← Chapters

Extra 12

Vol. 12 Ch. 147

Extra 12

Vol. 12 Ch. 147

၎င်းမှာ ကျိသော်က လင်းချောင်ကို ပထမဆုံးအကြိမ် နမ်းခြင်းဖြစ်သည်။ လင်းချောင်လည်း သူ၏လည်ပင်းကို ဖက်ပြီး ပြောလိုက်၏။

“ဟုတ်ကဲ့၊ အိမ်မှာနေပြီး ကိုကို့ကို စောင့်နေပါ့မယ်။”

ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူမက မော့ကြည့်ကာ ထပ်လောင်းပြောဆိုလိုက်သည်။

“ကိုကို... ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါဦး။ ပြီးတော့ မမရှောင်ကျန်းနဲ့ ကိုကိုရှောင်ပင်းတို့ကိုလည်း စောင့်ရှောက်ပေးပါ။ ဘယ်သူ့ကိုမှ သူတို့ကို အနိုင်ကျင့်ခွင့် မပေးပါနဲ့နော်။”

ဘာပြောရမှန်း မသိတော့သဖြင့် သူမသည် လက်သန်းလေးကို ထုတ်ပြကာ ပြောလိုက်သည်။

“လက်သန်းချင်း ချိတ်ပြီး ကတိပေးပါ။”

“ကတိပေးပါတယ်။”

ကျိသော်က သူမနှင့် လက်သန်းချင်းချိတ်လိုက်သည်။ ထိုခွဲခွာခြင်းမှာ လေးနှစ်နီးပါး ကြာမြင့်ခဲ့သည်။

ထိုလေးနှစ်တာကာလအတွင်း သူမသည် ထိုဖန်ဂေါ်လီများကို တစ်ခါမှ ထုတ်မကစားခဲ့သလို ရုပ်ပြစာအုပ်များကိုလည်း မည်သူ့ကိုမှ မထိခိုင်းခဲ့ပေ။ လင်းဟွေ့ပင်လျှင် သူမ၌ ဤကဲ့သို့သော ရတနာများ ရှိနေသည်ကို မသိရှိခဲ့ရပေ။

လင်းချောင်သည် ကိုကိုကျိသော် သူမကို လာရောက်ခေါ်ဆောင်မည့်ရက်ကိုသာ လက်ချိုးရေတွက်ရင်း စောင့်မျှော်နေခဲ့သည်။ တစ်ခါတည်း စွင်းရှို့ကျစ်တို့မိသားစုကိုပါ ကိုင်တွယ်နိုင်ရန် သူမ မျှော်လင့်ထားခဲ့သည်။

အမှန်တကယ်တွင်လည်း အခြေအနေများမှာ သူမ မျှော်လင့်သကဲ့သို့ ဖြစ်လာခဲ့သည်။ အဘိုးလင်းသည် အစောပိုင်းကတည်းက ဖျားနာခဲ့ပြီး အချိန်မီဆေးကုသမှု ခံယူခဲ့ရသဖြင့် ၁၉၇၀ ပြည့်နှစ်အထိ ကျန်းမာစွာ နေထိုင်နိုင်ခဲ့သည်။

စွင်းရှို့ကျစ်နှင့် လင်းရှို့ယီတို့သည်လည်း စစ်သည်ထောက်ပံ့ကြေးကို လက်ဝါးကြီးအုပ်ခွင့် မရရှိခဲ့ကြပေ။ အဘိုးလင်း၏ ကာကွယ်မှုအောက်တွင် အဘွားလင်းနှင့် လင်းချောင်တို့လည်း မည်သည့်နှိပ်စက်မှုမျိုးကိုမှ မခံခဲ့ရပေ။

စွင်းရှို့ကျစ်သည် လင်းချောင်ကို ကလေးတစ်ယောက်ဟုသာ ထင်မှတ်ပြီး အနိုင်ကျင့်ရန် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် ပြန်လည်အရှုံးပေးခဲ့ရသည်။

