Extra 10
Vol. 12 Ch. 145
အဘိုးလင်း ဆေးရုံမှဆင်းသည့်အချိန်တွင် ကံမကောင်းစွာဖြင့် လင်းချောင် နေမကောင်းဖြစ်ချိန်နှင့် တိုက်ဆိုင်သွားသဖြင့် သူမသည် သူတို့နှင့်အတူ အိမ်သို့ ပြန်မလိုက်နိုင်ခဲ့ပေ။ နှစ်သစ်ကူးကာလ နီးကပ်လာပြီဖြစ်ရာ အဘိုးလင်းနှင့် လျိုယွိလန်တို့ကလည်း ဆက်မနေနိုင်တော့ပေ။
ထို့ကြောင့် မိသားစုနှစ်ခုလုံးက လင်းချောင်ကို လောလောဆယ် ချန်ထားခဲ့ရန်နှင့် ကျန်ရှိသည်များကို နှစ်သစ်ကူးပြီးမှ ဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြတော့သည်။
လင်းချောင်သည် အခြေအနေကို နားလည်သောကြောင့်လား သို့မဟုတ် ရောဂါကြောင့် လေးလံထိုင်းမှိုင်းနေသောကြောင့်လား မသိသော်လည်း၊ ကျိသော် သူမကိုပွေ့ချီကာ သူမမိသားစုဝင်များကို လိုက်ပို့ချိန်တွင် မိခင်ဖြစ်သူနောက်သို့ လိုက်ပါရန် ငိုယိုခြင်း မပြုခဲ့ပေ။
လျိုယွိလန်ကတေ့ သူမ ထွက်ခွာသွားပြီးသည်နှင့် ဤကလေးနှင့် ပို၍ဝေးကွာသွားတော့မည်ကို သိနေသဖြင့် လင်းချောင်ကို အချိန်အတော်ကြာအောင် ဖက်ထားပြီး လက်မလွှတ်နိုင်ဖြစ်နေခဲ့ရသည်။
နောက်ဆုံးတွင် အဘိုးလင်းက သူမ၏ခေါင်းကို အသာအယာပုတ်ရင်း ပြောလိုက်၏။
“ချောင်ချောင်က ကိုယ်ပူနေတုန်းပဲ။ အထဲဝင်တော့နော်၊ အအေးမိဦးမယ်။”
လင်းချောင်က သူမ၏ လက်ကလေးကိုမြှောက်ကာ အဘိုးလင်း၏ ခြောက်သွေ့ပိန်လှီနေသော လက်ကို ကိုင်လိုက်ပြီး ပြောလိုက်သည်။
“အဘိုး... အဘိုးလည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါနော်။”
အကယ်၍ အဘိုးလင်းသာ အစောပိုင်းအချိန်တွင် နေမကောင်းမဖြစ်ခဲ့ဘဲ ဒီနေရာတွင် ဆေးရုံမတက်ခဲ့ရဘူးဆိုလျှင်၊ အိမ်ပြန်ရောက်သည့်အချိန် သူ ပြင်းပြင်းထန်ထန် ဖျားနာလိမ့်မည်။ ဆေးဝါးနှင့် ကုသမှု မလုံလောက်မှုကြောင့် သူသည် နောက်တစ်နှစ်၏ နှစ်သစ်ကူးပွဲတော်ကိုတောင် မမီဘဲ ကွယ်လွန်သွားခဲ့ရလိမ့်မည်။
လင်းချောင်၏ ရိုးသားသော စကားများကြောင့် အဘိုးလင်းသည် ထိုကြည်လင်သော မျက်ဝန်းလေးတွေကိုကြည့်ရင်း ရင်ထဲတွင် နာကျင်သွားခဲ့မိသည်။ သူသည် လင်းချောင်ကို စကားတစ်ခွန်းမှ မဆိုဘဲ အချိန်အတော်ကြာအောင် ဖက်ထားပြီးမှ ထွက်ခွာသွားခဲ့၏။
ကားလေး ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျိသော်က သူ့ကျောပေါ်မှ ကောင်မလေးကို အနေအထား ပြင်၍ချီလိုက်ကာ ပြောလိုက်သည်။
