုံမှန်ထက် နှေးကွေးနေသည်။ “ဘာလုပ်တာလဲ။”
“ကိုကို... ကိုကို နေမကောင်းဘူး။” လင်းချောင်က ပြောလိုက်သည်။ “ကိုကို ကိုယ်ပူနေတယ်။”
“အဲ့ဒါ မင်းလက်က အေးနေလို့ပါ။” ကျိသော်က မယုံကြည်သေးပေ။
လင်းချောင်လည်း လှည့်ကြည့်ပြီး ကုရှောင်ပင်းကို လှမ်းခေါ်လိုက်သည်။
“ကိုကိုရှောင်ပင်း.. အမြန်လာပါဦး။ ကိုကိုကျိသော် နေမကောင်းဖြစ်နေတာလား ကြည့်ပေးပါဦး။”
ကုရှောင်ပင်း ရောက်လာပြီး စမ်းကြည့်လိုက်ရာ ကျိသော် ကိုယ်ပူနေသည်မှာ သေချာနေခဲ့သည်။ ထို့အပြင် ကျိသော်၏ လည်ပင်းတွင် အရည်ကြည်ဖုအသစ်အချို့ ထွက်နေသည်ကိုလည်း သူ သတိပြုမိသွားခဲ့၏။
ကစားချိန် ပြီးဆုံးသွားပြီဖြစ်သည်။
သူတို့သည် အိမ်သို့ ချက်ချင်း ပြန်လှည့်လာကြရာ ရွှီလီက မြင်မြင်ချင်းပင် မျက်မှောင်ကြုတ်မိလိုက်၏။
“သူက ရေကျောက်ပေါက်တာပဲ။”
နောင်လာမည့် ဆယ်စုနှစ်များစွာနှင့် မတူဘဲ ထိုခေတ်အခါတွင် ရေကျောက်အတွက် ကုသရန် ဆေးဝါးသိပ်မရှိသဖြင့် သူ့အလိုလို ပျောက်ကင်းသွားသည်အထိသာ စောင့်ဆိုင်းကြရသည်။
လင်းချောင်သည် ငယ်ရွယ်သေးသဖြင့် ရောဂါကူးစက်ရန် ပို၍လွယ်ကူသော အရွယ်ဖြစ်သလို ရေကျောက်လည်း မပေါက်ဖူးသေးသောကြောင့် ကျိသော်နှင့် ခွဲထားခြင်း ခံလိုက်ရသည်။
ကျိသော်ကတော့ သူ၏အခန်းထဲတွင် တစ်ယောက်တည်း လဲလျောင်းနေရပြီး ရုတ်တရက်ဆိုသလို အထီးကျန်ဆန်သော ခံစားချက်ကို ခံစားခဲ့ရတော့သည်။
လင်းချောင်သည် ဆူညံတတ်သူမျိုး မဟုတ်ပေ။ များသောအားဖြင့် သူမသည် အလွန်ငြိမ်သက်သည်။ မုန့်ကိုလည်း ငြိမ်ငြိမ်လေးစားပြီး၊ အိပ်လျှင်လည်း ငြိမ်ငြိမ်လေးအိပ်ကာ သူ၏ဘေးတွင် ဖန်ဂေါ်လီများဖြင့် ငြိမ်သက်စွာ ဆော့ကစားတတ်သူဖြစ်သည်။
သူ အိမ်စာလုပ်နေစဉ် မော့ကြည့်လိုက်တိုင်း သူမ လိမ္မာယဉ်ကျေးစွာ ထိုင်နေသည်ကို အမြဲမြင်တွေ့ရတတ်သည်။ ယခု သူမ မရှိတော့သည့်အခါ သူ အနည်းငယ် အနေရခက်လာ၏။ သူသည် စောင်ထဲတွင် ရုပ်ပြစာအုပ်တစ်အုပ်ကိုဖတ်ကာ ကွေးနေခဲ့သော်လည်း ခဏအကြာတွင်တော့ ထိုပုံရိပ်လေးကို ရှာဖွေရန် မော့ကြည့်မိခဲ့ပြန်သည်။
