မီးတောက်ကျင့်စဉ် အဆင့်ပြောင်းလဲတိုးတက်ခြင်း
Vol. 4 Ch. 36
ကျန်းချန်သည် လက်ချောင်းထိပ်ရှိ မီးတောက်ကို စိုက်ကြည့်ကာ တည်ငြိမ်သော လေသံဖြင့် "ကြာပန်းစိမ်း၀င်ရိုးမီးတောက်... မင်းသာ ဒီထက်မြင့်မားတဲ့ အဆင့်အတန်းကို ရောက်ချင်တယ်ဆိုရင် ငါ့ကို ခုခံဖို့ မကြိုးစားနဲ့" ဟု ဆိုလိုက်သည်။
နှစ်ပေါင်းတစ်ထောင်ကျော်ကြာ စုပ်ယူထားခဲ့သည့် စွမ်းအင်တို့ကို ထိုမီးမျိုးစေ့အတွင်း၌ ဖိသိပ်ထားခဲ့သည်။ အကယ်၍သာ ထိုမီးမျိုးစေ့သာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်သွားခဲ့လျှင် သိုင်းဘိုးဘေးအဆင့်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးပင်လျှင် သေဆုံးခြင်းနှင့် ပျက်စီးခြင်းဟူသော ရလဒ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ကျန်းချန်၏ စွမ်းအားမှာ အတိုင်းအဆမရှိ လွှမ်းမိုးနိုင်စွမ်းရှိရာ ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို လှုပ်ရှား၍မရအောင် အင်အားသုံး ဖိနှိပ်လိုက်ပြီးနောက် တုံ့ဆိုင်းနေခြင်းမရှိဘဲ မိမိ၏ပါးစပ်အတွင်းသို့ သွတ်သွင်းလိုက်လေသည်။
ချက်ချင်းပင် ပြင်းထန်လှသော အပူလှိုင်းတစ်ခု သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ကြာပန်းစိမ်း၀င်ရိုးမီးတောက်သည်လည်း ဆူပွက်လာကာ ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောလမ်းကြောင်းများကို အဆက်မပြတ် တိုက်ခိုက်တော့သည်။
သို့သော်လည်း သိုင်းသူတော်စင်အဆင့်ရှိ သူ၏ သွေးကြောများမှာ အလွန်တရာ တောင့်တင်းခိုင်မာလှသည်။ ကြာပန်းစိမ်း၀င်ရိုးမီးတောက် နေနေသာသာ၊ အထူးမီးတောက်စာရင်း၏ ထိပ်သီးဆယ်ခုအတွင်းရှိ မီးတောက်များပင်လျှင် သိုင်းသူတော်စင် တစ်ဦးကို ခြိမ်းခြောက်နိုင်ရန် ခဲယဉ်းလှပေသည်။
ကျန်းချန်က သူ၏လက်ချောင်းများကို အသာအယာ လှုပ်ရှားလိုက်ရာ မမြင်နိုင်သော စွမ်းအားတစ်ခုက စတင်ဖိနှိပ်လာပြီး သောင်းကျန်းနေသော ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို ဝိညာဉ်စုပ်ယူရာနေရာဆီသို့ ပြန်လည်လမ်းလွှဲလိုက်သည်။
ထိုအချိန်တွင် ရွှေဧကရာဇ် ကောင်းကင်မီးတောက်က ကြာပန်းစိမ်း၀င်ရိုးမီးတောက်၏ အငွေ့အသက်ကို ခံစားမိသွားဟန်တူပြီး ၎င်း၏အာဏာကို ပြသည့်နှယ် အားနှင့်မာန်နှင့် ဒေါသတကြီး ဖြစ်လာသည်။
ချက်ချင်းဆိုသလိုပင် ကြာပန်းစိမ်း၀င်ရိုးမီးတောက်က ဝိညာဉ်စုပ်ယူရာနေရာသို့ မောင်းနှင်ခြင်း ခံလိုက်ရသည်။ သို့သော်လည်း ရွှေဧကရာဇ် ကောင်းကင်မီးတောက်က ၎င်းကို ဝါးမြိုပစ်မည်ကို စိုးရိမ်သဖြင့် ကျန်းချန်က မိမိ၏ စွမ်းအင်များဖြင့် ထိုမီးတောက်ကို အမြန်ဆုံး ကာကွယ်ပေးလိုက်ရသည်။
နောက်တစ်ဆင့်မှာ ထိုမီးတောက်ကို မီးတောက်ကျင့်စဉ် အတွင်းသို့ ပေါင်းထည့်ရန် ဖြစ်သည်။
မတူညီသော မီးတောက်များကို မီးတောက်ကျင့်စဉ်အတွင်းသို့ ပေါင်းစပ်လိုက်သည့်အခါ မည်သို့မည်ပုံ ဖြစ်လာမည်ကို ဘယ်သူမျှ မသိနိုင်ပေ။ ဤသည်မှာ ကျန်းချန်အတွက် ပထမဆုံး အတွေ့အကြုံဖြစ်သဖြင့် အန္တရာယ်ရှိ၊ မရှိကို သူကိုယ်တိုင်လည်း အာမ မခံနိုင်ချေ။