“အထဲဝင်ကြရအောင်။”
ကျိသော် သူမကို အခန်းထဲအထိ ပြန်၍ကျောပိုးလာချိန်တွင် လင်းချောင်က ခေါင်းလေးငုံ့ထားသည်။ သူက သူမ၏ ဦးထုပ်၊ ပုဝါနှင့် ကိုယ်မှာ ပတ်ထားသော ဂွမ်းအင်္ကျီထူကြီးကို ချွတ်ပေးသည်။ ကျိသော် သူမ၏အင်္ကျီကို ချိတ်တွင် သွားချိတ်ရန် ပြင်လိုက်စဉ်တွင်ပဲ လင်းချောင်က သူ၏လက်ကို၊ ပို၍တိကျစွာ ပြောရလျှင် သူ၏လက်ချောင်းလေးများကို လှမ်းကိုင်လိုက်သည်။
မိန်းကလေးငယ်လေး၏ နူးညံ့သော လက်ဖဝါးလေးမှာ သူ၏လက်ချောင်းနှစ်ချောင်းကိုသာ ဆုပ်ကိုင်ထားနိုင်သည်။ သူမက မော့ကြည့်ပြီး ပြောလိုက်သည်။
“ကိုကိုကျိသော်...ညီမလေးအပေါ် ကောင်းကောင်း ဆက်ဆံရမယ်နော်။”
ထိုအချိန်တွင် ကျိသော်သည် သူ၏လက်ထဲမှ ဂွမ်းအင်္ကျီကို ချထားလိုက်ပြီး ပြောလိုက်သည်။
“ငါ မင်းကို ခြေထောက်ဆေးပေးတယ်၊ အင်္ကျီဝတ်ပေးတယ်။ ဒါက မကောင်းသေးဘူးလား။”
“ဒါပေမဲ့ ကိုကိုက ညီမလေးကို ဆူတယ်လေ။”
လင်းချောင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ချေပလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ကျိသော်က အင်္ကျီကို တကယ်ပင် အောက်ချထားလိုက်တော့သည်။
သို့သော် သူ ဘာမှမပြောရသေးခင်မှာဘဲ မိန်းကလေးငယ်လေးက ကလေးသံလေးဖြင့် ထပ်ပြောပြန်သည်။
“အခုလည်း ကိုကိုက ညီမလေးကို ထပ်ဆူဦးမှာ။”
ကျိသော်လည်း သူမ၏စကားကြောင့် ခဏတာ ဆွံ့အသွားရသည်။ ဤမျှ လောက်အထိ နူးညံ့သော မိန်းကလေးငယ်လေးကို သူ မာမာထန်ထန် မဆက်ဆံနိုင်တော့ပေ။
သူ ဘာမှပြန်မပြောသည်ကို မြင်သောအခါ လင်းချောင်က သူ၏လက်ချောင်းလေးကို လှုပ်ခါရင်း ပြောလိုက်၏။
“အဘိုးနဲ့ မေမေတို့လည်း ပြန်သွားပြီ။ ကိုကို... ညီမလေးကို ကောင်းကောင်း ဆက်ဆံပါနော်၊ ဟုတ်ပြီလား။”
ကျိသော် သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ အလျှော့ပေးလိုက်သည့် အမူအရာဖြင့် အင်္ကျီကို ပြန်ကောက်ယူကာ ပြောလိုက်သည်။
“ဒီလိုမှန်းသိရင် သူတို့နဲ့ တစ်ခါတည်း လိုက်ထည့်လိုက်ရမှာ။”
“ကိုကို ဘာပြောလိုက်တာလဲ။”
ကျိသော် တိုးတိုးလေး ညည်းတွားလိုက်ခြင်းဖြစ်သောကြောင့် လင်းချောင် သေချာမကြားလိုက်ပေ။
“ဘာမှမဟုတ်ဘူး။”
ကျိသော် ပြန်ဖြေလိုက်ရင်း သူမ၏ နဖူးကို အသာလေး တောက်လိုက်သည်။