သူ မော့ကြည့်လိုက်သောအခါ ပြတင်းပေါက်ဘောင်ပေါ်မှ ချောင်းကြည့်နေသော ရင်းနှီးနေသည့် မျက်နှာလေးကို တွေ့လိုက်ရ၏။ သူက သူမကို ကြည့်ပြီး ဆူလိုက်သည်။
“အပြင်မှာ မအေးဘူးလား။ ဘာလို့ ပြတင်းပေါက်ကို လာမှီနေတာလဲ။”
အပြင်မှာ အေးသည်။ လင်းချောင်သည် လူကောင်သေးသေးလေးဖြစ်သည့်အတွက် အထဲကိုမြင်ရရန် ခြေဖျားထောက်ပြီး ကြည့်နေခဲ့ရသည်။ သို့သော်လည်း သူမ သူ့အတွက် စိုးရိမ်နေမိသည်။ သူမ သိကျွမ်းခဲ့ဖူးသော ကျိသော်သည် အလွန်သန်မာပြီး ဘယ်တုန်းကမှ ဖျားနာခြင်းမရှိခဲ့ဖူးသူဟု ထင်ရသော်လည်း၊ ယခုမြင်တွေ့နေရသော ကျိသော်ကတော့ ရေကျောက်ပေါက်နိုင်သည့် ကောင်လေးတစ်ယောက်သာ ဖြစ်နေသေးသည်။
သူမသည် ငယ်သေးသည့်အတွက် ပြတင်းပေါက်တွင် ခေတ္တရပ်နေရုံနှင့် ခြေထောက်များ ညောင်းလာခဲ့သည်။
လင်းချောင်က ခဏနားပြီး ထပ်ကြည့်ရန်ပြင်လိုက်စဉ်တွင်ပဲ ကျိသော်၏လက်က ပြတင်းပေါက်မှန်ကို လာခေါက်ခဲ့သည်။
“အထဲကို ပြန်ဝင်တော့။”
သူခေါက်လိုက်သည့်အသံမှာ ကျယ်လောင်လှသဖြင့် သူသည် ဘာမှမဖြစ်နေသလိုပင်။ လင်းချောင်လည်း စိတ်အေးသွားပြီး ထွက်သွားခဲ့တော့၏။
နှစ်ရက်အတွင်းမှာပဲ သူမပါ ရောဂါကူးစက်ခံလိုက်ရတော့သည်။ မနက်နိုးလာသောအခါ ခေါင်းထဲတွင် မူးဝေနေပြီး တစ်ကိုယ်လုံး ယားယံနေကာ အင်္ကျီအောက်ထဲအထိ ကုတ်၍မရနိုင်သော နေရာများကပါ ယားယံလာတော့သည်။
လူကြီးတစ်ယောက်၏ ဝိညာဉ်ပိုင်ရှင်ဖြစ်သဖြင့် လင်းချောင်သည် သူမလည်း ရေကျောက်ပေါက်ပြီဆိုသည်ကို ချက်ချင်းသိလိုက်သည်။ ဒါကြောင့် သူမ စဉ်းစားလိုက်ပြီး ကျိသော် မနက်စာလာစားသည့်အချိန်တွင် သူ့ကို ဘေးသို့ဆွဲခေါ်ကာ ပြောလိုက်သည်။
“သတင်းကောင်းတစ်ခုရှိတယ်၊ ညီမလေးတို့ ခွဲနေစရာ မလိုတော့ဘူး။”
ထိုအချိန်တွင် ကျိသော်၏ မျက်နှာက လုံးဝအံ့သြမှင်တက်သွားကာ ချက်ချင်းဆိုသလို မျက်နှာပျက်သွားတော့သည်။
လင်းချောင်ပါ ရေကျောက်ပေါက်သွားပြီဖြစ်သည့်အတွက် ညဘက်တွင် သူမကို မည်သို့စောင့်ရှောက်မည်နည်းဟူသော မေးခွန်းက ထွက်ပေါ်လာတော့သည်။ သူမကိုယ်သူမ လူကြီးဝိညာဉ်ရှိသည်ဟု ယူဆထားသဖြင့် မည်သူ့ကိုမှ ဒုက္ခမပေးချင်သောကြောင့် အိမ်သို့စပြောင်းလာကတည်းက အဘွားရွှီလီ၊ အဘိုးကျိတို့နှင့် အတူမအိပ်ဘဲ ကိုယ်ပိုင်အခန်းနှင့်နေမည်ဟု ဇွတ်အတင်း တောင်းဆိုထားခဲ့သည်။
