← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 22 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 22 Ch. 247-248

(၂၄၇)။

ဒုန်း….။

မြင်းခွာက မာကျောသည့် အရာတစ်ခုပေါ် တက်နင်းမိသံ ထွက်ပေါ်လာပြီးနောက်၊ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများသည် ချက်ချင်း ရပ်တန့်သွားကြသည်။ ထိုအရာက အေးခဲနေသော အလောင်းတစ်လောင်း ဖြစ်သည်။

“သခင်လေး၊ အေးခဲပြီး သေဆုံးသွားတဲ့ အလောင်းပါ။ လုံးဝ သေသွားပါပြီ။ အသက်မရူတော့ဘူး။”

“သနားစရာပဲ… အသက်ရှူသေးရင်တော့ ဟင်းရည်ပူပူ ခွန့်ပြီး သူ့ကို ကယ်နိုင်သေးတယ်။ ငါ နက်ရှိုင်းတဲ့ တာအိုပညာကို ပိုင်ဆိုင်ထားပေမယ့် သေသွားတဲ့လူကို အသက်ပြန်သွင်းနိုင်တဲ့ အရည်အချင်းမျိုးတော့ မရှိသေးဘူး။”

“ဒီနှစ်နှင်းက ယခင်နှစ်တွေကထက် ပိုထူထပ်တယ်။ အေးခဲတဲ့အထိပဲ။ “နှင်းကျတာများရင်, နှစ်ကောင်းမယ်” ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့်, လူတော်တော်များများက ဒီဆောင်းရာသီ အအေးဒဏ်ကိုတောင် မကျော်ဖြတ်နိုင်ကြဘူး။ နှစ်ကောင်းမယ်လို့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ ဒီနှစ်ရာသီဥတုဟာ အလွန်အေးစက်လွန်းတယ်။ ငါတို့လို သိုင်းပညာမြင့်မားသူတွေတောင် ချည်ထည်ကြီးတွေ အထပ်ထပ်ဝတ်ပြီး၊ ခန္ဓာကိုယ်ကို ထူထူထဲထဲ ပတ်ထားရတယ်။ အေးခဲပြီး သေဆုံးသွားတဲ့ သာမန်ပြည်သူတွေ ဘယ်လောက်များလိုက်မလဲ။”

နှင်းမုန်တိုင်းထဲတွင် လူအုပ်စုတစ်စုသည် လေနှင့်နှင်းကို ခေါင်းမော့ရင်ဆိုင်ရင်း ရှေ့ဆက်နေကြသည်။

ရှေ့ဆုံးက လူငယ်တစ်ယောက်သည် ပညာရှင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ခါးမှာ ဓားရှည်တစ်လက် ချိတ်ဆွဲထားသည်။ သူသည် မြင်းစီးနေပြီး သူ့ပခုံးပေါ်တွင် မည်းနက်သော ဝံပုလွေသားမွှေး ဝတ်ရုံကြီးကို ခြုံထားသည်။ နှင်းများ ထူထပ်စွာ ကျနေပြီး၊ သူ့ဝတ်ရုံပေါ်တွင် နှင်းလွှာများ ထူထဲစွာ စုပုံလာသည်။

သို့သော် နှင်းတွေစုပုံလာတိုင်း သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး၊ ထိုတုန်ခါမှုနှင့်အတူ နှင်းလွှာတစ်ခုလုံး ဖုန်မှုန့်များကဲ့သို့ လွင့်ထွက်သွားတတ်သည်။ ယင်းက သူ့သိုင်းပညာ မည်မျှ နက်နဲသည်ကို ပြသနေခြင်း ဖြစ်သည်။

ဤလူငယ်မှာ လင်ဟိုင်ပြည်နယ်မှ (တောင်ပိုင်းပြည်နယ်မှ) ကျောက်စိမ်းမြို့တော်သို့ ပြန်လာသော ဟုန်ယွိပင် ဖြစ်ပါသည်။

ယခုအခါ သူသည် မြေပြင်ပေါ်က အေးခဲနေသော အလောင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

လမ်းတစ်လျှောက် ဤသို့ အေးခဲပြီး သေဆုံးနေသော အလောင်းများကို ဆယ်လောင်းမက တွေ့ခဲ့ရပြီး ဖြစ်သည်။

ဟုန်ယွိ၏ နောက်မှ မြင်းစီးတပ်ဖွဲ့ဝင်များသည် သူစိတ်ကြိုက်ရွေးထားသည့် သူယုံကြည်ရဆုံး ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အမျိုးသား အမျိုးသမီးအားလုံးပေါင်း သုံးဆယ်ကျော်ခန့် ရှိသည်။

ယခုတစ်ကြိမ် ကျောက်စိမ်းမြို့တော်သို့ သူပြန်လာချိန်တွင် သူ့ပတ်ဝန်းကျင်တွင် အရည်ချင်း ပြည့်ဝသည့် ကျွမ်းကျင်သူများဖြင့် ဝန်းရံနေပြီ။ သူ့မှာ အင်အားလုံလောက်စွာရှိပြီး ယုံကြည်မှုလည်း အပြည့်အဝ ရှိနေသည်။ သူသည် မင်းသားယု ထီးနန်းဆက်ခံရန် ကူညီပေးနိုင်ပြီး၊ ကျောက်စိမ်းမြို့တော်ရှိ အင်အားစုများနှင့်လည်း ယှဉ်ပြိုင်နိုင်ပြီ ဖြစ်သည်။

ဆံပင်ရှည်ဖြစ်လာသည့် သိုင်းသူတော်စင် နင်ဂျာဘုန်းတော်ကြီးကို ထည့်မပြောနှင့်ဦး။

ချီဇီယန်၊ ရှန်ထိုက်ဇူ၊ မုကလေး၊ လီလဲ့၊ ခါးကုန်းသူတော်စင်၊ ဝမ်ဖေးယန်၊ သွေးတစ်စက်၊ သခင်ကျိုး၊ ရွှေပင့်ကူ၊ ပစိဖိတ်ရေတပ်၏ အစိမ်းရောင်တပ်မှူး ရန်ယင်မင်း၊ ဟုန်ယွိနောက်ကို လိုက်ပါလာသော အဘိုးကြီးငါးဦး၊ ငွေလအစောင့်ရှစ်ဖော်ထဲမှ သိုင်းပညာအမြင့်ဆုံးဖြစ်သည့် ငွေလ, ငွေဓား, ငွေလေနှင့် ငွေစကားဟုခေါ်သည့် အမျိုးသမီးလေးဦး၊ ချန်ယင်းရှာ ဘေးနားက ရှန်တန်သိုင်းသခင် ငွေငါးမန်းစစ်သည်တော် ဆယ်ဦး… ဤလူများအားလုံးသည် တစ်ယောက်တစ်တည်းဖြင့် ရန်သူ ဆယ်ယောက်၊ အယောက်တစ်ရာကိုပင် ရင်ဆိုင်နိုင်သော ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ရှေ့ဆုံးတွင် ခြင်္သေ့ဘုရင် နှစ်ကောင်က လမ်းဖွင့်ပေးနေသည်။ တစ်ဖွဲ့လုံး ဂုဏ်သိက္ခာရှိရှိ၊ ဝင့်ကြွားစွာဖြင့် ရှေ့ဆက်နေကြပါသည်။

ဤခြင်္သေ့ဘုရင် နှစ်ကောင်သည် ဝိညာဉ်ဆေးများစွာဖြင့် ကျွေးမွေးခံထားရပြီး၊ ယွမ်ယန်ကောင်းကင် ပုလဲဟင်းရည်ကိုပင် သောက်ခွင့်ရခဲ့သည်။ ယခုအခါ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပိုကြီးထွားလာသည်။ ပထမအကြည့်တစ်ချက်ဖြင့်ဆို, ၎င်းတို့၏ပုံစံက တကယ့် အမွှေးရှည် ခြင်္သေ့ဖြူတွေလို ဖြစ်နေပြီ။ ၎င်းတို့ မတ်မတ် ရပ်လိုက်လျှင်, လူသားဝက်ဝံတွေအလား ထင်မှတ်ရသည်။ ဤလူများမှလွဲ၍ ကျန်သူများသည် ယွန်နိုင်ငံတွင် ကျန်ရစ်ခဲ့ပြီး ဟွာနုန်ယွဲ့၊ ဟွာနုန်ယင်း ညီအစ်မနှစ်ဦးက ဦးဆောင်ထားသည်။

“ဟုတ်တယ်၊ နန်ကျိုးပြည်နယ်မှာတော့ အေးစက်တဲ့လေပြင်းနဲ့ မိုးရွာရုံလောက်ပဲ။ ကျန်တာတော့ ဘာမှ မထူးခြားပါဘူး။ နန်ကျိုးပြည်နယ်ရဲ့ ရှေးဟောင်း လမ်းမကြီးပေါ် မိုင်ရာချီ လျှောက်လှမ်းပြီးတဲ့နောက်၊ ဟွမ်လျန်မြို့ထိ မိုင်ထောင်ချီ ခရီးနှင်ရတယ်။ ကျန်းကျုံးခရိုင်ထဲ ဝင်ရောက်တာနဲ့၊ နှင်းတွေက အဆက်မပြတ် ကျဆင်းနေပြီ။ မြေပြင်ပေါ်က နှင်းတွေကလည်း ရေခဲတွေအဖြစ် အေးခဲနေပြီ။ ဒီနှင်းခဲတွေဟာ ပေအနည်းငယ်အထိကို အထူရှိတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကဆို ငါတို့ ဒိုင်ဇင်ဘုရားကျောင်းက ဘုန်းကြီးကျောင်းခွဲတွေဟာ ဆောင်းရာသီရောက်တိုင်း ဆန်ပြုတ်ဆိုင် ဖွင့်ပေးတယ်။ သူတို့က ဆန်ပြုတ်တွေ၊ အဝတ်အစားတွေ စွန့်ကြဲကြတယ်။”

နင်ဂျာဘုန်းတော်ကြီးသည်လည်း မဟူရာနတ်ဆိုးချီလင်မြင်းတစ်ကောင်ကို စီးလျက် ဟုန်ယွိ၏ နောက်တွင် ရှိနေသည်။ သူက နှင်းများကို ခါထုတ်ပြီး ဆိုသည်။ “နှစ်နှစ်ဆယ်… ငါ ကျန်းကျုံးပြည်နယ်ကို မရောက်တာ နှစ်နှစ်ဆယ်ကျော်ပြီ။ ဒီတသက် ဒီနေရာကို ပြန်ခြေချရမယ်လို့ ဘယ်သူ ထင်ပါ့မလဲ။” (ကျန်းကျုံးပြည်နယ်ဟူသည် အလယ်ပိုင်းကုန်းမြေကို ရည်ညွှန်းပါသည်)။

