ကျုပ် ခင်ဗျားကို စောင့်နေပါတယ်
Vol. 15 Ch. 211
ခြေသံများကို ကြားပြီးနောက် ခန်းမတစ်ခုလုံး တိတ်ကျသွားသည်။ စင်ပေါ်သို့ လျှောက်လာနေသော လူငယ်လေးကို လူတိုင်း ငေးမောကြည့်နေမိသည်။
မကောင်းဆိုးဝါးဆန်သည်။
ထူးဆန်းသည်။
ဆရာသခင် တစ်ပိုင်းအဆင့်သို့ အဆင့်တက်ခဲ့ပြီးနောက် ယဲ့ဖန်သည် သူ၏ တိုက်ပွဲဝင် ချီဓာတ်အား ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ သူ၏ တကယ့် တိုက်ပွဲဝင် ခွန်အားအား အပြင်လူများ မမြင်နိုင်ပါ။
အများအမြင်တွင် ယဲ့ဖန်သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။
"မဟာဆရာသခင်ကျန့်ရဲ့ အသက်ကို ကယ်လိုက်တဲ့သူက အဲ့လူများလား"
ဟွာရှ သိုင်းပညာရှင်များ အားလုံး ယဲ့ဖန်အား အလွန် ထိတ်လန့်စွာ စိုက်ကြည့်မိကြသည်။
သူတို့ အမြင်တွင် ယဲ့ဖန်၏ တမူထူးခြားသော ပင်ကိုစရိုက်မှလွဲ၍ သူနှင့် ပတ်သက်သည့် အရာအားလုံးက သာမန်သာ ဖြစ်သည်။
*ဖျောင်ကျိုးယိုလက်ကနေ မဟာဆရာသခင်ကျန့်ကို သူ ဘယ်လို ကယ်လိုက် တာပါလိမ့်*
မဟာဆရာသခင် ကျန့်တောင်မှ ဤအခြေအနေကို မယုံနိုင်သဖြင့် ယဲ့ဖန်အား ခပ်သွက်သွက် သတိပေးလိုက်သည်။
"လူ…လူငယ်လေး၊ ဒီနေရာကနေ မြန်မြန် ထွက်သွား၊ မင်း ဒီမှာ ရှိမနေသင့်ဘူး"
မဟာဆရာသခင်ကျန့်သည် သူ့ကို ကယ်လိုက်သည့်သူက ယဲ့ဖန်ဟု မထင်ဘဲ လူအုပ်ထဲမှ အခြားသူ တစ်ယောက်ယောက်ကသာ ကယ်တင်လိုက်သည်ဟု ယုံကြည်နေမိသည်။
သို့သော် သူ၏ သတိပေးစကားကို ကြားသော် ယဲ့ဖန်က ခပ်ဖွဖွ ပြုံး၍ ပြန်ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး၊ ဒါ ကိုရီးယား ပုရွက်ဆိတ် ကောင်လေးပါပဲ၊ ကျုပ် သူ့ကို မသေမနင်း နင်းသတ်မှာပါ"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် မဟာဆရာသခင်ကျန့် တစ်ခဏမျှ မှင်တက်သွားရသည်။ ယဲ့ဖန်၏ အသံကို ကြားသည်နှင့် စင်အောက်မှ ပိုင်ဟူက ချက်ချင်း ထအော်လာသည်။
"အဲ့ဒါ သူပဲ၊ ကျုပ်အသက်ကို ကယ်လိုက်တာ သူပဲ"
ယဲ့ဖန်အသံကို ပိုင်ဟူ မှတ်မိသည်။ သို့သော် သူ၏အသက်သခင် ကျေးဇူးရှင်က သည်လောက် ငယ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
….