ယခု သူမ နေမကောင်းဖြစ်နေချိန်တွင်လည်း တစ်ယောက်တည်း ဆက်အိပ်မည်ဆိုလျှင် အဘိုးနှင့်အဘွားက ခွင့်ပြုမည်မဟုတ်ပေ။ သို့သော် လင်းချောင်ကလည်း အဘိုးအဘွားများနှင့် သွားမအိပ်ချင်ပေ။
“သူမကို ကျွန်တော့်အခန်းထဲမှာပဲ အိပ်ခိုင်းလိုက်ပါ။ ကျွန်တော်လည်း သက်သာနေပြီပဲ။”
ကျိသော်က အကြံပြုလိုက်သည်။
အဘိုးကြီးနှင့်အဘွားကြီးက ကန့်ကွက်ချင်သော်လည်း ကျိသော်ကတော့ လင်းချောင်၏ ခေါင်းအုံးလေးနှင့် စောင်လေးကို သူ၏အခန်းထဲသို့ ယူသွားနှင့်ပြီဖြစ်သည်။ အိပ်ရာဝင်ချိန်တွင် သူသည် ရေနွေးဇလုံတစ်ခု ပြင်ဆင်လာပြီး ကောင်မလေးကို အိပ်ရာနားတွင် ထိုင်ခိုင်းကာ ခြေထောက်ဆေးပေးသည်။ ၎င်းသည် ရင်းနှီးကျွမ်းဝင်သော အခြေအနေမျိုးမဟုတ်ဘဲ ကျိသော်က သူမ၏ ခြေကျင်းဝတ်ကို ပထမဆုံးအကြိမ် ကိုင်တွယ်ဖူးခြင်း ဖြစ်သည်။ သူမ၏ ခြေထောက်လေးများက သေးငယ်ပြီး ခြေတံက တိုသည့်တိုင် ကျိသော် သူမ၏ ခြေအိတ်လေးကိုချွတ်ရန် ပြင်လိုက်သောအခါ သူမ အလိုအလျောက် နောက်သို့ ပြန်ဆုတ်မိခဲ့သည်။
ယခုအချိန်တွင် ကျိသော်၏လက်များမှာ နောင်တွင်ဖြစ်လာမည့် သန်မာမှုမျိုး မရှိသေးဘဲ သွယ်လျနေဆဲဖြစ်သည့်တိုင် သူက သူမကို တင်းတင်းကျပ်ကျပ်ကိုင်ထားပြီး စိတ်မရှည်သလို ကြည့်လိုက်၏။
“မလှုပ်နဲ့။”
နောင်တစ်ချိန်တွင် နျန်နျန်အပေါ် ဆက်ဆံပုံနှင့် မတူပေ။ နျန်နျန်က ခြေထောက်ဖြင့် ကန်လိုက်လျှင်တောင် သူက အမြဲတမ်းလိုလို စိတ်ရှည်ပေးတတ်ပြီး နျန်နျန်၏ ခြေထောက်လေးများကိုတောင် နမ်းတတ်သူဖြစ်သည်။ သို့သော် အခုလိုလုပ်ပေးနေသည်က သူမကို သူ အရင်က ပြောဖူးသကဲ့သို့ သမီးအရင်းတစ်ယောက်လို သဘောထားနေခြင်းလား။
လင်းချောင် ထပ်မလှုပ်တော့ဘဲ ကျိသော်က သူမ၏ ခြေထောက်လေးများကို ရေဇလုံထဲ ထည့်ပေးနေသည်ကို ငြိမ်ခံနေလိုက်သည်။ ကျိသော်ကတော့ နှာခေါင်းရှုံ့ရင်း ပြောလိုက်၏။
“ဘာလို့ ဒီလောက် နံနေတာလဲ?”