“ငါ မင်းကို တကယ်ပဲ အကြွေးတင်နေတာ ထင်ပါတယ်။ ငါ့အမေက ငါ့ကို ညီမလေးတစ်ယောက် မပေးခဲ့တာ တကယ်ကို ကံကောင်းတာပဲ။”
လင်းချောင်က အတောက်ခံလိုက်ရသော နေရာလေးကို ပွတ်ရင်း ပြုံးနေမိသည်။
“ကိုကိုကျိသော်က အကောင်းဆုံးဆိုတာ သိသားပဲ။”
အရွယ်ရောက်ပြီးသား အရာရှိအိုကြီး ကျိသော်သည် ငယ်စဉ်ကကဲ့သို့ ချော့ရမလွယ်သလို၊ ယခုလိုလည်း ချစ်စရာမကောင်းခဲ့ပေ။
လင်းချောင်၏ ရေကျောက်များ လုံးဝပျောက်ကင်းသွားချိန်တွင် နှစ်ကုန်ပိုင်းသို့ ရောက်နေခဲ့လေပြီ။ အိမ်ပြန်ရောက်သွားသော အဘိုးလင်းထံမှ စာတစ်စောင်ကို အဘိုးကျိ လက်ခံရရှိခဲ့၏။
စာနှင့်အတူ လင်းချောင်အတွက် ချုပ်ထားသော အဝတ်အစားများနှင့် ငွေ ၂၀ ယွမ်ကိုလည်း စာအိတ်ထဲတွင် ထည့်ပေးလိုက်သေးသည်။ ၎င်းမှာ လင်းချောင်ကို ကျိမိသားစုအိမ်တွင် အလကားနေခိုင်းခြင်းမျိုး မဖြစ်စေချင်သည့် သဘောပင်။
“ဒီလောင်လင်းကတော့ကွာ...”
အဘိုးကျိသည် ငွေစက္ကူများကို ကြည့်ရင်း တိုးတိုးလေး ညည်းတွားလိုက်မိသည်။
ကျေးလက်တောရွာတွင် ငွေရှာရသည်မှာ အလွန်ခက်ခဲလှသည်။ တစ်နှစ်ပတ်လုံး အလုပ်လုပ်လျှင်ပင် ငွေအနည်းငယ်ရရန် မလွယ်ကူပေ။ ဤငွေ ၂၀ ယွမ်တွင် လင်းရှို့ရန်အတွက် ရရှိထားသော စစ်သည်ထောက်ပံ့ကြေးများလည်း ပါဝင်နေပေလိမ့်မည်။
“သူ့မှာ ဒီလို စိတ်ဓာတ်မျိုး ရှိနေလို့သာ ရှင်တို့နှစ်ယောက်ရဲ့ ခင်မင်မှုက ဒီလောက်အထိ ကောင်းနေပြီး၊ ကျွန်မတို့ မိသားစုချင်း ကလေးချင်းစေ့စပ်မှုတွေ လုပ်နိုင်ခဲ့ကြတာပေါ့။” ရွှီလီက ဆိုလိုက်သည်။
ရွှီလီသည် လင်းမိသားစု ပေးပို့လိုက်သော အဝတ်အစားလေးများကို ခေါက်ရင်း ပြောလိုက်၏။
“လင်းမိသားစုက ချုပ်ပေးလိုက်တာဆိုတော့ သူမအမေကိုယ်တိုင်ချုပ်ပေးတဲ့ အင်္ကျီတွေကိုပဲ ချောင်ချောင်ကို ဝတ်ခိုင်းလိုက်မယ်။ အသစ်တွေကိုတော့ နှစ်သစ်ကူးပြီးမှ ဝတ်ခိုင်းတာပေါ့။”
အနည်းဆုံးတော့ မိခင်ဖြစ်သူ ကိုယ်တိုင်ချုပ်ပေးသည့် အဝတ်အစားများကို ဝတ်ဆင်ခြင်းက မိခင်၏ မေတ္တာကို ခံစားရစေသလို၊ အခြားသူများ၏ အတင်းအဖျင်း ပြောဆိုမှုများမှလည်း ကင်းဝေးစေနိုင်လိမ့်မည်။
အဘိုးကျိသည်လည်း ထိုသဘောထားကို နားလည်သဖြင့် ငွေစက္ကူကြီးများကို ချထားလိုက်ပြီး ဆိုလိုက်သည်။
“ဒီငွေကိစ္စကိုလည်း တစ်ခါတည်း ပြောထားလိုက်ကြတာပေါ့။”