မီးတောက်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည့်အခါ မတူညီသော အထူးမီးတောက် နှစ်မျိုးက သီးခြားနေရာတစ်ခုဆီသို့ လွတ်မြောက်ရာလမ်းကို ခေါက်တုံ့ခေါက်ပြန် ပြေးလွှားရှာဖွေနေကြသည်။
ကံမကောင်းစွာဖြင့် ဒီနေရာက လုံးဝပိတ်ဆို့ထားသည့်အတွက် လွတ်မြောက်ရန် အခွင့်အရေး လုံးဝမရှိပေ။
မီးတောက်ကျင့်စဉ်၏ နေရာအတွင်း၌ ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်ရင်း "နောက်တစ်ဆင့်က မင်းတို့နှစ်ယောက်စလုံး မီးတောက်ကျင့်စဉ်ကို အတူတူ ပုံဖော်ကြရမယ်" ဟု အမိန့်ပေးလိုက်သည်။
ကြာပန်းစိမ်း၀င်ရိုးမီးတောက်သည် အဝါ အဆင့်နိမ့် မီးတောက်ကျင့်စဉ်ကို အလယ်အလတ်အဆင့်သို့ မြှင့်တင်ပေးရန်အတွက် အထိရောက်ဆုံးဖြစ်သည်။ သို့သော် ကျန်းချန် အဓိက အလေးထားသည်မှာ ရွှေဧကရာဇ် ကောင်းကင်မီးတောက် ပင်ဖြစ်သည်။
ရွှေဧကရာဇ် ကောင်းကင်မီးတောက်က စင်ကြယ်သည့် ကြာပန်း မှော်မီးတောက်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်မှုမရှိသော်လည်း ရှေးခေတ်ကပင် ဂုဏ်သတင်းကျော်ကြားခဲ့သည့် မီးတောက်ဖြစ်သည်။ ထို့အပြင် ဤမီးတောက်မျိုးက ရှေးမျိုးနွယ်စုများအတွင်းသာ လက်ဆင့်ကမ်းလာခဲ့သည့် မီးတောက်မျိုးဖြစ်ပြီး ၎င်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်သူမှာ အလွန်နည်းပါးလှသည်။
ရွှေဧကရာဇ် ကောင်းကင်မီးလျှံသည် ဒိုချီစွမ်းအင်များကိုပင် လောင်ကျွမ်းစေနိုင်သည်ဟု ဆိုကြသည်။ ဒဏ္ဍာရီလာပုံပြင်များအရ ဤမီးတောက်၏ ပထမဆုံးပိုင်ရှင်က မီးတောက်ကို ပထမဆုံးအသုံးပြုသောအခါ သိုင်းသူတော်စင်တစ်ဦး ဖန်တီးထားသည့် နေရာကိုပင် ပြာကျအောင် လောင်ကျွမ်းစေနိုင်သည်ဟု ဆိုစမှတ်ပြုကြသည်။
ရွှေရောင်မီးတောက်များသည် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်း၌ အရည်ကဲ့သို့ ဖြည်းညှင်းစွာ စီးဆင်းနေပြီး ၎င်းတို့ဖြတ်သန်းသွားရာ နေရာတစ်လျှောက် လေထန်ပြီး မဲမှောင်နေသည်။
ကျန်းချန်က "မင်း ငါ့နောက်ကို လိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီပဲ... အခုထိ ငါ့ကို ဆန့်ကျင်ချင်နေတုန်းလား" ဟု မေးလိုက်သည်။
ရွှေဧကရာဇ် ကောင်းကင်မီးတောက်က ပြင်းထန်စွာ တုန်ခါသွားသည်။ ဤအထူးမီးတောက်က အတော့်ကို ပုန်ကန်လိုစိတ်ရှိပြီး ပိုင်ရှင်ဖြစ်သူက ဂရုမစိုက်မိပါလျှင် ပြန်လည်တိုက်ခိုက်ရန် အမြဲအသင့်ရှိနေတတ်သည်။
ထို့ကြောင့် ကျန်းချန်က အတော်လေး သတိထားနေရသည်။ ဤသည်မှာ ထူးခြားမီးတောက်စာရင်းတွင် အဆင့် (၄) ရှိသည့် မီးတောက်ဖြစ်ရာ အမှားအယွင်း အနည်းငယ်ရှိရုံနှင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်ရေးစွမ်းအင်အားလုံးကို လောင်ကျွမ်းပျက်စီးစေနိုင်သည်။
အချိန်တစ်ခုကြာပြီးေနာက် ရွှေရောင်နှင့် မိုးပြာရောင်တို့က အဆက်မပြတ် ပေါင်းစည်းလာကြသည်။ အတိုင်းအဆမရှိသော ဒိုချီစွမ်းအင်များ၏အောက်တွင် ကြာပန်းစိမ်း၀င်ရိုးမီးတောက်က ပထမဦးဆုံး အညံ့ခံလိုက်သဖြင့် မီးတောက်ကျင့်စဉ်အတွင်းသို့ လုံးဝဥဿုံ ပေါင်းစပ်သွားတော့သည်။
