အခန်း (၂၄၉-၂၅၀)
Vol. 22 Ch. 249-250
၂၄၉)။
"အိမ်ရှေ့စံမင်းသားက အသက်မဲ့တာအိုဂိုဏ်း၊ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းတို့လို မကောင်းဆိုးဝါးဂိုဏ်းနှစ်ခုနဲ့ ဆက်စပ်နေတယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။"
ဟုန်ယွိသည် ဟောင်ချင်းချန်၏ စကားများကို ကြားသောအခါ၊ သူ့နှလုံးသားက တစ်ချက်ခုန်သွားသော်လည်း မည်သည့်အမူအရာမှ မပြခဲ့ပေ။ သူသည် ဟောင်ချင်းချန်ကို ခေါင်းအစ ခြေအဆုံး ထပ်မံ ကြည့်ရှုလိုက်၏။ တစ်ဖက်လူ၏ ပါးရေနားရေတွန့်နေသော မျက်နှာကို ကြည့်ရင်း၊ သူ့မျက်လုံးများက ရုတ်တရက် ရွှေရောင် အလင်းတန်းဖြင့် တောက်ပလာသည်။
ဟောင်ချင်းချန်သည် လုံးဝ ကောင်းမွန်နေကြောင်း သူ ပြောနိုင်သည်။ မည်သည့် နတ်ဆိုးဝိညာဉ်မျှ ပူးကပ်ခြင်းမခံရသလို၊ သူ့နတ်ဘုရား စိတ်ဝိညာဉ်ကိုလည်း မည်သည့်အရာဖြင့်မျှ ဖိနှိပ်မထားပေ။ သူ့စိတ်သည် ကြည်လင်နေပြီး သူ၏ အပြုအမူနှင့် စကားအပြောအဆိုများသည် လွန်ခဲ့သော တစ်နှစ်ခွဲကအတိုင်းပင် ဖြစ်သည်။ မည်သည့် ပြောင်းလဲမှုမျှ မရှိပေ။
ယခုအခါ ဟုန်ယွိ၏ တာအိုပညာရပ်များသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးများထဲမှ တစ်ခုဖြစ်သည်။ အလွန်အစွမ်းထက်သော ထိပ်တန်း ပုဂ္ဂိုလ်အချို့မှလွဲ၍ မည်သူမျှ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ ဝူယွမ်ပြည်နယ်သို့ မဝင်မီတွင်၊ သူသည် ထိုနေရာကို သူ့အတွေးများဖြင့် စစ်ဆေးပြီးသား ဖြစ်သည်။ သူသည် အရာအားလုံးကို သူ့စိတ်ထဲတွင် တွက်ချက်ထားခဲ့သည်။ အကယ်၍, ဟောင်ချင်းချန်သာ သိမ်းပိုက်ခံရခြင်း သို့မဟုတ် ထိန်းချုပ်ခံရခြင်း ရှိနေပါက၊ သူ့ထံမှ ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
"ခင်ဗျား ဘာလို့ ကျွန်တော့်ကို ဒါတွေ ပြောပြနေတာလဲ။ ဘာလို့ မင်းသားယုကို ကိုယ်တိုင်မပြောဘဲ ကျွန်တော့်ကို သတင်းပေးခိုင်းရတာလဲ" ဟုန်ယွိက ရုတ်တရက် မေးသည်။
"မင်း ငါ ပြောပြရင်တောင် ယုံမှာ မဟုတ်ဘူး။"
ဟောင်ချင်းချန်က ချောင်းဆိုးပြီး ပြောသည်။ "အခု အလယ်ပိုင်းကုန်းမြေရဲ့ ပြည်နယ်ဆယ့်သုံးခုစလုံးက အိမ်ရှေ့စံမင်းသားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီ။ ငါ ဒီအကြောင်းကို သိရှိခဲ့ရင်တောင် ဒီလျှို့ဝှက်ချက်ကို မင်းသားယုဆီ သတင်းပေးပို့နိုင်မှာ မဟုတ်ဘူး။ မဟုတ်ရင် အိမ်ရှေ့စံမင်းသားရဲ့ လူတွေက ငါ့ကို ကြားဖြတ်ဖမ်းဆီးမှာ သေချာတယ်။ တကယ်လို့, ငါက လူတစ်ယောက်ကို စေလွှတ်ပြီး သတင်းပေးခိုင်းရင်တောင် ကြားဖြတ် ဖမ်းဆီးပြီး သတ်ပစ်ကြလိမ့်မယ်။ အခု၊ အလယ်ပိုင်းကုန်းမြေရဲ့ ပြည်နယ်ဆယ့်သုံးခုစလုံးက အင်ပါယာတရားရုံးကို ပေးပို့တဲ့ အစီရင်ခံစာ မှန်သမျှ အားလုံးကို လျှို့ဝှက်စွာ စောင့်ကြည့်ခံနေရပြီ။ သတင်းပေါက်ကြားမူ မရှိမှပဲ အင်ပါယာတရားရုံးကို ပို့နိုင်လိမ့်မယ်။ ငါ မင်းကို ဒီအကြောင်းတွေ ပြောပြရတာကလည်း မင်းရဲ့ တာအိုပညာက အတော်ကိုလေးနက်တယ်လို့ ခံစားရလို့ပဲ။ မင်းမှာ မင်းသားဆီကို သတင်းပို့ဖို့ နည်းလမ်းတစ်ခုခု ရှိလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမဲ့ မင်း သတိထားရမယ်။ ဝူယွမ်ပြည်နယ်မှာ အိမ်ရှေ့စံမင်းသားရဲ့ လူတွေ ရှိနေမှာစိုးရတယ်။ အသက်မဲ့တာအို ဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းတို့ကတောင် အုပ်ချုပ်ရေးမှူး စံအိမ်ကို လျှို့ဝှက်စွာ စောင့်ကြည့်နေတယ်။ မင်း ဝင်လာတုန်းက သူတို့လည်း မင်းကို တွေ့သွားလောက်ပြီ။"
ဟောင်ချင်းချန်သည် ဟုန်ယွိ၏ တာအိုပညာက အလွန်မြင့်မားကြောင်း သိရှိသည်။ အရင်က သူသည် ကျောက်ဖေးရုန်ကို တစ်ဦးတည်း သတ်ပစ်ခဲ့ သည် မဟုတ်ပါလား။
သို့သော် ဟုန်ယွိ၏ အထူးဖုံးကွယ်မှုကြောင့် ထိုသတင်းသည် ပြန့်နှံ့သွားခြင်းမရှိခဲ့ပေ။ တခြားသူများ မသိခဲ့သော်လည်း ဟောင်ချင်းချန်က သိနေခဲ့ သည်။
"ခင်ဗျား သက်သေ တစ်ခုခု ရှာတွေ့ခဲ့လား။ သက်သေ အားလုံးကို ကျွန်တော့်ကို ပေးလိုက်ပါ။ အိမ်ရှေ့စံမင်းသားက အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင်လား" ဟုန်ယွိက ပြောရင်း၊ သူသည် သူ့စိတ်ထဲတွင် စဉ်းစားလိုက်မိသည်။ ထို့နောက် သူက ပြောသည်။ "အရင် မပြောနဲ့ဦး။ ကျွန်တော် ကျွန်တော်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို သုံးပြီး၊ မြို့တစ်ခုလုံးကို လှည့်လည် စစ်ဆေးကာ၊ လှုပ်ရှားမှုတွေကို စောင့်ကြည့်လိုက်ဦးမယ်။ ဟမ့်၊ ဝူယွမ်ပြည်နယ်မြို့တော်မှာ တာအိုပညာရှင်တွေ ဒါမှမဟုတ် အစွမ်းထက်ပုဂ္ဂိုလ်တွေ ပုန်းအောင်းနေရင်၊ သူတို့က သိုင်းသူတော်စင်တွေ ဒါမှမဟုတ် တစ္ဆေအင်မော်တယ်တွေ မဟုတ်သရွေ့၊ ကျွန်တော့်ရဲ့ မျက်လုံးထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိသည် မြို့ထဲသို့ အခုလေးတင်မှ ဝင်လာခဲ့ပြီး၊ သူ့စိတ်ကို ရှန်ကျင်း နတ်ဘုရားရှစ်ပါး အပ်စိုက်မှတ်ထဲတွင် အပြည့်အဝ မြုပ်နှံနေခဲ့သည်။ သူသည် ကြိုတင်ပြင်ဆင်မူ အများကြီး မလုပ်ခဲ့ပေ။ ဟောင်ချင်းချန်သည် ဝူယွမ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်ပြီး၊ တိမ်ဖြူစံအိမ်ကို တိုက်ခိုက်ရဲသည့် သူ့ဂုဏ်သတင်းကြောင့် ရန်သူ အင်အားစုအချို့သည် ပြဿနာရှာဖို့ သတ္တိရှိမည် မဟုတ်ဟုသာ သူ တွေးခဲ့သည်။ ယခု သူ အုပ်ချုပ်ရေးမှူး စံအိမ်သို့ ဝင်လာပြီး ဟောင်ချင်းချန်ကို မြင်သောအခါ၊ အခြေအနေက အလွန် ဆိုးရွားကြောင်း သူ သိလိုက်သည်။
"အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းတို့ရဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ ကျင့်ကြံမှုက နက်ရှိုင်းတယ်။ ဒါပေမဲ့ သူတို့ဟာ အိမ်ရှေ့စံမင်းသား ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားက နောက်ကွယ်ကနေ ကြိုးကိုင်နေသူဆိုတာ ငါ သေချာပေါက် ပြောရဲတယ်။ ငါ့မှာ ခိုင်လုံတဲ့ သက်သေ မရှိပေမဲ့၊ ငါ စစ်တပ်ကို ဦးဆောင်ပြီး မကောင်းဆိုးဝါးဂိုဏ်းရဲ့ မြေအောက် အသိုက်ကို ရှာဖွေခဲ့တုန်းက ရုပ်တုတစ်ခုကို ကိုးကွယ်နေတဲ့ တပည့်များစွာကို ငါကိုယ်တိုင် တွေ့ခဲ့ရတယ်။ အဲဒီရုပ်တုက အိမ်ရှေ့စံမင်းသားနဲ့ ရုပ်ချင်းအတိအကျတူတယ်။ အဲဒီရုပ်တုနောက်မှာ မွေးသက္ကရာဇ်ကို တောင် ဖုံးကွယ်ပြီး ရေးသားထားတယ်။ အဲဒီမွေးသက္ကရာဇ်ကလည်း အိမ်ရှေ့စံမင်းသားရဲ့ အသက်နဲ့ ကိုက်ညီနေပုံတယ်။"