လင်းချောင်လည်း အရှုံးမပေးပေ။ “ကိုကို့ ခြေထောက်ကျတော့ မနံဘူးလား။”
သူ ဘာလို့ ဒီလောက် ရိုင်းရသည်လဲ။ ယခင်က အရာရှိအိုကြီးတောင် သူမကို ရုပ်မဆိုးပါဘူးဟုသာ ပြောခဲ့ဖူးသည်။
ကျိသော်လည်း စဉ်းစားကြည့်လိုက်ရာ သူ၏ခြေထောက် မနံနေဘူးဟုလည်း တပ်အပ်မပြောနိုင်မှန်း သိသွား၏။ သူ စကား ဆက်မပြောတော့ဘဲ လင်းချောင်၏ ခြေထောက်ကို အမြန်ဆေးပေးကာ အိပ်ရာထဲသို့ ထည့်ပေးလိုက်သည်။
သူသည် သူမကို ညင်ညင်သာသာ သိပ်ခဲ့ခြင်းမျိုး မဟုတ်သော်လည်း သန်းခေါင်ယံအချိန်တွင် လင်းချောင် ကိုယ်ပူတက်လာပြီး အလိုအလျောက် နွေးထွေးမှုကို ရှာဖွေမိသောအခါ သူက “ဒုက္ခများလိုက်တာ” ဟုသာ တိုးတိုးလေး ညည်းတွားခဲ့ပြီး ဘာမှတွေဝေမနေခဲ့ဘဲ လင်းချောင်ကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
ကောင်လေးသည် ကိုယ်လုံးသွယ်လျသဖြင့် သူ၏ညှပ်ရိုးများမှာ ခေါင်းအုံးအိပ်ရန် အနည်းငယ် မာတောင့်နေသော်လည်း၊ သူ၏ရင်ခွင်မှာမူ မီးဖိုတစ်ခုကဲ့သို့ နွေးထွေးနေခဲ့သည်။ လင်းချောင် သူ၏အနားသို့ တိုးကပ်လိုက်သည်နှင့် အချမ်းဒဏ် လျော့ပါးသွားခဲ့၏။ သူမသည် အလိုအလျောက် သူ၏လက်မောင်းကို လှမ်းဖက်ကာ ရင်ခွင်ထဲသို့ ပို၍တိုးဝင်လိုက်သည်။
အိပ်ချင်မူးတူး အခြေအနေတွင် သူမသည် သူမကို ဖက်ထားသူမှာ ရင်းနှီးနေသော ကျိသော်ဟု ထင်မှတ်မိကာ တိုးတိုးလေး ခေါ်လိုက်မိသည်။
“ကျိသော်...”
“အခုကျတော့ ကိုကိုလို့တောင် မခေါ်တော့ဘူးလား။” အိပ်ချင်မူးတူးဖြစ်နေသော ကောင်လေး၏ အသံတွင် မကျေနပ်မှုများ ပါဝင်နေခဲ့သည်။
လင်းချောင်ကတော့ ထိုစကားကို သေချာမကြားရဘဲ ထိုသူသည် ပြန်မထူးသေးဘူးဟု ထင်မှတ်ကာ ထပ်ခေါ်လိုက်ပြန်သည်။
“ကျိသော်...”
