အဆင့်ခြောက်ဆင့်ရှိ ဧကရာဇ် သက်စောင့်ဆေးလုံးကြီး
Vol. 3 Ch. 21
အချိန်တွေ စက္ကန့်နဲ့အမျှ ကုန်ဆုံးသွားခဲ့ပြီး ရေခဲဧကရာဇ် ဟိုင်ဘိုဒုံ၏ခန္ဓာကိုယ်ပတ်လည်မှာလည်း အထူးခြားဆုံးသော ရေခဲပြာရောင် မြူဆိုင်းများ စိမ့်ဝင်ပျံ့နှံ့လာခဲ့သည်။
မြူများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လေထုသည် ပုံပျက်သွားပြီး နှင်းခဲများက မြေကြီးကို ဖုံးလွှမ်းသွားပြီး မူလက ချောမွေ့နေတဲ့ မျက်နှာပြင်ကို ရေခဲပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုနေရာတွင် ရေခဲပြင်စကိတ်စီးမည်ဆိုပါက အကောင်းဆုံးပင်ဖြစ်သည်။
ရေခဲဧကရာဇ် ဟိုင်ဘိုဒုံး၏ ပုံစံက ပြောင်းလဲသွားသည်။ မူလက ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်သည် တိုက်ခိုက်ရေးစိတ်ဓာတ်နှင့် ပြည့်နေ၏။ သူ၏ ငွေရောင်ဆံပင်ဖြူကလွဲလို့ ဟိုင်ဘိုဒုံးသည် ဆယ်စုနှစ်တစ်ခုစာလောက် ငယ်သွားသလို ဖြစ်နေသည်။
သူ့တွင် လျင်မြန်ဖျတ်လတ်ပြီး သူရဲကောင်းပီသသည့်ပုံစံရှိသည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ကို ခံစားမိပြီးနောက် ဟိုင်ဘိုဒုံးက ရယ်မောလိုက်သည်။ "ဟားဟား... ဒီတံဆိပ်ခတ်မှု မန္တန်ကနေ နောက်ဆုံးတော့ ငါလွတ်မြောက်သွားပြီ! ငါ သိုင်းဧကရာဇ် အဆင့်ရဲ့ စွမ်းအားပြန်ရပြီ။ ဟားဟားဟား"
ကျန်းချန်က အေးဆေးစွာဖြင့် "မြင်လား? ငါ လိမ်နေတာ မဟုတ်ဘူး။"
ဟိုင်ဘိုဒုံးက နှုတ်ခမ်းမဲ့ပြလိုက်သည်။ "ကောင်ဆိုးလေး မင်းဘာတွေကြံစည်နေတာလဲ။ ငါ့ကို ပြောပြစမ်း၊ မင်း ငါ့ဆီက ဘာလိုချင်တာလဲ"
ဟိုင်ဘိုဒုံး၏ တုံ့ပြန်မှုကို မြင်တဲ့အခါ ကျန်းချန်က အချိန်မဖြုန်းဘဲ စင်ကြယ်သော ကြာပန်း မှော်မီးတောက် မြေပုံရဲ့ အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်ပြီး "မင်းဆီမှာ နောက်ထပ် အပိုင်းအစတစ်ခု ရှိတယ် မဟုတ်လား"
ဒီစကားကို ကြားလိုက်ရသည့်အခါ ဟိုင်ဘိုဒုံး၏ မျက်နှာအနေအထား အနည်းငယ် ပြောင်းသွားခဲ့ပြီး၊ အထူးသဖြင့် ကျန်းချန်လက်ထဲက မြေပုံအပိုင်းအစကို မြင်လိုက်ရတော့ သူက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"ကျန်းချန်... ဒါ ဘာလဲဆိုတာ မင်းသိလား"
"နည်းနည်းတော့ သိပါတယ်။ ဒါပေမဲ့ မင်းအတွက်တော့ လုံးဝအသုံးမဝင်ပါဘူး။"