ဟောင်ချင်းချန်သည် ဟုန်ယွိက သူ့စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ပြီး မြို့တော်ကို ရှာဖွေတော့မည်ကို ကြားသောအခါ ဝမ်းမြောက်သွား သည်။ ထို့နောက် သူ တွေ့ရှိခဲ့သည့် အရာများကို ဟုန်ယွိအား ပြောပြသည်။
"ခင်ဗျား ခင်ဗျားရဲ့သေတမ်းစာ ရေးနေစရာ မလိုပါဘူး။ ခင်ဗျားရဲ့ ဝိညာဉ် ဒဏ်ရာရထားပြီး၊ အဲဒီဒဏ်ရာက ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတာ ကြောင့် ခင်ဗျားက ပိုပြီး အားနည်းလာရတာ။ ကျွန်တော် ကရုဏာမိခင်ဗောဓိသတ္တ မန္တာန်ကို သုံးပြီး ခင်ဗျားရဲ့ ဝိညာဉ်ကို ပြန်လည်ကောင်းမွန်အောင် ကူညီပေးမယ်၊ ပြီးတော့ ဆေးလုံးအချို့ ပေးမယ်။ ခင်ဗျားက လအနည်းငယ် အနားယူပြီးရင် အဆင်ပြေသွားလိမ့်မယ်။"
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို ခွဲထုတ်ပြီး ကောင်းကင်သို့ ပျံတက်သွား၏။ တစ်ချိန်တည်းမှာပင် သူသည် သူ့ဝိညာဉ်ကို အသုံးပြုပြီး ဟောင်ချင်းချန် ကို ရစ်ပတ်လိုက်ရာ သူ့ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း တွေ့ရှိရသည်။
"မှန်တယ်၊ ငါ့ဝိညာဉ်က ဒဏ်ရာရထားတယ်။ ငါ စစ်တပ်ကို ဦးဆောင်ပြီး မကောင်းဆိုးဝါးဂိုဏ်းရဲ့ မြေအောက်အသိုက်ကို ရှင်းလင်းတုန်းက အဲဒီရုပ်တုကို တွေ့ပြီး ထိတ်လန့်သွားခဲ့တယ်။ ဒါကြောင့် ငါလည်း ရုပ်တုကို ဆွဲပြီး အပြန်ယူသွားချင်ခဲ့တယ်။ ဒါပေမဲ့ ငါလှုပ်ရှားလိုက်တာနဲ့ ရုပ်တုက အသက်ဝင်လာသလိုပဲ။ ဧရာမ လက်ဖဝါးကြီးတစ်ခုက ရုပ်တုထဲကနေ ပျံထွက်လာပြီး ငါ့ကို ရိုက်ချခဲ့တယ်။ ငါရှေ့မှာ အမှန်တရားတာအိုဂိုဏ်းရဲ့ တပည့်တွေသာ မရှိခဲ့ရင် အဲဒီကတည်းက ငါ သေသွားလောက်ပြီ။ ဒါတောင် အဲဒီလက်ဝါးကြီး ထိမှန်သွားခဲ့ပြီး ချက်ချင်း မေ့လဲသွားတယ်။ နောက်ပိုင်း ငါ့ကို ကယ်တင်နိုင်ခဲ့ပေမဲ့ ငါ့ခန္ဓာကိုယ်ကတော့ လှုပ်ရှားလို့ မရခဲ့ဘူး။ ကျီချန်ယွဲ့လည်း အဲဒီအကြောင်းကြားချင်း အလျင်အမြန် ရောက်ရှိလာပြီး ကျမ်းဂန်တစ်ခုကို ဖတ်ကာ ငါ့ကို ကူညီခဲ့တယ်။ အဲဒီအခါမှ ငါလည်း လှုပ်ရှားနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က ပိုပိုပြီး အားနည်းလာတယ်။ ငါ စိတ်ဝိညာဉ် တည်ငြိမ်စေခြင်း အမွှေးတိုင်ကို ထွန်းထားတောင်မှ ပြန်လည်ကောင်းမွန်နိုင်ခြင်း မရှိသေးဘူး။"
ဟောင်ချင်းချန်က ဟုန်ယွိအား သူ့ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြောပြသည်။
"ရုပ်တုရော ဘာဖြစ်သွားလဲ။ အခုထိ ရှိသေးလား" ဟုန်ယွိက အလျင်အမြန် မေးသည်။
"ကြာပြီ အမှုန့်ဖြစ်သွားတာ၊ ဘာမှ မတွေ့ရတော့ဘူး။ ဧရာမ လက်ဝါးကြီး ရုပ်တုထဲကနေ ပျံထွက်လာတုန်းက ချက်ချင်း ကြေမွသွားခဲ့တာပဲ။" ဟောင်ချင်းချန်က ပြောသည်။
"အိမ်ရှေ့စံမင်းသားနဲ့တူတဲ့ ရုပ်တု။ အသက်မဲ့တာအို၊ အစစ်မှန် လေဟာနယ်တာအို... ဧရာမ လက်ဖဝါးကြီး... ဒါက မဟာလေဟာနယ် လက်ဝါးများလား။ မဖြစ်နိုင်ဘူး။ အဲဒါက မဟာလေဟာနယ်လက်ဝါးဆိုရင် ဟောင်ချင်းချန် သေသွားတာ ကြာလောက်ပြီ။ မဟာလေဟာနယ် လက်ဝါးက ငါ့ချီဝိညာဉ် ဝဲဂယက်ထက် ပိုအစွမ်းထက်တဲ့ တာအိုပညာပဲ။"
ဟုန်ယွိသည် ဟောင်ချင်းချန်၏ စကားများကို နားထောင်ပြီး၊ ရုတ်တရက် နင်ဂျာဘုန်းတော်ကြီး သူ့ကို ပြောပြခဲ့သည့် မဟာလေဟာနယ်လက်ဝါးနှင့် အမြင့်မြတ်ဆုံး တာအိုကျမ်းကို သတိရလိုက်သည်။
၎င်းသည် အသက်မဲ့ အနာဂတ် ကျမ်းထဲရှိ အစွမ်းအထက်ဆုံး တာအိုပညာ ဖြစ်သည်။
ဝိညာဉ်ကို တိုက်ခိုက်နိုင်သည့် ဒိုင်ဇင်ဘုရားကျောင်းရှိ နံပါတ်တစ် တာအိုပညာ ဖြစ်သည်။
ဟုန်ယွိသည် အိမ်ရှေ့စံမင်းသားကို တစ်ခါမျှ မမြင်ဖူးသောကြောင့် သူ မည်သို့ပုံပန်းသဏ္ဌာန် ရှိမည်ကို သဘာဝအတိုင်း ခန့်မှန်းနိုင်ခြင်း မရှိပေ။ သို့သော် ယခုအချိန်မှာ ဟောင်ချင်းချန်၏ စကားများကို နားထောင်ပြီးနောက်၊ သူ သိရှိထားသည့် အရာများစွာကို ပေါင်းစပ်မိပြီး၊ ဟုန်ယွိသည် သဲလွန်စအချို့ကို ဝိုးတဝါး ဖမ်းဆုပ်မိလိုက်သည်။
တစ်ဖက်တွင်၊ သူသည် သူ့ဝိညာဉ်ကို အသုံးပြုပြီး ဟောင်ချင်းချန်ကို ရစ်ပတ်ကာ ကရုဏာမိခင်ဗောဓိသတ္တ မန္တာန်ကို အသက်သွင်းလိုက်ပါသည်။ အခြားတစ်ဖက်တွင်မူ၊ ဟုန်ယွိ၏ အတွေးသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဝူယွမ်ပြည်နယ် မြို့တော်တစ်ခုလုံး၏ မိုင်ပေါင်းများစွာ အကွာအဝေးကို လှည့်ပတ်နေသည်။
ယခုအချိန်တွင် ဝူယွမ်ပြည်နယ်မြို့တော် တစ်ခုလုံး၏ လမ်းမတွေပေါ်မှာ လူသူကင်းမဲ့နေပြီး၊ ဆိုင်တွေလည်း မဖွင့်နိုင်ကြသေးပေ။ တခါတရံ လမ်းသွားလမ်းလာ အနည်းငယ် တွေ့ရပြီး၊ သူတို့အဝတ်အစားတွေကို သူတို့ခန္ဓာကိုယ်ကို တင်းကြပ်စွာ ဆွဲပတ်ကာ ခက်ခက်ခဲခဲ လမ်းလျှောက် နေကြသည်။
ယခုလို အေးခဲနေသည့် ရာသီဥတုမှာ၊ သဘာဝအတိုင်း မည်သူမှ စီးပွားရေးလုပ်ဖို့ သို့မဟုတ် လမ်းလျှောက်ဖို့ အပြင်ထွက်ကြမှာ မဟုတ်ပါဘူး။
"ဟမ့်၊ မျှော်လင့်ထားသလိုပဲ။ တာအိုပညာရှင်တွေနဲ့ သိုင်းပညာရှင်တွေရဲ့ အငွေ့အသက် တကယ်ကို ရှိနေတာပဲ။" ဟုန်ယွိ၏ အတွေးသည် ကောင်းကင်သို့ ပျံသန်းသွားပြီး လေနှင့် နှင်းပွင့်များထဲသို့ ရောနှောသွား၏။ သူ့အတွေးသည် မြို့ပတ်ပတ်လည်တွင် လှည့်ပတ်ပြီး ညင်သာစွာ ရှာဖွေသည်။ ခဏအကြာတွင် သူသည် သဲလွန်စအချို့ကို တွေ့ရှိခဲ့သည်။
ဝူယွမ်ပြည်နယ်မြို့တော် တစ်ခုလုံးတွင်၊ ကျင့်ကြံသူများ သူတို့၏ဝိညာဉ်ကို လေ့ကျင့်ရာတွင် အသုံးပြုသည့် ယင်ချီ၏ ဝေဝေဝါးဝါး သဲလွန်စတစ်ခု ရှိနေကါသည်။ ဤသာမန်မျက်စိဖြင့် မမြင်နိုင်သော ယင်ချီမျိုးကို သာမန်ကျင့်ကြံသူများပင် ရှာဖွေတွေ့ရှိရန် ခက်ခဲမည်ဖြစ်ပြီး တစ္ဆေအင်မော်တယ် များပင် တွေ့ရှိရန် ခက်ခဲလိမ့်မည်။ သို့သော် ဟုန်ယွိလို မိုးကြိုးကပ်ဘေးဒဏ် ကျင့်ကြံသူတစ်ပိုင်း ကျွမ်းကျင်သူအတွက်တော့ သိမ်မွေ့စွာ ခံစားနိုင် သည်။