နောက်ပိုင်းတွင် သူမလည်း မည်သို့မှ အမြတ်မထုတ်နိုင်တော့မှန်း သိရှိသွားကာ အေးအေးဆေးဆေး နေထိုင်လာတော့သည်။ သူမ ကွယ်ရာတွင် အတင်းအဖျင်း ပြောဆိုတတ်သည့်အချက်များကိုတော့ လင်းချောင်က သူမ၏ အနှစ်သာရမရှိသော ဒေါသများအဖြစ်သာ သဘောထားခဲ့လိုက်သည်။

၁၉၇၀ ပြည့်နှစ် နွေဦးရာသီတွင် ကျိမိသားစုထံမှ သတင်းစကား တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။

အဘိုးကျိ၏ အခြေအနေမှာ အခြားသူများလောက် မပြင်းထန်သဖြင့် ဆင်းရဲသားတောင်သူလယ်သမားများကြားတွင် နှစ်အနည်းငယ်မျှ ပြုပြင်ပြောင်းလဲရေး ခံယူပြီးနောက် ယန်ဒူရှိ သူ၏ရာထူးနေရာတွင် ပြန်လည်ခန့်အပ်ခြင်း ခံခဲ့ရသည်။

ထိုသတင်းကို ကြားရသောအခါ အဘိုးလင်းလည်း သက်ပြင်းချနိုင်သွားပြီး လင်းချောင်ကိုကြည့်ကာ ဆိုလိုက်သည်။

“ချောင်ချောင်က တကယ်ကို ကံကောင်းတဲ့ ကလေးလေးပဲ။”

ဤစကားသည် လွန်ခဲ့သော နှစ်နှစ်တာကာလပတ်လုံး လင်းချောင်သည် သူမ၏ဖခင်ကို သေစေခဲ့ပြီး ကျိမိသားစုကိုပါ ကံဆိုးစေခဲ့သည့် နိမိတ်မကောင်းသော ကလေးဟု လိုက်လံပြောဆိုနေသည့် စွင်းရှို့ကျစ်၏ ပါးကို ဖြတ်ရိုက်လိုက်သလိုပင်။

အထူးသဖြင့် အခြေအနေများ စတင်ရှုပ်ထွေးချိန်တွင် သူမသည် အဘိုးလင်းနှင့် ကျိမိသားစုတို့၏ ကလေးချင်းစေ့စပ်မှုကို အကြောင်းပြကာ အပြစ်တင်ခဲ့သူ ဖြစ်သည်။

ယခုအခါ အဘိုးကျိသည်လည်း ရာထူးပြန်ရပြီဖြစ်သည့်အတွက် စွင်းရှို့ကျစ်တွင် ပြောစရာစကား မရှိတော့ပေ။ သူမသည် လင်းချောင်နှင့် အဘိုးလင်းတို့ နှစ်ဦးစလုံးကို အကြီးအကျယ် စိတ်ပျက်အောင် လုပ်ဆောင်ခဲ့မိလေပြီ။

စွင်းရှို့ကျစ်တစ်ယောက် စိတ်မသက်မသာဖြစ်လျက် ညဉ့်နက်သည်အထိ အိပ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင် ဖြစ်နေခဲ့ရသည်။

“ကျိမိသားစုက အပယ်ခံထားရတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပြန်လာနိုင်ကြတာလဲ။”

“မင်း အိပ်မပျော်ရင် အပြင်ထွက်နေတော့။ တခြားလူတွေကို လာမနှောင့်ယှက်နဲ့။”

အိပ်ရေးပျက်နေသော လင်းရှို့ယီက သူမကို ပြန်လည်ပြောဆိုလိုက်သည်။

လင်းချောင်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ သူမ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ ကျောင်းနောက်ကျခြင်းသာ ဖြစ်သည်။ အဘိုးလင်းနှင့်အဘွားလင်းတို့က သူမကို ဆောင်းဦးတွင် မူလတန်း စတက်ရစေရန် စီစဉ်ထားသဖြင့် ကျိသော်ထံသို့ စာရေးရာတွင် အခြားသူများကို အကူအညီတောင်းခဲ့ရသည်။