ကျန်းချန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ဟိုင်ဘိုဒုံးက မေးရိုးကို ပွတ်လိုက်တယ်။ အခု သူ သိုင်းဧကရာဇ် အဆင့်ကို ပြန်ရောက်နေပြီဖြစ်သည့်အတွက် သူနှင့် စိမ်းနေသည့် အရာတွေအပေါ် စိတ်ဝင်စားမှု ရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။ ကျန်းချန်ရဲ့ အမူအရာကို မြင်လိုက်ရတော့ သူသည် မတတ်နိုင်ဘဲ တည်ကြည်လေးနက်သည့် ပုံစံမျိုးကို ပြလိုက်သည်။
ဒီကောင်လေးက ငယ်ငယ်ကတည်းက သာမန်လူတွေ စဉ်းစားကြံဆဖို့ ခဲယဉ်းသည့် ဉာဏ်ရည်ဉာဏ်သွေးတွေ ရှိကြောင်း ပြသခဲ့သည်။ ကျန်းချန် ဒီတာဂိုသဲကန္တာရကို ရောက်လာတုန်းက ဆယ်ကျော်သက်အရွယ်လောက်ပဲ ရှိသေးသည်။ ယခုမှာမူ အရွယ် ရောက်ပြီးသည့်သူ ဖြစ်သည့်အတွက် သူ့မှာ ပိုကောင်းသည့် အကြံတွေ ရှိနေမှာ သေချာ၏။
ဒီမြေပုံအပိုင်းအစထဲမှာ တန်ဖိုးရှိတဲ့ အရာတွေ ပါ နေမလားဆိုတာ ဘယ်သူသိနိုင်မလဲ။
ဟိုင်ဘိုဒုံးက ပခုံးတွန့်လိုက်ပြီး မေးလိုက်သည်။ "မင်းကို ငါ ပေးနိုင်တယ်။ ဒါပေမဲ့ ဒီအရာက ဘာလဲဆိုတာ မင်းငါ့ကို ပြောပြရမယ်။ သဲကန္တာရထဲမှာ ဒါကိုရဖို့ ငါ အတော်လေး ကြိုးစားရှာဖွေခဲ့ရတာဖြစ်လို့ ဒီအရာထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခု ပါဝင်နေတယ်ဆိုတာ ငါသိတယ်။ ဒါကြောင့် မင်းမပြောပြရင် ဒီမြေပုံရဲ့ နောက်ထပ် အပိုင်းအစကို ငါ မင်းကို မပေးနိုင်ဘူး။"
ဟိုင်ဘိုဒုံးရဲ့ သဘောထားကို မြင်တဲ့အခါ ကျန်းချန်က အကူအညီမဲ့စွာနှင့် ရယ်မောပြီး နောက်ထပ် ထပ်ပြီးလျှို့ဝှက်မထားဖို့ ဆုံးဖြတ်လိုက်သည်။ "ဒါဟာ စင်ကြယ်သော ကြာပန်း မှော်မီးတောက် မြေပုံရဲ့ အပိုင်းအစတစ်ခုပါ။" လို့ ပြောလိုက်၏။
"ဘာ"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဟိုင်ဘိုဒုံးက ချက်ချင်း အံ့အားသင့်သွားခဲ့သည်။ စင်ကြယ်သော ကြာပန်း မှော်မီးတောက်အကြောင်းကို သူ ဘယ်လိုမသိဘဲ နေမလဲ? ဒါဟာ အထူးမီးတောက်စာရင်းရဲ့ တတိယနေရာမှာ ရှိနေတဲ့ မီးတောက်ပါ။
အဆိုအရ စင်ကြယ်သော ကြာပန်း မှော်မီးတောက်ဟာ အရာအားလုံးကို သန့်စင်ပေးနိုင်သည်။ အရာရာတိုင်းကို သန့်စင်ပေးနိုင်တဲ့ အထူးသက်ရောက်မှု ရှိတယ်။ အနည်းငယ်မျှ ထိတွေ့မိရုံတင် အရာမှန်သမျှကို မရှိသည့်အရာ တစ်ခုအဖြစ် သန့်စင်ပေးနိုင်တယ်။
စင်ကြယ်သော ကြာပန်း မှော်မီးတောက်သည် လူတစ်ယောက်၏ စိတ်ခံစားချက်ကို လမ်းညွှန်အဖြစ် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ သိုင်းစွမ်းအင်တွေကို ဘာမှမရှိသည့် အခြေအနေအထိ သန့်စင်ပေးနိုင်၏။