ထိုအခါမှသာ ပိုင်ဟူ ကျဉ်းထဲကျပ်ထဲမှ လွတ်မြောက်လာခြင်းက တစ်စုံတစ်ယောက်၏ လမ်းညွှန်မှုကြောင့် ဖြစ်မှန်း လူအုပ်ကြီး နားလည်သွားရသည်။
သူ့ကို လမ်းညွှန်မှုပေးသည့်သူက လူငယ်လေးတစ်ယောက် ဖြစ်နေသည်။
ကြည့်နေသူများက ယဲ့ဖန်အား အလွန်မယုံသင်္ကာ ဖြစ်နေဟန်များဖြင့် ကြည့်နေကြသည်။
သည်လို လူငယ်လေး တစ်ယောက်က ဖျောင်ကျိုးယို၏ သေစေနိုင်သော တိုက်ကွက်၏ ဟာကွက်ကို မြင်ပြီး ပိုင်ဟူအား သီသီလေး လွတ်မြောက်သွားနိုင်အောင် လမ်းညွှန်ပေး နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပါ။
"မင်းကိုး"
ပိုင်ဟူ၏ စကားကို ကြားပြီးနောက် ဖျောင်ကျိုးယိုက ယဲ့ဖန်အား စူးစူးဝါးဝါး စိုက်ကြည့်၍ အော်ဟစ်လိုက်သည်။
"ငါ့အသေတိုက်ကွက်ထဲကနေ ပိုင်ဟူ လွတ်မြောက်သွားအောင် ကူညီပေးပြီးတော့ မဟာ ဆရာသခင်ကျန့်ရဲ့ အသက်ကို ကယ်လိုက်တဲ့ကောင်က အဲ့ခွေးကောင်ကိုး"
ဖျောင်ကျိုးယို၏ မျက်လုံးများတွင် အလွန် မုန်းတီးဟန်များ ပျော်ဝင်လို့နေ၏။
ထိုအချန်မှာပဲ မဟာဆရာသခင်ကျန့်သည် သူ့အသက်ကို ကယ်လိုက်သည့်သူက ယဲ့ဖန် ဖြစ်မှန်း သိသွားရသည်။ ထို့ကြောင့် သူနှင့် ပိုင်ဟူတို့သည် ယဲ့ဖန်အား အလွန် ကျေးဇူးတင်သော မျက်နှာထားများဖြင့် ဦးညွတ်၍ ဂါရဝပြုလိုက်ကြသည်။
"ခင်ဗျားရဲ့ ကူညီမှုအတွက် ကျေးဇူးတင်ပါတယ်၊ သခင်လေး။ ကျုပ်တို့ ခင်ဗျားရဲ့ ကြင်နာမှုကို စိတ်ထဲ တစ်သက်လုံး စွဲနေအောင် မှတ်ထားမှာပါ"
နှစ်ဦးစလုံးက ယဲ့ဖန်အား ထောင်လွှားခြင်း အလျဉ်းမရှိသော အမူအရာဖြင့် ပြောဆိုလာသည်။ ယဲ့ဖန်က သူတို့ကို လက်ကာပြ၍ ပြုံးပြလိုက်သည်။
ပိုင်ဟူနှင့် မဟာဆရာသခင်ကျန့်တို့ စင်မှ ထွက်ခွာသွားသည့်အခါမှသာ ယဲ့ဖန် စင်ပေါ်သို့ ခုန်တက်လိုက်သည်။
ထင်သလောက် ရိုးစင်းမည် မဟုတ်မှန်း သိနေသဖြင့် သူ့ဘက်မှ စ၍ တိုက်ခိုက်ခြင်း မပြုပေ။
ထိုစဉ် စင်မြင့်နောက်မှ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက် ထွက်လာသည့် အခါမှသာ ယဲ့ဖန်က သူ့မှန်းဆချက် မှန်ကြောင်း အတည်ပြု လိုက်နိုင်သည်။
ထိုအချိန်တွင် ယဲ့ဖန်၏ အာရုံက ဖျောင်ကျိုးယိုအပေါ်၌ ရှိမနေပါ။ ထိုအစား သူက ငြိမ်၍ ရပ်နေပြီး စင်နောက်မှ လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးအား စိုက်ကြည့်ကာ သွားပေါ်အောင် ပြုံး၍ ပြောလိုက်သည်။
"ကျုပ် ခင်ဗျားကို စောင့်နေပါတယ်"
*ဟမ်*
ယဲ့ဖန်၏ စကားကြောင့် ခန်းမထဲမှ အခြားသူများ ချက်ချင်း တွေဝေသွားကြသည်။ ယဲ့ဖန် ဘာပြောနေမှန်း သူတို့ နားမလည်ကြ။
သို့သော် ဖျောင်ကျိုးယိုနှင့် ထို လူလတ်ပိုင်းအရွယ် ယောက်ျားတို့ ယဲ့ဖန်၏ စကားကို ကြားလိုက်ရပြီးနောက် မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်လာကြသည်။
ထိုလူလတ်ပိုင်းအရွယ် ယောက်ျားက စူးရှသော အကြည့်များဖြင့် ကြည့်ကာ နှုတ်ခမ်းကို တွန့်၍ ပြောလိုက်သည်။
"စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်လေးပါလား"
"မင်း ငါ့ကို စောင့်နေလို့ ရတယ်၊ ဒါပေမယ့် မင်း အရင်ဆုံး အသက်ရှင်နေမှ ဖြစ်မှာ"
ထိုသို့ ခပ်ပြတ်ပြတ်ပြော၍ ထိုလူလတ်ပိုင်းအရွယ် အမျိုးသားက ဖျောင်ကျိုးယိုအား ခေါင်းညိတ်ပြလိုက်သည်။ ဖျောင်ကျိုးယို၏ ခွန်အားအပေါ် သူ အလွန် ယုံကြည်မှု ရှိသည်။
ထိုစဉ် ဖျောင်ကျိုးယိုက ယဲ့ဖန်အား စိုက်ကြည့်ကာ လှောင်ရယ်၍ ပြောလိုက်သည်။
"ခွေးမသားလေး၊ မင်းကို ငါ မှတ်မိပြီ၊ မင်း ဒီကို ပိုင်ယီနဲ့ အတူလာတာပဲ"
"မင်း ဒူးထောက်ပြီး ငါ့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ရင် ငါ မင်းကို ခေါင်းမဖြတ်တော့ဘူး၊ အဲ့အစား ငါ မင်းရဲ့ လက်ချောင်းတွေနဲ့ ပခုံးတွေကို ချိုးပေးမယ်"
*ဘာ*
ဖျောင်ကျိုးယို၏ စကားကြောင့် ခန်းမထဲရှိ ဟွာရှ သိုင်းပညာရှင်တိုင်း မကျေမနပ် ဖြစ်သွားကြသည်။
သို့သော် ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။
"ခေါင်း၊ လက်၊ ပခုံး ဟုတ်လား"
ယဲ့ဖန်က ဖျောင်ကျိုးယိုအား အလွန် ရက်စက်၊ ကြမ်းကြုတ်သည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ ခေါင်းညိတ်ပြီး ဆက်ပြောလိုက်သည်။
"ကောင်းပြီလေ၊ မင်းဆန္ဒတွေကို ငါ ဖြည့်ဆည်းပေးပါ့မယ်"
*ဟမ်*
ဖျောင်ကျိုးယို တစ်ခဏမျှ မှင်တက်သွားရသည်။ ထို့နောက် သူက သရော်လေတော့သည်။
"ဟွန်း မင်းက တယ်မောက်မာပါလား။ ဘာမဟုတ်တဲ့ သုံးစားမရတဲ့ အရူးနှစ်ကောင်ကို ကယ်လိုက်နိုင်တာနဲ့ မင်းကိုမင်း ဟုတ်လှပြီ မှတ်နေတာလား"
"နားထောင်၊ မင်းလည်း သုံးစားမရသလို သူတို့လည်းပဲ သုံးစားမရတဲ့သူတွေပဲ။ ဟွာရှ သိုင်းပညာရှင်တိုင်းက သုံးစားမရတဲ့ သူတွေပဲ။ ဟဟ…."
ဖျောင်ကျိုးယိုက တင်စီးသော အမူအရာဖြင့် ပျက်ရယ်ပြုလာသည်။
သူ့စကားကြောင့် ယဲ့ဖန်က မျက်စိကို အသာမှေးစင်း၍ အေးစက်စက် အကြည့်များနှင့် စိုက်ကြည့်မိသွားသည်.