တစ်ချိန်တည်းမှာပင်၊ ဟုန်ယွိသည် မြို့တော်၏ တောင်ဘက်ထောင့်တွင် ဘုရားကျောင်းတစ်ခုကိုလည်း တွေ့ရှိခဲ့သည်။ ထိုအချိန်တွင် သူတောင်းစားများစွာသည် ထိုဘုရားကျောင်းထဲမှာ စုပြုံနေကြသည်။ အိုးကြီးတစ်လုံးကို တည်ထားပြီး ဆန်ပြုတ်ပူပူကို ချက်ပြုတ်နေကြသည်။ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ဦးသည် ဤသူတောင်းစားများကို ရွတ်ဆိုပြီး ဆုတောင်းခိုင်းနေသည်။ တစ်ချိန်တည်းမှာပင်၊ သူက စိတ်ရင်းမှန်ဖြင့် ကျမ်းဂန်ကို ရွတ်ဆိုပြီး ဆုတောင်းသူများကို ဝါဂွမ်းထည့်ထားသည့် အင်္ကျီတစ်ထည် ပေးမည်ဟု ပြောပြသည်။
ဟုန်ယွိသည် ရွတ်ဆိုနေသည့် ကျမ်းဂန်များကို ဝိုးတဝါး ကြားနိုင်သည်။ "သုခဘုံတွင် ပြန်လည်မွေးဖွားခြင်း၊ လေဟာနယ်၏ သန့်စင်သော နယ်မြေ၊ မိဘမဲ့..." စသော စကားစုများ ဖြစ်သည်။ ထင်ရှားသည်မှာ၊ ၎င်းသည် ရှေးရိုးကျမ်းဂန် မဟုတ်ပေ။ ၎င်းသည် လူများကို လှည့်ဖြားရန်နှင့် သူတို့၏ ယုံကြည်ခြင်းကို ထိန်းချုပ်ရန် အသုံးပြုသည့် မကောင်းဆိုးဝါး ကျမ်းဂန် ဖြစ်သည်။
"မကောင်းဆိုးဝါးဂိုဏ်းက ပြည်နယ်မြို့တော်အထိ ထိုးဖောက်လာခဲ့ပြီ။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"
ဟုန်ယွိသည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူသည် ကြီးကြီးမားမား ထိတ်လန့်မှုကို ခံစားရသည်။ အလယ်ပိုင်းကုန်းမြေတွင် မကောင်းဆိုးဝါး ဂိုဏ်းက ဤမျှ ဆိုးသွမ်းနေလိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့ပေ။ သူတို့သည် နှင်းကျနေသော နေ့တွင် ဆန်ပြုတ်ပေးလှူခြင်းကို အခွင့်အရေးအဖြစ် အသုံးပြုပြီး သူတောင်းစားများနှင့် သာမန်လူများကို လှည့်ဖြားကာ မြို့ထဲတွင် ပြောင်ပြောင်းတင်းတင်း အကြီးအကျယ် လှုပ်ရှားနေကြသည်။
၎င်းသည် အမှန်ပင် လုံးဝ အမှောင်ခေတ် ဖြစ်သည်။
ဟုန်ယွိသည် ထိုအကြောင်းကို စဉ်းစားပြီး သူ၏ အတွေးများကို အောက်သို့ စေလွှတ်ကာ ထိုတာအိုဘုန်းကြီးကို ဖမ်းဆီးတော့မည် ဖြစ်သည်။ သို့သော် သူသည် စိတ်ပြောင်းပြီး မလုပ်တော့ဘဲ သူ့အတွေးများကို ရုပ်သိမ်းလိုက်ပါသည်။
"သူ့ရဲ့ ရည်ရွယ်ချက် ဘာကြီးပဲ ဖြစ်နေပါစေ၊ သူက သာမန်လူတွေကို ဆန်ပြုတ် ပေးဝေနေတာ။ သူတို့ကို စားစရာ ပေးတော့၊ ငတ်ပြီး မသေတော့ဘူး ပေါ့။ ဒါလည်း ကြင်နာတဲ့လုပ်ရပ်ပါပဲ။ ဒီတာအို ဘုန်းကြီးက မကောင်းဆိုးဝါးဂိုဏ်းက ဖြစ်ပြီး၊ သူ့မှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိပေမဲ့၊ သူက လက်တွေ့ကျတဲ့ အရာတစ်ခုကို လုပ်နေတုန်းပဲ။ သူက ဟုန်ခမ်းလို အရာရှိတွေထက် အများကြီး ပိုကောင်းတယ်။ ပြီးတော့ စကားလုံးတွေကိုပဲ အချည်းနှီး ပြောနေတဲ့ မဟာကွန်ဖြူးရှပ် ပညာရှင်တွေနဲ့ သူဌေးသူကြွယ်တွေထက်လည်း အများကြီး ပိုကောင်းတယ်။ ငါနဲ့ နှိုင်းယှဉ်ရင်တောင်၊ သူက လုပ်ဆောင်မူအရ အနည်းငယ် ပိုကောင်းနေပုံရတယ်။ ငါတောင် ရှက်မိပါတယ်။ ငါ သာမန်လူတွေကို ဂရုစိုက်ပေမယ့်၊ သူတို့အတွက် လက်တွေ့ကျတဲ့ အလုပ် ဘာတစ်ခုမှကို မလုပ်ခဲ့မိဘူး။ ဒီအချက်အပေါ် အခြေခံရင်, သူ သေဖို့ မထိုက်တန်ပါဘူး။ သူ့မှာ ကောင်းမွန်တဲ့ ကမ္မကုသိုလ်တွေ ရှိနေတုန်းပဲ။ ငါ သူ့ကို အခု မထိသေးဘူး။ သာမန်လူတွေ ဆန်ပြုတ်တစ်ပန်းကန် ရရှိပါစေဦး။”
ဝူယွမ်ပြည်နယ်၏ ယေဘုယျ အခြေအနေကို နားလည်ပြီးနောက်၊ ဟုန်ယွိသည် ရုတ်တရက် သူ့ အတွေးများကို ရုပ်သိမ်းလိုက်သည်။
ဟုန်ယွိသည် သူ့အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့မျက်လုံးများက တောက်ပလာသည်။ နွေးထွေးသော၊ သက်သောင့်သက်သာရှိသော လေပြင်းတစ်ခုက အုပ်ချုပ်ရေးမှူး စံအိမ်တစ်ခုလုံးဆီသို့ ကျဆင်းလာသည်။
"ဘန်း….။"
ဟောင်ချင်းချန်၏ ရှေ့တွင် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး၊ ရွှေရောင် ရောင်ခြည်တော် သုံးခု ထွက်ပေါ်လာသည်။ ထိုရောင်ခြည်တော်များအတွင်းမှာ ကရုဏာမိခင်ဗောဓိသတ္တတစ်ပါး ထွက်ပေါ်လာခဲ့ပြီး ဟောင်ချင်းချန်၏ နတ်ဘုရားဝိညာဉ်ကို အနားယူစေသည်။ ထို့နောက် ဟုန်ယွိက ညင်သာစွာ ရွတ်ဆိုလိုက်ပါသည်၊ "အနန္တ အလင်း၊ အနန္တသက်တမ်း၊ နမော အမိတ္တဘ။"
ရောင်ခြည်တော်များက တုန်ခါသွားပြီး အလွှာလိုက် အလွှာလိုက် ဟောင်ချင်းချန်၏ နတ်ဘုရား ဝိညာဉ်ကို ဝန်းရံလိုက်ပါသည်။
"ပြန်လာခဲ့စမ်း….။"
တခဏတာ ဝန်းရံပြီးနောက်၊ ဟုန်ယွိက ဟောင်ချင်းချန်၏ နတ်ဘုရားဝိညာဉ်ကို ဆုပ်ကိုင်ပြီး ပြန်ရိုက်ထည့်လိုက်သည်။
"နိုးထတော့" သူ ဟစ်အော်လိုက်ချိန်မှာ ဟောင်ချင်းချန်သည် အိပ်မက်မှ နိုးထလာသကဲ့သို့ ရုတ်တရက် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ၊ သူသည် တက်ကြွမှုနှင့်အတူ အားအင်များဖြင့် ပြည့်နေပါသည်။ သူသည် အရင်လို အားအင်ကုန်ခမ်း ပင်ပန်း နွမ်းနယ်နေသည့်ပုံ မပေါ်တော့ပေ။
ဤအချိန်တွင် ဟောင်ချင်းချန်သည် လွန်ခဲ့သော နှစ်ဝက်ခန့်က ရဲရင့်ပြတ်သားသည့် သံမဏိသွေး အုပ်ချုပ်ရေးမှူးအဖြစ်သို့ ပြန်ရောက်သွားခဲ့သည်။
"ကောင်းလိုက်တာ၊ မင်းမှာ ဒီလို ဆန်းကြယ်မှုမျိုးတွေ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဟုန်ယွိ။ ယုမင်းသားက မင်းကို အကဲခတ်မမှားခဲ့ဘူးပဲ။ မင်းက လက်တွေ့အားဖြင့် မင်းသားရဲ့ ညာလက်ရုံးပဲ။" ဟောင်ချင်းချန်က သူ့ခန္ဓာကိုယ်ကို အနည်းငယ် တည့်မတ်လိုက်သည်။
"ခင်ဗျားရဲ့ နတ်ဘုရား ဝိညာဉ်က ဒဏ်ရာအလွန်ပြင်းထန်တယ်။ ကျီချန်ယွဲ့သာ ခင်ဗျားရဲ့ ဒဏ်ရာတွေကို ဖိနှိပ်မထားရင် ကျွန်တော်လည်း ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်ဘူး။ ဒီလူက တကယ်ကို နက်ရှိုင်းလွန်းသူပဲ။" ဟုန်ယွိသည် ဟောင်ချင်းချန်၏ နတ်ဘုရား ဝိညာဉ်ကို ပြန်လည် ကောင်းမွန်အောင် ကုစားနေစဉ် အချို့အရာများကို နားလည်သွားခဲ့သည်။
"ကောင်းပြီ၊ ဒီတစ်ကြိမ် မင်းရဲ့ အကူအညီနဲ့ ငါက ကျားကို တောင်ပံတပ်ပေးသလို ဖြစ်သွားပြီ။ ငါ အခုချက်ချင်း စစ်တပ်ကို စေလွှတ်ပြီး အဲဒီ မကောင်းဆိုးဝါးဂိုဏ်းတွေရဲ့ အသိုက်မြုံတွေကို ဖျက်ဆီးပြီး သက်သေတွေ စုဆောင်းမယ်။ အခုလို နှင်းကျနေတဲ့ ရာသီဥတုမှာ၊ ဆန်ပြုတ်နဲ့ အဝတ်အစားတွေ ပေးပြီး သာမန်လူတွေကို လှည့်ဖြားဖို့ မကောင်းဆိုးဝါးဂိုဏ်းတွေ ဘယ်နှစ်ခုလောက် ထွက်လာမလဲဆိုတာ ဘယ်သူသိမှာလဲ။" ဟောင်ချင်းချန်က တင်းမာစွာ ပြောသည်။
"ကျွန်တော်တို့ အခု မလှုပ်ရှားသေးနဲ့ဦး။ အရင်ဆုံး အာဏာပိုင်တွေကို ဆန်ပြုတ်ဆိုင်တွေ ဖွင့်ခိုင်းပြီး နေရာတိုင်းမှာ အလှူလုပ်ခိုင်းလိုက်ပါ။ ဝူယွမ်ပြည်နယ်မြို့တော်လို ကြီးမားတဲ့ မြို့တစ်မြို့မှာ အေးခဲပြီး ငတ်နေကြတဲ့လူတွေ ဘယ်လောက်များနေပြီလဲ။ အာဏာပိုင်တွေက သူတို့အားလုံးကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ဒီမကောင်းဆိုးဝါးဂိုဏ်းတွေကလည်း လှူဒါန်းပေးကမ်းပြီး အကူအညီ ပေးနိုင်ကြတယ်။"
ဟုန်ယွိက သက်ပြင်းချသည်။
"ဟုန်ယွိ၊ မင်းပြောတာကို ငါ လက်မခံနိုင်ဘူး။ အဲဒီ သာမန်လူတွေ နောက်ထပ် ဘယ်နှစ်ရက်ကြာအောင် လှည့်ဖြား ခံနေရဦးမှာလဲ။ နွေဦးရောက်တာ နဲ့ သူတို့ကို ထိန်းချုပ်လို့ မရတော့ဘူး။ ဒါ့အပြင်, အခု အစိုးရမှာလည်း အစားအစာ မလုံလောက်ဘူး။" ဟောင်ချင်းချန်က မျက်မှောင်ကြုတ်သည်။
"ဘာပဲ ဖြစ်ဖြစ်၊ ဟောင်အစ်ကို၊ သာမန်လူတွေကို အရင် အသက်ရှင်သန်ခွင့်ပေးတာက ကရုဏာပဲ။ တကယ်လို့, ကျွန်တော်တို့သာ သာမန်လူတွေကို အသက်ရှင်သန်ခွင့် မပေးနိုင်ရင် ဖြောင့်မတ်ခြင်းဆိုတာကလည်း ဖြောင့်မတ်ခြင်း မဟုတ်တော့ဘူး။" ဟုန်ယွိက ခေါင်းခါသည်။ "အစားအစာ မလုံလောက်မူအတွက်တော့ ကျွန်တော်တို့ နည်းလမ်းတစ်ခု စဉ်းစားလို့ရပါတယ်။"
အခန်း (၂၅၀)။
"ညီတော်ဟုန်၊ ညီတော်ဟုန်ရဲ့စကားကို ငါ သဘောမတူဘူး။" ဟုန်ယွိ၏ စကားများကို ကြားသောအခါ သံမဏိသွေး အုပ်ချုပ်ရေးမှူးဖြစ်သည့် ဟောင်ချင်းချန်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားပါသည်။ ထို့နောက် သူက ပြောသည်။ "မကောင်းဆိုးဝါးဂိုဏ်းကို နောက်ထပ် တစ်ရက်လေး လူတွေကို လှည့်ဖြားခွင့် ပေးလိုက်ရင်တောင်, နောက်နွေဦးမှာ၊ ဒီလူတွေက သူတို့အပေါ် သစ္စာစောင့်သိသွားတဲ့အထိ လှည့်ဖြားခံရနိုင်ချေရှိတယ်။ ဒီနေ့တော့ သူတို့ဟာ ရိုးသားတဲ့ သူတောင်းစားတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဝါဂွမ်းကပ်အင်္ကျီနဲ့ ဆန်ပြုတ်တစ်ပန်းကန် ရပြီးတဲ့နောက် သူတို့ဟာ ဂိုဏ်းရဲ့ပင်မကျောရိုးတွေ ဖြစ်လာလိမ့်မယ်။ သူတို့ကို သူတို့ရဲ့ အယူဝါဒတွေကို နေရာတိုင်း ဖြန့်ဝေခွင့်ပြုပြီး အားကောင်းလာရင်, ဝူယွမ်ပြည်နယ်တစ်ခုလုံး ချက်ချင်း ပုပ်သိုးသွားနိုင်တယ်။ အဲဒီအခါကျရင် လူတွေ ပိုပြီး သေဆုံးရလိမ့်မယ်။ ဒါ့အပြင် လမ်းတွေက နှင်းကြောင့် ပိတ်ဆို့နေတယ်။ ငါတို့မှာ ငွေကြေးရှိရင်တောင် ဆန်ခွဲဝေဖို့ ခက်ခဲလိမ့်မယ်။ ဘဏ္ဍာတိုက်က ငွေကို ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် အသုံးပြုဖို့ဆိုရင်လည်း အင်ပါယာတရားရုံးရဲ့ အမိန့် လိုသေးတယ်။ အင်ပါယာတရားရုံးက ဧကရာဇ်အမိန့်ကို မထုတ်ပြန်သေးဘူး။ ဒါကြောင့် ငါ ဘာမှ လုပ်လို့ မရဘူး။"
အစပိုင်းတွင် ဟောင်ချင်းချန်၏ စကားများသည် အနည်းငယ် ပြင်းထန်သော်လည်း၊ နောက်ပိုင်းတွင် သူသည် ပျော့ပျောင်းသွားသည်။ ဤ သံမဏိသွေး အုပ်ချုပ်ရေးမှူးသည် မာနကြီးပြီး ကြမ်းတမ်းသည်။ သူသည် အာဏာရှိသူဖြစ်ပြီး သူ၏ အုပ်ချုပ်မှုသည် အလွန် တင်းကျပ်သည်။ မူလက ဟုန်ယွိ၏ ရာထူးသည် သူ့အောက် အများကြီး နိမ့်သောကြောင့် သူသည် သူ့ကို ကြိုက်သလို ဆူပူနိုင်ခဲ့သည်။
သို့သော် ယခုအခါတော့ ဟုန်ယွိသည် အစွမ်းထက်ပြီး အကန့်သတ်မဲ့ မှော်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ထိုအပြင်, သူသည် သူ့အသက်ကို ယခုလေးတင်မှ ကယ်တင်ထားသည်။ ခွန်အားနှင့် ကိုယ်ရေးကိုယ်တာ ဆက်စပ်မူအရ, အေးစက်စက်ပြောဆိုရန် မသင့်လျှော်ပေ။ ထို့ကြောင့် သူ စကားပြောနေရင်း သူ့လေသံလည်း တဖြည်းဖြည်း ပျော့ပျောင်းလာသည်။
"အစိုးရက အလုပ်ကောင်းကောင်း မလုပ်ဘဲ၊ မကောင်းဆိုးဝါးဂိုဏ်းတွေက အလုပ်ကောင်းကောင်း လုပ်သွားရင် လူတွေကလည်း မကောင်းဆိုးဝါး ဂိုဏ်းတွေရဲ့ စကားကို သဘာဝအတိုင်း နားထောင်သွားကြလိမ့်မယ်။ လူထုရဲ့ စိတ်နှလုံးကို အနိုင်ရတဲ့လူတွေကပဲ ကမ္ဘာကြီးကို အနိုင်ရလိမ့်မယ်။"
ဟုန်ယွိသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူသည် ဟောင်ချင်းချန်၏ သဘောထားကို ဂရုမစိုက်ပေ။ သူတို့သည် မည်မျှပင် အလှမ်းဝေးနေပါစေ၊ မည်မျှပင် စိတ်သဘောထား ကွဲလွဲနေပါစေ, သူတို့သည် တစ်လှေတည်း စီးနေကြသူများ ဖြစ်သည်။ ထို့အပြင် သူတို့၏ လက်ရှိ ဆွေးနွေး အငြင်းခုန်မူ သည် "ကရုဏာနှင့်ဖြောင့်မတ်ခြင်း" ဟူသည့် အခြေခံနိယာမကို နားလည်မူအပေါ် ဆုပ်ကိုင်ထားသည်။
ဟုန်ယွိနှင့် ဟောင်ချင်းချန်တို့သည် နိုင်ငံရေးအမြင် မတူညီကြပေ။ တစ်ဦးက မကောင်းဆိုးဝါးဂိုဏ်း၏ အသိုက်မြုံတွေကို ချက်ချင်း စစ်တပ် စေလွှတ် ပြီး ဖျက်ဆီးသင့်သည်ဟု ယူဆပြီး၊ ကျန်တစ်ဦးကတော့ ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် အစားအစာနှင့် အဝတ်အစားကို အရင် ပေးဝေသင့်သည် ဟု ယူဆသည်။
သူတို့၏ နိုင်ငံရေးအမြင်များက ကွဲပြားနေပါသည်။
"ညီတော်ဟုန်။" ဟောင်ချင်းချန်သည် ဟုန်ယွိ၏ စကားများကို ကြားသောအခါ၊ ထိုစကားထဲတွင် “နိုင်ငံတော်ပုန်ကန်မှုနှင့် အယူမှားယွင်းမူ” အရိပ်အမြွက် ပါဝင်သည်ဟု ခံစားရသည်။ သူ့အသံက အလိုလျောက် ကျယ်လောင်စွာ ထွက်လာပြန်သည်။ သူသည် ဟုန်ယွိကို ဆူပူနေခြင်း မဟုတ်ဘဲ၊ အကယ်၍, ဤစကားများသာ ပြန့်သွားပါက၊ သူ ဘေးအန္တရာယ်ကို ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
"ညီတော်ဟုန်၊ ညီတော်ရဲ့ စကားတွေကို ငါ ကြောင်းကျိုးညီညီနဲ့ ပြန်ချေပရမယ်... အင်ပါယာတရားရုံးကို မကောင်းဆိုးဝါးဂိုဏ်းနဲ့ ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ..."