“အင်း... ဒီမှာရှိတယ်။” ကောင်လေးက စိတ်ရှည်စွာဖြင့် ပြန်ထူးလိုက်လေသည်။
ထိုအခါမှ လင်းချောင် စိတ်အေးသွားတော့၏။ သူမသည် သူ၏ရင်ခွင်ထဲသို့ ပိုတိုးဝင်လိုက်ပြီး သူ၏ နုပျိုနေဆဲဖြစ်သော မေးလေးကို တစ်ချက် နမ်းလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က ထိရုံမျှသာ ဖြစ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ သူမက သေသေချာချာ နမ်းလိုက်ခြင်း ဖြစ်သည်။ မိန်းကလေးငယ်လေး၏ နှုတ်ခမ်းလေးမှာ နူးညံ့လွန်းသလို၊ သူ၏ရင်ခွင်ထဲသို့ အတင်းတိုးဝင်နေသော ခန္ဓာကိုယ်လေးသည်လည်း ပို၍ပင် နူးညံ့နေခဲ့သည်။
ကျိသော်၏ တစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ သူသည် စောင်ကို ဆွဲတင်ကာ အသေအချာ ခြုံပေးလိုက်ပြီး ဆိုလိုက်၏။
“အိပ်တော့။”
သူ့အမေ သူ့ကို ညီမလေးတစ်ယောက် မမွေးပေးခဲ့သည်မှာ တော်သေးသည်၊ ညီမလေးတစ်ယောက်ကို စောင့်ရှောက်ရသည်က တကယ်ကို ဒုက္ခများလှပါသည်ဟုပင် သူ တွေးမိနေခဲ့သည်။
ဒုက္ခများလှသော ညီမငယ်လေးကတော့ လူသားအပူပေးစက်လေး ရထားသဖြင့် ညဉ့်သန်းခေါင်ယံအချ်ိန်တွင် အချမ်းဒဏ်ကို မခံစားရတော့ဘဲ မနက်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။
နွေးထွေးနူးညံ့သော ခေါင်းအုံးလေးကို ဖက်ထားခဲ့သော ကျိသော်သည်လည်း ထိုဆောင်းနံနက်ခင်းတွင် အိပ်ရာထဲ၌ အချိန်အတော်ကြာအောင် အိပ်နေခဲ့မိသည်။ ရွှီလီသည် သူတို့ထံ နှစ်ကြိမ်တိုင်တိုင် လာကြည့်ခဲ့သော်လည်း နှိုးမသွားခဲ့ပေ။
နောက်ဆုံး သူတို့နှစ်ဦးလုံး အိပ်ရာမှနိုးလာကြသောအခါ လင်းချောင်၏ မျက်နှာတွင် ရေကျောက်တစ်လုံး ထွက်နေသည်ကို တွေ့လိုက်ရ၏။
ဒါကို ကျိသော်က အရင်ဆုံး သတိပြုမိခြင်း ဖြစ်သည်။ ကောင်လေးက မျက်မှောင်ကြုတ်ကာ သူမ၏ မျက်နှာကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ မအောင့်နိုင်ဘဲ ရယ်မောလိုက်၏။ လင်းချောင်သည် ထိုအဖုလေးကို လက်ဖြင့်စမ်းကြည့်ရန် ပြင်သော်လည်း ကောင်လေးက သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။
“မကုတ်နဲ့။ အဲဒါကို ဖောက်လိုက်ရင် အမာရွတ် ကျန်ရစ်ခဲ့လိမ့်မယ်၊ ပြီးရင် မင်းမျက်နှာတစ်ခုလုံး ကျောက်ပေါက်ရာတွေနဲ့ ပြည့်သွားလိမ့်မယ်။”