သူက ဟွာရှနိုင်ငံမှ ဖြစ်သလို သူ့လက်အောက်ငယ်သားများနှင့် မိတ်ဆွေများသည်လည်း ဟွာရှနိုင်ငံမှပင် ဖြစ်သည်။
ဖျောင်ကျိုးယိုက ဟွာရှနိုင်ငံမှ လူများကို သူတို့၏ မျက်စိရှေ့မှာပင် လှောင်ပြောင်ရဲနေသည်။ ယဲ့ဖန်မျက်လုံးထဲတွင် သူက သေလူ ဖြစ်သွားချေပြီ။
စနစ်ကျသော ခြေလှမ်းများနှင့်အတူ ယဲ့ဖန်က ဖျောင်ကျိုးယိုထံသို့ လျှောက်လာသည်။
"လာစမ်းပါ"
ဖျောင်ကျိုးယိုက လှောင်ရယ်၍ သူ၏ တောက်ပြောင်သော ဓားနှင့် ယဲ့ဖန်၏ လည်ပင်းအား ထိုးခွင်းလိုက်သည်။
သူ့စိတ်ထဲတွင် ယဲ့ဖန်သည် ယနေ့ သူ့ဓားအောက်တွင် အသတ်ခံရမည့် ပထမဆုံးသူဟု ထင်မှတ်နေသည်။
သူ၏ ဓားက အလွန် ထက်ရှပြီး မြွေပွေး၏ လျှာကဲ့သို့ သေစေနိုင်သော ချီဓာတ်များအား သယ်ဆောင်ထားပြီး အဖျက်စွမ်းအား များသည်။
လူတိုင်းအား အလွန် ထိတ်လန့်သွားစေသည့်အရာကတော့ ယဲ့ဖန်က လက်နက် သုံးစွဲခြင်းမရှိဘဲ သူ့လက်ဖဝါးကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။
…..
ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။
*လက်ဖဝါးနဲ့ ဓားရှည်*
*မင်း ငါ့ကို နောက်နေတာလား*
မဟာဆရာသခင်ကျန့်နှင့် ပိုင်ဟူတို့ အလွန် ထိတ်လန့်သွားကာ ယဲ့ဖန်အား အသည်းအသန် သတိပေးလာကြသည်။
"သခင်လေး အဲ့တိုက်ကွက်ကို မြန်မြန်ရှောင်လိုက်ပါ"
သူတို့နှစ်ယောက်၏ အသက်ကို ကယ်တင်ပြီးနောက် ယဲ့ဖန် အသက်ဆုံးရှုံးသွားရမည်ကို သူတို့ မမြင်လိုပါ။
သို့သော် ယဲ့ဖန်က သူတို့စကားကို လျစ်လျူရှုထားသည်။ သူက လက်ဖဝါးကို လှုပ်ယမ်း၍ ဓားရှည်အား အားနှင့် ရိုက်ထုတ်ရိုက်သည်။
"ဟဟ…အရူးကောင်"
ဖျောင်ကျိုးယိုက သူ နိုင်တော့မည်ဟု မုချ ယုံကြည်သွားသည်။ ထို့ကြောင့် သူက သူ့ဓားအား ပို၍လျင်မြန်စွာ လွှဲယမ်းလိုက်သည်။
ဝုန်း!
