သမိုင်းကအမြဲတမ်းတုန်လှုပ်စရာကောင်းလောက်အောင် ဆင်တူလွန်းတယ်
Vol. 27 Ch. 377
အခန်း (၃၇၇) သမိုင်းကအမြဲတမ်းတုန်လှုပ်စရာကောင်းလောက်အောင် ဆင်တူလွန်းတယ်
ချန်ဟွမ်၏ ပြင်းထန်သောစွမ်းအားများက ပင်လယ်ပြင်တစ်ခွင် ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်ရာမီးတောက်များ ပေါက်ကွဲထွက်ကာ ပင်လယ်ရေများကို အငွေ့ပျံသွားစေလေရာ ပင်လယ်ပြင်ထက်တွင် လေဟာနယ်ကိုပင်ဖြစ်ပေါ်စေလျှက် ကြီးမားသောမုန်တိုင်းငယ်တစ်ခုပင် ဖြစ်ပေါ်လာသည်။
သူက သိုင်းသူတော်စင်အဆင့်စွမ်းအားကို အပြည့်အဝထုတ်ဖော်ပြီး စံနှုန်းထက်သာလွန်သော ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အဖျက်စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်သည်။
သို့သော် ရန်ကျောက်ကဲကတော့ ချန်ဟွမ်၏တိုက်ခိုက်မှုလှိုင်းလုံးများဖြင့်ဝေးရာအရပ်တွင် အေးအေးဆေးဆေးပင် ရှိနေသည်။ မီးတောက်မိစ္ဆာဘုရင်၏တိုက်ခိုက်မှုကပြင်းထန်လေ ပင်လယ်အောက်ရေစီးကြောင်းများ လျှင်မြန်လာပြီး ရန်ကျောက်ကဲကို ပိုမိုဝေးကွာသည့်နေရာသို့ ပို့ဆောင်ပေးလေ ဖြစ်သည်။
ရန်ကျောက်ကဲ လွတ်မြောက်သွားသည့်နည်းလမ်းကိုသာ သိရှိပါက သနားစရာ ‘ချန်ဟွမ်’ မှာ မိုးမီးလောင်အောင် ဒေါသထွက်ပေလိမ့်မည်။
မီးတောက်မိစ္ဆာဘုရင်က နွားရိုင်းတစ်ကောင်ပမာ ပင်လယ်တစ်ဝိုက် လှည့်ပတ်ပြေးလွှားလျှက် နွားရိုင်းသတ်သမား ရန်ကျောက်ကဲကတော့ အောင်မြင်မှုရနေသည့် နွားရိုင်းသတ်သမားတစ်ယောက်ပမာ ဖြစ်သည်။
သို့ပေသိ လှည့်ပတ်နေသည့် ‘နွားရိုင်း’ က ပို၍ဒေါသကြီးလာတတ်စမြဲပင်။
မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ သည် ရန်ကျောက်ကဲတို့ကိုရှာဖွေရန် လုံးဝ လက်လျှော့လိုက်သည်။ သို့သော် သူက ရန်ကျောက်ကဲပေါ်လာသည့်နေရာများသို့ အလျှင်အမြန်သွားရောက်ကာ ရန်သူကို မရှာဖွေတော့ဘဲ ပင်လယ်ပြင်တစ်ခုလုံးကို ဖောက်ခွဲတိုက်ခိုက်ပစ်သည်။
ချန်ဟွမ်အား အနီရင့်ရောင်လက်စွပ်အကြောင်း မေ့သွားလောက်သည်အထိ ဒေါသထွက်အောင် ရန်စမိပြီလားဟု ရန်ကျောက်ကဲ အလေးအနက်သံသယဝင်သွားပြီး ဒေါသပြေလျော့သွားစေရန် ရိုးရှင်းစွာဆန္ဒဖြစ်မိသည်။
နွားရိုင်းသတ်ပွဲက ပိုမိုခက်ခဲလာပြီဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် လိုက်လျောညီထွေဖြစ်စေရန် ဂရုစိုက်ရပေမည်။
ထို့ပြင် သူ့စိတ်ထဲတွင်လည်း ပူပန်မှုတစ်ခု ရှိနေ၏။
ယခု အချိန်အတော်လေးကြာမြင့်နေပြီဖြစ်ရာ အခြားပြဿနာမရှိဘူးဆိုလျှင် အန်းချင်လင်နှင့်အခြားသူများ ကျောက်စိမ်းပင်လယ်မြို့တော်ကို ကူညီရန် ရောက်ရှိလာသင့်ပေပြီ။
သို့သော် မီးတောက်မိစ္ဆာဘုရင်က သူ့နောက်လိုက်နေသေးရာ အရှေ့ပင်လယ်တွင် သူ့ကိုခြိမ်းခြောက်နိုင်မည့်သူ ရောက်မလာသေးကြောင်း ထင်ရှားသည်။