နင်ဂျာဘုန်းတော်ကြီး အတော်လေး စိတ်လှုပ်ရှားနေသည်။

သိုင်းသူတော်စင်တစ်ယောက်အနေဖြင့်, သူသည် တောရိုင်းဒေသတွင် နှစ်နှစ်ဆယ် နေထိုင်ခဲ့ရပြီး၊ ဇာတိမွေးရပ်မြေအပေါ် တောင့်တမှုကတော့ နည်းနည်းလေးမှ လျော့နည်းမသွားခဲ့ပါချေ။ ယင်းအစား, ထိုတောင့်တစိတ်က ပို၍ပင် တိုးလာခဲ့သည်။

ယခုအခါ, သူသည် အဆုံးတွင် ကျန်းကျုံးနယ်မြေအပေါ် ပြန်ခြေချခွင့်ရပြီး၊ ဒိုင်ဇင်ဘုရားကျောင်း ပြန်လည်ထူထောင်ရေးကို မျှော်လင့်ခွင့်ရသဖြင့် နင်ဂျာဘုန်းတော်ကြီးသည် စိတ်မထိန်းနိုင်ဘဲ သက်ပြင်းရှည်ကြီး ချမိနေသည်။

“ဆရာကြီး၊ ကျွန်တော် ဒီနေရာကို ရောက်တုန်းရောက်ခိုက် ဒိုင်ဇင်ဘုရားကျောင်း အပျက်အစီးတွေကို သွားကြည့်ချင်လား။ အရင်က ဘုရားကျောင်းနေရာမှာ အခု ဘယ်လိုဖြစ်နေပြီလဲ သိရတာပေါ့။”

ဟုန်ယွိက နင်ဂျာဘုန်းတော်ကြီးကို မေးလိုက်ရင်း သူ့အသံက အနည်းငယ် တုန်ခါသံပေါက်နေသည်။

ဟုန်ယွိက ခဏရပ်လိုက်သဖြင့် သူအောက်က လျှပ်စီးဖမ်းမြင်းသည် နှင်းမုန်တိုင်းကြောင့်လည်း မတုန်လှုပ်သလို အေးစက်မှုကြောင့်လည်း တုန်ရီခြင်းမရှိဘဲ တိတ်ဆိတ်စွာ ရပ်နေ၏။ လျှပ်စီးဖမ်းမြင်းသည် မူလကတည်းက နတ်မြင်းတစ်ကောင် ဖြစ်ပြီး၊ ဆေးဖက်ဝင်အပင်များစွာကို စားခဲ့ရပြီးနောက် မကြာသေးခင်ကမှ စိတ်ဝိညာဉ်အသိ ပိုင်ဆိုင်လာကာ တာအိုပညာရပ်များကို ကျင့်ကြံနိုင်ခဲ့ပြီ။ ယခုအခါ လျှပ်စီးဖမ်းမြင်းသည် အခြေခံအားဖြင့် ဝိညာဉ်တစ်ခု ဖြစ်လာခဲ့ပြီ။ ထို့ပြင်, ယခုအခါ, ၎င်း၏ခန္ဓာကိုယ်ကို နွေးထွေးသော သားရေခွံဖြင့် ဖုံးအုပ်ထားပြီး၊ ခြေထောက်များတွင် လည်း ထူထဲသော သားရေကို ပတ်ထားသည်။ အေးစက်မှု၊ ချော်လဲမှုများကို ကြိုတင်ကာကွယ်ရန် ဦးရာလ်မြက်ကိုပါ ထည့်ထားသေးသည်။

ဤသို့ ဝတ်စားဆင်ယင်မှု, ဤမျှ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်ဖြင့် မည်သို့ အေးနိုင်ပါတော့မည်နည်း။ မြောက်ဘက်စွန်း ယွန်တူနိုင်ငံမှာပင် အေးခဲသွားမည် မဟုတ်ပေ။

တကယ်တမ်းတွင် ဟုန်ယွိတို့တစ်ဖွဲ့လုံး စီးနင်းနေသော မြင်းများအားလုံးကို သာရေးများဖြင့် ထူထဲစွာ ပတ်ထားကြသည်။ မြင်းများသည် နှင်းမုန်တိုင်းကြားတွင် လုံးဝ ပေါ့ပါးစွာ သွားလာနေကြသည်။

ဤသို့ သားရေများဖြင့် ပတ်ထားခြင်း၏ အကျိုးကျေးဇူးမှာ မဟူရာနတ်ဆိုးချီလင်းမြင်းများတွင် သိပ်မထင်ရှားတော့ပေ။

“ဟုန်ယွိ၊ ကျောက်စိမ်းမြို့တော်ကို မပြန်ဘဲ ဒိုင်ဇင်ဘုရားကျောင်းကို သွားမှာလား။ ဒိုင်ဇင်ဘုရားကျောင်းက ကျန်းကျုံးပြည်နယ်ရဲ့ အလယ်ဗဟိုမှာ ရှိတာ။ ကျောက်စိမ်းမြို့တော်နဲ့ လမ်းမတူဘူး။ လမ်းမတူတော့ နောက်ထပ် မိုင်နှစ်ထောင်၊ သုံးထောင်လောက် ထပ်သွားရမယ်။”

နင်ဂျာဘုန်းတော်ကြီးက မျက်လုံးများကို တဖျပ်ဖျပ်ခတ်ကာ ပြောသည်။

“ဘာမှ မဖြစ်ပါဘူး။ ကျောက်စိမ်းမြို့တော်ကို အလျင်စလို သွားစရာမလိုပါဘူး။ နွေဦးရောက်မှ အင်ပါယာစာမေးပွဲ ကျင်းပမှာ။ အခုက နိုဝင်ဘာလပဲ ရှိသေးတယ်။ ဒီနှစ်ကုန်တောင် မကုန်သေးဘူး၊ နောက်နှစ် အင်ပါယာစာမေးပွဲ ကျင်းပဖို့ အဝေးကြီးလိုပါသေးတယ်။ ဒါ့ပြင်, ဒိုင်ဇင်ဘုရားကျောင်းရဲ့ နာမည်ဟာ နှစ်ထောင်ချီပြီး ထင်ရှားခဲ့တာ။ ကျွန်တော်က ဒိုင်ဇင်ဘုရားကျောင်းကနေ အကျိုးအမြတ်တွေ ရခဲ့ပြီးသားပဲ။ ကျွန်တော် သွားရောက် ဖူးမျှော်သင့်ပါတယ်။”

ဟုန်ယွိသည် သူ့နောက်က လူအုပ်ကို တစ်ချက် လှည့်ကြည့်လိုက်သည်။ နှင်းမုန်တိုင်းထဲတွင် တစ်ယောက်မှ မလှုပ်မယှက် ရပ်နေကြပြီး တစ်ယောက်ချင်းစီတိုင်းက အနှိုင်းမဲ့ တက်တက်ကြွကြွ ရှိနေကြသည်။ သူ့ရင်ထဲတွင် စိတ်ကျေနပ်မှုဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

“ဒါ့ပြင်, အခု ငါတို့မှာ ဘာဝန်ထုတ်ဝန်ပိုးမှ မပါဘဲ လုံးဝ ပေါ့ပါးနေပြီ။ စပါးတွေ၊ လှည်းတွေ ဘာမှ မပါဘူး။ စားစရာတွေ၊ ရေနွေးတွေလည်း သယ်သွားစရာ မလိုဘူး။ နောက်ထပ် မိုင်နှစ်ထောင်၊ သုံးထောင်သွားရင်တောင် ဘာမှ မထူးခြားပါဘူး။”

“ဒါတော့ အမှန်ပဲ။ ရိက္ခာနဲ့ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုး မရှိတော့, နောက်ထပ် မိုင်ထောင်ချီ ခရီးသွားရင်တောင် ဘာမှ မဖြစ်ဘူး။” ချီဇီယန်က သူ့မြင်းကို ရှေ့တိုးလာပြီး ပြောသည်။ “သခင်လေးရဲ့ တာအိုပညာဟာ အကန့်အသတ်မရှိဘူး။ သူက နတ်ဆိုးငါးကောင်ကို အသုံးပြုပြီး၊ ပစ္စည်းတွေကို သယ်ယူခိုင်းနိုင်တယ်။ လိုချင်တာမှန်သမျှ ဘာမဆို ရနိုင်ပါတယ်။”

“နတ်ဆိုးငါးကောင်နဲ့ ပစ္စည်းတွေ ရွှေ့ပြောင်းသယ်ယူတာလား…” ဟုန်ယွိက ပြုံးလိုက်ပြီး ဘာမှ မပြောတော့ပေ။

ချီဇီယန်၏ စကားက သဘာဝအတိုင်း နောက်ကလိုက်လာသူများကို ရည်ရွယ်ခြင်း ဖြစ်သည်။

အမှန်တကယ်ဆို, ဟုန်ယွိ၏ ခရီးဆောင်အိတ်၊ စားစရာ၊ အဝတ်အစားများအားလုံး စကြာဝဠာအိတ်ထဲတွင် ထည့်ထားသည်။ ထို့ကြောင့်သာ လူတိုင်း ပေါ့ပါးစွာ ခရီးသွားနေကြခြင်း ဖြစ်သည်။

သို့သော် သူ စကြာဝဠာအိတ် ပိုင်ဆိုင်ထားသည်ကို လူရှေ့သူရှေ့ ထွက်ပြော၍ မရချေ။

ချီဇီယန်၊ မုကလေး၊ ရှန်ထိုက်ဇူ၊ ရွှေပင့်ကူ၊ နင်ဂျာဘုန်းတော်ကြီး၊ ချန်ယင်းရှာတို့မှလွဲ၍ သခင်ကျိုး၊ လီလဲ့တို့ပင် ဟုန်ယွိမှာ စကြာဝဠာအိတ် ရှိသည်ကို မသိကြပေ။

ယခု ဟုန်ယွိ သူနှင့်အတူ ခေါ်ဆောင်လာသော လူများအားလုံးသည် နဂါးအလံပေါ်မှာ သူတို့၏လက်ဗွေများကို နှိပ်ထားရပြီး ဟုန်ယွိအပေါ် သေသည် အထိ သစ္စာရှိရှိ၊ တာဝန်ထမ်းဆောင်ရမည့် သူများဖြစ်သော်လည်း၊ စကြာဝဠာအိတ်ကိုမူ လူသိနည်းလေး ပိုကောင်းလေ ဖြစ်သည်။

သို့သော် ဟုန်ယွိသည် လမ်းတစ်လျှောက်တွင် ဤလူများအတွက် အစားသောက်၊ အိပ်စက်နားယူရာ ရွက်ဖျင်တဲများနှင့် လိုအပ်သမျှ ပစ္စည်းအားလုံးကို လက်တစ်ချက် လှုပ်လိုက်ရုံဖြင့် ယူဆောင်ပေးနိုင်သည်။ ယင်းက တာအိုပညာကို မသိရှိသူများအတွက် သံသယဝင်စရာ ဖြစ်နေသည်။ သို့သော် ဤအရာက အဆင်ပြေသေး၏။ လေထဲမှပစ္စည်းသယ်ခြင်းသည် တာအိုပညာနှင့် ပတ်သက်နေသည်ဟု ရှင်းပြ၍ ရသေးသည်။