ယင်း စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော အထူးမီးတောက်မျိုးသည် အရေအတွက် အနည်းငယ်သာ ရှိပြီး စွမ်းအင်တစ်မျိုးကို ရရှိနိုင်သည်ဆိုတာက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလို ခက်ခဲလှသည်။
ကံကောင်းပြီး တွေ့ခဲ့ရင်တောင်မှ စွမ်းအင်အပြည့်အဝမရှိဘဲနှင့် ရယူနိုင်မည် မဟုတ်ပေ။
ဟိုင်ဘိုဒုံးက မေးစေ့ကို ပွတ်သပ်လိုက်ပြီး မေးလိုက်သည်။ "ဒါက စင်ကြယ်သော ကြာပန်း မှော်မီးတောက် မြေပုံရဲ့ အပိုင်းအစတစ်ခုလို့ ပြောတယ်။ဒါကြောင့် သူ့ရဲ့ တန်ဖိုးက တိုင်းတာလို့မရအောင် ကြီးမားတယ်။ ကျန်းချန်... မင်းငါ့ကို ဘယ်လိုပြန်ဆပ်မှာလဲ"
"အားလုံးပြီးသွားရင် ပြန်လည်အသက်သွင်းခရမ်းရောင်ဆေးလုံးကို ငါ ဖော်စပ်ပေးမယ်။"
ကျန်းချန်က အေးအေးဆေးဆေး ပြောလိုက်သည်။ "ဒါ့အပြင် အကြီးအကဲဟိုင်ရဲ့ စွမ်းအားက အထူးမီးတောက်ကို ထိတွေ့ဖို့ အရည်အချင်း မလုံလောက်ပါဘူး။"
ဟိုင်ဘိုဒုံးက နှုတ်ခမ်းကို တွန့်လိုက်ပြီး ပြောလိုက်သည်။ "ဒါဖြင့် မင်းကကော ဘယ်လိုလဲ? ဒီလောက်နှစ်တွေ ကြာလှပြီ။ မင်းလည်း သိုင်းဧကရာဇ် အဆင့်ကို ရောက်နေပြီ မဟုတ်လား? အခု ငါတို့ အဆင့်တူဖြစ်နေပြီ။ မင်းမှာ ကော အရည်အချင်းရှိလို့လား"
ကျန်းချန်ရဲ့ စွမ်းအားဟာ အတော့်ကို မြင့်မားနေသည်။ ဟိုင်ဘိုဒုံးဟာ ကြယ်နှစ်ပွင့်သိုင်းဧကရာဇ် အဆင့်စွမ်းအားကို ပြန်ရခဲ့တယ်ဆိုပေမဲ့ လီရှောင်ရဲ့ စစ်မှန်တဲ့ ကျင့်ကြံမှုအဆင့်ကို သူ ခန့်မှန်းလို့ မရနိုင်သေးပေ။
ဒါပေမဲ့ ကျန်းချန်က ယဲ့ယဲ့ကလေး ပြုံးလိုက်ပြီး ဟိုင်ဘိုဒုံးရဲ့ မေးခွန်းကို မဖြေဘဲ နေလိုက်သည်။ သူဟာ သိုင်းဧကရာဇ် ဖြစ်ဖြစ် သိုင်းသူတော်စင် ဖြစ်ဖြစ်၊ ဒီမြေပုံအပိုင်းအစကို ရယူဖို့သာ အာရုံရှိနေပေသည်။
ထိုသို့ပြောပြီးသည့်နောက် ကျန်းချန်က အဆင့်ခြောက်ဆင့်ရှိ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်မှာ တင်လိုက်သည်။ "ဒါကတော့ သိုင်းဘိုးဘေးဆေးလုံးပါ။ မင်းဆီမှာရှိတဲ့ မြေပုံအပိုင်းအစနဲ့ လဲလှယ်ဖို့အတွက် ငါပေးမယ့်အရာပါ။ ဘယ်လိုလဲ"
သိုင်းဘိုးဘေးဆေးလုံးဟာ အဆင့်ခြောက်ဆင့်ရှိ ဆေးလုံးတစ်မျိုးဖြစ်ပြီး၊ စွမ်းအားကို တိုးမြှင့်မပေးနိုင်သော်လည်း အထွတ်အထိပ်ရောက်နေတဲ့ သိုင်းဧကရာဇ်တစ်ဦးအတွက် သိုင်းဘိုးဘေးအဆင့်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ခြေ ၁၀% တိုးစေနိုင်၏။