ဟောင်ချင်းချန်သည် လည်ချောင်း ရှင်းလိုက်သည်။
"ချေပနေဖို့ မလိုဘူး။ ကျွန်တော်တို့ နှစ်ဦးစလုံးမှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိတယ်။ ကျိုးကြောင်းယုတ္တိက အလုပ်မဖြစ်တဲ့အခါ၊ ကျွန်တော်တို့ ဟာ လက်သီးကိုပဲ အားကိုးလို့ရတယ်။ အခုချိန်မှာ ကျွန်တော့်ရဲ့ တာအိုပညာက နက်ရှိုင်းပြီး၊ ကျွန်တော့်ရဲ့ မှော်စွမ်းအားက ကြီးမားတယ်။ ဒါကြောင့် အစ်ကိုဟောင်က ကျွန်တော်နဲ့ မငြင်းခုံသင့်ဘူး။ ကျွန်တော့်ရဲ့ အကြံပြုချက်ကို နားထောင်လိုက်ပါ။ ဒီကမ္ဘာကြီးက ကျယ်ပြောပြီး ကျိုးကြောင်း ဆီလျှော်မူက အရေးအကြီးဆုံးဆိုပေမဲ့ နောက်ဆုံးမှာတော့ လက်သီးကမှ စစ်မှန်တဲ့ ယုတ္တိဗေဒပဲ။"
ဟုန်ယွိသည် ဟောင်ချင်းချန် စကားဆက်မပြောနိုင်အောင် သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
"လက်သီး ပိုကြီးတာကလည်း အကြောင်းပြချက်ပဲလား" ဟုန်ယွိ၏ စကားများကို ကြားသောအခါ ဟောင်ချင်းချန်သည် ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
"ဟုတ်တယ်၊ ပြီးတော့ ဒါက အရမ်း ခက်ခဲပြီး၊ အရမ်း ခိုင်မာတဲ့ အမှန်တရားဖြစ်သလို၊ အမှန်တရား အားလုံးရဲ့ အုတ်မြစ်ပဲ။ တကယ်လို့, ဒီနိယာမကို ပိုင်ဆိုင်မထားရင်၊ ဘယ်နိယာမကိုမှ အကောင်အထည် ဖော်နိုင်မှာ မဟုတ်ဘူး။" ဟုန်ယွိသည် မျက်နှာတည်ဖြင့် ပြောသည်။ "အစ်ကိုဟောင်က အခု တော်ဝင်နန်းတော်ရဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ဖြစ်နေတယ်။ ကျွန်တော့်ရာထူးက အစ်ကိုဟောင်နဲ့ အများကြီး ကွာခြားပေမဲ့၊ အစ်ကိုဟောင်အနေနဲ့ ကျွန်တော့်စကားကို နားထောင်ရဦးမှာပဲ။ ဒါက အကြောင်းပြချက်ပဲ။"
"ငါက ညီတော်ဟုန်စကားကို နားထောင်မယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ" ဟောင်ချင်းချန်သည် တအံ့တသြ ဖြစ်သွားသည်။
"ကောင်းပြီ၊ ငွေကြေးနဲ့ ရိက္ခာကိစ္စကို ဆွေးနွေးကြစို့။ အစ်ကိုဟောင်က နှစ်ဆင့် တော်ဝင်ပညာရှင်တစ်ဦးပဲ။ ခင်ဗျားက ဗဟုသုတ အရမ်းကြွယ်ဝ တယ်။ ပြီးတော့ ခင်ဗျားရဲ့ စာစီစာကုံးတွေလည်း လှပတယ်။ စီးပွားရေးပညာရပ်မှာ အထူး ကျွမ်းကျင်တယ်။ ဒါက ကျွန်တော် အရမ်း လေးစားရတဲ့အချက်ပဲ။ ဒါပေမဲ့ အခုတော့ မကောင်းဆိုးဝါးဂိုဏ်းက ဖျက်ဆီးနေပြီး ခင်ဗျားက ကိုယ့်ကိုယ်ကိုတောင် မကာကွယ်နိုင်သေးဘူး၊ ဒါကြောင့် ပညာရပ်ပိုင်းမှာ ကျွန်တော်နဲ့ ငြင်းခုံနေဖို့ မလိုဘူး။ အကျဉ်းချုပ်ပြောရရင် ကျွန်တော်တို့အားလုံးဟာ တစ်လှေတည်းစီးနေကြသူတွေပဲ။ ဒီအတွက်ကြောင့် ကျွန်တော်တို့ သွေးကွဲစရာမလိုပါဘူး။"
ဟုန်ယွိက ပြုံးလိုက်ပြီး မနှစ်မျို့ဟန် လေသံကို အသုံးပြုကာ အခြေအနေကို ထိန်းချုပ်လိုက်သည်၊ "အစ်ကိုဟောင်အနေနဲ့ လက်ခံဖို့ ဆန္ဒရှိသည် ဖြစ်စေ, မရှိသည်ဖြစ်စေ, ကျွန်တော့်စကားကို နားထောင်ရဦးမှာပဲ။ ခင်ဗျားရဲ့ မာနကြောင့် ခေါင်းမာမနေပါနဲ့။ ကျွန်တော့်မှာ အခြေအနေ နှစ်ခု ရှိတယ်။ ပထမတစ်ခုက အစ်ကိုဟောင်အနေနဲ့၊ ပြည်နယ်ရဲ့ သူဌေးတွေကို အမြန်ဆုံး စုစည်းပြီး ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ငွေကြေးနဲ့ ရိက္ခာတွေ လှူဒါန်းခိုင်းပါ။ သေချာတာက၊ ဒါက မီးလောင်နေတဲ့ လှည်းပေါ် ရေတစ်ခွက်လောင်းလိုက်သလိုပဲ။ ဒါက တမင်တကာ ဖုံးကွယ်မှု သက်သက်ပဲ။ ခင်ဗျားက ဂိုဒေါင်ကြီးအချို့ကို ရှင်းလင်းလိုက်ပါ။ ပြီးရင် ကျွန်တော်က သန့်စင်တဲ့ ဆန်တင်းပေါင်း တစ်သိန်းကို ခင်ဗျားကို ပေးမယ်။ အဲဒါက ကပ်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီဖို့ လုံလောက်တယ်။ ဒုတိယအနေနဲ့, ခင်ဗျားက ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ဆောင်နေချိန် မှာ၊ ကျွန်တော့်ကို တပ်ရင်းရှစ်ရင်းရဲ့ စစ်တပ်အာဏာကို ပေးပါ။ ကျွန်တော့်ရဲ့ လက်အောက်ခံတွေက တပ်တွေကို ဦးဆောင်ပြီး အားလုံးကို စီစဉ်လိမ့်မယ်။"
"ဒီအခြေအနေ နှစ်ခုပဲ။ ခင်ဗျားက ဘေးအန္တရာယ် ကယ်ဆယ်ရေး ပေးရမယ်။ ကျွန်တော်က တပ်တွေကို စုစည်းမယ်။"
ဟုန်ယွိသည် စကားပြောပြီးနောက်၊ သူ့ခန္ဓာကိုယ်က ကုလားထိုင်ပေါ်မှာ ညင်သာစွာ မှီလိုက်သည်။ အရာအားလုံးက သူ့အစီအစဉ်အတိုင်း ဖြစ်နေသလိုပင်။
"ပြည်နယ်ရဲ့ သူဌေးတွေကို ငွေကြေးနဲ့ ရိက္ခာတွေ လှူဒါန်းခိုင်းရမှာလား။ ဒါက တကယ်ကို မီးလောင်နေတဲ့ လှည်းပေါ်က ရေတစ်ခွက်ပါပဲ။ အဲဒီ မြေပိုင်ရှင်ကြီးတွေနဲ့ အစွမ်းထက်တဲ့ သူဌေးတွေရဲ့ အိမ်တော်တွေမှာ စပါးတွေ တောင်ပုံယာပုံ အောင်းထားပေမဲ့၊ သူတို့အားလုံးက နှမြော တွန့်တိုကြတွေပဲ။ အခု နှင်းတွေက ထူထပ်ပြီး လမ်းတွေက ပိတ်ဆို့နေတော့ ဆန်စပါးဈေးက တက်လာပြီ။ သူတို့က ပိုပြီး နှမြောကြလိမ့်မယ်။ အစိုးရကတောင် သူတို့ကို ဘာမှ လုပ်လို့ မရဘူး။ ငါတို့လည်း ဒီကိစ္စကြောင့် သူတို့ရဲ့ အိမ်တွေကို အကြောင်းမဲ့ သိမ်းယူလို့ မရဘူး။ ဒါ့အပြင် ညီတော်ဟုန်က သန့်စင်တဲ့ ဆန်တင်းပေါင်း တစ်သိန်း ဘယ်ကရမှာလဲ။"
ဟောင်ချင်းချန် နားမလည်နိုင်ပေ။