သို့သော် ရွှေဧကရာဇ် ကောင်းကင်မီးတောက်မှာမူ အလွန် ခေါင်းမာလှသည်။ ကျန်းချန်က အကြောင်းပြ၍ မည်သို့ပင် ဖျောင်းဖျစေကာမူ ၎င်းသည် အနည်းငယ်ပင် တုန်လှုပ်ခြင်းမရှိ။
ကျန်းချန်က သက်ပြင်းချရင်း "မင်း ငါ့နောက်ကို လိုက်လာတာ နှစ်ပေါင်းမနည်းတော့ဘူး၊ ငါ ဘယ်လိုလူလဲဆိုတာ မင်းသိသားပဲ... ကောင်းကင်ဘုံအဆင့်ကိုတောင် ကျော်လွန်သွားမဲ့ ကျင့်စဉ်တစ်ခု ပေါ်လာတာကို မင်း မမြင်ချင်ဘူးလား" ဟု ဆိုလိုက်သည်။
ရွှေဧကရာဇ် ကောင်းကင်မီးတောက်က သူ၏ခန္ဓာကိုယ်ကို အကြိမ်ကြိမ် လှုပ်ရမ်းနေပြီး ဤကျဉ်းမြောင်းသော နေရာတွင် ချုပ်နှောင်ခံရမည်ကို မလိုလားကြောင်း ပြသနေသည်။
သို့သော်လည်း ကျန်းချန်၏ ခိုင်မာသည့်ရပ်တည်ချက်နှင့်အတူ အစွမ်းထက်လှသော စွမ်းအား၏အောက်တွင် ရွှေဧကရာဇ် ကောင်းကင်မီးတောက်က နောက်ဆုံး သူ့သခင်စွမ်းအားအောက်တွင် အညံ့ခံလိုက်ရပြီး မီးတောက်ကျင့်စဉ်အတွင်းသို့ လုံးဝ ပေါင်းစည်းသွားလေတော့သည်။
ထိုအခိုက်တွင် ကောင်းကင်နှင့် မြေကြီးက အရောင် ပြောင်းသွားပြီး နီညိုရောင် လျှပ်စီးကြောင်းက နဂါးနှင့် မြွေများကဲ့သို့ ကောင်းကင်ယံ၌ လက်ခနဲ လှုပ်ရှားလာကြသည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ... အထဲမှာ ဒီလူ ဘာတွေလုပ်နေတာလဲ မသိဘူး"
"ကောင်းကင်နဲ့ မြေကြီးတောင် တုန်ခါသွားတာပဲ.. စွမ်းအားရှင်တစ်ယောက် ရောက်လာတာများလား"
ဘုရင်မကြီး မီဒူဆာက ကောင်းကင်၌ လင်းလက်နေသော လျှပ်စီးများကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
အားကြီးသော အလင်းတန်းက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီးနောက် အထူးမီးတောက် နှစ်မျိုးလုံးကို အောင်မြင်စွာ ဝါးမျိုနိုင်ခဲ့သည်။ မီးတောက်ကျင့်စဉ်သည်လည်း အဆင့်မြင့် မြေကြီးအဆင့်သို့ ချက်ချင်း တိုးတက်သွားခဲ့သည်။ မျှော်မှန်းထားသလောက် မဟုတ်သော်လည်း အဆင့်ကြီးနှစ်ဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်းကပင် ရွှေဧကရာဇ် ကောင်းကင်မီးတောက်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သက်သေပြနေခြင်းပင် ဖြစ်သည်။
ကျန်းချန်က တည်ငြိမ်စွာဖြင့် "အထူးမီးတောက်စာရင်း အဆင့် (၄)မှာ ရှိတဲ့ ရွှေဧကရာဇ် ကောင်းကင်မီးတောက် ဆိုတဲ့အတိုင်း မီးတောက်ကျင့်စဉ်ကို အဆင့်မြင့် မြေကြီးအဆင့်အထိ ချက်ချင်း မြှင့်တင်ပေးနိုင်တယ်... နောင်တစ်ချိန်မှာ တခြားအထူးမီးတောက်တွေကိုပါ ဝါးမြိုနိုင်ရင် ကောင်းကင်ဘုံအဆင့်အထိ တိုးတက်သွားမှာပဲ" ဟု ရေရွတ်လိုက်သည်။
ဤအကြောင်းကို တွေးမိလိုက်သောအခါ ကျန်းချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံအဆင့်ထက်ပင် သာလွန်သည့် ကျင့်စဉ်တစ်ခုက ဘယ်လောက်အထိ အစွမ်းထက်မည်နည်းဟု သူ သိချင်မိသည်။
လက်ရှိ သူ့တွင် "မိုးပြာရောင်ကြာပန်း ