ချိုင်လင်းနှင့် အခြားသူများအတွက် အခန်းများ ဆောက်လုပ်ခြင်း
Vol. 4 Ch. 34
ဘုရင်မကြီး မီဒူဆာက သူမအား ဇဝေဇဝါ အကြည့်ဖြင့် ကြည့်လိုက်ပြီး "မင်းကလည်း သိုင်းဘိုးဘေးအဆင့် တစ်ဝက်ကို ရောက်နေတာလား" ဟု မေးလိုက်သည်။
မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက အားရပါးရ ရယ်မောလိုက်ပြီး "ငါ့သခင်ရဲ့ စွမ်းအားကို နင်ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ငါ့သခင်သာ မရှိရင် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ငါ သိုင်းဘိုးဘေးအဆင့် တစ်ဝက်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ အရှိန်အဝါကို ကြည့်ရတာ မင်းလည်း အတူတူပဲ ဖြစ်ရမယ်" ဟု ပြန်လည်ပြောကြားလိုက်သည်။
သူတို့နှစ်ဦးစလုံးသည် တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားက နောက်တစ်ဦးကို မထိခိုက်စေနိုင်မှန်း သိရှိသွားကြသဖြင့် အပြန်အလှန် စမ်းသပ်မှုကို ရပ်လိုက်ကြသည်။ ဘုရင်မကြီး မီဒူဆာသည် ကိုယ်ကိုလှည့်ကာ ဟွိုင်မြစ်ဘေးရှိ ဝါးတောအတွင်းသို့ ပြန်လည်ရောက်ရှိသွားပြီး လက်ပိုက်လျက် "မင်းက ငါ့ကို တကယ့်အထင်ကြီးအောင် လုပ်နိုင်တာပဲ။ မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းကိုတောင်မှ ငါ့လို သိုင်းဘိုးဘေးအဆင့်တစ်ဝက် ရောက်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။" ဟု ပြောလိုက်သည်။
ကျန်းချန်သည် ဝိုင်တစ်ငုံသောက်လိုက်ကာ ဂရုမစိုက်ဟန်ဖြင့် "မရန်းစေ့ရောင်အတောင်ပံရှိတဲ့ ခြင်္သေ့မင်းက စင်ကြယ်တဲ့ မျိုးရိုးရှိတာကြောင့် အချိန်တစ်ခု ပေးမယ်ဆိုရင် သိုင်းဝိဇ္ဇာ အဆင့်ကို ရောက်ဖို့က သူ့အတွက် ပြဿနာမဟုတ်ဘူး" ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသောအခါ ဘုရင်မကြီး မီဒူဆာသည် ဘာမှ ထပ်မပြောတော့ဘဲ သူမ၏ ခေါင်းကို အေးစက်စွာ လှည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်မှ မက်မွန်သီးတစ်လုံးကို ယူကာ အသာအယာ ကိုက်လိုက်သည်။
အသီးက အရသာရှိပြီး ပါးစပ်ထဲတွင် အရည်များနှင့် ပြည့်နှက်နေသည်။
"အရသာရှိရဲ့လား"ဟု ကျန်းချန်က မီဒူဆာ၏ အံ့အားသင့်သွားသည့် မျက်နှာအမူအရာကို ကြည့်ကာ ပြုံးလိုက်သည်။ ဤသည်မှာ သူကိုယ်တိုင် စိုက်ပျိုးထားသော မက်မွန်ပင်ဖြစ်ပြီး စစ်စတမ်ထံမှ ရရှိထားသော ဆုလာဘ်လည်း ဖြစ်သည်။ သာမန်လူများအတွက် အသက်ရှည်စေနိုင်ပြီး သိုင်းပညာရှင်များအတွက်မူ အတွင်းအားကို တိုးတက်စေသည်။ ရေရှည်စားသုံးပါလျှင် ကျင့်ကြံခြင်းအဆင့်ကို နေ့ချင်းညချင်း တိုးတက်စေနိုင်သည်။