အရှေ့နဂါးကျွန်းတွင် ကျန်ရစ်ခဲ့သော မီးတောက်မိစ္ဆာဘုရင်ကတော့ ကျောက်စိမ်းပင်လယ်မြို့တော်ပင်မအစီအရင်ကို ဖျက်ဆီးနေဆဲ ဖြစ်နိုင်သည်။
ကျောက်စိမ်းပင်လယ်မြို့တော်သခင် ၊ ကျောက်စိမ်းပင်လယ်သိုင်းသူတော်စင်’စုန့်ဝူလျန်’ သည်လည်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသေးဟန် မရှိသေးပေ။
အစောပိုင်းက မီးတော်ကမိစ္ဆာဘုရင်နှစ်ယောက် ဝိုင်းဝန်းထိုးစစ်ဆင်ခြင်းခံခဲ့ရသဖြင့် ကျောက်စိမ်းပင်လယ် ပင်မအစီအရင်သည် အတိုင်းအတာတစ်ခုအထိ ပျက်ဆီးနေပြီ ဖြစ်သည်။
အကယ်၍ စစ်ကူသာရောက်မလာပါက မီးတောက်မိစ္ဆာဘုရင်တစ်ယောက်သာ ကျန်ရှိသည့်တိုင် ပင်မအစီအရင်ကြီး ပျက်ဆီးသွားနိုင်သည်။ မီးတောက်မိစ္ဆာများတွင် အစီအရင်ဖျက်ဆီးသည့်အထူးနည်းလမ်းများရှိကြသလို ပင်မအစီအရင်ကို ဝိုင်းဝန်းပစ်မှတ်ထား တိုက်ခိုက်နေကြသည်ဖြစ်ရာ အချိန်ကြာသည်နှင့်အမျှ ပင်မအစီအရင်ပျက်ဆီးကာ ရန်သူများ မြို့တော်အတွင်းသို့ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်လာမည် ဖြစ်သည်။
“ကြည့်ရတာ လှိုင်းနက်ဂေဟာက ဂေဟာသခင်မ’အန်းချင်လင်’ နဲ့ နေသူတော်စင်ဂိုဏ်းက ‘မန်ဝမ်’ တို့ တစ်နေရာရာမှာ ပိတ်မိနေကြပြီထင်တယ်”
ရန်ကျောက်ကဲက မျက်ခုံးများ တွန်းချိုးရင်း တွေးလိုက်သည်။
“အရှေ့ပင်လယ်အပြင်ပိုင်းက မီးတောက်မိစ္ဆာကမ္ဘာနဲ့ဆက်သွယ်ထားတဲ့ အက်ကွဲကြောင်းဥမင်ကနေ မီးတောက်မိစ္ဆာတွေ ထပ်ပြီဝင်လာကြသလား မပြောနိုင်ဘူး”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“ဒါဖြင့် ကောင်းကင်မိုးကြိုးခန်းမက အချိန်မီလာကူညီပါ့မလား စောင့်ကြည့်ရမယ် ၊ ကောင်းကင်မိုးကြိုးခန်းမက ပင်လယ်နယ်နိမိတ်ထဲမှာရှိတာဆိုတော့ ဝါဒတောင် ၊ အဆုံးမဲ့တောင်တန်းနဲ့ နေသူတော်စင်ဂိုဏ်းတို့ထက် ပင်လယ်နဲ့ပိုနီးတာလေ”
သူက ခဏမျှတုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။
“ဒါပေမဲ့ သခင်လေး... နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက ကူညီပါ့မလား ၊ သူတို့က ကျောက်စိမ်းပင်လယ်မြို့တော်နဲ့ ဆက်ဆံရေး မကောင်းဘူးလေ”
ကျောက်စိမ်းပင်လယ်မြို့တော် ပျက်ဆီးသွားပါက ဝါဒတောင်နှင့် အဆုံးမဲ့တောင်တန်းအနေဖြင့် အင်အားကြီးမဟာမိတ်တစ်ယောက် ဆုံးရှုံးသွားမည်ဖြစ်သည်။ သို့ဆိုလျှင် အားနည်းနေသော နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမအနေဖြင့် အားသာချက် ပြန်လည်ရရှိလာမည် ဖြစ်သည်။
မီးတောက်မိစ္ဆာများက အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဘုံရန်သူဖြစ်သောကြောင့် မည်သူမဆို တိုက်ပွဲတွင် ပူးပေါင်းပါဝင်ကြရမည်ပင်။