“ဝူယွမ်ပြည်နယ်မြေက ရှေ့ဆိုရောက်ပြီ။ အမြန်သွားရအောင်။ မမှောင်ခင်မှာ ဝူယွမ်ပြည်နယ် မြို့တော်ထိ ရောက်နိုင်ဖို့ မျှော်လင့်တယ်။ အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်နဲ့ စကားကောင်းကောင်း ပြောချင်သေးတယ်။”

ဟုန်ယွိသည် ရှေ့ကို လက်ညှိုးညွှန်ပြသည်။ တစ်ဖွဲ့လုံး နှင်းမုန်တိုင်းကြားထဲတွင် ရှေ့ဆက်ကြသည်။

စကြာဝဠာအိတ်ကို ပိုင်ဆိုင်မူနှင့်အတူ, ချန်ပီယံမြို့စားသည် မြက်ခင်းလွင်ပြင်ဒေသကို မိုင်သောင်းချီ လွှမ်းမိုးနိုင်ခဲ့ပြီး၊ လူမျိုးစုများကို သိမ်းပိုက်၍၊ ယွန်မင်နိုင်ငံကို တံခါးမရှိဓားမရှိ ဝင်ရောက်နိုင်ပြီး၊ တ်ပြန်တိုက်နိုင်ခဲ့သည့် အကြောင်းအရင်းကို နောက်ဆုံးတွင် ဟုန်ယွိ နားလည်လိုက်ပါပြီ။

ဟုန်ယွိတို့အဖွဲ့တွင် လူသုံးဆယ်ကျော်သာ ပါသော်လည်း၊ နေ့စဉ် စားသုံးရသည့် အစားအသောက်၊ အသား၊ ဟင်းသီးဟင်းရွက် ပမာဏများစွာ လိုအပ်ပါသည်။ အထူးသဖြင့် သိုင်းပညာရှင်များသည် သာမန်လူများထက် အဆပေါင်းများစွာ စားနိုင်ကြသည်။

သူတို့စီးနင်းလာသော မြင်းနှစ်ဆယ်မှသုံးဆယ်တို့နှင့်အတူ၊ ဤလူနှစ်ဆယ်မှ သုံးဆယ်သည် နေ့စဉ် စားသုံးရသော ဆန်ပမာဏသည် သာမန်လူနှစ်ရာမှ သုံးရာခန့် စားသောက်ခြင်းထက် ပိုများပါသည်။ အကယ်၍, ရိက္ခာခြောက်များ ယူဆောင်လာလျှင်ပင် မြင်းလှည်းများစွာ လိုအပ်ဦးမည်။

ဤနှင်းမုန်တိုင်းထဲတွင် မြင်းလှည်းများသည် ရှေ့ကို လုံးဝ အလျင်အမြန် မောင်းနှင်နိုင်မည် မဟုတ်ပေ။ တစ်ရက် ဆယ်မိုင် သွားနိုင်ဖို့ပင် မသေချာပေ။

သို့သော် ယခုမူ စကြာဝဠာအိတ်ရှိသဖြင့် အဆင်ပြေသွားပြီ။

လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ခရီးသွားနိုင်သလို၊ လွတ်လပ်စွာ နားနိုင်၊ ခရီးဆက်နိုင်ကြသည်။

ကြီးမားသော ဝတ်ရုံကြီးများသည် လေနှင့်နှင်းကို လုံးဝ ကာပေးထားနိုင်သဖြင့်၊ ဟုန်ယွိသည် ဓားကိုင်ပြီး မြင်းစီးရင်း နှင်းတွေကြားမှ ရှုခင်းများကို ကြည့်ကာ လျှောက်လှမ်းရသည်မှာ အမှန်ပင် သာယာလှပါသည်။

သို့သော် ယခုအချိန်တွင် သူ့စိတ်ထဲမှာ လှပသော နှင်းရှုခင်းကို တန်ဖိုးထား ခံစားရန် အချိန်မရှိပေ။ သူသည် ဝူယွမ်ပြည်နယ် နယ်မြေကို အမြန်ရောက်ချင်နေသည်။ လမ်းတစ်လျှောက်တွင် သူသည် အေးခဲပြီး သေဆုံးသူများ၊ ငတ်ပြတ်ပြီး သေဆုံးနေသူများကို အများကြီး တွေ့ခဲ့ရသည်။

ဝူယွမ်ပြည်နယ် နယ်မြေကို အမြန်သွား၍ အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်နှင့် တိုင်ပင်ကာ ဒုက္ခသည်များကို ကူညီပေးချင်သည်။

ဆောင်းရာသီသည် သာမန်ပြည်သူများအတွက် အခက်အခဲဆုံး ကာလ ဖြစ်သည်။

စကြာဝဠာအိတ်ထဲတွင် သန့်စင်ထားသောဆန် ပေါင်ရှစ်သိန်းကျော် ရှိသေးသည်။ ထိုအထဲမှ ဆယ်ပုံတစ်ပုံ ထုတ်ယူလိုက်လျှင်ပင် ဤဆောင်းရာသီတွင် ပြည်သူများစွာ အသက်ရှင်နိုင်မည်။ သို့သော် ဟုန်ယွိသည် ရူးသွပ်စွာဖြင့် ချက်ချင်းကြီး ထုတ်မပေးခဲ့ပါ။ ဤကိစ္စမျိုးတွင် ဝူယွမ်ပြည်နယ် အစိုးရဌာနနှင့် ပူးပေါင်းမှ အဆင်ပြေမည်။ အစိုးရဌာနက ဝင်ရောက်စီမံမှသာ အမှားအယွင်း မရှိနိုင်မည်။

ထို့ပြင် ဟောင်ချင်းချန်ကို သူ့မှာ စကြာဝဠာအိတ် ရှိကြောင်းကို သိစေလိုခြင်း မရှိပေ။

ဟုန်ယွိသည် လင်ဟိုင်ဒေသ(တောင်ပိုင်းဒေသ)မှ ကျောက်စိမ်းမြို့တော်သို့ ပြန်ရာတွင် ချန်ယင်းရှာနှင့်အတူ ပျံသန်းခြင်း၊ မူလသွေးဝိညာဉ် ကော်ဇော ပျံကို အသုံးမပြုရခြင်းမှာ အကြောင်းရင်းရှိ၍ ဖြစ်သည်။

သူ၏အတွေးအခေါ်သည် အလွန်ရိုးရှင်းပါသည်။

ပထမအချက်အနေဖြင့်, သူသည် လမ်းတစ်လျှောက် အစိုးရဆက်သွယ်ရေးရုံးများတွင် တည်းခိုခဲ့သည်။ နောင်တစ်ချိန် ရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟုန်ခမ်း တစ်ခုခု ဖြစ်သွားလျှင်, သူ့ကို ခြေရာခံရန် ခက်ခဲစေဖို့ ဖြစ်သည်။

ဒုတိယအချက်အနေဖြင့်, သူသည် လမ်းတစ်လျှောက်တွင် သူ့ကျင့်ကြံမူကို ပေါင်းစပ်နိုင်ပြီး၊ ဝူအိမ်တော်ထိန်းထံမှ ကောင်းကင်ဘုံသေမင်းဘီး၏ လျှို့ဝှက်ချက်ကို တွန်းအားပေး ရယူလိုသည်။

တတိယအချက်ကတော့, ဒိုင်ဇင်ဘုရားကျောင်း အပျက်အစီးနေရာသို့ သွားရန် ဖြစ်သည်။ သူသည် နင်ဂျာဘုန်းတော်ကြီး၏ ဆန္ဒကို ဖြည့်ဆည်း ပေးရုံသာမက၊ အလယ်ပိုင်းကုန်းမြေရှိ အသက်မဲ့တာအိုဂိုဏ်းနှင့် အစစ်မှန်လေဟာနယ်တာအိုဂိုဏ်းတို့၏ အခြေအနေကို စုံစမ်းလိုသည်။ ထိုကြောင့် သူကိုယ်တိုင်လည်း ဒိုင်ဇင်ဘုရားကျောင်း၏ အပျက်အစီးများ မည်သို့ ဖြစ်နေပြီလဲဆိုသည်ကို မြင်တွေ့လိုသည်။

ဟုန်ယွိသည် အရာအားလုံးကို ကြိုတင်စီစဉ်တတ်သည်။ အမှားအယွင်း မရှိစေရန် ကြိုးစားသည်။ သူ ဘာလုပ်မည်၊ မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို အသေးစိတ် စာရင်းပြုစုထားသည်။ ၎င်းသည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အဆင်ခြင်မဲ့ လုပ်ဆောင်ခြင်း မဟုတ်သည်မှာ သေချာပါသည်။ ဤသည်မှာ သမိုင်းစာအုပ်များကို ဖတ်ရှုပြီးနောက် သမိုင်းထဲမှ ထင်ရှားကျော်ကြားသူများ၏ ဘဝကို လေ့လာရင်း သူ ရရှိလာသည့် တင်းကြပ်စွာ လိုက်နာသော သူ့ပုံစံ ဖြစ်လာခဲ့သည်။

အရှိန်ဟုန်မြှင့် ခရီးဆက်နေစဉ်၊ ဟုန်ယွိသည် သူ့အတွေးတစ်ခုကို ခွဲထုတ်ကာ စကြာဝဠာအိတ်ထဲ ထည့်လိုက်သည်။

ယခုအခါ စကြာဝဠာအိတ်သည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်တွင် ရှိမနေတော့ပေ။ အတိတ်ကျမ်းစာကဲ့သို့ ဟုန်ယွိ၏ကိုယ်ပေါ်တွင် ဝတ်ဆင်ထား သည်။ စကြာဝဠာအိတ်သည် လူသားအင်မော်တယ်၏ အရေပြားဖြင့် ပြုလုပ်ထားသည်။ ချပ်ဝတ်လို ဝတ်ဆင်နိုင်ပြီး ရွှေနက် ကာဇယာထက် ဆယ်ဆမက ခိုင်မာသည်။ ထို့ပြင်, ၎င်းသည် ခန္ဓာကိုယ်ကို သဘာဝအတိုင်း နွေးထွေးစေပြီး ခန္ဓာကိုယ်အတွက် အလွန်အကျိုးများသည်။

ယခုအခါ ဟုန်ယွိ၏ စိတ်ဝိညာဉ်တွင် သန့်စင်သော ယန်အနှစ်သာရကို ပိုင်ဆိုင်ထားသဖြင့် စကြာဝဠာအိတ်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီ။ နင်ဂျာ ဘုန်းတော်ကြီးက နာရီအနည်းငယ်ကြာတိုင်း သွေးစက်ချ၍ ဖိနှိပ်စရာ မလိုတော့ပေ။

ဤရက်များအတွင်း ချန်ယင်းရှာနှင့် ရွှေပင့်ကူတို့သည် စကြာဝဠာအိတ်ထဲတွင် ကျင့်ကြံနေကြသည်။