သို့သော် ဤနေရာရှိ မက်မွန်သီးကိုရရန်မှာ မလွယ်ကူပေ။ ယခုအခါ ပတ်ဝန်းကျင်တစ်ခုလုံးတွင် မှော်သားရဲများနှင့် ပြည့်နှက်နေပြီး မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက ကင်းလှည့်နေသည်။ အကယ်၍ မရင်းနှီးသော လူသား သို့မဟုတ် မှော်သားရဲတစ်ကောင်ကောင်နှင့် တွေ့ပါက သူတို့သည် မောင်းထုတ်ခြင်း ခံရမည် ဖြစ်သည်။
သို့မဟုတ်လျှင်လည်း အစားခံရပေမည်။
"ချိုင်လင်း... မင်း အခုကစပြီး ဒီမှာပဲ နေရမယ်။ မင်းအတွက် သင့်တော်မဲ့ ဆေးလုံးကို ငါဖော်စပ်ပြီးတာနဲ့ မင်းကို သိုင်းဘိုးဘေး အဆင့်ကို ရောက်အောင် ငါ ကူညီပေးနိုင်တယ်။"
"ဒီနေရာက တကယ့်ကို သာယာလှပတဲ့ နေရာပဲ။ စိမ်းလန်းတဲ့ တောင်တန်းတွေ၊ ကြည်လင်တဲ့ ရေပြင်တွေနဲ့ သစ်ပင်ရိပ်တွေ ရှိတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ကတိကိုတော့ မမေ့ပါနဲ့။"
ဘုရင်မကြီး မီဒူဆာက လှေကားထစ်များပေါ်တွင် ထိုင်နေရင်း သူမ၏ ဖွေးဥသော ခြေထောက်အစုံကို အေးမြသော ရေကန်ထဲသို့ အသာအယာ ချထားလိုက်သည်။
ငါးလေးများက ရနံ့ကြောင့် ဆွဲဆောင်ခံရပြီး ပျော်ပျော်ရွှင်ရွှင် ကူးခတ်လာကြပြီး မီဒူဆာ၏ စွဲမက်ဖွယ်ကောင်းသော ခြေဖဝါးလေးများကို လာရောက် တိုးဝှေ့နေကြသည်။
မီဒူဆာက ငါးလေးများ၏ အထိအတွေ့ကြောင့် သက်တောင့်သက်သာရှိမှုကို ခံစားလိုက်ရသည်။ သူမသည် လှပသော မျက်ဝန်းအစုံကို မှိတ်ကာ ခန္ဓာကိုယ်ကို မတ်ထားကာ ငါးလေးများ၏ ပြုစုမှုကို ခံယူနေသည်။
ကျန်းချန်သည် သူ၏ မေးစေ့ကို ပွတ်ရင်း မိန်းမလှလေးတစ်ယောက်၏ ခြေထောက်နှင့်နင်း၍ ထွက်ပေါ်လာသော ၀ိုင်အရသာက ဘယ်လောက် ထူးခြားမလဲဟု တွေးနေမိသည်။
သူ၏ အတိတ်ဘဝတွင် လူအများက ခြေထောက်ဖြင့် နင်းကာ ဝိုင်ကို ဖော်စပ်ကြသည်ကို သူ မှတ်မိနေသည်။
တောင်ပေါ်မှ တိုက်ခတ်လာသော လေညင်းက ဝိုင်နံ့များကို သယ်ဆောင်လာသည်။ ဘုရင်မကြီး မီဒူဆာ၏ မျက်နှာလေး နီရဲလျက် ကုလားထိုင်တစ်လုံးကို ယူကာ ထိုင်လိုက်ပြီး များမကြာမီမှာပင် အိပ်ပျော်သွားတော့သည်။
မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် နှုတ်ခမ်းကို မဲ့ကာ တိုးညင်းသော အသံဖြင့် မေးလိုက်သည်။ "သခင်... ဒီအမျိုးသမီးက တော်တော်ထူးဆန်းတာပဲ။ သူမက ဒီနေရာကို သူမရဲ့ ကိုယ်ပိုင်အိမ်လို သဘောထားပြီး အိပ်တောင် အိပ်နေသေးတယ်..."