ထို့အပြင် အသုံးပြုသူသည် သိုင်းဘိုးဘေးအဆင့်ကို ရောက်ဖို့ ကျရှုံးခဲ့ရင်တောင်မှ၊ သူ့ရဲ့ စွမ်းအားဟာ ကြိုးစားမှုမတိုင်ခင် အဆင့်မှာပဲ တည်ငြိမ်စွာ ရှိနေမှာ ဖြစ်ပြီး အဆင့် ကျသွားမည်မဟုတ်ပေ။
ကျန်းချန်ရဲ့ နောက်ထပ်စကားတွေများသည် ဟိုင်ဘိုဒုံးကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။ "ကိစ္စတွေ အားလုံးပြီးသွားရင် အကြီးအကဲဟိုင်ကို အဆင့်ခြောက်ဆင့်ရှိ တော်ဝင်ဆေးလုံးကြီးတစ်လုံးကိုလည်း ဆုလာဘ်အဖြစ် ငါပေးမယ်။"
ဟိုင်ဘိုဒုံး၏ မျက်ဆံတွေ ရုတ်တရက် ကျုံ့ဝင်သွားပြီး ရှေ့ကို တစ်လှမ်းတိုးလိုက်ကာ၊ "ကောင်းလိုက်တဲ့ ကောင်လေး... မင်းမှာ တော်ဝင်ဆေးလုံးကြီးတောင် ရှိသေးတယ်လား! ရတနာတစ်ခုခု တွေ့ခဲ့တာလား? ဘယ်လိုတောင် ဖြုန်းတီး နေတာလဲ" လို့ အံ့အားသင့်စွာ ပြောလိုက်သည်။
ကျန်းချန်က အေးဆေးတည်ငြိမ်စွာ ပြုံးလိုက်၏။ သူ့မှာ တော်ဝင်ဆေးလုံးကြီး များစွာ ကျန်နေသေးသည်။ အလုပ်မရှိတဲ့အချိန်တွေမှာ အချိန်ကုန်သက်သာစေဖို့ ဆေးလုံးတချို့နဲ့ လေ့ကျင့်လေ့ရှိသည်။ ဤကဲ့သို့သော အဆင့်ခြောက် ဆေးလုံးမျိုးသည် သူ့အတွက် သကြားလုံးတစ်လုံးစာလောက်သာ ဖြစ်၏။
ဟိုင်ဘိုဒုံးသည် လုံးဝ စိတ်လှုပ်ရှားနေသည်။ သူရှေ့တွင် ရှိနေသည့် ကောင်လေးကို မသိခဲ့ရင်တောင်မှ သူဟာ မတွန့်ဆုတ်ဘဲ သဘောတူလိုက်မှာပင်။
အဆင့်ခြောက် တော်ဝင်ဆေးလုံးကြီး ဖြစ်ဖြစ်၊ ပြန်လည်အသက်သွင်းခရမ်းရောင်ဆေးလုံး ဖြစ်ဖြစ်၊ သိုင်းဘိုးဘေးဆေးလုံး ဖြစ်ဖြစ်၊ အတားအဆီးဖြတ်ဆေးလုံး ဖြစ်ဖြစ်... ဒီဆေးလုံးတွေဟာ သူ ငြင်းဆန်လို့မရနိုင်သည့် အနေအထားဖြစ်သည်။ ဆေးလုံးတစ်လုံးစီတိုင်းက သူ့ရဲ့ စွမ်းအားကို မြှင့်တင်ပေးမည်ဖြစ်ပြီးအားလုံးကို စုစည်းမိနိုင်ရင် သိုင်းဘိုးဘေးအဆင့်ကို ရောက်နိုင်ရန်မှာ အချိန်အနည်းငယ်သာ ကြာမည်ဖြစ်၏။
ဟိုင်ဘိုဒုံးက သူနှစ်ခြမ်းဖြဲထားသည့် စင်ကြယ်သော ကြာပန်း မှော်မီးတောက် မြေပုံရဲ့ အပိုင်းအစတွေကို ထုတ်ယူပြီး ရယ်မောလိုက်သည်။ "ကောင်လေး... မင်း သိုင်းဘုရင်အဆင့်တုန်းကတည်းက မင်းဟာ ကြီးပွားတိုးတက်မဲ့ ကံကြမ္မာရှိတယ်ဆိုတာ ငါသိနေခဲ့တယ်။ အခု ရှစ်နှစ်ရှိပြီ။ မင်းဟာ သိုင်းဘိုးဘေးအဆင့်နား ရောက်နေပြီ မဟုတ်လား"
ကျန်းချန်က သူ့လက်ထဲက ခေါက်ယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ဟဲဟဲ... ငါတို့ ကွဲကွာခဲ့ကြတာ ရှစ်နှစ်ရှိပြီ။ ကမ္ဘာကြီးဟာ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြီ။ နောက်ထပ် ရှစ်နှစ်ဆိုရင်တော့ အကြီးအကဲဟိုင်ဟာ သူ့ရဲ့ တစ်ချိန်လုံး ညည်းညူတတ်တဲ့ အကျင့်ကို ပြုပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