ယဲ့ဖန်နှင့် လက်ဖဝါးနှင့် ဖျောင်ကျိုးယို၏ ဓားရှည်တို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
ထိုစဉ် ဖျောင်ကျိုးယို ဂျွတ်ခနဲ အသံကို ကြားလိုက်ရသဖြင့် သူ့လှောင်ပြုံးက အေးခဲသွားသည်။
လက်ဖဝါးနှင့် ဓားတို့ ရိုက်ခတ်သွားသည့်အချိန်တွင် ယဲ့ဖန်၏ လက်ဖဝါးကြောင့် သူ့ဓားရှည် တစ်စစီ ဖြစ်သွားရသည်။
ထို့ပြင် သူ၏ လက်ဖဝါးက ဖျောင်ကျိုးယို၏ ပခုံးအား ပျင်းရိပျင်းတွဲဟန်ဖြင့် ထိုးနှက်မိသွားသည်။ ချက်ချင်းဆိုသလိုပင် လေထုထဲ သွေးစက်များနှင့် ပြည့်နှက်လာ၏။
သူ့လက်မောင်းတစ်ခုလုံး ကျိုးကြေသွားလေ၏။
ထိုစဉ် ခက်ထန်သော အသံတစ်သံကာ ပဲ့တင်ထပ်ကာ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
"လက်ဖဝါး တစ်ချက်တည်းနဲ့ မင်းလက်မောင်းကို ငါရိုက်ချိုးလိုက်ပြီ"
ထိုအချိန်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်လို့နေ၏။ ကြည့်နေသူများသည်လည်း အံ့ဩမှုကြောင့် ကြမ်းပြင်ပေါ်သို့ မေးရိုး ပြုတ်ကျမတတ် ဖြစ်သွားကြသည်။
ဖျောင်ကျိုးယို၏ လက်မောင်းကို ကြည့်ပြီး သူတို့အားလုံး တွေဝေသွားကြသည်။
ဖျောင်ကျိုးယိုတောင်မှ တစ်ခဏမျှ ငေးငိုင်သွားပြီးနောက် ပြောမပြတတ်လောက်သော နာကျင်မှုက တစ်ကိုယ်လုံး ပျံ့နှံ့လာ၏။
"အား…အား…အား"
သူ့ပခုံးမှ စူးရှသော နာကျင်မှုကြောင့် ဖျောင်ကျိုးယို ကတုန်ကယင်ဖြစ်နေပြီး မျက်လုံးများက မယုံသင်္ကာဟန်များနှင့် ဖုံးလွှမ်းလို့နေသည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ယဲ့ဖန်က ဖျောင်ကျိုးယိုအား နောက်ထပ် လက်ဖဝါးတစ်ချက်ဖြင့် ရိုက်နှက်လိုက်၏။
"သေစမ်း"
ဖျောင်ကျိုးယို အလွန်ကြောက်လန့်လာပြီး ကတုန်ကယင် ဖြစ်လာသည်။ ထို့နောက် သူက ချီစွမ်းအင် ယုတ်လျော့စေသော ပေါင်ဒါအား သူ၏ ဘယ်ဘက်လက်ဖဝါးနှင့် အပြည့် ထုပ်၍ ပက်လိုက်သည်။
ထို့နောက် သူက ယဲ့ဖန်အား သူ့ဘယ်လက်သီးနှင့် ထိုးလိုက်သည်။
သူ အလွန်ချောမွေ့စွာ လှုပ်ရှားသွားခြင်း ဖြစ်သည်။
သာမန်လူများသာ ချီစွမ်းအင် ယုတ်လျော့စေသော ပေါင်ဒါနှင့် ထိတွေ့ခံရပါက သူတို့၏ တိုက်ပွဲဝင်ချီများက လေထဲ မျောလွင့် ပျောက်ကွယ်သွားလောက်သည်။
ရယ်စရာကောင်းသည်က ယဲ့ဖန်၏ ကျင့်ကြံခြင်း နည်းစနစ်သည် တိုက်ပွဲဝင် ချီဓာတ်ပေါ် အခြေခံထားခြင်း မဟုတ်ဘဲ နတ်ဆိုးချီဓာတ်ပေါ် အခြေခံထားခြင်းပင် ဖြစ်သည်။
သူတို့၏ လက်သီးနှင့် လက်ဖဝါးတို့ ပြင်းထန်စွာ ဆောင့်မိသွားကြသည်။
ဝုန်း!
ဗုံးထိမှန်သွားသကဲ့သို့ ဖျောင်ကျိုးယို၏ပခုံးက သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲ သွားလေသည်။
ထိုစဉ် ငရဲမှ တက်လာသော အသံနှင့် ဆင်တူသည့် အသံတစ်သံက ခန်းမတွင်း ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။
"ဒုတိယ လက်ဖဝါးချက်နဲ့အတူ ငါ မင်းပခုံးကို ဖြတ်လိုက်ပြီ"