မျက်နှာတွင် ကျောက်ပေါက်ရာများ ဖြစ်သွားမည်ဟု ခြောက်လှန့်ခြင်းမှာ ကလေးများကို ခြောက်လှန့်လေ့ရှိသော နည်းလမ်းဟောင်းတစ်ခု ဖြစ်သည်။ ယခင်ဘဝက လင်းချောင်၏ အိမ်နီးချင်း အဘွားဆိုလျှင်လည်း သူမ၏ မြေးကို ထမင်းကုန်အောင် စားစေချင်သဖြင့် ဤနည်းအတိုင်း ခြောက်လှန့်လေ့ရှိသည်။
မမျှော်လင့်ထားဘဲ ငယ်ရွယ်သော ကျိသော်ကလည်း သူမကို ဤနည်းဖြင့် ခြောက်လှန့်နေသည်။ ထို့အပြင် သူ ခုနက ရယ်လိုက်သေး၏။
အရာရှိအိုကြီး ကျိသော်သည် သူမနှင့် နှစ်ပေါင်းများစွာ အတူနေခဲ့သော်လည်း ရှားရှားပါးပါးမှသာ ပြုံးတတ်သူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ သူမ ရေကျောက်ပေါက်နေသည်ကို မြင်ရုံဖြင့် သူက ရယ်မောနေခဲ့သည်။
လင်းချောင် ထိုကောင်လေးကို ရိုးသားသော မျက်ဝန်းများဖြင့် မော့ကြည့်ကာ ပြောလိုက်၏။ “ကိုကို... လွှတ်ပါ၊ ညီမလေး မကုတ်ပါဘူး။”
“ဒါဆိုလည်း လွှတ်ပေးမယ်။” ကျိသော် ဘာမှထပ်မစဉ်းစားဘဲ လွှတ်ပေးလိုက်သည်။ သူ လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် မိန်းကလေးငယ်လေးက သူ၏ရှေ့သို့ တိုးဝင်လာပြီး သူ၏အင်္ကျီကို ဆွဲလှန်လိုက်သည်။
“ကိုကို့ဟာကိုတော့ ညီမလေး ကုတ်မှာပဲ!”
ကျိသော် ဂွမ်းသားတီရှပ် အောက်ခံအင်္ကျီကို ဝတ်အိပ်လေ့ရှိသည်။ လျှော်ပြီးစတွင် အနေတော် ဖြစ်သော်လည်း အနည်းငယ် ကြာသွားသောအခါ ပွယောင်းယောင်း ဖြစ်နေတတ်သည်။ လင်းချောင်သည် အားသိပ်မစိုက်ရဘဲ အင်္ကျီကိုလှန်လိုက်ရာ သူ၏ သွယ်လျဖြူဝင်းသော ခါးလေး ပေါ်လာခဲ့၏။ သူမက သူမ၏ လက်ကလေးဖြင့် ထိုနေရာကို အသာလေး ကုတ်လိုက်သည်။
ထိုသူသည် အမှန်တကယ်ကို ခန္ဓာကိုယ်သွယ်လျသူဖြစ်သည်။ ဝမ်းဗိုက်ကြွက်သားများ မရှိသေးဘဲ နံရိုးများပင် သိသိသာသာ ပေါ်နေသေးသည်။
ကျိသော်ကတော့ သူမ၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် မှင်တက်သွားခဲ့မိသည်။ ခန္ဓာကိုယ်သို့ အေးစက်သော လေများ ထိမှန်သွားသဖြင့် ကြက်သီးများ ထသွားသလို၊ သူမ၏ လက်ကလေးဖြင့် ကုတ်လိုက်လိုက်ခြင်းကလည်း သူ့ကို သည်းမခံနိုင်လောက်အောင် ယားယံသွားစေခဲ့သည်။
“ဘာ... ဘာလုပ်တာလဲ။”
သူက အင်္ကျီကို အမြန်ပြန်ဆွဲချရန် ကြိုးစားလိုက်သော်လည်း လင်းချောင်၏ လက်ကလေးက သူ၏ လက်မောင်းအောက်သို့ လျှိုဝင်ကာ သူ့ကို ယားယံအောင် စနောက်နေခဲ့လေသည်။