အစပိုင်းတွင် အဘိုးကျိသည် ကျိသော်နှင့် လင်းချောင်တို့၏ အသက်ကွာခြားမှုက အလွန်များလွန်းသည်ဟု ထင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ ဤစေ့စပ်မှုက ဒုတိယသားနှင့်သာ သင့်တော်သည်ဟု သတ်မှတ်လိုက်ပြီ ဖြစ်သည်။
နှစ်သစ်ကူးအကြိုနေ့ မနက်ခင်းတွင် လင်းချောင်သည် လျိုယွိလန် ချုပ်ပေးလိုက်သော အဝတ်အစားအသစ်များကို ဝတ်ဆင်ခဲ့သည်။ အနီရောင် ပန်းပွင့်လေးများပါသော အင်္ကျီနှင့် အပြာရောင် ဘောင်းဘီတို့ ဖြစ်ပြီး၊ နောင်နှစ်တွင် သူမ အရပ်ရှည်လာပါက ထပ်ဝတ်နိုင်ရန် လက်ဖျားနှင့် ခြေဖျားများတွင် အစအပို တစ်လက်မခန့် ချန်ထားသေးသည်။
အဝတ်အစားလဲပြီးနောက် လင်းချောင်သည် အိပ်ရာပေါ်တွင် မတ်တတ်ရပ်ကာ ကျိသော်ကို မေးလိုက်သည်။
“ကိုကိုကျိသော်... ညီမလေး ကြည့်လို့ကောင်းရဲ့လား။”
ကျိသော်ကတော့ သူမ၏ ဖိနပ်ထဲသို့ ဖိနပ်အတွင်းခံပြားများ ထည့်ပေးရန် အလုပ်ရှုပ်နေပြီး “အင်း” ဟုသာ ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သည်။
သူ တကယ်ရော ကြည့်လိုက်သေးသည်လား။ “အင်း” တစ်လုံးတည်းနှင့်တင် ပြီးသွားသည်လား။
လင်းချောင် ဆွံ့အသွားခဲ့မိသည်။ အရွယ်ရောက်ပြီးသား အရာရှိအိုကြီး ကျိသော်၏ အမြင်အကြောင်းကို ပြန်တွေးမိပြီးနောက် သူမ ဆက်မမေးတော့ဘဲ အိပ်ရာပေါ်တွင် ထိုင်ကာ ဖိနပ်ကို ကိုယ်တိုင်စီးလိုက်တော့သည်။
ထိုခေတ်က အဝတ်အစားများ၏ ပုံစံနှင့် ပိတ်စအမျိုးအစားမှာ ရွေးချယ်စရာ သိပ်မရှိသလို၊ ဖိနပ်သည်လည်း ထိုနည်းတူပင်။ သို့သော်လည်း လင်းချောင်သည် ကျိသော်၏ နောက်မှ လိုက်ထွက်လာသည်ကို မြင်သောအခါ အဘွားရွှီလီက ချက်ချင်းပင် ချီးကျူးစကားများ ဆိုလိုက်တော့သည်။
အေးစက်လှသော ဆောင်းရာသီ၏ ရာသီဥတုကြောင့် လင်းချောင်သည် ကျိသော်၏ အခန်းသို့ ပြောင်းရွှေ့နေခဲ့ပြီး၊ သူမ၏ ရေကျောက်များ ပျောက်ကင်းသွားသည်မှာ ကြာပြီဖြစ်သည့်တိုင် သူမရော ကျိသော်ပါ မူလအခန်းသို့ ပြန်ပြောင်းရန် စကားမဟခဲ့ကြပေ။
သူမ၏ ရုပ်ရည်ကို ချီးကျူးပြီးနောက် ရွှီလီသည် လက်နှစ်လုံးစာခန့် အကျယ်ရှိသော အနီရောင်ပိုးဖဲကြိုးလေးတစ်ချောင်းကို ထုတ်ယူကာ လင်းချောင်၏ ဆံပင်ကို မြင့်မြင့်စည်းပေးပြီး လှပသော ဖဲပြားလေး ချည်ပေးလိုက်သည်။ နောက်ဆုံးတွင် သူမ၏ နဖူးတည့်တည့်၌ အနီစက်လေး တစ်စက်ချပေးခဲ့ပြီး မှန်ရှေ့တွင် ချီ၍ ပြလိုက်ရာ၊ လင်းချောင်သည် နံရံကပ် နှစ်သစ်ကူး ပန်းချီကားထဲမှ အရုပ်မလေးနှင့်ပင် တူနေတော့သည်။