ဟိုင်ဘိုဒုံး - "…"
သူဟာ မာနကြီးပြီး တသီးတခြားနေတတ်သည့် စရိုက်ရှိပေမဲ့ ကျန်းမအင်ပါယာထဲမှာတော့ မစ်တဲလ် လေလံပွဲနေရာကလွဲလို့ မိတ်ဆွေမရှိသလောက်ပါပဲ။ ရေခဲဧကရာဇ်ဆိုသည့် နာမည်နှင့်အတူ သူသည် ပုံမှန်အတိုင်း ချဉ်းကပ်ရန် ခက်ခဲသည့် သဘောကို ပေးစွမ်းနေသည်။
သို့သော် ကျန်းချန်ကို တွေ့ပြီးကတည်းက သူဟာ သိသိသာသာ စကားပိုပြောလာခဲ့သည်။ ထို့အပြင် သူကိုယ်တိုင်လည်း သဲကန္တာရထဲမှာ တစ်ယောက်တည်း ရှစ်နှစ်ကြာ နေထိုင်ခဲ့ရတဲ့အတွက် တခြားသူတွေနှင့် စကားပြောလိုစိတ် ဖြစ်လာခဲ့သည်။
"ကောင်းပြီ အဓိပ္ပာယ်မရှိတာတွေ ပြောနေစရာမလိုဘူး။ မင်းက မြွေလူမျိုးစုထဲကို ဝင်ချင်သေးတယ်ဆိုရင် ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်။ ဘုရင်မကြီး မီဒူဆာ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ ငါလည်း ကြည့်ချင်တယ်။"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။ မူရင်း ဇာတ်လမ်းအရဆိုရင် ဘုရင်မကြီး မီဒူဆာဟာ မိုးပြာရောင် ကြာပန်း မြေမြင့်ဗဟိုမီးတောက်ကို ကျောက်သဲကန္တာရမြို့ကနေ မြွေလူမျိုးတွေဆီကို ပြန်ယူသွားပြီး ဖြစ်သည်။ သို့သော် မိုးပြာရောင် ကြာပန်း အခြေခံနဲ့ မြေမီးကြာပန်းစေ့တွေကတော့ ရှိနေဦးပေမည်။ အချိန်ရသည့်အခါ ဒါတွေကို ပြန်ယူရမည်ဖြစ်သည်။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေသည် တန်ဖိုးရှိသည့် ပစ္စည်းများဖြစ်သောကြောင့်ပင်။
နောင်တစ်ချိန် ဆေးလုံးဖော်စပ်သည့်အခါ အကျိုးရှိနိုင် ပေသည်။
ဟိုင်ဘိုဒုံး တုန်လှုပ်သွားခဲ့ပြီး ဆယ်နှစ်ကြာ မထုတ်ပြခဲ့သည့် သိုင်းအတောင်ပံကို နောက်ဆုံးတော့ ထုတ်ပြလိုက်သည်။ သူ၏ သိုင်းအတောင်ပံကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာတွင် အပြုံးတစ်ချက်ပေါ်လာခဲ့သည်။
"ကျန်းချန်... မင်းက သိုင်းစွမ်းအင်ကို အတောင်ပံအဖြစ် မပြောင်းလဲဘူးလား?" ကျန်းချန် မလှုပ်ရှားသေးသည်ကို မြင်ရသည့်အခါ ဟိုင်ဘိုဒုံးက မေးလိုက်သည်။
သို့သော် ကျန်းချန်က ပြုံးပြုံးလေးနဲ့ သူ့ရဲ့ ညာဘက်ခြေထောက်သုံးကာ အာကာသဟင်းလင်းပြင်ထဲသို့ ညင်သာစွာ လမ်းလျှောက်သွားသည်။ ခဏလေးအတွင်းမှာပဲ သူ့အောက်ရှိ သိုင်းစွမ်းအင်သည် ငွေရောင် အလင်းတန်းများနှင့် ဖုံးသွားခဲ့တယ်။