သို့သော် မီးတောက်မိစ္ဆာများ ကျောက်စိမ်းပင်လယ်မြို့တော်ကို ဖျက်ဆီးပြီးသည့်အချိန်ထိ သူတို့က ဝင်ရောက်တိုက်ခိုက်ခြင်းမပြုဘဲ စောင့်ဆိုင်းနေကြသည်။
ကောင်းကင်မိုးကြိုးခန်းမနှင့် နေသူတော်စင်ဂိုဏ်းက ထိုသို့သောဗျူဟာကို အမြဲတမ်း ကျင့်သုံးသည်။ ဝါဒတောင်နှင့် ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်း အပြင်းအထန်တိုက်ခိုက်ကြစဉ်ကလည်း ထိုသို့ပင် ပြုမူခဲ့ကြသည် မဟုတ်ပါလား။
မီးတောက်မိစ္ဆာများ၏ ခြိမ်းခြောက်မှုက ငရဲကိုးထပ်ထက် နည်းပါးသည်ဆိုလျှင် ၊ နေသူတော်စင်ဂိုဏ်းနှင့် ကျောက်စိမ်းပင်လယ်မြို့တော်အနေဖြင့် လှိုင်းနက်ဂေဟာနှင့် အဘိုးအို’မော့’ ၏ ရပ်တည်ချက်ကို အလေးမထားဘူးဆိုလျှင် သူတို့အနေဖြင့် ဤအခြေအနေကို အခွင့်ကောင်းယူကာ ကျောက်စိမ်းပင်လယ်မြို့တော်ကို အမြစ်ပြတ်သုတ်သင်ပစ်နိုင်သည်ဟု ရန်ကျောက်ကဲ တွေးထင်မိသည်။
ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းနှင့် တိုက်ပွဲအပြီးတွင် ဝါဒတောင်ကို သုတ်သင်ပစ်ရန် သူတို့က ထိုနည်းလမ်းအတိုင်းပင် ကြိုးစားခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းပင်လယ်မြို့တော်က ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်လေရာ သူတို့၏ခံစစ်ကို ချိုးဖျက်ရန် မီးတောက်မိစ္ဆာများအတွက် လွယ်ကူမည် မဟုတ်ပေ။
ထို့ကြောင့် နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမတို့က ကျောက်စိမ်းပင်လယ်မြို့တော် ပျက်ဆီးသည်အထိ မစောင့်လျှင်တောင်မှ အင်အားဆုတ်ယုတ်သွားသည်အထိ စောင့်ဆိုင်းပြီးမှ လာရောက်ကူညီမည် ဖြစ်သည်။
အဘိုးအို’မော့’ နှင့် လှိုင်းနက်ဂေဟာတို့ကို ပေးနိုင်သော အကြောင်းပြချက်များစွာရှိသည်။ အဖြစ်အပျက်များက မြန်ဆန်လွန်းသဖြင့် ချက်ချင်းရောက်မလာနိုင်ဟု ရိုးရှင်းစွာအကြောင်းပြလိုက်ရုံဖြင့် လုံလောက်သည်။
ရန်ကျောက်ကဲက နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...
“ငါတို့ဂိုဏ်းနဲ့ အဆုံးမဲ့တောင်တန်းက စစ်ကူတွေစေလွှတ်တဲ့အခါ နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမကို သတိထားရမယ် ၊ သူတို့က ငါတို့နဲ့ရန်သူတွေဆိုတော့ ဘာတွေကြံစည်မလဲ မသိနိုင်ဘူး...”
“သမိုင်းက အမြဲတမ်း တုန်လှုပ်စရာကောင်းလောက်အောင် ဆင်တူလွန်းတယ်”
ရန်ကျောက်ကဲ မျက်လုံးများကိုမှေးမှိတ်ရင်း သူ့တစ်ကိုယ်စာကြားနိုင်ရုံလေသံဖြင့် ညည်းညူသည်။
“သေရေးရှင်ရေးနဲ့ တကယ်မကြုံရသေးရင် လူသားတွေက အချင်းချင်းကွဲပြဲနေကြတာပါပဲ ၊ အမြဲတမ်းအတွင်းပိုင်းပြဿနာတွေကိုပဲ စိတ်ထဲထားနေကြတာ”
အားဟူက ရှင်းရှင်းလင်းလင်း မကြားလိုက်ရသဖြင့်...