လင်းချောင်သည် ကျိသော်၏ ရုံးခန်းရှိ စက္ကူသေတ္တာထဲတွင် သူ၏သေတမ်းစာနှင့်အတူ သိမ်းဆည်းထားသော သူမ၏ ဓာတ်ပုံလေးကို ရုတ်တရက် သတိရမိသွားခဲ့သည်။ မမျှော်လင့်ဘဲ အဘွားရွှီလီသည် သူမကို ပြင်ဆင်ပေးပြီးနောက် အိမ်ရှေ့သို့ ခေါ်သွားကာ အမှန်တကယ်ပင် ဓာတ်ပုံရိုက်ပေးခဲ့၏။
သူမ ဝတ်ဆင်ထားသော အဝတ်အစားမှာ ထိုဓာတ်ပုံအဟောင်းထဲကအတိုင်းဖြစ်ပြီး၊ နောက်ခံမြင်ကွင်းမှာလည်း သူမနှင့် ကျိဇယ်တို့ ရိုက်ခဲ့ဖူးသော ဓာတ်ပုံထဲကအတိုင်းပင်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ၏ဘေး၌ ရှိနေသူမှာ ကျိသော် ဖြစ်နေခဲ့သည်။
ပထမဓာတ်ပုံတွင် သူမက ရှေ့တွင် မတ်တတ်ရပ်နေပြီး၊ ကျိသော်၏ လက်နှင့် ခြေထောက်အချို့မှာ သူမ၏ နောက်တွင် တစ်ဝက်တစ်ပျက် ပါဝင်နေသည်။
ဒုတိယဓာတ်ပုံတွင်မူ ကျိသော်က သူမကို ပွေ့ချီထားပြီး၊ သူမက လက်ကလေးကိုဆန့်ကာ အိမ်ရှေ့တွင် ချိတ်ဆွဲထားသော အနီရောင် မီးအိမ်ကြီးကို ကိုင်ထားသည်။ မိန်းကလေးငယ်လေး၏ မျက်လုံးဝိုင်းလေးများမှာ အပြုံးကြောင့် ကွေးညွတ်သွားပြီး၊ မီးအိမ်၏ အနီရောင် အလင်းပြန်မှုကြောင့် သူမ၏ မျက်နှာလေးကလည်း တောက်ပနေခဲ့သည်။ လူငယ်လေး ကျိသော်၏ မျက်ခုံးနှင့် မျက်ဝန်းများမှာ အေးစက်နေသော်လည်း၊ နှုတ်ခမ်းထောင့်လေးများမှာ အနည်းငယ် ကွေးညွတ်နေကာ သူ၏ စိတ်ကြည်လင်နေမှုကို အဖြူအမည်း ဖလင်ဓာတ်ပုံထဲတွင်ပင် မြင်တွေ့နိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင်တော့ မှားယွင်းမှုများ မရှိတော့သလို၊ ဓာတ်ပုံလဲလှယ်ရန်လည်း မလိုတော့ပေ။ သူတို့ အချင်းချင်းအတွက် ပထမဆုံးအနေနှင့် သိမ်းဆည်းထားရမည့် ဓာတ်ပုံမှာ ဤအမှတ်တရစုံတွဲဓာတ်ပုံလေး ဖြစ်သွားခဲ့သည်။
လင်းချောင် သူမ၏ ခြေတံတိုတိုလေးများကို လှုပ်ယမ်းရင်း မေးလိုက်သည်။
“ဓာတ်ပုံ ထွက်လာရင် သမီးကို တစ်ပုံပေးမလားဟင်။”
“ပေးတာပေါ့၊ ချောင်ချောင်ကို တစ်ပုံပေးမယ်၊ ချောင်ချောင်ရဲ့ မေမေနဲ့ အဘိုးအဘွားတွေဆီလည်း စာတိုက်ကနေ ပို့ပေးလိုက်မယ်နော်။”
ရွှီလီက ထိုသို့ပြောပြီးနောက် သူမ၏ ပါးလေးကို နမ်းလိုက်မိသည်။
“ကျွန်တော်ရော၊ ကျွန်တော်ရော!”
မိဘများနှင့်အတူ နှစ်သစ်ကူးပွဲကျင်းပရန် အိမ်ပြန်ရောက်နေသော ကျိဇယ်သည် ခုန်ပေါက်နေရင်း လက်ထောင်လိုက်သည်။
“ကျွန်တော်လည်း ချောင်ချောင်နဲ့ ဓာတ်ပုံရိုက်ချင်တယ်!”
သူပြောလိုက်သည်နှင့် ကျိသော်နှင့် သူ၏ရင်ခွင်ထဲရှိ လင်းချောင်တို့က တစ်ပြိုင်နက်တည်း သူ့ကို လှမ်းကြည့်လိုက်ကြသည်။
လင်းချောင်တစ်ယောက် နောင်တစ်ချိန်တွင် ကျိသော်ထံမှ အရိုက်ခံရနိုင်မည့် အခြေအနေမျိုးကို အမြဲ စိန်ခေါ်နေတတ်သော ဤတူဖြစ်သူကို ဘာပြောရမှန်း မသိတော့ပေ။ ကျိသော်ကတော့ သူ၏တူတွင် ပျော်ပွဲရွှင်ပွဲများ၌ ဝင်ပါတတ်သည့် ဗီဇပါသည်ဟုသာ တွေးမိလိုက်သည်။
သို့သော် ကျိဇယ်သည် အသက် ၇ နှစ်သာ ရှိသေးပြီး လူကြီးများကို အားကျတတ်သည့် အရွယ်ဖြစ်သည်။ ကျိသော် ဓာတ်ပုံရိုက်သဖြင့် သူလည်း ရိုက်ချင်ခြင်းသာ ဖြစ်၏။ သို့သော် လင်းချောင်၏ ကလေးချင်းစေ့စပ်မှုသည် မူလက သူ့အတွက် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သူ သိထားသလား။ ယဲ့မင်ရှူးကရော သိထားသလား။
ရွှီလီ ဘာမှမပြောရသေးခင်မှာပင် ယဲ့မင်ရှူးက အမြန်ရှေ့သို့ တိုးလာပြီး သူမ၏သားကို ဆွဲခေါ်သွားကာ ဆိုလိုက်သည်။
“ဓာတ်ပုံတွေ အများကြီး ရိုက်ထားပြီးပြီ မဟုတ်လား။ တော်တော့လေ။”
သို့သော် နောက်ဆုံးတွင် အဘိုးကျိ၏ ဆန္ဒအရ မိသားစုစုံညီဓာတ်ပုံကိုတော့ ရိုက်ဖြစ်ခဲ့ကြသည်။
နောက်တစ်နေ့တွင် လင်းချောင်သည် ကျိသော်၏ နောက်မှ လိုက်သွားကာ ကုမိသားစုထံသို့ နှစ်သစ်ကူး နှုတ်ဆက်ရန် သွားရောက်ခဲ့ပြီး၊ ကုမိသားစုမှ မောင်နှမနှစ်ဦးနှင့် စူးကျန့်တို့နှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။
ဓာတ်ပုံရိုက်ပြီးနောက် ကုရှောင်ကျန်းက သူမအစ်ကို လုပ်ပေးထားသော ကြာပွတ်အသစ်လေးကို လင်းချောင်အား ထုတ်ကြွားသည်။ ထို့နောက် မိန်းကလေးငယ်နှစ်ဦးက လက်ချင်းချိတ်ကာ ခဏတာ ထွက်ကစားခဲ့ကြတော့သည်။
သူတို့ ထွက်လာသည်နှင့် အစောပိုင်းက ဆိုးသွမ်းသော ကလေးတစ်သိုက်နှင့် ပြန်ဆုံပြန်၏။ ထိုကလေးများသည် အမွှေးတိုင်များ ကိုင်ဆောင်ထားပြီး နှင်းတောထဲတွင် ယမ်းဗျောက်များနှင့် ဒုံးပျံဗျောက်အသေးစားလေးများကို ဖောက်နေကြသည်။