ယခုတစ်ကြိမ်တွင်မူ ကျိသော်သည် သူ၏ရယ်သံကို ထိန်းမထားနိုင်တော့ပေ။ သူသည် တဟားဟားရယ်မောရင်း သူမ၏ခန္ဓာကိုယ်လေးကို ဖမ်းဆီးကာ အဝေးသို့ တွန်းထုတ်လိုက်သည်။
“ဆက်လုပ်နေဦးမယ်ဆိုရင် ငါ တကယ်စိတ်ဆိုးတော့မှာနော်။”
သို့သော် ထိုစကားသည် သူမကိုတော့ လုံးဝခြောက်လှန့်နိုင်စွမ်း မရှိခဲ့ပေ။ လူကြီးပေါက်စနှင့် ကလေးမလေးတို့သည် အိပ်ရာပေါ်တွင် လုံးထွေးသတ်ပုတ်နေကြပြီး သူတို့၏ တခစ်ခစ် ရယ်သံများက တစ်အိမ်လုံးကို ပျံ့လွင့်နေခဲ့တော့သည်။
ထိုနေ့က အခန်းထဲမှ ထွက်လာချိန်တွင် ကျိသော်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း လင်းချောင်ကမူ သူမ၏ မျက်နှာလေးပေါ်တွင် ရေကျောက်ဖုကြီး ထင်ထင်ရှားရှား ရှိနေသည့်တိုင် ချိုချိုသာသာ ပြုံးနေခဲ့သည်။ ထိုရေကျောက်ဖုမှာ သူမ၏ နဖူးတည့်တည့်တွင် ရှိနေခြင်းဖြစ်သည်။ အကယ်၍ ၎င်းသာ ပြောင်လက်နေပါက ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားသည့် မှည့်အတုတစ်ခုနှင့်ပင် တူနေပေလိမ့်မည်။
ရွှီလီသည် ၎င်းကိုမြင်သောအခါ လင်းချောင်အား မကုတ်ရန်နှင့် အမာရွတ်ကျန်ခဲ့ပါက ကြည့်မကောင်းဖြစ်လိမ့်မည်ဟု ထပ်မံသတိပေးခဲ့သည်။ လင်းချောင်က လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြသော်လည်း ဘေးနားက ကျိသော်ကိုတော့ ခိုးကြည့်လိုက်၏။
ကျိသော်သည်လည်း မနက်ခင်းက အဖြစ်အပျက်များကို သတိရသွားပုံရပြီး သူမကို အေးစက်စက် အကြည့်တစ်ချက်ဖြင့် ပြန်ကြည့်လိုက်သည်။
အရွယ်ရောက်ပြီးချိန်တွင် ကျိသော်၏ စူးရှသောအကြည့်မှာ တစ်ဖက်လူကို ရိုသေခန့်ညားသွားစေနိုင်သည့် အာဏာရှိသော်လည်း၊ ယခု ဆယ်ကျော်သက်အရွယ်တွင်မူ ထိုအကြည့်က လင်းချောင်အတွက် ချစ်စရာကောင်းနေရုံသာ ရှိသည်။ သူမသည် အဘွားရွှီလီ အခွံခွာပေးထားသော ကြက်ဥပြုတ်ကို နှစ်ခြမ်းခွဲကာ ကြက်ဥအကာကို ကျိသော်၏ ဆန်ပြုတ်ပန်းကန်ထဲသို့ တိုက်ရိုက်ထည့်ပေးရင်း ဆိုလိုက်သည်။
“ကိုကို... စားနော်။”
“မင်း ကြက်ဥအကာ မကြိုက်တာ ငါ မသိဘူးလို့ မထင်နဲ့။”
ကျိသော် နှာခေါင်းရှုံ့ကာ မယုံသလိုပြောလိုက်သော်လည်း၊ သူ၏ပန်းကန်ထဲသို့ ရောက်လာသော ကြက်ဥအကာကိုတော့ ပြန်ထုတ်မပေးခဲ့ပေ။