အကယ်၍, ရုပ်ခန္ဓာကိုယ်သည် စကြာဝဠာအိတ်ထဲ ဝင်ရောက်လိုပါက, ဟုန်ယွိသည် တံခါးဖွင့်ရန် သူ့မှော်ပညာစွမ်းအားကို အသုံးပြုရမည်။ သို့သော်, ယခုအခါ စိတ်ဝိညာဉ်ဖြင့် ဝင်ရောက်ရာတွင် အနည်းငယ် လှုပ်ရှားရုံမျှသာ လိုအပ်ပါသည်။

စကြာဝဠာအိတ်ထဲက အသေးစားစကြဝဠာသည် မိုင်တစ်ရာအကျယ်ပြီး၊ အမြင့်ပေ သုံးရာမှ လေးရာအထိ ရှိသည်။ အလင်းရောင် တောက်ပပြီး လေထုက လတ်ဆတ်သည်။ သန့်ရှင်းလွန်းသဖြင့် နတ်ဘုံနတ်နန်းပမာ ထင်မှတ်ရသည်။

ယခုအခါ ချန်ယင်းရှာသည် စကြာဝဠာအိတ်၏ အလယ်ဗဟိုတွင် ထိုင်ကာ၊ သူမ၏ စိတ်ဝိညာဉ်ကို တိတ်ဆိတ်စွာ စောင့်ကြပ်နေသည်။ သူမသည် အတိတ်ကျမ်း၏ အဓိပ္ပါယ်ကို နားလည်ဆင်ခြင်နေခြင်း ဖြစ်သည်။ သူမသည် နတ်ဆိုးနတ်ဘုရားသွေး စုပ်ယူပြီး၊ ယခုအခါ, သူမ၏ စိတ်ဝိညာဉ်သည် သန့်စင်သော ယန်သဘာဝကို ပိုင်ဆိုင်လာသဖြင့် အတိတ်ကျမ်းကို ကျင့်ကြံရာတွင် အများကြီး လွယ်ကူလာသည်။

“ယာကရှာနတ်ဆိုးဘုရင်။” ရုတ်တရက် ချန်ယင်းရှာ၏ စိတ်ထဲ တွေးလိုက်သည်နှင့်၊ အရပ်မြင့်မြင့် ယာကရှာနတ်ဆိုး တစ်ကောင် စကြာဝဠာအိတ်ထဲရှိ စကြာဝဠာငယ်လေးထဲတွင် ပေါ်လာပါသည်။

“နောက်ဆုံးတော့, ငါ မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်းရဲ့ မိုးကြိုးပညာရပ်နဲ့ ပေါင်းစပ်နိုင်ခဲ့ပြီ။ အနည်းဆုံးတော့ ဘာဆန့်ကျင်ဘက်မှ မဖြစ်တော့ဘူး။ ငါ့စိတ်ဝိညာဉ်လည်း အများကြီး သန်မာလာတယ်။” ချန်ယင်းရှာက မျက်လုံးဖွင့်လိုက်ပြီး ဟုန်ယွိ ဆင်းသက်လာသည်ကို မြင်သဖြင့် ပြုံးလိုက်သည်။

“အင်း…၊ မင်း အတိတ်ကျမ်းကို နားလည်ပြီဆိုရင် ဟုန်ရွှန်ကျိ လူသားအင်မော်တယ် ဖြစ်သွားရင်တောင် ငါတို့ တိုက်နိုင်တယ်။ အနည်းဆုံး သူ့ကို ကြောက်စရာမလိုတော့ဘူး။”

ဟုန်ယွိက ပြုံးသည်။

“သခင်လေး ယွိ၊ သခင်လေးက ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကျမ်းစာသုံးအုပ်ထဲက အမြင့်မြတ်ဆုံး အတိတ်အမိတ္တဘကျမ်းကို ကျင့်ထားတယ် ထင်တယ်။ ဒီကျွန်အိုကြီးက သခင်လေးဟာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ တာအိုပညာရပ်တွေကို ကျင့်ကြံထားတယ်လို့ ထင်နေခဲ့တာ။ တကယ်ကို မှားယွင်းနေတာပဲ။ ဟားဟား… တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခံစားချက်ကင်းမဲ့ခြင်းလမ်းစဉ်က တကယ်ကို အစွမ်းထက်တာပဲ။ မိုနိုဂိုတာရီက သူ့ညီမရဲ့ သားဖြစ်သူကိုတောင် ဂရုမစိုက်ခဲ့ဘူး။”

စကြာဝဠာအိတ် နောက်တစ်ဖက်တွင် ဝူအိမ်တော်ထိန်းက ထိုင်နေပြီး ခါးသီးစွာ ပြုံးနေသည်။

“ဒီအသေးစားစကြဝဠာက စကြာဝဠာအိတ်မှာ ဖြစ်ရမယ်။ တောရိုင်းဒေသမှာ နောက်ဆုံးအခိုက်တန့်မှာ, ငါတို့ ကျရှုံးခဲ့ပြီး၊ ဒီစကြာဝဠာအိတ်ကို သခင်လေး ရသွားမယ်လို့ မထင်ခဲ့မိဘူး။ ကောင်းတယ်၊ ကောင်းတယ်…”

“ရှင် စကားအရမ်းများနေပြီ။ ကောင်းကင်ဘုံသေမင်းဘီးရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ။ မဟုတ်ရင်, ခင်ဗျားကို နတ်ဆိုးတစ်ကောင်လို့ သဘောထား ပြီး၊ မစင်အိုးထဲ သုံးရက်သုံးည နှစ်ထားရမယ်။”

ရွှေပင့်ကူက ခက်ထန်စွာ ပြောသည်။

“လုံလောက်ပြီ၊ ကျမ်းရွှင်အာ။”

ဟုန်ယွိက ရွှေပင့်ကူကို တားလိုက်ပြီး ဝူအိမ်တော်ထိန်းကို ပြောသည်။ “အနှစ်သာရနတ်ဘုရား ကျောင်းက သူတော်စင် တူယွမ်ဟာ ကျုပ်လက်ချက်နဲ့ သေသွားခဲ့တယ်။ ခင်ဗျား ကျုပ်နည်းလမ်းတွေကို သိပြီးသားဆိုတော့ နာခံပြီး၊ ကောင်းကင်ဘုံသေမင်းဘီးရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါ။”

“သခင်လေးယွိက တကယ်ကို အစွမ်းထက်ပါတယ်။ တိုင်ရှန်တာအိုဂိုဏ်းက သူတော်စင် မိန်းမပျို မန်ပိုင်ယွန်ရဲ့ သားဖြစ်နေတာ မဆန်းတော့ဘူး။ သခင်လေးခမ်း၊ သခင်လေးရှီနဲ့ အခြားသခင်လေးတွေက သခင်လေးကို လုံးဝ မယှဉ်နိုင်ဘူး။” ဝူအိမ်တော်ထိန်း၏ အရေတွန့်နေသော မျက်နှာက ပတ်ပတ်လည်ကို ကြည့်ရူနေသည်။ “မြို့စား သင်ပေးတဲ့ ကောင်းကင်ဘုံသေမင်းဘီးရဲ့ အပ်စိုက်မှတ်တွေကို သခင်လေးကို ပြောပြလို့ ရပါတယ်။ ဒါပေမယ့် မြို့စားက ကျွန်တော့်ကို အပ်စိုက်မှတ် ခုနစ်ခုရှစ်ခုလောက်ပဲ သင်ပေးခဲ့တယ်။ တကယ့် အစစ်မှန် ကောင်းကင်ဘုံသေမင်းဘီးမှာ အပ်စိုက်မှတ် သုံးရာခြောက်ဆယ် ရှိတယ်… သခင်လေး ယွိ၊ သခင်လေးအနေနဲ့ အခုလို စွမ်းအားမျိုး ပိုင်ဆိုင်ထားရင်တောင် မြို့စားနဲ့ တော်ဝင်ချန် မင်းဆက်ကို ဆန့်ကျင်တာဟာ ကြက်ဥနဲ့ ကျောက်တုံးကို ပေါက်သလိုပဲ ဖြစ်လိမ့်မယ်။ သခင်လေးယွိ, ဒီလောက် နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ မိုနိုဂိုတာရီတောင် တော်ဝင်ချန်မင်းဆက်ကို မဆန့်ကျင်ရဲဘူး။ မြို့စားကို ဆန့်ကျင်ဖို့ စိတ်ကို စွန့်လွှတ်ဖို့ ကျွန်တော် သခင်လေးကို အကြံပေးချင်တယ်။”

“ကောင်းကင်ဘုံသေမင်းဘီးမှာ အပ်စိုက်မှတ် သုံးရာခြောက်ဆယ်ရှိတယ်… အဲ့လောက်များတယ်ပေါ့…” ချန်ယင်းရှာ အံ့အားသင့်သွားသည်။

“ဒါက ငွေငါးမန်းဘုရင် ချန်ယင်းရှာ ဖြစ်ရမယ်။ သခင်လေးယွိ, သခင်လေးအနေနဲ့ မြို့စားကို မဆန့်ကျင်ဘဲ၊ ဒီဇနီးလောင်းကို မြို့စားဆီ ခေါ်သွားရင် မြို့စား အရမ်းပျော်မယ်။” ဝူအိမ်တော်ထိန်းက ပင့်သက်ရှည်ပြီး ချလိုက်ပါသည်။

“ငါ တာအိုပညာကို ကျင့်ကြံခဲ့တာ နှစ်သုံးရာကျော်ပြီ။ ဟုန်ရွှန်ကျိ မမွေးခင်ကတည်းက, ငါက ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီးသား။ သူက ငါ့ရဲ့ ဂျူနီယာလေးပါပဲ။ ဒါပေမယ့် ကောင်းကင်ဘုံသေမင်းဘီးမှာ အပ်စိုက်မှတ် သုံးရာခြောက်ဆယ် ရှိတယ်ဆိုတာ ငါ မယုံဘူး။” ချန်ယင်းရှာ အေးစက်စွာ ပြောသည်။

“ဒါက ဘာမှမထူးဆန်းပါဘူး။ မြို့စားက အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းက သိုင်းပညာကို ဖန်ဆင်းရှင်ကျမ်းက သိုင်းပညာနဲ့ ပေါင်းစပ်ခဲ့တာ။” ဝူအိမ်တော် ထိန်းက ဆိုသည်။ “ဒီကျမ်းနှစ်အုပ်ဟာ ဒိုင်ဇင်ဘုရားကျောင်းက အတိတ်ကျမ်းအောက် မနိမ့်ကျဘူး။ အရင်က မိုနိုဂိုတာရီဟာ သူတစ်ယောက်တည်း နဲ့ ဧကရာဇ် ထိုက်ကျုံးနဲ့ ဧကရာဇ်ကောင်းကျုံးတို့ကို လုပ်ကြံနိုင်ခဲ့တယ်။ အခု ဧကရာဇ်နဲ့ အိမ်ရှေ့စံမင်းသားတို့ဟာ ကျင့်စဉ်အဆင့် မြင့်မားပေမယ့် သူ လာရောက် မလုပ်ကြံသေးဘူး။ သခင်လေးယွိ၊ ဒါကို တွေးကြည့်ရင် နားလည်မှာပါ။”