ဤဝင်းထဲရှိ ကလေးများသည် အခြားသူများထက်စာလျှင် ပစ္စည်းဥစ္စာ ပိုမိုပြည့်စုံကြသူများ ဖြစ်သည်။ သူတို့သည် ဘောလုံးကစားခြင်း၊ ဘတ်စကတ်ဘောကစားခြင်းတို့အပြင် သာမန်မိသားစုများ မဝယ်နိုင်သော အဝတ်အစားများကို ဝတ်ဆင်ကြသည်။
ထို့ကြောင့်ပင် သူတို့သည် ဘာကိုမှ မကြောက်ရွံ့တတ်ကြဘဲ လမ်းသွားလမ်းလာများ၏ ခြေထောက်နားသို့ မီးညှိထားသော ဗျောက်များကို ပစ်ပေါက်၍ စနောက်နေခဲ့ကြသည်။
အချို့ကလေးများက လန့်သွားကြသလို၊ အချို့က ဒေါသတကြီး စိုက်ကြည့်ကြသော်လည်း ထိုဆိုးသွမ်းသော ကလေးများကတော့ အရေးမစိုက်ဘဲ ရယ်မောနေခဲ့ကြသည်။
လင်းချောင်သည် သူမ၏ ဘေးနားရှိ ကုရှောင်ကျန်း ကြောက်နေမည်ကို စိုးရိမ်သဖြင့် လှမ်းကြည့်လိုက်သည်။ သို့သော် ကုရှောင်ကျန်းသည် သူမ၏ ကြာပွတ်လေးကို တင်းတင်းဆုပ်ကိုင်ထားပြီး လင်းချောင်ကိုဆွဲကာ ထိုနှောင့်ယှက်သူများ၏ဘေးမှ ဘာစကားမှမဆိုဘဲ လျှောက်သွားခဲ့သည်။
လင်းချောင် အနည်းငယ် အံ့သြသွားပြီး ကောင်မလေးကို မော့ကြည့်လိုက်ရာ၊ နောက်ကွယ်မှ ရယ်သံများ မကြားရတော့သည့် အကွာအဝေးအထိ ရောက်မှ ကုရှောင်ကျန်းက သူမ၏ကိုယ်ခန္ဓာကို ဖြေလျှော့လိုက်ပြီး သက်ပြင်းချနိုင်သည်ကို တွေ့လိုက်ရသည်။
ကုရှောင်ကျန်း၏ ချစ်စရာကောင်းသော အမူအရာကို မြင်လိုက်ရသောအခါ လင်းချောင် မျက်လုံးလေးများ ကွေးသွားအောင် ပြုံးလိုက်မိသည်။
“မမ... အခု မကြောက်တော့ဘူးလား။”
မမျှော်လင့်ဘဲ ကုရှောင်ကျန်း၏ မျက်နှာလေး နီရဲသွား၏။
“မနေ့က သူတို့ မမကို လာခြောက်ကြတော့.. မမလည်း ထိုင်ချပစ်လိုက်တယ်လေ။”
“မမလည်း ထိုင်ချလိုက်တာလား။”
လင်းချောင် အမှန်တကယ် အံ့သြသွားသလို အနည်းငယ်လည်း ဝမ်းသာသွားခဲ့သည်။
ကုရှောင်ကျန်းက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ညီမလေးလုပ်သလို လိုက်လုပ်ကြည့်တာပါ။ သူတို့ မမ ခြေထောက်နားကို ဗျောက်တွေ ပစ်ပေါက်တဲ့အခါ မမလည်း မြေကြီးပေါ် ထိုင်ချပြီး ငိုချင်ယောင်ဆောင်လိုက်တယ်။”
အစပိုင်းတွင်တော့ သူမ အလွန်ကြောက်နေခဲ့သော်လည်း၊ ချောင်ချောင်တောင် မကြောက်သည့်အတွက် သူမက အစ်မကြီးဖြစ်နေခဲ့ရာ ပိုပြီးရဲရင့်သင့်သည် တွေးမိခဲ့ခြင်း ဖြစ်သည်။
သူမ မြေကြီးပေါ် ထိုင်ချလိုက်သောအခါ အခြားကလေးများက ကြောင်အမ်းအမ်းဖြစ်သွားပြီး မေးခဲ့ကြသည်။