ခဏအကြာတွင် လင်းချောင် ဇွန်းလေးဖြင့် ဆန်ပြုတ်ကို ငုံ့သောက်နေစဉ် အပေါ်မှ ကြက်ဥအနှစ်တစ်ခု သူမ၏ ပန်းကန်ထဲသို့ ကျလာခဲ့တော့သည်။ သူမ မော့မကြည့်ဘဲ ပြုံးလိုက်ရင်း ထိုကြက်ဥအနှစ်ကို ဇွန်းဖြင့်ချေကာ ဆန်ပြုတ်နှင့် ရောမွှေပြီး စားလိုက်တော့သည်။
ထမင်းစားပြီးနောက် ကျိသော်က ပန်းကန်များကို ဆေးကြောရန် မီးဖိုချောင်သို့ ယူသွားခဲ့ပြီး၊ အခန်းထဲသို့ပြန်ကာ လွန်ခဲ့သည့် ရက်အနည်းငယ်က လွတ်သွားသော ကျောင်းစာများကို ပြန်ကူးနေခဲ့သည်။
နောင်တစ်ချိန်တွင် စိတ်ဓာတ်ပြတ်သားပြီး ထိရောက်စွာ အလုပ်လုပ်ကိုင်နိုင်မည့် ထိုအရာရှိကြီးမှာ ကလေးဘဝကတည်းကပင် အလွန်စည်းကမ်းရှိကြောင်း ထင်ရှားလှသည်။ ကျောင်းစာများကို ပစ်ထားပြီး အပြင်ထွက်ကစားသည်ကို လင်းချောင် တစ်ခါမှ မတွေ့ဖူးပေ။တစ်ဖက်တွင်မူ စူးကျန့်သည် အိမ်စာလုပ်ရန် မိခင်ဖြစ်သူ၏ အတင်းဆွဲခေါ်ခြင်းကို ခံရလေ့ရှိပြီး ၎င်းကို လင်းချောင် အကြိမ်ကြိမ် မြင်ဖူးခဲ့ရသည်။
လင်းချောင်လည်း ဆူညံအောင် မလုပ်ခဲ့ပေ။ သူမသည် ကျိသော် ယူလာပေးသည့် ဖန်ဂေါ်လီများနှင့် ဖဲကတ်များ ပြည့်နေသော ခဲတံထည့်သည့်သံဘူးကိုယူကာ ကျိသော်၏ အိပ်ရာပေါ်တွင် ထိုင်ကစားနေခဲ့သည်။
ကျိသော် စာရေးနေရင်း မော့ကြည့်လိုက်ရာ၊ ခြေတံတိုတိုလေးများကို ကားပြီး ခဲတံထည့်သည့်ဘူးထဲသို့ ဖန်ဂေါ်လီများ ပစ်ထည့်ရန် ငုံ့နေသော ကောင်မလေးကို မြင်လိုက်ရသည်။
ခဏအကြာတွင် သူ ထပ်ကြည့်လိုက်ပြန်ရာ သူပေးထားသော စာအုပ်အဟောင်းမှာ စက္ကူလေယာဉ်ပျံတစ်စင်း ဖြစ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
နောက်ထပ် အနည်းငယ်အကြာတွင်တော့ ဂွမ်းသားဘောင်းဘီထူထူ ဝတ်ထားသော ကောင်မလေးမှာ တင်ပါးလေးထောင်လျက် အိပ်ပျော်သွားခဲ့လေပြီ။
“အေးမှာတောင် မကြောက်ဘူးပဲ။”
သူ ထိုသို့တွေးလိုက်ပြီး သူမကိုယ်ပေါ်မှ ဖဲကတ်များကို ယူလိုက်သည်။
သူ စာရေးပြီးချိန်တွင် အိမ်ရှေ့ဝင်းထဲ၌ ဆူညံသံများ ထွက်ပေါ်လာ၏။ ၎င်းမှာ အဘိုးလင်း ဆေးရုံမှ ဆင်းလာခြင်း ဖြစ်ပြီး၊ လျိုယွိလန်သည်လည်း အိမ်ပြန်ချင်နေပြီ ဖြစ်သည်။
ကျိသော် ဘောပင်ကို ကိုင်လိုက်စဉ်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့မိသည်။ အိပ်ရာပေါ်မှ ဤညီမငယ်လေးသည် အမှန်တကယ်ပင် ထွက်ခွာသွားနိုင်သည် ဆိုသောအသိကို သူ ပထမဆုံးအကြိမ် သတိပြုမိသွားခြင်းပင်။