နွားရိုင်းသတ်သမား ‘ရန်ကျောက်ကဲ’
Vol. 27 Ch. 376
အခန်း (၃၇၆) နွားရိုင်းသတ်သမား ‘ရန်ကျောက်ကဲ’
မီးတောက်မိစ္ဆာဘုရင်ဦးဆောင်တိုက်ခိုက်နေသည့် ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိရာ အရှေ့နဂါးကျွန်းတွင် စုဝေးနေသည့် မီးတောက်မိစ္ဆာများအပြင် အခြားသော အရှေ့ပင်လယ်ပတ်ဝန်းကျင်များတွင်လည်း မီးတောက်မိစ္ဆာများ အများအပြား ရှိနေသေးသည်။
လက်ရှိတွင် ကျောက်စိမ်းပင်လယ်မြို့တော်က အရှေ့နဂါးကျွန်း ရှေ့တန်းခံစစ်တွင် အင်အားများစုစည်းထားရသဖြင့် အခြားနေရာများတွင် ထိုမီးတောက်မိစ္ဆာများက သောင်းကြမ်းလျှက် ရှိကြသည်။
ထိုမီးတောက်မိစ္ဆာများ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးကြသည်။ မဟာမီးတောက်မိစ္ဆာအဆင့် မရှိသလောက် ရှားပါးပြီး သိုင်းဆရာသခင်အဆင့် မီးတောက်မိစ္ဆာကတော့ အများအပြားရှိသည်။
ကျောက်စိမ်းပင်လယ်မြို့တော်က အရှေ့နဂါးကျွန်းတိုက်ပွဲခံစစ်အတွက် လူအင်အားစုစည်းထားရသဖြင့် ထိုမီးတောက်မိစ္ဆာများက အထိန်းအကွပ်မဲ့စွာ နေရာတိုင်းကို ဖျက်ဆီးနေကြတော့သည်။
ပင်လယ်အထက် ကောင်းကင်ယံတွင် မီးတောက်မိစ္ဆာ (၃)ယောက် အဝေးသို့ အရှိန်ပြင်းစွာ ပျံသန်းသွားကြသည်။ သူ့နောက်တွင် ရှည်လျားသောမီးတောက်အမြီးတန်းများပင် ထင်ကျန်ရစ်ခဲ့သည်ကို တွေ့မြင်နိုင်၏။
သူတို့ဖြတ်သန်းသွားရာနေရာတိုင်းတွင် မီးတောက်များနှင့် ပြည့်နက်လျှက်ရှိသည်။
ထိုမီးတောက်မိစ္ဆာ (၃)ယောက်အနက် (၂)ယောက်က လူသားသဏ္ဌန်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ကြီးမားသော ဂဠုန်ငှက်ကြီးတစ်ကောင်နှင့် ဆင်တူသည်။
သူတို့ခန္ဓာကိုယ်ထက်တွင် မီးတောက်များ ပြင်းထန်စွာတောက်လောင်နေသည့်အပြင် သွေးရနံ့များလည်း ထွက်ပေါ်နေသည်။
“လူသတ်သမားတွေ ၊ မီးတောက်မိစ္ဆာတွေက တကယ့်ပြဿနာကောင်တွေပဲ”
သူတို့အောက်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
မီးတောက်မိစ္ဆာ (၃)ယောက် တုန်လှုပ်ချောက်ချားသွားစဉ်မှာပင် သူတို့အောက်ဘက်ရှိ ပင်လယ်ရေများက တိုင်လုံးကြီးများပမာ ကောင်းကင်ထက်သို့ မြင့်တက်လာပြီး သူတို့ကို ဝန်းရံထားလိုက်သည်။
သူတို့က ခေါင်းငုံ့ကြည့်ရန်ဟန်ပြင်လိုက်စဉ် အားကောင်းသောကြယ်တာရာချီစွမ်းအားများပါဝင်သော ရေတိုင်လုံးကြီးများက သူတို့ကို လှုပ်ရှားမရအောင် ဖုံးလွှမ်းသွားသည်။