ကျိသော်သည် သူ၏ကတိအတိုင်း အမှန်တကယ်ပင် တည်သူဖြစ်လိမ့်မည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။ သူသည် သူမကို ပြန်လည်၍လာရောက်ခေါ်ဆောင်ရန် ကတိပေးထားခဲ့သည့်အတိုင်း ရွှီလီနှင့်အတူ အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။

ထိုနေ့တွင် နေရောင်ခြည်က တောက်ပဖြာကျနေသည်။ လင်းချောင်သည် အပြင်ဘက်တွင် ကောယန်နှင့်အတူ ကြိုးခုန်ကစားနေစဉ်အတွင်း ဝေးလံသောနေရာမှ ဂျစ်ကားတစ်စီး မောင်းနှင်လာခဲ့သည်။ အနည်းငယ် ပိန်လှီသွားသော ရွှီလီသည် ကားပေါ်မှ အရင်ဆုံးဆင်းလာပြီး၊ သူမနောက်တွင် အရပ်ရှည်ရှ ည်နှင့် လူငယ်လေးတစ်ဦးပါ လိုက်ပါလာခဲ့သည်။

နှစ်အနည်းငယ်အတွင်း ကျိသော်သည် အရပ် ၆ ပေကျော်အထိ ရှည်ထွက်လာခဲ့ပြီး၊ သူ၏မျက်ခုံးနှင့် မျက်လုံးများတွင် ကလေးဆန်သော အမူအရာများ ကွယ်ပျောက်ကာ ထက်မြက်သော အသွင်အပြင်များ ပေါ်လွင်နေခဲ့သည်။

ထိုခေတ်အခါက ခေတ်စားနေသော စစ်ဝတ်စုံနှင့် စစ်ဦးထုပ်ကို ဝဆ်ဆင်ထားသဖြင့် လင်းချောင်သည် ထိုအရာရှိအိုကြီး ကျိသော်က်ို ပြန်လည်မြင်တွေ့လိုက်ရသည်ဟုပင် ခဏတာ ထင်မှတ်သွားခဲ့သေးသည်။

သူမ ကြောင်အမ်းအမ်းဖြင့် မတ်တတ်ရပ်ကာ ကြိုးခုန်ရန် မေ့လျော့နေသည်ကို မြင်သောအခါ သူက မျက်ခုံးတစ်ချက် ပင့်ပြီး မေးလိုက်၏။

“ကိုကိုကျိသော်ကို မမှတ်မိတော့ဘူးလား။”

လူငယ်လေး၏ ယခင်ကကဲ့သို့ ဂုဏ်ယူဝင့်ကြွားသော အသွင်အပြင်မှာ ယခုတိုင် ကျန်ရှိနေဆဲပင်။

လင်းချောင်လည်း ဘာစကားမှ မဆိုဘဲ ပြေးသွားကာ ခြေဖျားလေးထောက်လျက် လက်ကိုဆန့်တန်းလိုက်သည်။

ကျိသော်သည် သူမကို ရင်းနှီးစွာဖြင့် ချီမြှောက်လိုက်ပြီး ကိုယ်အလေးချိန်ကို ခန့်မှန်းကြည့်ကာ ဆိုလိုက်သည်။

“မင်း တော်တော်လေး ထွားလာတာပဲ။”

“ကိုကိုလည်း အရပ်ပိုရှည်လာတယ်။”

လင်းချောင်သည် သူမတို့နှစ်ဦး၏ အရပ်ကို နှိုင်းယှဉ်ကြည့်ပြီးနောက် သူ၏လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တော့သည်။