“သခင်လေး... ဘာပြောတာလဲ”
ရန်ကျောက်ကဲက လက်ကာပြရင်း...
“ဘာမှမဟုတ်ဘူး ၊ အခု ငါတို့ တိုက်ပွဲအခြေအနေကို လုံးဝ မသိရဘူးဖြစ်နေတယ် ၊ ငါတို့ သိထားတဲ့သတင်းအချက်အလက်ကလည်း အရမ်းနည်းတယ် ၊ အဲဒါ အဆင်မပြေဘူး”
ထို့နောက် ရန်ကျောက်ကဲက ရေခဲစူးချွန်များကို သိမ်းဆည်းလိုက်ပြီး မီးတောက်မိစ္ဆာများကို တတ်နိုင်သမျှရှောင်တိမ်းကာ အရှေ့ဘက်သို့ အရှိန်မြှင့်ပြီး ခရီးထွက်လာသည်။
သူက ‘ပင်လယ်ရှည်မြို့တော်’ သို့ သွားရောက်ရန် ရည်ရွယ်ထားသည်။ ထိုမြို့တော်က ရေနယ်မြေ၏မြို့တော်ကိုးခုတွင် အပါအဝင်ဖြစ်ပြီး အရှေ့ပင်လယ်အပြင်ပိုင်းနှင့် အရှေ့ပင်လယ်ကုန်းတွင်းပိုင်း နယ်နိမိတ်တွင် တည်ရှိသည်။
ထိုနေရာတွင် ရုံးစိုက်သော ပထမအဆင့်ထိပ်တန်းအကြီးအကဲက ကျောက်စိမ်းပင်လယ်မြို့တော်အား စစ်ကူပေးရန် သွားရောက်နေလျှင်တောင်မှ ကျောက်စိမ်းပင်လယ်မြို့တော်မှ အခြားသောသိုင်းသမားများ ကျန်ရစ်ခဲ့ဦးမည်ဖြစ်ရာ သတင်းလမ်းကြောင်းကတော့ ချောမွေ့မည် အမှန်ပင်။
သူတို့ ပင်လယ်ရှည်မြို့တော်သို့ ထွက်ခွာလာလျှင် မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ က သူတို့နောက်ဆက်မလိုက်တော့ဘဲ ကျောက်စိမ်းပင်လယ်မြို့တော်သို့ ပြန်သွားနိုင်သည်။ သို့တိုင် ရန်ကျောက်ကဲက ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။
လုံလောက်သောသတင်းအချက်အလက်ရရှိမှသာ အခြေအနေမှန်ကို နားလည်သဘောပေါက်နိုင်ပြီး တိကျသောဆုံးဖြတ်ချက်နှင့် ခိုင်မာသောအစီအစဉ်များ ချမှတ်နိုင်မည် ဖြစ်သည်။
သို့သော် သူတို့အုပ်စု ပင်လယ်ရှည်မြို့တော်သို့ ရောက်ရှိလာသောအခါ မီးတောက်မိစ္ဆာများဖြင့် အပြင်းအထန် တိုက်ပွဲဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ပင်လယ်ရှည်မြို့တော်တွင်ရှိနေသော ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမားများနှင့် ဒေသတွင်း ပထမအဆင့်စွမ်းအားစု ၊ ဒုတိယအဆင့်စွမ်းအားစုများက မီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်နေကြသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
ယခုတစ်ခေါက် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျူးကျော်လာသောမီးတောက်မိစ္ဆာများမှာ အတော်လေးအင်အားများပြားသည်။
ရန်ကျောက်ကဲက ပင်လယ်ရှည်မြို့တော်မှ သိုင်းသမားများနှင့် အလျင်အမြန် ဆက်သွယ်ပြီး နောက်ဆုံးရသတင်းများကို စုံစမ်းသည်။
သူတို့က ရန်ကျောက်ကဲနှင့်တွေ့ဆုံသည့်အခါ တစ်ဂိုဏ်းတည်းသားချင်းများ မဟုတ်သော်လည်း ရရှိထားသောသတင်းများအားလုံးကို ဝေမျှသည်။
ရန်ကျောက်ကဲ သံသယဝင်သည့်အတိုင်းပင် အန်းချင်လင်နှင့် အခြားသူများမှာ အရှေ့ပင်လယ်တွင် ပိတ်မိနေပြီး ကျောက်စိမ်းပင်လယ်မြို့တော်ကို လာရောက်ကူညီရန် မဖြစ်နိုင်ဘဲ မီးတောက်မိစ္ဆာများနှင့် အပြင်းအထန် တိုက်ပွဲဆင်နွှဲနေကြသည်။
အခြေအနေက ရန်ကျောက်ကဲထင်သည်ထက် ပိုမိုဆိုးရွားသည်ပင်။
“သိုင်းသူတော်စင် ဒုတိယအဆင့်ရှိတဲ့ မီးတောက်မိစ္ဆာဘုရင် ဟုတ်လား”
ရန်ကျောက်ကဲက သူ့ရှေ့မှ ကျောက်စိမ်းပင်လယ်မြို့တော် သိုင်းသမားကို စိုက်ကြည့်ရင်း မေးသည်။
“မင်း သေချာလို့လား”
ကျောက်စိမ်းပင်လယ်မြို့တော်မှ သိုင်းသမား၏မျက်နှာက အလွန်တည်ကြည်လေးနက်နေပြီး...