မီးတောက်မိစ္ဆာ (၃)ယောက်၏မျက်ဝန်းများရှေ့တွင် အနီရောင်မီးတောက်များ ရုတ်တရက် လင်းထိန်တောက်ပသွားပြီး မီးတောက်မိစ္ဆာများမှာ ထိုနေရာမှ ရုန်းထွက်ချင်နေခဲ့သည်။
ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုနှင့် ဆင်တူသော အလွန်တရာကြောက်မက်ဖွယ်ရောင်ဝါတစ်ခု ပင်လယ်ရေအောက်မှ ထွက်ပေါ်လာပြီး မီးတောက်မိစ္ဆာ (၃)ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်များကို ထုံကျဉ်သွားစေသည်။
ထိုရောင်ဝါက စွမ်းအားမြင့်မားလှသည်မဟုတ်ဘဲ အနည်းငယ်ပင် မှိန်ဖျော့နေသေးသည်။ သို့သော် မီးတောက်မိစ္ဆာ (၃)ယောက်မှာတော့ မီးတောက်မိစ္ဆာဘုရင်များ ၊ သို့မဟုတ် လူသားသိုင်းသူတော်စင်များနှင့် ရင်ဆိုင်ရသည်ထက်ပင် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
ထိုကြောက်ရွံ့မှုက သူတို့၏ ဝိညာဉ်နှင့် သွေးများအတွင်း ရေးထွင်းထားသည့် အကြောက်တရားတစ်ခုဖြစ်ပြီး သူတို့၏ နားလည်နိုင်စွမ်းကို ကျော်လွန်သွားသည်။
မီးတောက်မိစ္ဆာ (၃)ယောက်မှာ ရေတိုင်လုံးများကြားတွင် ပိတ်မိလျှက် မှင်တက်နေကြသည်။
ထိုအချိန် ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့ ပင်လယ်ရေအောက်မှ ထွက်ပေါ်လာကြ၏။
ပန်ပန်က ကြုံးဝါးသံတစ်ချက်ပြုရင်း လူသားသဏ္ဌန်ရှိသော မီးတောက်မိစ္ဆာတစ်ကောင်ကို လက်သည်းနှစ်ဖက်ဖြင့် လက်ခုပ်တီးသည့်အလား ရိုက်ချလိုက်သည်။
မီးတောက်မိစ္ဆာက ပန်ပန်၏တိုက်ခိုက်မှုကိုခုခံရန် အစွမ်းကုန်ကြိုးစားသော်လည်း ဖီရှိုးသားရဲကြီး၏ ကြီးမားပြင်းထန်သော စွမ်းအားကို မယှဉ်နိုင်ဘဲ လက်သည်းကြီးနှစ်ခုဖြင့် ဖမ်းချုပ်ခံလိုက်ရသည်။
သူ့လက်သည်းများအတွင်း ညှပ်ပူးညှပ်ပိတ်ဖမ်းဆီးထားသော မီးတောက်မိစ္ဆာကိုကြည့်ရင်း ပန်းပန်က ပါးစပ်ဟကာ ကြုံးဝါးသံတစ်ချက် ထပ်မံပြုလိုက်သည်။
ထိုအခါ သူ့ပါးစပ်အတွင်းမှ အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာသည်။ ထိုအနက်ရောင်အခိုးအငွေ့များက ရေခဲနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ မီးတောက်မိစ္ဆာ၏ဝမ်းဗိုက်ကို ထုတ်ချင်းပေါက် ထိုးဖောက်ဝင်ရောက်သွားသည်။
အားဟူကတော့ ကြီးမားသောဂဠုန်ငှက်အသွင်ရှိသော မီးတောက်မိစ္ဆာနှင့် ရင်ဆိုင်နေသည်။