"ဟုတ်တယ်လေ... ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်း လိုက်နာမှသာ ပိုမြင့်မားတဲ့ နယ်ပယ်ကို တက်လှမ်းနိုင်မှာ" ကျန်းချန်က ပြုံးလျက် ပြောလိုက်သည်။ "ဒါနဲ့... နတ်သမီးဆရာဝန်မလေးနဲ့ ယွင်ယွင်တို့ ဘယ်မှာလဲ။ သူတို့ ဘာလို့ ဒီမှာမရှိတာလဲ။"
မရန်းစေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်းက "မကြာသေးခင်က ဆေးဘုရင် ဂူဟီနဲ့ ပတ်သက်တဲ့ ကိစ္စကြောင့် ကျန်းမအင်ပါယာလည်း တုန်လှုပ်သွားတယ်။ အကျိုးဆက်အနေနဲ့ ယွင်လန်ဂိုဏ်းက အကြီးအကဲတစ်ယောက် ကိုယ်တိုင်လာပြီး ယွင်ယွင်ကို ပြန်ခေါ်သွားတယ်" ဟု ပြန်ပြောသည်။ "နတ်သမီးဆရာဝန်မလေးကတော့ ကျွန်တော့်သားနဲ့အတူ မက်မွန်သီးသွားခူးကြတယ်။ ညနေလောက်မှ
ပြန်ရောက်ကြလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ ကျန်းချန်က ဘာမျှ ထပ်မပြောတော့ပေ။ တစ်ချိန်တည်းမှာပင် သူက မရန်းစေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်းကို အနားတွင် အိမ်တစ်လုံးဆောက်ရန် စီစဉ်ခိုင်းလိုက်သည်။ အကြောင်းမှာ ချိုင်လင်းနှင့် ချင်းလင်းတို့သည် မြေပေါ်တွင် အိပ်၍မရသောကြောင့် ဖြစ်သည်။
မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက ပြဿနာမရှိကြောင်း ပြောလိုက်ကာ သူ၏ ဟိန်းသံကြောင့် မရေမတွက်နိုင်သော မှော်သားရဲများသည် အလုပ်သမားများအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်မှ သစ်သားများနှင့် ကျောက်တုံးများကို တောင်ထိပ်သို့ သယ်ယူပို့ဆောင်နေကြသည်။
ထို့နောက် မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း၏ ဦးဆောင်မှုအောက်တွင် အခန်းကို ပြင်ခဲ့ပြီး သခင်ဖြစ်သူ၏ အခန်းကိုလည်း ပြန်ပြင်ခဲ့သည်။
အဆင့်သုံး မှော်သားရဲတစ်ကောင်က သူ၏ ကိုယ်ထက် ကြီးမားသော ကျောက်တုံးကြီးကို သယ်ဆောင်သွားသည်။ ခြေလှမ်းတိုင်းက မြေကြီးကို တုန်ခါစေသော်လည်း ထိုမှော်သားရဲအတွက်မူ ဤအလေးချိန်မှာ ကြောက်စရာမဟုတ်ပေ။
ကျန်းချန်က အတော်လေး ကျေနပ်မိသည်။ မှော်သားရဲများသည် ကြီးမားပြီး သွေးဆာတတ်သော်လည်း အရာဝတ္ထုများကို သယ်ရာတွင် လူသားများထက် ပိုမိုမြန်ဆန်ကြသည်။
သူတို့၏ အတိုင်းအဆမရှိသော ခွန်အားများကြောင့် ဤတာဝန်များက သူတို့အဖို့ ကလေး ကစားစရာမျှသာ ဖြစ်သည်။