သုံးနှစ်ကျော်၊ ရက်ပေါင်း တစ်ထောင်ကျော်ကြာ ခွဲခွာခဲ့ရသဖြင့် အနည်းငယ် စိမ်းသက်မှု ရှိနေသော်လည်း၊ ဤဖက်တွယ်မှုကြောင့် ခွဲခွာခြင်းမပြုမီ အခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ရွှီလီက ဘေးမှနေ၍ ပြုံးလျက်ကြည့်နေပြီး လင်းမိသားစု၏ ခြံဝင်းအတွင်းသို့ အရင်ဆုံး ဝင်ရောက်သွားလိုက်သည်။

လင်းချောင်ကတော့ အခြားအရာတစ်ခုကို သတိရသွားကာ ကျိသော်၏ မျက်ဝန်းများကို စိုက်ကြည့်လျက် မေးလိုက်၏။

“ကိုကိုရှောင်ပင်းရော နေကောင်းရဲ့လားဟင်။”

သူမ ထိုသို့ ရုတ်တရက် မေးမြန်းလာလိမ့်မည်ဟု ကျိသော် မမျှော်လင့်ထားခဲ့သဖြင့် သူ၏ မျက်နှာအမူအရာက ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။

၎င်းကို မြင်လိုက်ရသောအခါ လင်းချောင်၏ နှလုံးသားမှာ ကျောက်ခဲတစ်လုံးကဲ့သို့ လေးလံစွာ နစ်မြုပ်သွားတော့သည်။ ဤတစ်ကြိမ်တွင်လည်း ထိုမောင်နှမနှစ်ဦး၏ ကံကြမ္မာသည် ပြောင်းလဲမသွားနိုင်ခဲ့ပြန်သည်လား။

ထိုသို့ဆိုလျှင် သူမ ဤဘဝသို့ ပြန်လည်ရောက်ရှိလာခြင်းက အကျိုးမရှိတော့ပေ။ ကျိသော်၏ နက်ရှိုင်းလှသော နာကျင်မှုများကို အတူတကွ ခံစားပေးရန်အတွက်သာ ပြန်ရောက်လာခဲ့ရသည်လား။

လင်းချောင်တစ်ယောက် စိုးရိမ်စိတ်ဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့ထားမိစဉ်မှာပင်၊ လွန်ခဲ့သော လေးနှစ်ကထက် ပိုရင့်ကျက်သည့်အသံပါနေသော ကျိသော်၏ အသံကို ကြားလိုက်ရသည်။

“လေးနှစ်လောက် ခွဲခွာနေခဲ့ရပြီး ပထမဆုံး စတွေ့တွေ့ချင်း မင်းမေးတဲ့သူက ရှောင်ပင်း ဖြစ်နေတာလား။”

သူမ ကြောင်အမ်းအမ်းဖြစ်သွားစဉ်မှာပင် သူက သူမ၏ နဖူးကို အသာလေး တောက်လိုက်ပြန်သည်။

“ငါ မင်းအပေါ် ဂရုစိုက်ပေးခဲ့သမျှတွေက အလကား ဖြစ်ကုန်ပြီပေါ့လေ။”

ထိုစကား၏ အဓိပ္ပာယ်မှာ ကုရှောင်ပင်း အဆင်ပြေသည်ဟု ဆိုလိုခြင်း ဖြစ်နေသည်လား။ ဤသို့ဆိုလျှင် ရှောင်ကျန်းလည်း ပျောက်ဆုံးမသွားခဲ့လောက်ပေ။

လင်းချောင်၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး၊ နဖူးကို ပွတ်ရန်ပင် မေ့လျော့ကာ ဝမ်းသာအားရ ရယ်မောလိုက်တော့သည်။

“နဖူးအတောက်ခံလိုက်ရလို့ ရူးသွားပြီလား။”

ကျိသော်က သူမ၏ နဖူးကို အသာအယာ ပွတ်ပေးနေခဲ့မိသည်။

လင်းချောင်လည်း ဘာစကားမှ မဆိုတော့ဘဲ သူ၏အနားသို့ ပြေးသွားကာ ပါးကို တစ်ချက် နမ်းလိုက်သည်။

“တကယ်ကို ဝမ်းသာစရာပဲ!”

သို့သော်လည်း နောက်ပိုင်းတွင်မှ သူမ သိရှိခဲ့ရသည်မှာ ဤတစ်ကြိမ်တွင် အဘိုးကုနှင့် ရှောင်ပင်း၊ ရှောင်ကျန်းတို့ မောင်နှမနှစ်ဦးမှာ သူတို့နှင့် အတူတကွ ပြန်မလာနိုင်ခဲ့ကြပေ။

အခြေအနေသည် အလွန်အမင်း ပြင်းထန်နေခဲ့သဖြင့် အဘိုးကုသည်လည်း တောင်ပိုင်းပြည်နယ်တွင် ပြုပြင်ပြောင်းလဲရေးကို ဆက်လုပ်ဆောင်နေရပြီး၊ ဤအခြေအနေများ ငြိမ်သက်သွားသည့်တိုင်အောင် ထိုနေရာတွင် ဆက်ရှိနေဦးမည် ဖြစ်သည်။ သို့သော် သူ အသက်ရှင်နေသရွေ့တော့ တစ်နေ့နေ့တွင် ပြန်လည်ဆုံတွေ့ရမည်မှာ သေချာသည်။

ယွီဝူနှင့် သူ၏ အပေါင်းအပါများကတော့ သူတို့၏ဗီဇအရ ဆိုးသွမ်းသူများဖြစ်ရာ ပစ်မှတ်တစ်ခုကို ဆုံးရှုံးသွားရုံဖြင့် သူတို့၏ မကောင်းမှုများကို မရပ်တန့်ခဲ့ကြပေ။

ကုရှောင်ကျန်းသည် ယခင်ကကဲ့သို့ နှုတ်ဆိတ်ကာ အနိုင်ကျင့်မခံနေတော့သလို၊ သူမ၏ အစ်ကိုများကလည်း အနီးကပ် စောင့်ရှောက်ပေးနေကြသဖြင့်၊ ထိုလူငယ်တစ်သိုက်သည် အခြား ဒေသခံကလေးတစ်ဦးကို ပြောင်းလဲ၍ အနိုင်ကျင့်ခဲ့ကြသည်။

ကံဆိုးစွာဖြင့် ထိုဒေသခံမှာ သာမန်ကလေးတစ်ယောက် မဟုတ်နေသဖြင့် မကြာမီမှာပင် လူသိရှင်ကြား မိသွားတော့သည်။ ထိုလူငယ်တစ်သိုက်သည် ကံမကောင်းစွာဖြင့် ပြင်းထန်သော အပြစ်ပေးမှုများကို ခံခဲ့ရပြီး၊ ယွီဝူသည်လည်း ခြေထောက်တစ်ဖက် ကျိုးသွားခဲ့ရသည်။

နောက်ပိုင်းတွင် လင်းချောင်သည် ယန်ဒူ၌ ယွီဝူကို ပြန်လည်တွေ့ရှိချိန်တွင် သူ၏ ခြေထောက်ထော့နဲ့နေသည်ကို ထင်ရှားစွာ မြင်တွေ့ခဲ့ရသည်။ လူသတ်မှုကျူးလွန်မိ၍ သေဒဏ်ကျခံရမည့်အစား ဤကဲ့သို့သော အကျိုးဆက်က သူ့အတွက် သက်သာလွန်းနေသည်ဟု သူမ တွေးမိခဲ့သည်။

လင်းချောင်သည် ကုရှောင်ပင်းနှင့် ကုရှောင်ကျန်းတို့ကို နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံခဲ့ရသည်မှာ ၁၉၇၇ ခုနှစ်တွင် ဖြစ်သည်။ ထိုနှစ်သည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပသည့်နှစ် ဖြစ်ပြီး၊ လင်းချောင်သည်လည်း အတန်းနှစ်တန်း ကျော်တက်ခဲ့သဖြင့် အသက် ၁၅ နှစ်အရွယ်ဖြင့် အသက်အငယ်ဆုံးသော စာမေးပွဲဖြေဆိုသူ ဖြစ်လာခဲ့သည်။

ကျိသော်သည်လည်း ထိုနှစ်တွင်ပင် နယ်စပ်ဒေသမှ ယန်ဒူသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။ သူသည် လင်းချောင်ကို ကျောင်းသို့လာကြိုချိန်တွင် ပခုံးပေါ်၌ ဒုတိယဗိုလ်မှူးကြီးအဆင့်၏ တောက်ပြောင်သော အဆောင်အယောင်များကို ဆင်ယင်ထားနိုင်ခဲ့ပြီဖြစ်သည်။

နောက်တစ်နှစ်၊ ပြန်လည်လေ့လာမှု၏ ခြောက်လအကြာတွင် ကုရှောင်ကျန်းသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပထမဆုံးအကြိမ် ဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေပြီး၊ ကုရှောင်ပင်းကတော့ စစ်တပ်အတွင်း၌ အခြေတကျရှိနေပြီဖြစ်ကာ ချစ်သူလည်းရနေခဲ့ပြီ ဖြစ်သည်။

လင်းချောင်သည် ထိုမိန်းကလေးနှင့် တွေ့ဆုံဖူးသည်။ သူမသည် စစ်ဆေးရုံရှိ သူနာပြုတစ်ဦးဖြစ်ပြီး ဝိုင်းစက်ကာ အပြုံးချိုသော မျက်နှာလေးနှင့် ပါးချိုင့်လေးများ ရှိသူဖြစ်သည်။ သူတို့၏ ဆက်ဆံရေးသည် ချောချောမွေ့မွေ့ တိုးတက်လာခဲ့ပြီးနောက် မကြာမီမှာပင် နှစ်ဖက်မိသားစုနှင့် တွေ့ဆုံခဲ့ကြသည်။ ထို့နောက် နောက်တစ်နှစ် မေလ ၁ ရက်နေ့တွင် လက်ထပ်စာချုပ်ကို တရားဝင်လက်မှတ်ထိုးခဲ့ကြလေသည်။

လင်းချောင်သည် ထိုနေ့၏ မင်္ဂလာပွဲသို့ ကျိသော်နှင့်အတူ တက်ရောက်ခဲ့သည်။ ကျိသော်သည် ထိုပွဲတွင် အရက်အတော်များများ သောက်ခဲ့သဖြင့် ပွဲမှထွက်လာချိန်တွင် သူ၏လည်ပင်းများပင် နီမြန်းနေခဲ့လေသည်။

လင်းချောင်သည် သူ ဤကဲ့သို့ အလွန်အကျွံ သောက်သည်ကို သ်ိပ်မတွေ့ဖူးသဖြင့် အိမ်သို့ အမြန်မပြန်သေးဘဲ သူနှင့်အတူ အနီးအနားတွင် လမ်းလျှောက်နေခဲ့လိုက်သည်။ မမျှော်လင့်ဘဲ လမ်းလျှောက်နေရင်းနှင့် သူတို့ရောက်ရှိသွားသော နေရာမှာ ယခင်က အတူတကွ မနက်စာစားလေ့ရှိသော မနက်ခင်းဈေးဟောင်း ဖြစ်နေခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ မတူညီတော့ပေ။ လင်းချောင် ယန်ဒူသို့ ပြန်လည် ရောက်ရှိလာချိန်မှစ၍ ကျိသော်သည် သူမကို ထိုနေရာသို့ အမြဲခေါ်ဆောင်လာခဲ့သဖြင့်၊ အကင်ဆိုင်မှ ဦးလေးကြီးပင်လျှင် သူမကို “ကျိသော်၏ ဇနီးလောင်းလေး” ဟု သိရှိနေပြီ ဖြစ်သည်။ သို့သော် အချိန်မှာ ညဉ့်နက်နေပြီဖြစ်ရာ ဈေးဆိုင်များ အားလုံး သိမ်းဆည်းသွားကြပြီဖြစ်သည်။ သို့တိုင်အောင် ကျိသော်ကတော့ ထိုနေရာအနီးတွင် ရပ်တန့်နေဆဲပင်။

“ခုနက ပွဲထဲမှာ စားလို့မဝခဲ့သေးလို့လား။”

လင်းချောင်က လက်ဖြင့် ယပ်ခတ်ရင်း မေးလိုက်သည်။

သူမသည် နောက်တစ်နှစ်ရောက်မှသာ တရားဝင် အရွယ်ရောက်မည် ဖြစ်သော်လည်း၊ လူအများစုသည် ထိုအချက်ကို အလေးမထားကြတော့ပေ။ သူမကိုယ်တိုင်လည်း စိတ်ပျော်နေသဖြင့် အရက်အနည်းငယ် မြည်းစမ်းကြည့်ခဲ့မိသေးသည်။

ကျိသော်သည် အရက်ရှိန်ကြောင့် ပါးပြင်လေးများ နီမြန်းကာ မျက်ဝန်းများ ဝေဝါးနေသော သူမကို စိုက်ကြည့်ရင်း ပြောလိုက်၏။

“ဒီတစ်ကြိမ်ကတော့ ရှောင်ပင်းရဲ့ မင်္ဂလာပွဲ လုပ်တဲ့အလှည့် ရောက်လာတာပေါ့။”

လင်းချောင်သည် အစပိုင်းတွင် သူ ဘာကိုဆိုလိုမှန်း သတိမထားမိခဲ့ဘဲ ခဏအကြာမှ မျက်လုံးများ ဝိုင်းသွားကာ မေးလိုက်သည်။

“ကိုကို... ကိုကို့အလှည့်လည်း ပြန်ရောက်လာမှာလား။”

အကယ်၍ သူသာ မူလဘဝက ကျိသော်မဟုတ်နေပါက “ဒီတစ်ကြိမ်” နှင့် “ဟိုတစ်ကြိမ်” ဆိုသော စကားကို မပြောနိုင်လောက်ပေ။

ကျိသော် မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူမ၏ နဖူးကို အသာလေး တောက်လိုက်သည်။

“ ‘ရောက်လာတာ’ ဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါ့မှာ အမှတ်တရတချို့ ရှိနေတာပါ။”

သူသည် ယခုလက်ရှိ ကျိသော်က မူလဘဝမှ အမှတ်တရများကို ရရှိထားခြင်းလား သို့မဟုတ် မူလဘဝမှ အရာရှိအိုကြီး ကျိသော်ကိုယ်တိုင် ယခုဘဝထဲသို့ ရောက်ရှိနေခြင်းလားဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မဆိုခဲ့ပေ။ လင်းချောင်ကို နက်ရှိုင်းစွာ စိုက်ကြည့်ရင်း မေးလိုက်၏။

“မင်းက ငါ့ကို ဘယ်လိုပုံစံနဲ့ မြင်ချင်တာလဲ။”

ဤမေးခွန်းက သူ့ကိုယ်သူ ပြန်၍ မနာလိုဖြစ်နေသကဲ့သို့ပင်။

လင်းချောင်လည်း ခဏတာ ဆွံ့အသွားပြီးမှ ပြန်မေးလိုက်သည်။

“ကိုကိုကရော။ ဘယ်လိုပုံစံက ညီမလေးကို ပိုချစ်တာလဲ။”

မိန်းကလေးငယ်၏ ပါးပြင်လေးများမှာ နီရဲနေပြီး နှုတ်ခမ်းလေးများမှာလည်း ပိုနီမြန်းနေခဲ့လေသည်။ သူမ သူ့ကို မော့ကြည့်လိုက်ချိန်တွင် သူမထံမှ အရက်နံ့လေးက ခပ်ဖျော့ဖျော့ ထွက်ပေါ်နေခဲ့သည်။

ကျိသော်သည် သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ ဘာစကားမှ မဆိုတော့ဘဲ လှည့်ထွက်သွားခဲ့လိုက်သည်။

၎င်းသည် ဖြေရခက်သော မေးခွန်းတစ်ခုသာဖြစ်ပြီး သူမကလည်း ထိုအတိုင်းပဲ ထပ်တူပင် ပြန်မေးနိုင်ခဲ့သည်။

လင်းချောင်သည် သားရေဖိနပ်ကလေးဖြင့် မြေပြင်ကိုနင်းကာ သူ၏နောက်မှ လိုက်ပါသွားခဲ့သည်။ အရက်ရှိန်ကြောင့်လားတော့ မသိသော်လည်း သူမ၏ ခြေလှမ်းများမှာ ပေါ့ပါးနေခဲသည်။ မမျှော်လင့်ထားဘဲ ကျိမိသားစု အိမ်ဟောင်းတည်ရှိရာ လမ်းကြားလေးသို့ အကွေ့လမ်းတွင် ကျိသော်က ရုတ်တရက် လှည့်လာပြီး သူမ၏ မျက်နှာလေးကို လှမ်းကိုင်လိုက်သည်။

လင်းချောင် ဘာမှပင် ပြန်လည်မတုံ့ပြန်နိုင်သေးမီတွင်ပင် သူမ၏ နှုတ်ခမ်းများသည် ပြင်းပြသော အနမ်းတစ်ခု၏ အောက်တွင် နစ်မြုပ်သွားခဲ့တော့သည်။

ကျိသော်၏ စစ်ဝတ်စုံမှာ သပ်ရပ်နေပြီး သူ၏မျက်နှာက တည်ကြည်လေးနက်နေသော်လည်း၊ သူမ၏ နက်မှောင်သော မျက်ဝန်းအစုံကို စိုက်ကြည့်နေသော သူ၏မျက်လုံးများထဲတွင်မူ ပြင်းပြသော အချစ်စိတ်များ တောက်လောင်နေခဲ့သည်။

ဤအခိုက်အတန့်တွင် လင်းချောင်အနေဖြင့် သူမရှေ့မှ ကျိသော်သည် မည်သည့်ကျိသော်ဖြစ်သည်ကို မခွဲခြားနိုင်တော့ပေ။

ကျိသော်ကလည်း ရှင်းပြမနေတော့။ သူသည် သူမကို ပြန်လွှတ်ပေးလိုက်ပြီး သူ၏လက်မဖြင့် နီမြန်းသွားသော သူမ၏နှုတ်ခမ်းလေးကို အသာအယာ ပွတ်သပ်လိုက်ကာ ဆိုလိုက်သည်။

“ဘယ်လိုပုံစံပဲဖြစ်နေပါစေ မင်းက ငါ့ရဲ့ အဖိုးတန်ရတနာလေးပါပဲ။”

၎င်းမှာ ကံကြမ္မာကြောင့်ပင် ဖြစ်စေ သို့မဟုတ် ငယ်ဘဝ၏ သံယောဇဉ်ကြောင့်ပင် ဖြစ်စေ၊ သူမသာ ဖြစ်နေမည်ဆိုလျှင် သူမသည် အမြဲတမ်းလိုလို သူ၏ဘဝအတွက် အဖိုးအတန်ဆုံးသောရတနာ ဖြစ်နေလိမ့်မည်။

မည်သည့်အချိန်နှင့် မည်သည့်နေရာတွင် ဖြစ်စေ၊ သူတို့နှစ်ဦးသား ပြန်လည်ဆုံတွေ့နေနိုင်သရွေ့ ၎င်းသည် အလှပဆုံးသော ဆုံစည်းမှုတစ်ခု ဖြစ်နေပေလိမ့်သည်။

လင်းချောင်သည် သူ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးတစ်ခု သို့မဟုတ် သူ၏ဘဝကို ချည်နှောင်ထားသော အနှောင်အဖွဲ့တစ်ခု မဟုတ်ခဲ့ပေ။ သူမသည် သူ စောင့်မျှော်နေခဲ့ရသောသူ၊ သူနှင့် ကံပါလာခဲ့သောသူသာ ဖြစ်နေခဲ့တော့သည်။

***[Extra End]***

All Chapters