“မိုနိုဂိုတာရီရဲ့ လူသားအင်မော်တယ် ခန္ဓာကိုယ်ကို ဟုန်ရွှန်ကျိက ဖျက်ဆီးပစ်ခဲ့တာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင်, သူက ယန်နတ်ဘုရားတစ်ပါး ဖြစ်သွားနိုင်ပြီး၊ မိုးကြိုးကပ်ဘေး ရှစ်ကြိမ်လောက်ပဲ ဖြတ်ကျော်နိုင်ခဲ့မှာ မဟုတ်ဘူး။” ချန်ယင်းရှာက အထင်သေးစွာ ပြောသည်။

“တော်ဝင်ချန်မင်းဆက်ရဲ့ တန်ခိုးကို ခင်ဗျား အသေးစိတ် မပြောပြလည်း ကျုပ် သိတယ်။ ဒါပေမယ့်, သူ ဘယ်လောက်ပဲ တန်ခိုးရှိရှိ ဒီကမ္ဘာကြီးရဲ့ ပြည်သူတွေကို ကောင်းကောင်း အုပ်ချုပ်နိုင်ချင်မှ အုပ်ချုပ်နိုင်မယ်။ တကယ်လို့, သူ ကောင်းကောင်း အုပ်ချုပ်နိုင်ရင် ကမ္ဘာကြီး ငြိမ်းချမ်းမယ်။ ကောင်းကောင်း မအုပ်ချုပ်နိုင်ဘူးဆိုရင် သဘာဝအတိုင်း ဒီကမ္ဘာကြီးက ဖရိုဖရဲ ဖြစ်လာလိမ့်မယ်။ စစ်မီးတွေ နေရာအနှံ့ တောက်လောင်ပြီး ပျက်စီးသွားမယ်။ ခေတ်တစ်လျှောက် ဘယ်မင်းဆက်မှာ အနှိုင်းမဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ဖူးလို့လဲ။ တစ်ခါတလေ ပျက်စီးသွားတာပဲ။ ရှေးခေတ် ဧကရာဇ်အာဏာတောင် ဒီပြောင်းလဲမှုကို မခံနိုင်ခဲ့ကြဘူး။”

ဟုန်ယွိက ဝူအိမ်တော်ထိန်း၏ စကားကို လျစ်လျူရှုလိုက်သည်။

“သခင်လေးယွိက တကယ်ကို အသေးစိတ် သိနေတာပဲ…” ဝူအိမ်တော်ထိန်း ဆိုသည်။ “သခင်လေး၊ ဒီကျွန်အိုကြီးကို မစင်အိုးထဲ နှစ်စရာ မလိုပါဘူး။ ဒီကျွန်အိုကြီး သင်ယူခဲ့တဲ့ အပ်စိုက်မှတ် ခုနစ်ခုရှစ်ခု တိုင်းတာနည်းဟာ အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းရဲ့ ရှန်ကျင်းနတ်ဘုရားရှစ်ပါးပဲ။ သခင်လေးကို ပြောပြလို့ ရပါတယ်။”

“ရှန်ကျင်း နတ်ဘုရားရှစ်ပါးလား။” ဟုန်ယွိ မျက်နှာမဲ့စွာ ဆိုသည်။ “ဒါဆို ပြောပြပါ။”

“ရှန်ကျင်း နတ်ဘုရားရှစ်ပါးဆိုတာ ဦးနှောက်နတ်ဘုရား၊ ဆံပင်နတ်ဘုရား၊ အသားအရေနတ်ဘုရား၊ မျက်လုံးနတ်ဘုရား၊ လည်ပင်းနတ်ဘုရား၊ အရိုးနတ်ဘုရား၊ နှာခေါင်းနတ်ဘုရားနဲ့ လျှာနတ်ဘုရားတို့ပဲ။”

ဝူအိမ်တော်ထိန်းက ပြောသည်။

အခန်း (၂၄၈)။

“ရှန်ကျင်း နတ်ဘုရားရှစ်ပါး အပ်စိုက်မှတ်အတွက် တိုင်းတာပုံနည်းလမ်းနဲ့ အထဲက ချီနဲ့သွေးကို လှည့်ပတ်ရာမှာ ပုံပန်းသဏ္ဌာန်တွေကို အကုန် ပြောပြပါ။ ဒါပေမယ့်, တစ်ခုတော့ရှိတယ်။ ဝူအိမ်တော်ထိန်း, ခင်ဗျား ကျုပ်ကို လိမ်ညာဖို့ မကြံနဲ့။ ကျုပ်က သိုင်းပညာမှာ အတွေ့အကြုံ အများကြီး ရှိတယ်။ အပြင်မှာ သိုင်းသူတော်စင် နင်ဂျာဘုန်းတော်ကြီးလည်း ရှိတယ်။ ချန်ယင်းရှာက တာအိုပညာမှာ ကျွမ်းကျင်ပေမယ့် အပ်စိုက်မှတ် စုစည်းရာမှာလည်း ကျွမ်းကျင်တယ်။ ကျုပ်တို့ သိုင်းတာအို ကျင့်ကြံမူက ခင်ဗျားထက် မနိမ့်ကျဘူး။ ခင်ဗျား အချက်လက်ကို အနည်းငယ် ပြောပြရုံနဲ့ အဲဒါကို လေ့လာပြီး အမှန်အမှားကို ချက်ချင်း သိနိုင်တယ်။”

ဟုန်ယွိသည် ဝူအိမ်တော်ထိန်းက “ရှန်ကျင်း နတ်ဘုရားရှစ်ပါး” ဆိုသည့် နာမည်ကို ပြောလိုက်တော့ သဘာဝအလျောက် ဝူအိမ်တော်ထိန်းက အမှန်ပြောသည်ဟု ခံစားမိပါသည်။

သို့သော် နာမည် ပြောပြရုံဖြင့် မလုံလောက်ပေ။ အပ်စိုက်မှတ် တိုင်းတာနည်း၊ အပ်စိုက်မှတ် ပုံပန်းသဏ္ဌာန်နှင့် ကျင့်စဉ်နည်းလမ်းတို့ကို အကုန် သိရမည်။ ထိုမှသာ အပ်စိုက်မှတ် ကျင့်စဉ်က ပြည့်စုံမည် ဖြစ်သည်။

“ဒီကျွန်အိုကြီးက သခင်လေး ယွိကို ပြောပြချင်မှတော့ ဘာလို့ လိမ်ညာနေမှာလဲ။”

ဝူအိမ်တော်ထိန်းက သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။ သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိပေ။ သူ ဘာတွေးနေမှန်း မည်သူမှ မသိနိုင်။ သူက တခဏမျှ တွေးပြီးနောက် ပြောသည်။

“ဦးနှောက်နတ်ဘုရား အမည်က ဂျူယွန်ဇီ၊ ဂုဏ်ပုဒ်က ဉာဏ်အလင်းလမ်း။ အသွင်ပြင်က အရှည် တစ်လက်မနဲ့ တစ်ဝက်၊ အရောင်က သန့်စင်သော အဖြူရောင်… ဆံပင်နတ်ဘုရား အမည်က ရွှန်ဝမ်ဟွာ၊ ဂုဏ်ပုဒ်က ဖြောင့်မတ်ခြင်းလမ်း။ အရှည် နှစ်လက်မနဲ့ တစ်ဝက်၊ အရောင်က အမည်းရောင်…”

“အလို ကောင်းကင်ဘုံ…၊ တိုင်ရှန်တာအိုဂိုဏ်းက ဒိုင်ဇင်ဘုရားကျောင်းထက် ပိုအစွမ်းထက်တဲ့ ဂိုဏ်းတစ်ခုပဲ။ အပ်စိုက်မှတ်တွေက ဒီလောက် အသေးစိတ်ကျတယ်။ အပ်စိုက်မှတ်တွေမှာ နာမည်အသီးသီး ရှိတယ်။ အပ်စိုက်မှတ်နဲ့ပတ်သက်ပြီး ရှင်းပြချက်တိုင်းက အသေးစိတ်ကျပြီး၊ လျှို့ဝှက်စမ်းအင် အထက်ပိုင်းသန္ဓေသားကျင့်စဉ်နဲ့ စိုက်ပျိုးရေးနတ်ဘုရားမရဲ့ အပ်စိုက်မှတ်တစ်ခု’ ထက် အများကြီး အသေးစိတ်ကျတယ်။”

ဟုန်ယွိသည် ဝူအိမ်တော်ထိန်းက ရှန်ကျင်း နတ်ဘုရားရှစ်ပါး၏ ပုံပန်းသဏ္ဌာန်အကြောင်း ရှင်းပြနေသည်ကို နားထောင်ရင်း၊ အခြေခံအားဖြင့် ၎င်းတို့သည် ခန္ဓာကိုယ်၏ မည်သည့် အစိတ်ပိုင်းတွင်ရှိသည်၊ မည်သို့ တိုင်းတာရမည်၊ မည်သို့မည်ပုံ ကျင့်ကြံရမည်၊ စိတ်ဝိညာဉ်ကို အပ်စိုက်မှတ် တစ်ခုချင်းစီတွင် မည်သို့သိမ်းဆည်းရမည်၊ အနှစ်သာရနှင့် သွေးကို မည်သို့ လှုံ့ဆော် အသက်သွင်းရမည်၊ သွေးနှင့် စိတ်ဝိညာဉ်ကို မည်သို့စုစည်းရမည်ဆိုသည့် ရှင်းလင်းသော သီအိုရီနှင့် နည်းလမ်းတစ်ခု ရှိနေသည်ကို သိရှိလိုက်သည်။

နားထောင်နေရင်း ဟုန်ယွိသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်လာရပြီး၊ တိုင်ရှန်တာအိုဂိုဏ်း၏ သိုင်းပညာ၏ လေးနက်မူနှင့် ရင်သပ်ရူမောဖွယ် အတိမ်အနက်ကို ခံစားလိုက်ရပါသည်။

ဤသည်မှာ သိုင်းပညာရပ်အပေါ် သုသေသနပြုခြင်း၏ အထွဋ်အထိပ် ဖြစ်သည်။ မရေတွက်နိုင်သော ရှေးပညာရှင်များ၊ သူတော်စင်များ၊ ပါရမီရှင် များ၊ မျိုးဆက်ပေါင်းများစွာ လူ့ခန္ဓာကိုယ်၏ အသေးစားကမ္ဘာကို လေ့လာရင်း ရရှိခဲ့သော အသိပညာ၏ အထွဋ်အထိပ် ဖြစ်သည်။

လူတစ်ယောက်အနေဖြင့် နတ်ဘုရားတွေကို သိရှိရန်၊ နတ်ဘုရားတွေကို စုစည်းရန်၊ နတ်ဘုရားတွေ၏ တန်ခိုးကို စုဝေးရန်၊ လေဟာနယ်ကို ဖြိုခွဲရန်၊ သိုင်းပညာ လမ်းစဉ်ဖြင့် အင်မော်တယ်အဖြစ် ရရှိရန်… ဤသည်မှာ လူသားအင်မော်တယ်တစ်ပါး၏ သိုင်းပညာဖြစ်ပြီး၊ သိုင်းပညာ၏ အစစ်မှန် လမ်းကြောင်းလည်း ဖြစ်သည်။