သူက လက်များကို ဖြန့်ကားလိုက်ရာ အနက်ရောင်ဟာရီကိန်းမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ ဓားသွားပမာထက်ရှသော ကျားလက်သည်းများထက်တွင်လည်း ခရမ်းရောင်အလင်းစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။
မလှုပ်ရှားနိုင်ဘဲ မှင်တက်နေသည့် ဂဠုန်ငှက်အသွင် မီးတောက်မိစ္ဆာကြီးကို အားဟူက လက်သည်းများဖြင့် ကုတ်ခြစ်ပစ်လိုက်သည်။
အားဟူ၏လက်သည်းချက်အောက်တွင် ထိုမီးတောက်မိစ္ဆာ၏အတောင်ပံများမှာ အပိုင်းပိုင်း စုတ်ပြဲသွားတော့၏။
ထို့နောက် သူက ခြေထောက်ကိုမြှောက်ကာ ထိုသတ္တဝါကြီးကို ကန်ထုတ်ပစ်လိုက်သည်။
ခြေကန်ချက်ထဲတွင် ကြောက်မက်ဖွယ်ရာအနက်ရောင်အိပ်မက်ဆိုးမုန်တိုင်းနှင့်အတူ အေးစက်သောချီစွမ်းအားများပါ ပါဝင်နေလေရာ ရေခဲနှင့်ဆီးနှင်းမုန်တိုင်းတစ်ခုအလား မီးတောက်မိစ္ဆာ၏ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားပြီး ကိုယ်တွင်းကလီစာများကို သံတူကြီးဖြင့် ထုချေလိုက်သည့်ပမာ ပြင်းထန်စွာထိုးနှက်လိုက်ရာ ဂဠုန်မီးတောက်မိစ္ဆာမှာ ကြေမွအသက်ပျောက်သွားတော့သည်။
မီးတောက်မိစ္ဆာ၏ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး အေးစက်နေသောမုန်တိုင်းထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထိုအချိန် ရန်ကျောက်ကဲကတော့ မီးတောက်မိစ္ဆာ (၃)ယောက်တွင် စွမ်းအားအကြီးမားဆုံးဖြစ်သည့် အမတဝိညာဉ် သိုင်းဆရာသခင်အဆင့်နှင့်ညီမျှသော လူသားအသွင်မီးတောက်မိစ္ဆာနှင့် ရင်ဆိုင်နေသည်။
ထိုမီးတောက်မိစ္ဆာမှာ မီးတောက်မိစ္ဆာဧကရာဇ်လက်စွပ်ဖြင့် ဖိနှိပ်ခံထားရသည့်တိုင် ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို ခုခံတွန်းလှန်နိုင်စွမ်း ရှိနေသည်။ သူက နောက်မဆုတ်ဘဲ ရှေ့သို့တိုးပြီးတိုက်ခိုက်ရန်ဟန်ပြင်လိုက်သည်။
ပုံမှန်အခြေအနေဆိုလျှင် ရန်ကျောက်ကဲက သူနှင့် သိုင်းကွက်အနည်းငယ် ယှဉ်ပြိုင်ကြည့်ရန် စိတ်ကူးမိမည်ပင်။
သို့သော် ယခုတော့ အချိန်မရှိသည့်အတွက် စကားတစ်ခွန်းပင်မဆိုတော့ဘဲ ကောင်းကင်တုန်လှုပ်လေးညှို့တွင်အသင့်တပ်ဆင်ထားသည့် နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတဖြင့် ထိုမီးတောက်မိစ္ဆာအား ဦးတည်ပစ်ခတ်လိုက်သည်။