ဘုရင်မကြီး မီဒူဆာသည်လည်း ဆူညံသံများကြောင့် နိုးလာပြီး ပြင်ဆင်နေသော အခန်းကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ထိုကဲ့သို့ နာခံမှုရှိသော မှော်သားရဲများကို မြင်ရသည်မှာ ရှားပါးလှသည်။
"ထပ်ပြီး မအိပ်တော့ဘူးလား" ကျန်းချန်က အိပ်ချင်မူးတူး ဖြစ်နေသော မီဒူဆာကို ကြည့်ကာ ပြုံးလိုက်သည်။ "နောက်တစ်ခါ အိပ်ရင် သတိထားပါ။ ရေထဲမှာ အကြာကြီး စိမ်ထားရင် အအေးဓာတ်က ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာနိုင်တယ်"
မီဒူဆာက သူမ၏ ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းကို မဲ့ကာ "ငါက သိုင်းဘိုးဘေးအဆင့်တစ်ဝက် ရှိနေတာပဲ။ ဒီလောက် အအေးဓာတ်လေးကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။ ဒါနဲ့... မင်းက ဒီအိမ်ကို ဘယ်လောက် ကြီးကြီး ဆောက်ဖို့ စီစဉ်ထားတာလဲ" ဟု မေးလိုက်သည်။
ကျန်းချန် ခဏလောက် စဉ်းစားလိုက်သည်။ နတ်သမီးဆရာဝန်မလေး၊ ယွင်အာ၊ ချင်းလင်း၊ ချိုင်လင်းနှင့် မရန်းစေ့ရောင်အတောင်ပံရှိသည့် ခြင်္သေ့မင်း သားအဖတို့အပြင် နောင်တစ်ချိန်တွင် ရောက်လာမည့်သူများ အတွက်ပါဆိုလျှင် အိမ်သေးသေးလေးက မလုံလောက်ပေ။
"လူ ၁၀ ယောက်စာလောက် ဆောက်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေရာက ကျယ်တော့ နန်းတော်တစ်ခု ဆောက်ဖို့ လုံလုံလောက်လောက် ရှိတာပဲ"
ယွင်လန်ဂိုဏ်း၏ အဓိကခန်းမဆောင်ကြီး၌...
ဂိုဏ်းချုပ်ဟောင်း ယွင်ရှန်းက တံခါးပိတ်ကျင့်စဥ်မှ မကြာခဏ ထွက်လာလေ့ရှိသည်။ အထူးသဖြင့် အကြီးအကဲ ဂူဟီ၏ လက်မောင်းတစ်ဖက် ပြတ်သွားသည်ကို ကြားသိရပြီးနောက် သူက နည်းနည်း မကျေမနပ် ဖြစ်နေခဲ့သည်။
ဆေးဘုရင် ဂူဟီသည် သူတို့ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်သည်။ ယခုအခါ သူသည် ကိုယ်လက်အင်္ဂါ မသန်မစွမ်း ဖြစ်သွားသဖြင့် အဆင့်ခုနစ် အဂ္ဂိရတ်ဆရာ ဖြစ်လာရန်မှာ အချိန်များစွာ ကြာတော့မည် ဖြစ်သည်။
ဂူဟီသည် အသက် ငါးဆယ်လောက် ရှိနေပြီဖြစ်သော်လည်း မြေပြင်ပေါ် ဒူးထောက်ကာ"ဂိုဏ်းချုပ်ကြီး... ကျွန်တော့်အတွက် တရားမျှတမှုကို ရှာပေးပါဦး" ဟု နှိမ့်ချစွာ ငိုယိုပြောဆိုလေသည်။
ယွင်ရှန်းက မျက်မှောင်ကြုတ်လျက် ဂူဟီကို စိုက်ကြည့်ကာ မေးလိုက်သည်။ "မင်း စကားအရဆိုရင် မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက သိုင်းဘိုးဘေးအဆင့်တစ်ဝက်ကို ရောက်နေပြီပေါ့"