မယုံကြည်နိုင်စွာ ဟုန်ယွိသည် “ရှန်ကျင်း နတ်ဘုရားရှစ်ပါး” ကျင့်စဉ်ကို နားထောင်ပြီး မရေမတွက်နိုင်သော ဧရာမလူထွားကြီးများ သူ့ပခုံးပေါ် ရပ်နေသလို ခံစားရ၏။ သူ၏အမြင်အာရုံသည် ရုတ်တရက် ကျယ်ပြန့်လာပြီး၊ သူ၏သိုင်းပညာနှင့် နတ်ဘုရား စိတ်ဝိညာဉ်အပေါ် နားလည်မှုက သိသိသာသာ နက်ရှိုင်းလာပါသည်။

သိုင်းပညာ၊ တာအိုပညာ၊ ဝိညာဉ်နှင့် စိတ်ဝိညာဉ်၊ သဘာဝနှင့် အသက်၊ ယင်နှင့်ယန် အားလုံးက ဆက်စပ်နေပါသည်။

“သိုင်းတာအိုက ဒီလိုမျိုးလား…။ အပ်စိုက်မှတ်တွေက ဒီလိုလား။ ဟုန်ရွှန်ကျိဟာ သိုင်းသူတော်စင် ဖြစ်လာပြီး၊ သိုင်းသူတော်စင်ရဲ့ အထွဋ်အထိပ် အထိ ရောက်နိုင်ခဲ့တာ မဆန်းတော့ဘူး။ အထွဋ်ထိပ် အဂ္ဂိရတ်ကျမ်းက တကယ်ကို နာမည်ဂုဏ်သတင်းနဲ့ လိုက်ဖက်တယ်။ ပစ္စုပ္ပန်ကမ္ဘာ ဗုဒ္ဓကျမ်းကရော အပ်စိုက်မှတ်တွေကို ဘယ်လို မြင်မလဲ ငါ သိချင်မိသား။”

ဟုန်ယွိက သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။

“ဦးနှောက်နတ်ဘုရားဟာ အထက်ပိုင်းသန္ဓေသားကျင့်စဉ် မဟုတ်လား။” ချန်ယင်းရှာက ရုတ်တရက် မေးလိုက်သည်။

ချန်ယင်းရှာသည် ရှန်ကျင်းနတ်ဘုရားရှစ်ပါးထဲက ဦးနှောက်နတ်ဘုရားကို ကြားတော့ ရုတ်တရက် အတွေးတစ်ခု ပေါက်လာသည်။ အထက်ပိုင်းသန္ဓေသားကျင့်စဉ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုအပ်စိုက်အမှတ် နှစ်ခုသည် တူညီနေသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။

တစ်နည်းအားဖြင့် အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်း၌ ဖော်ပြထားသော ဦးနှောက်နတ်ဘုရားသည် အနှစ်သာရနတ်ဘုရားကျောင်း၏ “အနှစ်သာရချီ အထက်ပိုင်း သန္ဓေသားကျင့်စဉ်” ဖြစ်သည်။ အနှစ်သာရချီ အထက်ပိုင်း သန္ဓေသားကျင့်စဉ်သည် “ဦးနှောက်နတ်ဘုရား” ဖြစ်သည်။ ကျင့်စဉ် နည်းလမ်း နှစ်ခုသည် အနည်းငယ်သာ ကွဲပြားမူ ရှိသည်။

သို့သော် တူညီသော အပ်စိုက်မှတ် ဖြစ်နေရင်တောင် ကျင့်စဉ်နည်းလမ်း ကွဲပြားနိုင်ပါသည်။ တချို့က ပိုကောင်းပြီး၊ တချို့က နိမ့်ကျသည်။ ကြွက်သား လေ့ကျင့်နည်း အမျိုးမျိုး ရှိနေသကဲ့သို့ ဖြစ်သည်။

“ဟင့်…၊ ဦးနှောက်နတ်ဘုရား ကျင့်စဉ်က အနှစ်သာရချီ အထက်ပိုင်း သန္ဓေသားကျင့်စဉ်ထက် ပိုလေးနက်တယ်ဆိုတာ ရှင်းနေတာပဲ။ ငါတို့ဟာ အနှစ်သာရချီ အထက်ပိုင်း သန္ဓေသားကျင့်စဉ်ကို ကျင့်ကြံပြီး၊ အဲဒီအပ်စိုက်အမှတ်ကို နှစ်ဆယ်ရာခိုင်နှုန်းအထိပဲ ကျင့်နိုင်တယ်။ ဒါပေမယ့် ဦးနှောက် နတ်ဘုရား ကျင့်စဉ်ကတော့ အနှစ်သာရချီ အထက်ပိုင်း သန္ဓေသားကို သုံးဆယ်ရာခိုင်နှုန်း မှ လေးဆယ်ရာခိုင်နှုန်းအထိ ကျင့်နိုင်တယ်။”

ဟုန်ယွိသည် နားထောင်ပြီး စိတ်ထဲ နှိုင်းယှဉ်ကြည့်ရင်း အကြမ်းဖျင်း ကောက်ချက်ချလိုက်ပါသည်။

“သခင်လေး ယွိက တကယ်ကို ဗဟုသုတကြွယ်ဝပါပေတယ်။ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ အနှစ်သာရချီ ကျင့်စဉ်ကို သိနေတယ်။ ဟုတ်တယ်။ အထွဋ်ထိပ်အဂ္ဂိရတ်ကျမ်းထဲက ‘ဦးနှောက်နတ်ဘုရား’ အပ်စိုက်အမှတ်ဟာ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ အနှစ်သာရချီကျင့်စဉ်ပဲ။ ဒီစကားက မြို့စား အရင်တုန်းက ပြောခဲ့ဖူးတာ။” ဝူအိမ်တော်ထိန်းသည် “ရှန်ကျင်း နတ်ဘုရားရှစ်ပါး” အပ်စိုက်မှတ်တွေကို တစ်ခုချင်း ရှင်းပြပြီးနောက် ဟုန်ယွိနှင့် ချန်ယင်းရှာတို့၏ စကားကို ကြားတော့ အံ့အားသင့်သွားသည်။ “သခင်လေး ယွိ၊ သခင်လေးဟာ စံအိမ်မှာတုန်းက သိုင်းပညာကို လုံးဝ မသိခဲ့ဘူး။ ဒါပေမယ့် တစ်နှစ်အတွင်း ဒီလို အောင်မြင်မှုကြီး ရရှိခဲ့တယ်။ မြို့စားက သခင်လေးယွိကို အပြင်ထွက်ခွင့် မပေးခဲ့သင့်ဘူးလို့ ထင်တယ်။”

“ဟမ့်…၊ ကျုပ် အိမ်တော်ကနေ ထွက်လိုက်တာနဲ့ ကျုပ်က ပင်လယ်ထဲ ပြန်ရောက်လာတဲ့ နဂါးတစ်ကောင် ဖြစ်သွားပြီ။ ကျုပ်က လွတ်လပ်စွာ ပျံသန်းနိုင်တယ်။ ဟုန်ရွှန်ကျိက ကျုပ်ကို အိမ်တော်ထဲမှာ ပိတ်ထားပြီး ဝက်တစ်ကောင်လို မွေးချင်နေတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ဟုန်ယွိ၏ မျက်နှာက ခံစားချက်ကင်းမဲ့နေ၏။ သူ့မျက်လုံး တောက်ပပြီး ဝူအိမ်တော်ထိန်းကို စိုက်ကြည့်သည်။ “မူလက ခင်ဗျား ကျုပ်ကို လိမ်ညာဦးမယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် အခု ခင်ဗျား လိမ်ညာခဲ့ပုံမပေါ်ဘူး။ အခုလို ပွင့်ပွင့်လင်းလင်း ပြောရဲတာဆိုတော့, ခင်ဗျား ကျုပ်ကို ကတိတစ်ခုခု တောင်းခံချင်လို့ပဲ မဟုတ်လား။”

“သခင်လေးယွိက တကယ်ကို ပွင့်ပွင့်လင်းလင်း ရှိတာပဲ။ သခင်လေးယွိနဲ့ စကားပြောရတာ အားမကုန်ဘူး။ ဒီကျွန်အိုကြီးက အပ်စိုက်အမှတ် လျှို့ဝှက်ချက်ကို ထုတ်မပြောဘူးဆိုရင်တောင်, သခင်လေးယွိမှာ ဒီကျွန်အိုကြီးကို ကိုင်တွယ်ဖို့ နည်းလမ်းတွေရှိမယ်လို့ မျှော်လင့်ပြီးသားပါ။ အသားနည်းနည်း နာခံမယ့်အစား သခင်လေးယွိနဲ့ စကားပြောကြည့်တာ ပိုကောင်းမယ်ထင်တယ်လေ။ သခင်လေးယွိရဲ့ စိတ်နေသဘောထားက အခု သခင်လေးရဲ့ အောင်မြင်မှုနဲ့ လိုက်ဖက်ပါတယ်။ နှိုင်းယှဉ်ကြည့်ရင်, သခင်လေးခမ်းနဲ့ သခင်လေးရှီတို့ဟာ အများကြီး နိမ့်ကျတယ်။ ဒီကျွန်အိုကြီး မျှော်လင့်တာက, သခင်လေးအနေနဲ့ နောင်တစ်ချိန် လက်စားချေခဲ့ရင် သခင်ခမ်းနဲ့ သခင်လေးရှီတို့ကို မနှိပ်စက်ပါနဲ့လို့။ သခင်လေး ပြန်ရောက်ရင်, ညီအစ်ကို မောင်နှမတွေနဲ့ မြို့စားကို မဆန့်ကျင်ပါနဲ့။ သခင်လေးယွိက ကျောက်မိသားစုကို ဒုက္ခပေးလို့ ရတယ်။ မဟုတ်ရင် ဒီကျွန်အိုကြီး သေရင်တောင် ကောင်းကင်တိုင်းထွာပေတံကို ကိုင်ပြီး သခင်လေးကို လာရှာဦးမယ်။”

“ခင်ဗျားမှာ ကျုပ်နဲ့ အခုလိုစကားမျိုးပြောဖို့ အရည်အချင်း မရှိဘူး ထင်တယ်။ ဒါပေမယ့်, ခင်ဗျားက အခုလိုစကားမျိုး ပွင့်ပွင့်လင်းလင်း တောင်းခံလာမှတော့ ကျုပ် ကတိပေးတယ်။ ကျုပ် တခြား ညီအစ်ကို မောင်နှမတွေကို ဒုက္ခမပေးဘူး။ ဟုတ်ပါတယ်လေ၊ သူတို့မှာ ကျုပ် ဒုက္ခပေးရလောက်လည်း အရည်အချင်း မရှိပါဘူး။” ဟုန်ယွိက ပြောသည်။