“သေချာရုံတင်မကဘူး ၊ အဲဒီလိုအဆင့်ရှိတဲ့ မီးတောက်မိစ္ဆာတွေ တစ်ယောက်မကဘူးလို့တောင် ပြောနိုင်တယ်”
သူက ဆက်ပြောသည်။
“လှိုင်းနက်ဂေဟာက သခင်မ’အန်းချင်လင်’ အန္တရယ်နဲ့ရင်ဆိုင်ရပြီး ဒဏ်ရာရသွားတယ် ၊ ကံကောင်းတာက ပန်းချီဆရာသူတော်စင် အချိန်မီရောက်လာပြီး ရန်သူရဲ့ ဝင်ပေါက်အနီးတစ်ဝိုက်ကို ပိတ်ဆို့တားဆီးနိုင်ခဲ့တယ်”
“ဒါပေမဲ့ ဖိအားကတော့ ကြီးမားနေဆဲပဲ ၊ ဂေဟာသခင်မ ‘အန်း’ ၊ ပန်းချီဆရာသူတော်စင်နဲ့ နေသူတော်စင်ဂိုဏ်းက ထူကဲယင်မိန်းမပျိုတို့က ရန်သူတွေကို ထိန်းထားနိုင်ပေမယ့် အဆက်မပြတ် ဆုတ်ခွာနေရတယ်လို့ သတင်းကြားတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲ ခေါင်းခါယမ်းသည်။
အဘိုးအို’မော့’ မည်မျှ စွမ်းအားကြီးမားကြောင်း သူ မသိရှိပေ။ ဟန်ထျန်းပုဂ္ဂိုလ်မြတ် ‘ကျန်းဒေါင်ဂီ’ ၊ ကောင်းကင်ခန့်မှန်းသူ ‘ကျန်းရှီလော့’ တို့နှင့် မျိုးဆက်တူညီပြီး လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အကြီးမြတ်ဆုံးနှင့် အသက်ကြီးဆုံးသော အဘိုးအို’မော့’၏စွမ်းအားမှာ အခြားသူများထက်သာလွန်သည်ကတော့ သေချာသည်။
သို့သော် ယခုတစ်ကြိမ် မီးတောက်မိစ္ဆာများ၏တိုက်ခိုက်မှုက လူအများကို တုန်လှုပ်စေသည်။
အရှေ့ပင်လယ်အပြင်ပိုင်းမှ တိုက်ပွဲအခြေအနေက ကျောက်စိမ်းပင်လယ်မြို့တော်ထက်ပင် ပို၍ အန္တရယ်ရှိဟန်တူသည်။
အဆုံးသတ်တွင် အရှေ့ပင်လယ်အပြင်ပိုင်းမှ လူသားသိုင်းကျင့်ကြံသူများ၏ ခံစစ်စည်းပြိုကျလာသည်နှင့် မီးတောက်မိစ္ဆာများက အရှေ့ပ်ငလယ်တစ်ခုလုံးကို သိမ်းပိုက်မည် ဖြစ်သည်။
ရန်ကျောက်ကဲက ထိုသိုင်းသမားကို မေးလိုက်သည်။
“ငါ့ရဲ့ ဆရာဘိုးဘိုးနဲ့ နေသူတော်စင်ဂိုဏ်းက ဟွမ်ကွမ်လီတို့ရော ဘယ်ရောက်နေလဲ”