"ဒါက ခက်ခဲလိမ့်မယ်။ မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက စင်ကြယ်တဲ့ မျိုးရိုးရှိသလို အခုလည်း သိုင်းဘိုးဘေးအဆင့်တစ်ဝက်ကို ရောက်နေပြီ။ ငါကိုယ်တိုင် ထွက်တိုက်ရင်တောင် သူ့ကို အနိုင်ယူနိုင်ဖို့ မသေချာဘူး"
ထိုစကားကို ကြားသောအခါ ဆေးဘုရင် ဂူဟီက မှင်တက်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။
ဖန်လီနှင့် ရန်ရှီတို့လည်း တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။ အကယ်၍ ယွင်လန်ဂိုဏ်းကသာ မကူညီလျှင် တခြားဘယ်သူမှ သူတို့ကို ကူညီမည်မဟုတ်ပေ။
ယွင်ရှန်းက "ယွင်အာ... နင်က ကျန်းချန်ရဲ့ သူငယ်ချင်းဆိုတော့ ပြောစမ်းပါဦး။ တကယ်က ဘာတွေ ဖြစ်ခဲ့တာလဲ" ဟု မေးမြန်းလိုက်သည်။
ယွင်ယွင်သည် သူမ၏ အနီရောင် နှုတ်ခမ်းကို တင်းတင်းစေ့လျက် ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် ပြောပြလိုက်သည်။
ထိုသူသည် အဆင့်ခြောက် အဂ္ဂိရတ်ဆရာတစ်ဦး ဖြစ်သည်ဟူသော အချက်ကို ကြားလိုက်ရသောအခါ ယွင်ရှန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ အကယ်၍ ကျန်းချန်သာ တကယ့် အဂ္ဂိရတ်ဆရာဆိုလျှင် သူ၏ စွမ်းအားသည် ဂူဟီထက်ပင် သာလွန်နေမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုသူကို မိမိတို့ဘက်ပါအောင် ဆွဲဆောင်နိုင်လျှင် အတော်လေးဆင်ပြေနိုင်မည် မဟုတ်ပါလော။
ယွင်ရှန်းက ပခုံးတွန့်ကာ လေးနက်သော မျက်နှာထားဖြင့် "တကယ်လို့ တစ်ဖက်လူက တကယ်ပဲ အဆင့်ခြောက် အဂ္ဂိရတ်ဆရာဆိုရင်တော့... ဂူဟီ... ငါ မင်းအတွက် လက်စားချေပေးနိုင်မှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"ဘယ်လို"
ဂူဟီသည် ထိတ်လန့်သွားပြီး "ဂိုဏ်းချုပ်ကြီး... ကျွန်တော်ကလည်း အဆင့်ခြောက် အဂ္ဂိရတ်ဆရာပါပဲ။ ဒါ့အပြင် မြွေလူမျိုးစုမှာ အထူးမီးတောက် ရှိတယ်ဆိုတာ ကျွန်တော်သိထားတယ်။ အဲဒီမီးတောက်ကိုသာ ရမယ်ဆိုရင် ကျွန်တော် အဆင့်ခုနစ် အဂ္ဂိရတ်ဆရာ အသေအချာ ဖြစ်လာပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ဂိုဏ်းချုပ်ကြီး အလိုရှိတဲ့ ဘယ်ဆေးလုံးကိုမဆို ကျွန်တော် ဖော်စပ်ပေးနိုင်ပါတယ်" ဟု အသည်းအသန် ပြောကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ယွင်ရှန်းပင်လျှင် ဘာမျှမပြောဘဲ တိတ်တဆိတ် စဉ်းစားနေလေသည်။