“ဒီကျွန်အိုကြီး ပြောပြချင်တဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ သခင်လေးယွိ ကြားချင်လား၊ မကြားချင်လား မသိဘူး။”

ဝူအိမ်တော်ထိန်းသည် “ရှန်ကျင်းနတ်ဘုရားရှစ်ပါး” လျှို့ဝှက်ချက် ဖော်ပြပြီးနောက် ရုတ်တရက် မကြုံစဖူး စိတ်သက်သာရာ ရသွားပုံရသည်။ ထိုစကားပြောရင်း သူ့မျက်လုံးတွေက တောက်ပလာပါသည်။

“ပြော။”

ဟုန်ယွိက ပြောသည်။

“တကယ်တော့ ဒီကျွန်အိုကြီးလည်း ဒီနေ့မှ သတိထားမိတယ်။ မြို့စားရဲ့ သားသမီးတွေထဲမှာ သခင်လေးယွိဟာ မြို့စားနဲ့ အတူဆုံးပဲ။ ကံကြမ္မာက လူကို လှည့်စားခဲ့တာ နှမြောစရာပဲ။” ဝူအိမ်တော်ထိန်းက ထိုစကားကို တစ်လုံးချင်း ပြောသည်။

“ကျုပ်က ဟုန်ရွှန်ကျိနဲ့ အတူဆုံးပေါ့… ကျုပ် ဟုန်ရွှန်ကျိနဲ့ အဆင်တူဆုံးပေါ့…” ဟုန်ယွိသည် ထိုစကားကိုကြားပြီး၊ သူ့မျက်ခုံးတွေကို တွန့်ကာ စကားလုံး အနည်းငယ်ကို ရေရွတ်မိလိုက်သည်။ ရုတ်တရက် သူက အေးစက်စွာ ရယ်လိုက်သည်။ “ဘာ၊ ဟုန်ရွှန်ကျိဟာ နှလုံးမရှိဘူး။ သစ္စာလည်း မရှိသလို ဘာတရားမျှတမူမှလည်း မရှိဘူး။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ကျမ်းစာကို ရယူပြီးနောက်, ကျုပ်အမေကို သတ်ခဲ့တယ်။ ကျုပ်က ကျေးဇူးကို ကျေးဇူးနဲ့ ပြန်ဆပ်တတ်သလို၊ ရန်ငြိုးကိုလည်း ရန်ငြိုးနဲ့ တုန့်ပြန်တတ်တယ်။ ကျုပ်ရင်ထဲမှာ ကျေးဇူးနဲ့ ရန်ငြိုးကို တိုင်းတာဖို့ စံပေတံ ရှိသလို၊ လူတွေရဲ့နှလုံးသားကို တိုင်းတာဖို့လည်း စံပေတံရှိတယ်။ ဝူအိမ်တော်ထိန်း၊ ဒီအချိန်မှာ ခင်ဗျားက ကျုပ်တာအိုနှလုံးသားကို ဖျက်ဆီးချင်နေတာလား။ ခင်ဗျားဟာ သိုင်းသူတော်စင် ထောင်ကျန်းဘုရင်ရဲ့ ကောင်းကင်တိုင်းထွာပေတံကို အသုံးပြုဖို့ အရည်အချင်း မရှိဘူးလို့ ကျုပ် ထင်တယ်။ ကောင်းကင်တိုင်းထွာပေတံလို လက်နက်တစ်ခုဟာ ကောင်းကင်နဲ့မြေကြီးကို တိုင်းတာဖို့ မဟုတ်ဘူး၊ လူတွေရဲ့ စိတ်နှလုံးသားကို တိုင်းတာဖို့ပဲ။ ခင်ဗျားက ကိုယ့်စိတ်နှလုံးကို တိုင်းတာဖို့ရော ယုံကြည်မှု ရှိရဲ့လား။ ဟုန်ရွှန်ကျိကရော သူ့ကိုယ်ကို ကရုဏာနဲ့ ဖြောင့်မတ်ခြင်း ပေတံကို အသုံးပြုပြီး သူ့စိတ်နှလုံးကို တိုင်းတာရဲလား။ ဟမ့်၊ သူ မတိုင်းတာရဲပါဘူး။ ဒါကြောင့်လည်း သူ့သိုင်းပညာက ရှင်ခြင်းနဲ့ သေခြင်းဘီး ဖြစ်နေပြီး၊ ရှင်ခြင်းနဲ့ သေခြင်း, အဖြူနဲ့အမည်းကို ရောယှက်ထားတဲ့ ဉပဒေသဘီး ဖြစ်နေတာပေါ့။ ကောင်းကင်ကြီးက လုံးဝိုင်းပြီး၊ လူ့နှလုံးသားက စတုဂံဖြစ်တယ်။ ကောင်းကင်ဘုံလမ်းစဉ်က လုံးဝိုင်းပြီး၊ လူ့နှလုံးသားက လေးထောင့်ညီပြီး ဖြောင့်မတ်ရမယ်။”

ဟုန်ယွိက ရုတ်တရက် ခက်ထန်စွာ အော်ပြောလိုက်သည်။ စကားလုံးတိုင်းက ထက်ရှသည်။

“ခင်ဗျားရဲ့ သိုင်းပညာဟာ သိုင်းသူတော်စင်အဆင့်မှာ ရပ်တန့်သွားရတာ မဆန်းတော့ပါဘူး။ ဝူအိမ်တော်ထိန်း၊ ခင်ဗျားဟာ လက်သီးပညာရပ်မှာ သိုင်းသူတော်စင်အဆင့်အထိ ရောက်ခဲ့ပေမယ့် ခင်ဗျားရဲ့ စိတ်နှလုံးကတော့ သိုင်းသူတော်စင်အဆင့်အထိ မရောက်ခဲ့ဘူး။ ခင်ဗျား ကျုပ်ကို ရှုံးနိမ့်ရ တာ မဆန်းတော့ပါဘူး။ တကယ်လို့, ခင်ဗျား စိတ်နှလုံးသာ သိုင်းသူတော်စင်အဆင့်ထိ ရောက်ခဲ့ရင် ခင်ဗျားအနေနဲ့ ကောင်းကင်တိုင်းထွာပေတံကို မရွေးချယ်လောက်ဘူး။ ခင်ဗျားဟာ ကောင်းကင်တိုင်းထွာပေတံရဲ့ အစစ်မှန် အဓိပ္ပါယ်ကို မသိဘဲ ရွေးခဲ့မိတယ်။ ခင်ဗျား ဒီပေတံတွေကို ထိန်းချုပ်နိုင် ပါ့မလား။”

“ဒါပေမယ့်, ကျုပ် ခင်ဗျားကို မသတ်ချင်ဘူး ဝူအိမ်တော်ထိန်း။ ခင်ဗျား မသေမချင်း ဒီစကြာဝဠာအိတ်ထဲမှာပဲ ပိတ်လှောင်ထားတော့မယ်။” ဟုန်ယွိက ဝူအိမ်တော်ထိန်းအတွက် ပြစ်ဒဏ်ကို ချမှတ်လိုက်သည်။

သို့သော် ဝူအိမ်တော်ထိန်း၏ အသက်ရွယ်ကြီးရင့်နေသော မျက်နှာက ရုတ်တရက် သွေးနီရောင် တောက်ပလာသည်။ သူ့စိတ်က တစ်ချက် လှုပ်ရှား သွားပြီး ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထုတ်လိုက်ပါသည်။ သံမဏိ သုံးမြှောင့်ခက်ရင်းဖြင့် ထိုးစိုက်ခံရသော လည်ချောင်းဘေးမှ ဒဏ်ရာသည် ပြန်လည် ပေါက်ကွဲပြီး သွေးများ ပန်းထွက်လာသည်။

ဟုန်ယွိ၏ စကားများသည် သူ့နှလုံးသား၏ နက်ရှိုင်းသော နေရာတစ်ခုကို အမှန်တကယ် လှုံ့ဆော်နိုင်ခဲ့သည်မှာ ထင်ရှားသည်။

“ဒီနေ့, သခင်လေးယွိရဲ့ စကားတွေကို ကြားရပြီး၊ ဒီကျွန်အိုကြီး သေရင်တောင် နောင်တမရပါဘူး။” ဝူအိမ်တော်ထိန်းက ဟုန်ယွိကို စိုက်ကြည့်၏။ ရုတ်တရက် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသော စွမ်းအားကြောင့် သူသည် ရုတ်တရက် ရေထဲမှ ခုန်ထွက်သော ဧရာမပုဇွန်ကြီးကဲ့သို့ ပြင်းထန်စွာ ခုန်တက်လာခဲ့သည်။ သူသည် လူတစ်ယောက်အရပ်အမြင့်အထိ ခုန်တက်ပြီးနောက် မြေပြင်ပေါ် ပြန်ပြုတ်ကျသွားသည်။ သူ့ဦးခေါင်း အပ်စိုက်မှတ် ခုနစ်နေရာမှ သွေးများ ချက်ချင်း စီးထွက်လာသည်။

ထို့နောက် သူ့အငွေ့အသက် အားလုံး ဆုတ်ခွာသွားခဲ့ပြီး လေထဲတွင် လွင့်ပျံနေသည့် စွမ်းအင်များသာ ထူထပ်စွာ ကျန်ရစ်ခဲ့ပါသည်။

“သူက သူ့စွမ်းအားကို အသုံးပြုပြီး သူ့ကိုယ်အတွင်းအင်္ဂါ၊ သူ့နှလုံးနဲ့ အဆုတ်ကို ချေမွပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီ။” ချန်ယင်းရှာက သက်ပြင်းချပြီး ခေါင်းခါသည်။

“အီယာ…၊ သိုင်းသူတော်စင်တစ်ဦးရဲ့ ခန္ဓာကိုယ်။ ဒါက မှော်ရတနာ သန့်စင်ဖို့ အကောင်းဆုံး ပစ္စည်းပဲ။ အစွမ်းထက်တဲ့ မှော်ရတနာပစ္စည်း အများစုကို သိုင်းသူတော်စင် ခန္ဓာကိုယ်ကနေ သန့်စင်ကြတယ်။” ရွှေပင့်ကူက ပြင်းထန်စွာ ခုန်တက်ပြီး ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်မှာ လှည့်ပတ်နေပါသည်။ သူမသည် ချက်ချင်းပင် မှော်ရတနာအဖြစ် သန့်စင်ချင်သည့် အတိုင်းပင်။

“မှော်ရတနာအဖြစ် သန့်စင်စရာ မလိုဘူး။ မီးရှို့ပြီး ပြာကို အိုးထဲထည့်။ နေရာကောင်းရှာပြီး သင်္ဂြုလ်လိုက်ပါ။ တစ်ခါတည်း ကောင်းကင်တိုင်းထွာ ပေတံကိုလည်း သူနဲ့အတူ မြှုပ်ပေးလိုက်။ နောင်ဘဝများ ရှိခဲ့ရင်, ကောင်းကင်တိုင်းထွာပေတံရဲ့ အစစ်မှန် အဓိပ္ပါယ်ကို သူ နားလည်မယ်လို့ ငါ မျှော်လင့်တယ်။”

ဟုန်ယွိသည် ရွှေပင့်ကူ၏ အကြံကို တားဆီးလိုက်ပါသည်။

သူက လက်ညှိုးတစ်ချက် ထိုးလိုက်ရုံဖြင့် မီးတောက်လေးတစ်ခုက လည်ပတ်ပြီး ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်ပေါ် ကျရောက်သွားသည်။ ချက်ချင်း ဆိုသသို ဝူအိမ်တော်ထိန်း၏ ခန္ဓာကိုယ်သည် ပြာပုံအဖြစ် ပြောင်းသွားပါသည်။ ပြာပုံထဲတွင် ဖောက်ထွင်းမြင်ရသော ပုံဆောင်ခဲကဲ့သို့ အရိုး အနည်းငယ် ရှိနေသည်။

ဟုန်ယွိသည် လက်ညှိုးတစ်ချက် ထပ်ညွှန်ပြီး ပြာနှင့်အရိုးတွေကို သိုင်းသူတော်စင် ထောင်ကျန်း ကောင်းကင်ဘုရင်၏ ရွှေနက်ရောင်ကာဇယာဖြင့် ဖုံးအုပ်သည်။ ထို့နောက်, သူသည် ကောင်းကင်တိုင်းထွာပေတံကို အလယ်၌ ထည့်လိုက်ပြီး၊ အဝေးက ရတနာတွေကြားမှာ မြုပ်နှံလိုက်ပါသည်။

“သိုင်းသူတော်စင် ထောင်ကျန်း ကောင်းကင်ဘုရင်ရဲ့ ရွှေနက်ရောင်ကာဇယာ…” ရွှေပင့်ကူက တီးတိုး ရေရွတ်သည်။ သူမသည် ပလုတ်တုတ်ဗုံ လှုပ်ခါသကဲ့သို့ ခေါင်းကိုခါယမ်းပြီး ဒီအတိုင်း အလဟဿထားခဲ့ရမှာ နှမြောစရာဟု ရှုံ့ချသည်။

“ဝူယွမ်ခရိုင် ရောက်ပြီ။ ယင်းရှာ၊ မင်း ဆက်ပြီး ကျင့်ကြံပါ။ ငါ အပြင်ထွက်ရမယ်။ ကျန်းရွှမ်အာ၊ မင်းလည်း ကောင်းကောင်း ကျင့်ကြံ။ တစ္ဆေအင်မော်တယ်နယ်ပယ်ကို အမြန်ကျော်ဖြတ်နိုင်ဖို့ ကြိုးစားပါ။ မင်းရဲ့ အခုလက်ရှိ မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်းအဆင့်နဲ့ဆို, ရှင်ခြင်းသေခြင်း အတားအဆီးကို ဖြတ်ကျော်ပြီး တစ္ဆေအင်မော်တယ်ဖြစ်သွားတာနဲ့ ပြန်လည် မွေးဖွားရင်တောင် ဘာပြဿနာမှ မရှိတော့ဘူး။”

ဝူအိမ်တော်ထိန်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည် မြင်ပြီး၊ ဟုန်ယွိက ခေါင်းယမ်းကာ ရွှေပင့်ကူကို သတိပေးသည်။

တကယ်ဆို, ဟုန်ယွိသည် သူ့ကို သတ်ဖြတ်လိုစိတ် မရှိပေ။ ဝူအိမ်တော်ထိန်း၏ နောက်ဆုံး စကားသည် ဟုန်ယွိ၏ တာအိုနှလုံးသားကို ဖျက်ဆီးဖို့ ရည်ရွယ်ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ဟုန်ယွိ၏ တုန့်ပြန်မူက သူ့တာအိုနှလုံးသားကို ဖျက်ဆီးသွားခဲ့သည်။ ဝူအိမ်တော်ထိန်းသည် စိတ်ပျက်အားငယ်စွာဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရွေးချယ်သွားခဲ့သည်။

“အာယွိ၊ စိတ်မပူစမ်းပါနဲ့။” ရွှေပင့်ကူက ဆိုသည်။

ဟုန်ယွိက ခေါင်းညိတ်ပြသည်။ ထိုအတွေးသည် စကြာဝဠာအိတ်ထဲမှ ပျံထွက်ပြီး သူ့ခန္ဓာကိုယ်ဆီ ပြန်ရောက်လာခဲ့သည်။

အဝေးတွင် ဝူယွမ်ပြည်နယ်၏ ပြည်နယ်မြို့တော်ကြီးကို မြင်တွေ့နေရပြီ။ (ရှေ့မှာတုန်းက ဝူယွမ်ခရိုင်ဟု မှားယွင်းပြန်ဆိုခဲ့သည်)။

ဝူယွမ်ပြည်နယ် အုပ်ချုပ်ရေးမှူး စံအိမ်သည် ရွှေ့ယန်ပြည်နယ် အုပ်ချုပ်ရေးမှူး စံအိမ်၏ တစ်ဝက်တောင် မရှိပေ။ တကယ်ဆို သုံးပုံတစ်ပုံပင် မရှိပါ ချေ။ စောင့်ကြပ်များ၏ ကြံ့ခိုင်သန်မာမူ၊ ကြွယ်ဝမှု အငွေ့အသက်က အရမ်းကို နိမ့်ကျသည်။

“သခင်ဟောင်၊ ခင်ဗျား ဘာတွေဖြစ်ခဲ့တာလဲ။ ဒီတစ်နှစ်ဝက်အတွင်း ခင်ဗျား ဘာလို့ ဒီလောက် အိုစာသွားတာလဲ။ ခင်ဗျားကြည့်ရတာ ဒဏ်ရာရထားပုံပဲ။ ဒဏ်ရာက မသေးဘူး ထင်တယ်။”

ဟုန်ယွိသည် ဝူယွမ်ပြည်နယ်စံအိမ်၏ ဧည့်ခန်းမှာ ထိုင်နေသည်။ အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်ကို မြင်တော့ အံ့အားသင့်သွားသည်။

ဤနှစ်၏ ပထမနှစ်ဝက် နွေရာသီတွင်, ဟောင်ချင်းချန်သည် တပ်များကို ဦးဆောင်ပြီး တိမ်ဖြူကျေးရွာကို ဖျက်ဆီးချိန်တုန်းဆို, သူသည် အမှန်ပင် အားမာန်အပြည့်ရှိပြီး ရဲရင့်ခဲ့သည်။ သို့သော်, ယခု ဟုန်ယွိ မြင်နေရသော ဟောင်ချင်းချန်သည် ချည်အင်္ကျီထူထူကြီး ဝတ်ထားရသည်။ သူ့မျက်လုံးတွေက ခွက်ဝင်နေပြီး၊ ဆံပင်အဖြူဖြူ၊ အသားအရေက ခြောက်ကပ်ကပ်နှင့် ခါးက ကိုင်းနေပြီ။ ဒေသတစ်ခုကို ကြီးကြပ်ကွပ်ကဲရသည့် အဆင့်မြင့် အုပ်ချုပ်ရေးမှူးတစ်ဦး၏ အသွင်ပြင်မျိုး မရှိတော့။ ရွာထဲမှာ ပညာရှင် အဘိုးအိုတစ်ဦးထက်ပင် ပိုဆိုးနေသည်။

“အဟွတ်.. အဟွတ်.. အဟွတ်… အဟွတ်…”

ဟောင်ချင်းချန်သည် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ပြင်းထန်စွာ ချောင်းဆိုးသည်။ အချိန်အတန်ကြာမှ စကားပြောသည်။ “ဟုန်ယွိ၊ မင်း ပြန်ရောက်ရင် မင်းသားကို ပြောလိုက်ပါ။ ငါ မင်းသားကို ကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေမှာ ကူညီနိုင်တော့မှာ မဟုတ်ဘူး။ ငါ အခု ငါ့ဆန္ဒအတိုင်း စာရေးနေပြီ။ ရက်အနည်းငယ်အတွင်း အင်ပါယာတရားရုံးဆီ တင်ပြီး အုပ်ချုပ်ရေးမှူးရာထူးကနေ နုတ်ထွက်တော့မယ်။”

“ဘာဖြစ်တာလဲ။ ကောင်းကင်အထွဋ်အထိပ်နယ်မြေက လက်စားချေတာလား။ ကောင်းကင်အထွဋ်အထိပ်နယ်မြေမှာ ခင်ဗျားတို့လို အုပ်ချုပ်ရေးမှူး တွေကို နှိပ်စက်ရဲတဲ့ အရှိန်အဝါမျိုး ရှိလို့လား။” ဟုန်ယွိ၏မျက်လုံးများက တဖျပ်ဖျပ် ခတ်သွားပါသည်။

“ကောင်းကင်အထွဋ်အထိပ်နယ်မြေ မဟုတ်ဘူး။ ကောင်းကင်အထွဋ်အထိပ်နယ်မြေမှာ ငါ့ကို ကိုင်တွယ်ရဲတဲ့ အရှိန်အဝါမျိုး မရှိဘူး။ အိမ်ရှေ့စံမင်းသားပဲ။ အိမ်ရှေ့စံမင်းသားက ငါ့ကို သတ်ချင်ခဲ့တယ်။ သူ့လုပ်ကြံသူတွေက ငါ့ကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ခဲ့တယ်။ ကံကောင်းလို့ အမှန်တရားတာဂိုဏ်းက ဂိုဏ်းချုပ် ကျိချန်ယွဲ့ဟာ အလယ်ပိုင်းပြည်နယ်မှာ ဟောပြောနေချိန် ဖြစ်နေလို့။ မဟုတ်ရင် ငါ အခု သေနေလောက်ပြီ။ ဒါပေမယ့် ငါ အသက်ရှည်မှာ မဟုတ်တော့ဘူး။”

ဟောင်ချင်းချန်က တဖန် ပြင်းထန်စွာ ချောင်းဆိုးသည်။

“အိမ်ရှေ့စံမင်းသားလား။ အိမ်ရှေ့စံမင်းသားက ခင်ဗျားကို သတ်ချင်တယ်ပေါ့။” ဟုန်ယွိက မေးသည်။ “တိမ်ဖြူရွာကို ဖျက်ဆီးခဲ့လို့လား။”

“မဟုတ်ဘူး။ ငါ လျှို့ဝှက် စုံစမ်းပြီးနောက်, အိမ်ရှေ့စံမင်းသားရဲ့ လျှို့ဝှက်ချက် သိသွားခဲ့တယ်။” ဟောင်ချင်းချန်က ပတ်ဝန်းကျင်ကို ကြည့်သည်။ “မင်းသားကို ပြောလိုက်ပါ။ အိမ်ရှေ့စံမင်းသားဟာ နတ်ဆိုးဂိုဏ်းတွေဖြစ်တဲ့ အသက်မဲ့တာအိုဂိုဏ်း၊ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းတွေနဲ့ မရှင်းမလင်း ဆက်ဆံရေးတွေ ရှိနေတယ်။ မင်းသားကို စုံစမ်းခိုင်းလိုက်ပါ။”

All Chapters