"အဲဒါကို ခင်ဗျား စိတ်ပူစရာ မလိုပါဘူး။ အတိုချုပ်ပြောရရင် ကျွန်တော်က နတ်ဆိုးငါးကောင်ကို သယ်ယူပို့ဆောင်ရေး ပညာရပ် သုံးပြီး အားလုံးကို ခင်ဗျားအတွက် ရွှေ့ပြောင်းပေးခိုင်းနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ ဒီကိစ္စက လုံးဝ ပေါက်ကြားလို့ မရဘူး။ မြေပိုင်ရှင်တွေနဲ့ သူဌေးတွေဆီကနေ စုဆောင်းခိုင်းတာကလည်း ဖုံးကွယ်မှုသက်သက်ပဲ။ ဘာပဲဖြစ်ဖြစ်၊ မှော်ပညာရပ်အကြောင်း အင်ပါယာတရားရုံးဆီ ရောက်သွားရင် ခင်ဗျားရဲ့ ရာထူးက မတည်မငြိမ် ဖြစ်သွားလိမ့်မယ်၊ ပြီးတော့ မင်းသားကိုတောင် ဘာမှမသိဘဲ သက်ရောက်မူရှိလာနိုင်တယ်။"
ဟုန်ယွိသည် စကြာဝဠာအိတ်ထဲမှ သန့်စင်ထားသော ဆန်တင်းပေါင်း တစ်သိန်းကို ထုတ်ယူသည့် ကိစ္စကို ဟောင်ချင်းချန်ထံ ပေါက်ကြားသွားမည်ကို မစိုးရိမ်ပေ။ သူသည် သူ့ပါးစပ်ကို ပိတ်ထားနိုင်လိမ့်မည်သာ။ အဆုံးတွင်၊ တာအိုပညာကို အသုံးပြုပြီး ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ဆောင်ခြင်းသည် မည်သည့် မင်းဆက် သို့မဟုတ် မျိုးဆက် ဖြစ်စေ အင်ပါယာတရားရုံးတွင် တားမြစ်ထားသော ကိစ္စဖြစ်သည်။
အတိတ် သမိုင်းစာအုပ်များတွင် တာအိုဘုန်းကြီးများစွာသည် တာအိုပညာများကို အသုံးပြုပြီး ရေလွှမ်းမိုးခံရမူအတွင်း ရေတွေကို ပိတ်ဆို့ကာ ရေဘေးသင့်ပြည်သူများကို ကူညီခဲ့ကြသော်လည်း၊ မကြာမီ အင်ပါယာတရားရုံးက ဖမ်းဆီးခဲ့ကြသည်။
အင်ပါယာတရားရုံးသည် ဤကဲ့သို့ "မှော်အတတ်ကို အသုံးပြုပြီး လူထု၏ စိတ်နှလုံးကို ဝယ်ယူနိုင်သော မှော်ပညာရှင်များ” ကြောက်ရွှံ့ကြသည်။ အကယ်၍, ဟောင်ချင်းချန်သာ ဤကိစ္စကို ပေါက်ကြားစေခဲ့ပါက, သူ့ခေါင်းနှင့် ရာထူးကို အရင်ဆုံး သိမ်းယူခံရလိမ့်မည်။
"ညီတော်က တပ်ရင်းရှစ်ရင်းရဲ့ စစ်တပ်အာဏာကိုလည်း လိုချင်တယ်... ဒါ၊ ဒီကိစ္စကိုတော့ ငါ စဉ်းစားပါရစေ..." ဟောင်ချင်းချန်သည် ဟုန်ယွိက သန့်စင်ထားသော ဆန်တင်းပေါင်း တစ်သိန်းကို ဖန်တီးမည့် ကိစ္စအကြောင်း အများကြီး မမေးမြန်းခဲ့ပေ။ သူသည် ဤကိစ္စ၏ ပြင်းထန်မူကို နက်နက် နဲနဲ သိထားပြီး၊ အချို့အရာများတွင် ပိုသိလေ၊ ပို၍ အားနည်းချက် ရှိလေ ဖြစ်သည်။
သို့သော်လည်း ဟုန်ယွိသည် စစ်တပ်အာဏာကို လိုချင်သည့် ကိစ္စကိုမူ သူသည် ဂရုတစိုက် စဉ်းစားရမည်။ ဝူယွမ်ပြည်နယ်တွင် တပ်ရင်းရှစ်ရင်းနှင့် သံမဏိ မြင်းစီးစစ်သည် လေးထောင် ရှိသည်။ အကယ်၍, သူသည် ထိုအာဏာကို တစ်စုံတစ်ယောက်ကို အလွယ်တကူ ပေးရမည်ဆိုလျှင်, ဤကိစ္စက သဘာဝအတိုင်း အရေးကြီးသော ကိစ္စတစ်ခု ဖြစ်လာပြီ။
သို့သော် ဟုန်ယွိသည် ဟောင်ချင်းချန်၏ အတွေးများကို ဂရုမစိုက်ဘဲ တိုက်ရိုက် အော်ပြောလိုက်သည်၊ "ထိုက်ဇူ၊ ဝင်လာခဲ့။"
"ဟုတ်ကဲ့။"
ရှန်ထိုက်ဇူသည် ဝံပုလွေသားရေ ဝတ်ရုံကြီး ဝတ်ထားပြီး သံမဏိသုံးမြှောင့်လှံတံကို သူ့လက်ထဲတွင် ကိုင်ထားသည်။ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဝင်လာခဲ့ပြီး၊ စံအိမ်တစ်ခုလုံး အနည်းငယ် တုန်ခါသွားသည်။
"သခင်ဟောင်ရဲ့ ကိုယ်ပိုင်အမိန့်လက်ရေးမူနဲ့ တွဲဖက်အရာရှိတွေကို ဝူယွမ်မြို့ရဲ့ အပြင်ဘက်ရှိ စစ်စခန်းတွေဆီ ခေါ်ဆောင်သွားပါ။ သံမဏိမြင်းစီးစစ်သည် ငါးဆယ်ကို ဘခရိုင်သို့ စေလွှတ်ပြီး ဘခရိုင်ရဲ့ ပြည်နယ်ဝန်ကြီးနဲ့ ဆွေးနွေးပါ။ အစိုးရနဲ့ ဒေသခံ ဘာသာရေးအဖွဲ့တွေ ပူးပေါင်းပြီး သဘာဝဘေးဒဏ်သင့်သူတွေကို ဘေးအန္တရာယ် ကယ်ဆယ်ရေး ပေးမယ်လို့ ပြောလိုက်ပါ။ ဒီ နှင်းထူစွာ ကျဆင်းပြီးနောက် လူတစ်ယောက်မှ အေးခဲပြီး သေဆုံးတာမျိုး၊ ငတ်ပြတ်ပြီး သေဆုံးတာမျိုး မရှိစေရဘူး။ အခုချိန်ကစပြီး အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းတို့ကလည်း ဝူယွမ်ခရိုင်မှာ ကြိုက်သလို ဟောပြောနိုင်ပြီး ဖမ်းဆီးခံရမှာ မဟုတ်ဘူး။" ("Ba" သည် ယနေ့ခေတ် Sichuan နှင့် Chongqing အရှေ့ပိုင်း Jialing ချိုင့်ဝှမ်းတွင် တည်ရှိခဲ့သော အကြီးအကဲများ ပေါင်းစည်းထားသသော ဘခရိုင်ကို ရည်ညွှန်းသည်။ ချင်နိုင်ငံ ဖျက်ဆီးခံရပြီးနောက်တွင် “ဘပြည်နယ်” ကို ၎င်း၏နယ်မြေဟောင်းတွင် တည်ထောင်ခဲ့သည်။)
"မုကလေး, မင်းရဲ့ဆရာနဲ့အတူ ဝင်လာခဲ့။ လီလဲ့က မင်းကို ကူညီလိမ့်မယ်။ သခင်ဟောင်၏ ကိုယ်ပိုင် လက်ရေးအမိန့်နဲ့ သံမဏိ မြင်းစီးစစ်သည် ငါးဆယ်ကို ချန်ခရိုင်ကို ခေါ်သွားပါ။"
"ချီဇီယန်၊ မင်းလည်း သံမဏိ မြင်းစီးစစ်သည် ငါးဆယ်ကိုခေါ်ပြီး ဝူခရိုင်သို့ သွားပါ။"
"သခင်ကျိုး၊ ခင်ဗျားကတော့ ဟန်ခရိုင်ကို သွားရလိမ့်မယ်။"
"အကြီးအကဲရှန်၊ ခင်ဗျားက ငွေငါးမန်းစစ်သည်နှစ်ယောက်နဲ့ သံမဏိ မြင်းစီးစစ်သည် ငါးဆယ်ကို ခေါ်ပြီး ဝမ်ခရိုင်ကို သွားပါ။"
"ဖေးယန်၊ မင်းက ငွေငါးမန်းစစ်သည် နှစ်ယောက်နဲ့ သံမဏိ မြင်းစီးစစ်သည် ငါးဆယ်ကို ယွမ်ခရိုင်ကို ဉီးဆောင်ခေါ်သွားပါ။"
ယုံကြည်ရသော လက်အောက်ငယ်သားများကို တစ်ဦးချင်း ခေါ်လိုက်သောအခါ၊ သူတို့သည် တစ်ဦးချင်း ထွက်လာပြီး စီတန်းရပ်နေကြသည်။ သူတို့တစ်ဦးစီသည် နက်နဲသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြပြီး ဟောင်ချင်းချန်၏ မေးရိုးများပင် ပြုတ်ကျသွားသည်။ ဤသံမဏိသွေး အုပ်ချုပ်ရေးမှူးသည်လည်း ဟုန်ယွိ၏ ပေါက်ကွဲထွက်လာသော အင်အားကြောင့် မှင်သက်သွားခဲ့သည်။
ထို့အပြင် ဟုန်ယွိ၏ ပါးစပ်မှ ခရိုင်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခြင်းက ဟုန်ယွိသည် ဝူယွမ်ပြည်နယ် တစ်ခုလုံး၏ နယ်မြေအနေထား ဖြန့်ကျက်မူ ဆိုင်ရာတွင် သူ့လက်ဖဝါးကို မှောက်လှန်ကဲ့သို့ အလွယ်တကူ သိရှိထားကြောင်း ပြသနေသည်။