“နင်ကလည်း ဟိုအငိုသန်လေးဆီကနေ အတုခိုးနေတာလား။”
ကုရှောင်ကျန်းလည်း ဘာမှပြန်မပြောရဲဘဲ ငိုတော့မည့်အမူအရာဖြင့် ပါးစပ်ကို ဟထားလိုက်ရာ ထိုကလေးတစ်သိုက် စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့ကြတော့သည်။
ထိုနေ့က ထိုကလေးများအားလုံး ထွက်သွားသည်အထိ သူမ မြေကြီးပေါ်တွင် အကြာကြီး ထိုင်နေခဲ့သည်။ ထို့နောက်မှ ထရပ်ကာ နှင်းများကို ခါထုတ်၊ အင်္ကျီပေါ်မှ ဖုန်များကို သုတ်လိုက်ပြီးမှ သူမကို အမြဲအနိုင်ကျင့်နေသော ထိုကလေးများသည်လည်း တကယ်တမ်းတွင်တော့ ဘာမှကြောက်စရာ မရှိနေပါလားဟု ရုတ်တရက် သဘောပေါက်သွားခဲ့မိသည်။
လင်းချောင် သူမ၏ လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “မမက တကယ်တော်တာပဲ၊ အကုန်လုံးကို တတ်သွားပြီ။”
ထိုနုနယ်သော ကလေးသံလေးနှင့် အားကျနေသော မျက်ဝန်းလေးများကြောင့် ကုရှောင်ကျန်း၏ မျက်နှာလေးမှာ ပို၍ပင် နီမြန်းသွားရတော့သည်။
လင်းချောင် အိမ်ပြန်ရောက်သောအခါ စိတ်အခြေအနေ အလွန်ပင် ကောင်းမွန်နေ၏။ ကျိသော်ကို မြင်သည်နှင့် ပြေးသွားကာ ခြေထောက်ကို ဖက်ပြီး ခေါ်လိုက်သည်။
“ကိုကိုကျိသော်~”
ကျိသော်က ပုံမှန်အတိုင်း မေးလိုက်၏။“ရေဆာလို့လား၊ ဗိုက်ဆာလို့လား၊ ဒါမှမဟုတ် အိမ်ပြန်ချင်လို့လား။”
“ကျွတ် ကျွတ်... ကလေးသတို့သမီးလောင်းလေး ရှိရတာက တကယ့်ကို တစ်မျိုးလေးပါပဲဗျာ။” စူးကျန့်က မျက်တောင်တစ်ချက် ခတ်ပြကာ စနောက်လိုက်သည်။
ကျိသော် သူ့ကို စိုက်ကြည့်လိုက်ပြီး၊ လင်းချောင်ကလည်း ကျိသော်၏ ခြေထောက်နောက်မှ ချောင်းကြည့်ကာ ပြောလိုက်သည်။
“ဘာလို့ ဒီအကြောင်းပဲ ပြောနေတာလဲ။ ကိုကိုကျိသော်မှာ ရှိပြီး အစ်ကို့မှာ မရှိလို့ မနာလိုဖြစ်နေတာလား။”
“ငါက ဘာလို့ မနာလိုဖြစ်ရမှာလဲ။ ဘယ်သူက ကလေးသတို့သမီးလောင်းကို လိုချင်လို့လဲ။” စူးကျန့် ဒေါသတကြီး ပြန်အော်လိုက်သည်။
“အစ်ကိုလေ!”
“မင်းလေ!”
လင်းချောင်နှင့် ကျိသော်တို့ တစ်ပြိုင်နက်တည်း အော်လိုက်ကြသည်။ ၎င်းက စူးကျန့်ကို ပို၍ပင် ဒေါသထွက်သွားစေခဲ့၏။
ကုရှောင်ပင်းကတော့ အေးအေးဆေးဆေး ပြုံးလျက် ရပ်ကြည့်နေသလို၊ ကုရှောင်ကျန်းကလည်း နှုတ်ခမ်းလေးစေ့ကာ မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးနေခဲ့သည်။