ခရမ်းရောင်မိုးကြိုးများနှင့် ရွှေဗရာင်အလင်းတန်းများ ရောယှက်လျှက် ပြင်းပြင်းထန်ထန်ထွက်ပေါ်လာပြီး နေမင်းကိုဖြတ်ကျော်သွားသော သက်တံ့တစ်စင်းအလားထင်မှတ်ရသော်လည်း အေးစိမ့်အုံ့မှိုင်းမှုများဖြင့် ပြည့်နက်လျှက် ရှိသည်။
မိုးကြိုးသွားများနှင့် ရောယှက်နေသည့် ရွှေရောင်အလင်းတန်းများက လူသားအသွင်မီးတောက်မိစ္ဆာ၏ ခန္ဓာကိုယ်ကို တစ်စစီကြေမွသွားစေပြီး မီးတောက်များအားလုံး ငြိမ်းသတ်သွားကာ အကြွင်းအကျန်များက ပင်လယ်ရေအောက်သို့ ကျဆင်းသွားသည်။
မီးတောက်မိစ္ဆာ (၃)ယောက်ကို သတ်ဖြတ်ပြီးနောက် ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဧကရာဇ်လက်စွပ်ကို ပြန်လည်သိမ်းဆည်းကာ စောစောကလိုပင် ရေခဲစူးချွန်ကိုးခုကို ထုတ်ယူလိုက်သည်။
အားဟူနှင့် ပန်ပန်တို့က ပထမအကြိမ်တုန်းကလို အံ့အားသင့်နေခြင်း မရှိတော့ဘဲ ရန်ကျောက်ကဲဘေးနားတွင် စုရုံးကာ ရေခဲစက်ဝန်းဖြစ်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြသည်။
ထို့နောက် ရေခဲစက်ဝန်းသည် ပင်လယ်အတွင်းသို့ နိမ့်ဆင်းသွားပြီး ဒီရေစီးကြောင်းများနှင့်အတူ ရွေ့လျားသွားကာ အဝေးသို့ မျောပါသွားတော့၏။
ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့သည် ရေခဲစက်ဝန်းထဲတွင် တည်ငြိမ်စွာဖြင့် လိုက်ပါသွားကြသည်။
ခဏအကြာတွင် ရန်ကျောက်ကဲက ညာဘက်လက်ကိုဆန့်ထုတ်လိုက်ပြီး လက်မ ၊ လက်ညှိုး ၊ လက်ခလယ် ၊ လက်သူကြွယ် ၊ လက်သန်း တစ်ချောင်းချင်းချိုးကာ တစ်စုံတစ်ခုကို တွက်ချက်လိုက်သည်။
အားဟူကလည်း ရန်ကျောက်ကဲလုပ်သည့်အတိုင်းလိုက်လုပ်ရင်း တွက်ချက်မှု ပြုလိုက်သည်။ ပန်ပန်သည်ပင် သူ၏ အမွှေးရှည်ရှည်လက်များကို ဆန့်ထုတ်လိုက်ပြီး ရန်ကျောက်ကဲကို အတုခိုးပြီး အချိန်တွက်ချက်နေသည်။
ရန်ကျောက်ကဲ၏လက်ငါးချောင်းလုံး လက်သီးဆုပ်သဏ္ဌန်ချိုးကာ တွက်ချက်ပြီးစီးသွားချိန်တွင် သူတို့အနောက်ဘက် ဝေးကွာသောတစ်နေရာ၌ ပြင်းထန်သောစွမ်းအားအတက်အကျများ ဖြစ်ပေါ်လာသည်။
ပင်လယ်ဒီရေလှိုင်းများ သိသိသာသာပြင်းထန်လာပြီး ပင်လယ်အောက်ရေစီးကြောင်းများက ရေခဲစက်ဝန်းကို ပိုမိုလျှင်မြန်စွာပင် အဝေးသို့ တွန်းထုတ်သယ်ဆောင်သွားသည်။
ရန်ကျောက်ကဲတို့ မီးတောက်မိစ္ဆာ (၃)ယောက်ကို သတ်ဖြတ်ခဲ့သောနေရာတွင် ယခုတော့ မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ရောက်ရှိနေသည်။ သူက မိုးခြိမ်းသံအလား ကြုံးဝါးသံပြုလုပ်ရင်း အလွန်အမင်း ဒေါသထွက်လျှက် ရှိ၏။
သူပုံစံမှာ အနီရောင်အဝတ်စတစ်စကို တွေ့မြင်နေရသော နွားရိုင်းကြီးတစ်ကောင်နှင့် ဆင်တူသည်။
ရန်ကျောက်ကဲက နွားရိုင်းသတ်သမားတစ်ယောက်နှင့် ဆင်တူပြီး ဤမီးတောက်မိစ္ဆာဘုရင်ကို ပင်လယ်တစ်ခွင် အသလွတ် ပြေးလွှားနေစေသည်။
ရန်ကျောက်ကဲ ဤသို့ ပြုလုပ်နေခြင်းက နည်းလမ်းတစ်ခုသာဖြစ်ပြီး ရည်ရွယ်ချက်တစ်ခု မဟုတ်ပေ။
သူ၏ရည်ရွယ်ချက်မှာ မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ကျောက်စိမ်းပင်လယ်မြို့တော်သို့ ပြန်မသွားဘဲ သူ့နောက်ဆက်လိုက်လာစေရန် ဖြားယောင်းခြင်း ဖြစ်သည်။
ရန်ကျောက်ကဲအနေဖြင့် ချန်ဟွမ်ကို အဝေးဆုံးသို့ မျှားခေါ်သွားရန် လိုအပ်သည်။ ထို့ကြောင့် သူက မီးတောက်မိစ္ဆာ (၃)ယောက်ကို သတ်ဖြတ်ပြီးနောက် ချန်ဟွမ်ကို မျက်ခြေဖြတ်ကာ ရေခဲစက်ဝန်းဖြင့် ထွက်ပြေးသည့်ပုံစံမျိုး ထပ်ခါထပ်ခါ ပြုလုပ်ပြီး မီးတောက်မိစ္ဆာဘုရင်ကို အဆက်မပြတ်မျှားခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော မီးတောက်မိစ္ဆာများကို ရင်ဆိုင်ရာတွင် အနီရင့်ရောင်လက်စွပ်က အတော်လေး အကျိုးသက်ရောက်မှု ရှိသည်။
ထို့ပြင် နတ်ဆိုးခွင်းရေခဲအင်းသင်္ကေတသည်လည်း မီးတောက်မိစ္ဆာများကို တိုက်ခိုက်ရာတွင် ထူးခြားစွာအသုံးဝင်သည်။ ရန်ကျောက်ကဲတွင် အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်သော ကောင်းကင်တုန်လှုပ်လေးညှို့ရှိနေသဖြင့် ပို၍အဆင်ပြေလေသည်။
ထို့ကြောင့် အမတလက်ဖွဲ့အဆင့်သိုင်းဆရာသခင်အဆင့်နှင့်ညီမျှသော မီးတောက်မိစ္ဆာများမဟုတ်သရွေ့ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို အမေအမေ ‘တ’ ကာ ငိုကြွေးရသည်အထိ အလူးအလှိမ့်ခံကြရသည်ပင်။
ရန်ကျောက်ကဲက အောင်မြင်မှုကိုဆာလောင်စွာဖြင့် အလောတကြီး မပြုလုပ်ခဲ့ပေ။ သူ့ဆန္ဒအလျောက် ရင်ဆိုင်စမ်းသပ်ကြည့်လိုသည့် ကစားပွဲတွင် သူက သေချာသည့်ဦးတည်ချက်ဖြင့် လှုပ်ရှားလျှက် ရှိသည်။ ချန်ဟွမ် သူ့ကို ခြေရာခံမိသည်နှင့် ရေခဲစက်ဝန်းဖြင့် ဖုံးကွယ်ကာ ပင်လယ်ရေနက်ခရီးစဉ်တစ်ခုဖြင့် ခြေရာဖျောက်သည်။
ချန်ဟွမ်က သူတို့နောက်သို့ တတ်နိုင်သမျှ အမြန်ဆုံးလိုက်လာသော်လည်း ရန်ကျောက်ကဲတို့အုပ်စုက ခြေရာဖျောက် ထွက်ခွာသွားပြီ ဖြစ်၏။
စိတ်မကောင်းစရာမှာ ထိုသို့အကြိမ်အနည်းငယ် ပြုလုပ်ပြီးသည်နှင့် ချန်ဟွမ်၏အမြန်နှုန်းကို ရန်ကျောက်ကဲ ပိုမိုနားလည်လာပြီး အချိန်ကို ပိုမိုတိကျစွာ တွက်ချက်လာနိုင်ခြင်း ဖြစ်သည်။
ထို့အတူ ပင်လယ်အောက်ရေစီးကြောင်းများကိုအသုံးပြုပြီး ရန်ကျောက်ကဲ၏ ကိုယ်ယောင်ဖျောက်ခြင်းနည်းစနစ်သည်လည်း အတော်လေး အရှိန်ရလာခဲ့သည်။
မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ ၏ စွမ်းအားအရှိန်အဟုန်ကြောင့် ဖြစ်ပေါ်လာသော ပင်လယ်အောက်ရေစီးကြောင်းများ၏ လျှင်မြန်မှုကိုလည်း ပတ်ဝန်းကျင်နှင့်ဆက်စပ်ကာ အခြားသောကိစ္စများကို ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။
ချန်ဟွမ်သည် ရန်ကျောက်ကဲ မည်သို့မည်ပုံလွတ်မြောက်နေကြောင်း နားမလည်နိုင်ခဲ့ပေ။ သို့သော် သူ နားလည်ခဲ့လျှင်တောင်မှ ရေစီးကြောင်းအတိုင်းမျောသွားသော ရေခဲစက်ဝန်း၏ အမြန်နှုန်းကို အတိအကျတွက်ချက်ရန် ခက်ခဲမည် ဖြစ်သည်။
ထို့ကြောင့် ကြီးမြတ်လှပါသော မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ သည် ဝိညာဉ်ခန္ဓာအဆင့် သိုင်းဆရာသခင်တစ်ယောက်မျှသာဖြစ်သော လူသားမျိုးနွယ်တစ်ယောက်ကို ဖမ်းမမိနိုင် ရှိရသည်။
သူ့မမျာ ရန်ကျောက်ကဲချန်ထားခဲ့သော ဖုန်မှုန့်များကိုသာ ကြိမ်ဖန်တလဲလဲ စားသောက်နေရတော့၏။
ခက်ခက်ခဲခဲဖြင့် ရန်သူကိုခြေရာခံမိသည့်အချိန် ထိုနေရာသို့ရောက်ရှိလာပါက အသက်ပျောက်နေသော မီးတောက်မိစ္ဆာများနှင့် ဒဏ်ရာရနေသောမီးတောက်မိစ္ဆာများကိုသာ တွေ့ရသည်။
ထို ကျိန်ဆဲချင်စရာလူသားကတော့ ကမ္ဘာမြေပေါ်မှပျောက်ကွယ်သွားသည့်အလား သဲလွန်စမကျန် ပျောက်ကွယ်သွားပါ ချန်ဟွမ် မည်မျှကြိုးစားရှာဖွေပါစေ ရှာမတွေ့နိုင်တော့ပေ။
မီးတောက်မိစ္ဆာဘုရင်သည် ဒေါသအမျက်ပြင်းစွာဖြင့် မိုးခြိမ်းသံပမာ ကြုံးဝါးလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ သူ့ဒေါသကအထွတ်ထိပ်သို့ ရောက်ရှိလာသည်။
ထိုသို့ဖြင့်...
ရန်ကျောက်ကဲတို့အုပ်စုမှာ ပင်လယ်နက်ရှိုင်းရာသို့ ဆင်းသွားလိုက် ၊ ရေပြင်ထက်ပြန်တက်ကာ မီးတောက်မိစ္ဆာများကို သုတ်သင်ပြီး ချန်ဟွမ်ကို မျှားခေါ်လိုက် ၊ ချန်ဟွမ် ရောက်လာခါနီးတွင် ပင်လယ်အောက်သို့ဆင်းကာ ခြေရာဖျောက်လိုက်ဖြင့် ၊ ထိုအလုပ်များက သူတို့အတွက် လုပ်ရိုးလုပ်စဉ်ပမာ လွယ်ကူလာလေတော့သည်။