လက်ဖက်ရည်တစ်ခွက် သောက်ချိန်ထက် မပိုသော အချိန်အတွင်း ဟုန်ယွိသည် သူ့လူနှင့် မြင်းများကို ဝူယွမ်ပြည်နယ်၏ ခရိုင်ဆယ်ခုနှင့် စီရင်စုအချို့သို့ စေလွှတ်ခဲ့သည်။
"သတိထားရမှာက အစိုးရက မကောင်းဆိုးဝါးဂိုဏ်းတွေနဲ့ ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဟန်ဆောင်ရမယ်။ ခရိုင်တစ်ခုစီကို ရောက်တဲ့အခါ၊ ခရိုင်ဝန်ကြီးနဲ့ ဆွေးနွေးပြီးမှ နယ်မြေတစ်ခုချင်းစီမှာရှိတဲ့ ဘာသာရေးခေါင်းဆောင်တွေနဲ့ စကားပြောပါ။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပြီးတဲ့အခါ အဓိကခေါင်းဆောင်အားလုံးကို လျှို့ဝှက် ဖမ်းဆီးပါ။ သတိထားပါ၊ လျှို့ဝှက် ဖမ်းဆီးရမယ်။ လူထုအုံကြွမှု မဖြစ်စေရဘူး။"
ဟုန်ယွိသည် သူ့အမိန့်များကို ဆက်တိုက် ထုတ်ပြီးနောက်၊ သူ့လက်အောက်ငယ်သားများကို ပြောသည်။ "ငါ ပြောတာကို နားလည်ရဲ့လား။"
"သခင်လေးပြောချင်တာက ဉပါယ်တံမျဉ် သုံးပြီး၊ အရင်ဆုံး ဘာသာရေး ခေါင်းဆောင်တွေကို ဆွဲဆောင်ပြီးမှ လျှို့ဝှက် လှုပ်ရှားဖို့ မဟုတ်လား။ သခင်ဟောင်က မကောင်းဆိုးဝါးဂိုဏ်းတွေကြောင့် ဒဏ်ရာရခဲ့ပြီး၊ သူတို့ကလည်း အခုထိ နေရာအနှံ့ ပျံ့ကြဲနေပြီ။ သခင်ဟောင်ရဲ့ အခုသဘောထားက သူ့ရပ်တည်ချက်ကို ကြေညာလိုက်သလိုပဲ။ ဒီမကောင်းဆိုးဝါးဂိုဏ်းတွေလည်း သခင်ဟောင်က ဘက်ပြောင်းသွားပြီလို့ တကယ် ထင်သွားနိုင်တယ်။"
သခင်ကျိုး၏ မျက်လုံးများက တောက်ပလာသည်။
"ဟုတ်တယ်၊ မကောင်းဆိုးဝါးဂိုဏ်းတွေဟာ သူတို့တိုးတက်ဖို့အတွက် အစိုးရကို အားကိုးရမယ်။ ကံမကောင်းတာက အစ်ကိုဟောင်က ခေါင်းမာတယ်။ အခု ကျွန်တော်က ဒီငါးစာကို ပစ်ချလိုက်ပြီ။ သူတို့ လာဟပ်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး။ ဒါ ဒီကိစ္စကို ကြိုပြောထားမယ်၊ ဒီ မကောင်းဆိုးဝါးဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေကို လူသိရှင်ကြား ဖမ်းလို့မရဘူးနော်။ မဟုတ်ရင် အဲဒီ ယုံကြည်သူတွေက ပြဿနာရှာလိမ့်မယ်။ ဒါဆို ပြည်နယ်တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ မင်းတို့ ဆုံးဖြတ်ချက်ကို ထိန်းချုပ်ထားရမယ်။ တစ်ချိန်တည်းမှာပဲ၊ ခရိုင်ဝန်ကြီးတွေနဲ့ ပူးပေါင်းရမယ်။ သတိထားပါ၊ အဲဒီခရိုင်ဝန်ကြီးအချို့မှာလည်း မကောင်းဆိုးဝါးဂိုဏ်းတွေက စိမ့်ဝင်နေနိုင်တယ်၊ ပြီးတော့ သူတို့အားလုံးကို ရှာဖွေပြီးမှ အားလုံးကို ဖမ်းဆီးပါ။"
ဟုန်ယွိက ပြောသည်။
"သခင်လေး၊ သခင်လေးက တကယ်ကို လူတွေကြားက သူရဲကောင်းတစ်ဦးပဲ၊ ဒီလောက် လျင်မြန်ပြီး ပြတ်သားတယ်။ ဒါပေမဲ့ သခင်ဟောင်ကတော့ အခုထိ စဉ်းစားနေတုန်းပဲ" သခင်ကျိုးက ပြောသည်။
"အရေးမကြီးဘူး။" ဟုန်ယွိသည် တဟားဟား ရယ်လိုက်ပြီး ကုလားထိုင်ပေါ်မှ ထရပ်ကာ စားပွဲဘေးသို့ လျှောက်သွားသည်။
သူက စာရွက်ကို ဖြန့်ချပြီး၊ မှင်ကို သွေးလိုက်သည်။ ထို့နောက် ဟောင်ချင်းချန်၏ အုပ်ချုပ်ရေးမှူးချုပ် တံဆိပ်တုံးကို ကောက်ယူလိုက်သည်။ သူသည် အဖြူရောင် အလွတ်စာရွက်ပေါ်တွင် ပြဒါးနီဖြင့် တံဆိပ်တုံးကို ထုလိုက်ပြီး ကြည်လင်တောက်ပသော အနီရောင် တံဆိပ်တစ်ခု ပေါ်လာသည်။
"အစ်ကိုဟောင်၊ ကျွန်တော် ခင်ဗျားအတွက် မှင်သွေးပေးပြီးပြီ၊ ပြီးတော့ တံဆိပ်ကိုလည်း နှိပ်ပေးပြီးပြီ။ အမိန့်စာကို ရေးပေးပါခင်ဗျာ။"
ဟုန်ယွိသည် ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်၊ သူ့လက်ကို ဆန့်တန်းလိုက်ပြီး ဟောင်ချင်းချန်ကို ဖိတ်ခေါ်သည့် အမူအရာ ပြလိုက်သည်။
"ညီတော်ဟုန်၊ ညီတော်က တကယ်ကို တခုခုပဲ။ ညီတော်ရဲ့ အကူအညီနဲ့ဆို မင်းသားဟာ နောင်အနာဂတ်မှာ ထီးနန်းကိုစိုးစံပြီး ကမ္ဘာကို အုပ်စိုးဖို့ မျှော်လင့်ချက် တကယ်ရှိတယ်။ ဒီလိုဆိုမှတော့ ငါလည်း ညီတော်ရဲ့ စကားကို နားထောင်ရုံပဲ ရှိတော့တယ်။"
ဟောင်ချင်းချန်သည် ပထမတော့ ကူရာမဲ့ ပြုံးလိုက်ပြီးမှ ရယ်မောလိုက်သည်။ သူသည် စားပွဲရှေ့တွင် ထိုင်လိုက်ပြီး တပ်များ စုစည်းခြင်းအတွက် အမိန့်အချို့ကို တစ်ခုပြီးတစ်ခု ရေးသားလိုက်သည်။
ထို့နောက် ဟုန်ယွိသည် သူ့လက်အောက်ခံများကို ဤတပ်များ စုစည်းခြင်းအတွက် အမိန့်စာများကို တစ်ခုပြီးတစ်ခု ကိုင်ဆောင်ခိုင်းလိုက်သည်။ အလျင်အမြန် ခြေလှမ်းသံများဖြင့် သူ၏ လက်အောက်ခံများအားလုံး အပြင်သို့ အပြေးအလွှား ထွက်သွားကြပြီး၊ သူတို့နှင့်အတူ ဟောင်ချင်းချန်၏ လက်ထောက်များလည်း သဘာဝအတိုင်း ပါသွားကြသည်။
"ကောင်းပြီ၊ အစ်ကိုဟောင်၊ ဒီရက်အနည်းငယ်အတွင်း ကျွန်တော် ခင်ဗျားဘေးမှာ နေပါ့မယ်။ ခင်ဗျားက သူဌေးသူကြွယ်တွေနဲ့ ဩဇာကြီးသူတွေနဲ့ တွေ့ဆုံပြီး ငွေကြေးနဲ့ အစားအစာ ထောက်ပံ့ဖို့ အမိန့်ပေးလိုက်ပါ။ ဝူယွမ်ပြည်နယ်မြို့တော်မှာ ကျွန်တော်ရှိနေရင် အသက်မဲ့တာဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်တာဂိုဏ်းက ခေါင်းဆောင်တွေ ကိုယ်တိုင် လာရင်တောင် ခင်ဗျားကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိသည် သူ့ထိုင်ခုံသို့ ပြန်သွားပြီး မောက်မာစွာ ပြောသည်။
ဟုန်ယွိ၏ စိတ်အေးလက်အေးနှင့် ကျေနပ်အားရနေသည့် အမူအရာ၊ သူသည် လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား လုပ်ဆောင်ကာ စကား အနည်းငယ်ဖြင့် အရာအားလုံးကို ချို့ယွင်းချက်မရှိ စီစဉ်နိုင်မူ၊ တစ်ချိန်တည်းမှာပင် မကောင်းဆိုးဝါးဂိုဏ်းကို တစ်ချက်တည်းနှင့် ချေမှုန်းပြီး၊ မကောင်းဆိုးဝါးဂိုဏ်း၏ အင်အားကိုပင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ငှမ်းရမ်းလိုသည့် သူ့ရည်ရွယ်ချက်ကို မြင်ပြီး ဟောင်ချင်းချန်ကဲ့သို့ သံမဏိလက်သီးကို ပိုင်ဆိုင်ထားသူပင် လက်မ မထောင်ပြဘဲ မနေနိုင်ခဲ့ပေ။
"ညီတော်ဟုန်က ဒီကမ္ဘာကြီးကို ကယ်တင်တဲ့ သူရဲကောင်းပဲ၊ ညံ့ဖျင်းမှုအတွက် ကိုယ့်ကိုယ်ကို အရှက်ရမိပါတယ်။"
"အစ်ကိုဟောင်၊ ချီးမွမ်းတာတွေ ရပ်လိုက်ပါတော့။" ဟုန်ယွိသည် ထိုင်ချပြီးနောက် အတွေးတစ်ချက်နှင့်အတူ၊ ယန်လေပြင်း တစ်ခုက ရုတ်တရက် ပျံထွက်လာပြီး၊ ဒါဇင်ပေါင်းများစွာ ခွဲထွက်သွားကာ သူ့လက်အောက်ခံများ၏ နောက်ကျောတွင် တိတ်တဆိတ် တွယ်ကပ်သွားသည်။
မကောင်းဆိုးဝါးဂိုဏ်းများသည် ပြန့်ပွားလာနေပြီး၊ သူတို့ကြားတွင် အစွမ်းထက်သူများလည်း ရှိနေနိုင်သည်။ ဟုန်ယွိ၏ ဤလက်အောက်ငယ်သား များသည် အားလုံး အရည်အချင်းရှိကြပြီး၊ သာမန် မကောင်းဆိုးဝါး နည်းစနစ်များကို မကြောက်ကြသော်လည်း၊ စစ်မှန်သော ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် ခုခံရန် ခက်ခဲလိမ့်မည်။ ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်၏ အသိစိတ်ကို ခွဲထုတ်ပြီး သူတို့နှင့် တွယ်ကပ်နေကာ၊ မကောင်းဆိုးဝါး နည်းစနစ်များကို ခုခံရာတွင် လျှို့ဝှက်စွာ ကူညီပေးနိုင်သည်။ သူတို့သည် အစစ်မှန် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ၊ ဟုန်ယွိသည် ခံစားနိုင်ပြီး သူ၏ အစစ်မှန် စိတ်ဝိညာဉ်ကို စေလွှတ်နိုင်လိမ့်မည်။
အထူးသဖြင့် မုကလေးသည် သူမဘေးတွင် နင်ဂျာဘုန်းတော်ကြီး ရှိနေသည်။ ဤသိုင်းသူတော်စင်ကြီး ရှိနေခြင်းကြောင့် တစ္ဆေအင်မော်တယ်များပင် အသာစီး ရနိုင်မည် မဟုတ်ပေ။
ထို့အပြင်၊ သူ၏ လက်အောက်ငယ်သားများတွင် စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သည့် လက်နက်များစွာလည်း ရှိသည်။ ဥပမာအားဖြင့်၊ သူသည် နတ်ဘုရားလေနိုင်ငံတွင် ဝယ်ယူခဲ့သော "မက်မွန်နတ်ဘုရား ဝိညာဉ်ဖျက်မြှား" သည် မက်မွန်သစ်သားဖြင့် ပြုလုပ်ထားပြီး၊ စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည့် မှော်ပညာရပ်များဖြင့် ပြုလုပ်ထားသော မြှားဖြစ်သည်။
ထို့အပြင်, ဟုန်ယွိသည် ဤအခွင့်အရေးကို အသုံးပြုပြီး သူ့လက်အောက်ငယ်သားများ မည်သို့ လုပ်ဆောင်နေသည်ကို မြင်နိုင်ပြီး၊ သူတို့သည် အရာအားလုံးကို မှီခိုကင်းကင်းနှင့် ကိုင်တွယ်နိုင်ခြင်း ရှိ၊ မရှိကိုလည်း သိရှိနိုင်သည်။
သိုင်းစွမ်းရည် တစ်ခုတည်းဖြင့် မလုံလောက်ပေ။ အမှန်တကယ် ထိရောက်သည့် လက်ထောက်တစ်ဦး ဖြစ်လာရန်မှာ အရည်အချင်း ပြည့်ဝပြီး၊ အရာများစွာကို မှီခိုကင်းကင်းနှင့် ကိုင်တွယ်နိုင်စွမ်း ရှိရမည်။
နောင်အနာဂတ်တွင် သူသည် ကျောက်စိမ်းမြို့တော်သို့ ရောက်သောအခါ၊ ပွင့်ပွင့်လင်းလင်း တိုက်ပွဲများနှင့် လျှို့ဝှက် တိုက်ပွဲများစွာ ရှိလာလိမ့်မည်။ ဒီတစ်ကြိမ်တွင် သူသည် ဝူယွမ်ပြည်နယ်မှာ သူ့ကိုယ်သူ လေ့ကျင့်နေခြင်း ဖြစ်သည်။
"အနည်းဆုံး သုံးရက်၊ အများဆုံး ငါးရက်အတွင်း ပြည်နယ်နဲ့ ခရိုင်တွေအားလုံးရဲ့ ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်။ ငါ့လုပ်ဆောင်ချက်တွေက မကောင်းဆိုးဝါးဂိုဏ်းရဲ့ ခေါင်းဆောင်တွေကို ဖျက်ဆီးနိုင်မယ်၊ ပြီးတော့ နောက်ကွယ်က စစ်မှန်တဲ့ ကျွမ်းကျင်သူကိုတောင် ဆွဲဆောင်နိုင်မယ်လို့ ငါ အာမခံနိုင်တယ်။ ဒီကိစ္စက တကယ်ပဲ အိမ်ရှေ့စံမင်းသားနဲ့ ဆက်စပ်နေတယ်ဆိုရင်၊ ငါ သက်သေကို ရအောင်ယူပြီး၊ မင်းသားယုကို လွှဲပြောင်းပေးမယ်။ တရားရုံး အစည်းအဝေးမှာ, သူသာ အဲဒီသက်သေကို ပစ်ချလိုက်မယ်ဆိုရင်၊ အိမ်ရှေ့စံမင်းသားကို နေရာမှာတပင် သေဒဏ်ချမှတ်ဖို့ လုံလောက်လိမ့်မယ်။ အရာရှိတွေနဲ့ မှူးမတ်အားလုံးရဲ့ ရှေ့မှာ၊ ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို ကာကွယ်ချင်ရင်တောင် ဆင်ခြေပေးနိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိသည် သူ့နှလုံးသားထဲတွင် တွက်ချက်ထားပြီးသား ဖြစ်သည်။
ယခုလို လုပ်ဆောင်ခြင်းဖြင့် သူသည် မြွေကိုလှန့်ဖို့ မြက်တောကို ရိုက်နှက်ခြင်း ဖြစ်သည်။ မြွေကို ခြောက်လှန့်ပြီးသည်နှင့် သူသည် တစ်ချက်တည်း ဖမ်းဆီးနိုင်ပြီး ကျောက်စိမ်းမြို့တော်သို့ ပြန်ယူသွားနိုင်သည်။ ထိုအပြင်, ယခုတစ်ကြိမ်မှာလည်း သူသည် သခင်ဟောင်၏ နာမည်ကို အသုံးပြုမှာ ဖြစ်ပြီး သူ့ကိုယ်သူ ဖော်ထုတ်ပြမှာ မဟုတ်ပါဘူး။
မျှော်လင့်ထားသည့်အတိုင်း ဟုန်ယွိ အမိန့်ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် ဝူယွမ်ပြည်နယ်ရှိ လျှို့ဝှက်နေရာအသီးသီးမှ လျှို့ဝှက်စာ ဒါဇင်ပေါင်းများစွာကို ပေးပို့လာကြသည်။ အချို့ကို ကျောက်စိမ်းမြို့တော်သို့ ပို့ခဲ့ကြပြီး၊ အချို့ကို အလယ်ပိုင်းပြည်နယ်ရှိ အုပ်ချုပ်ရေးမှူးချုပ်စံအိမ်သို့ ပို့ဆောင်ခဲ့ကြသည်။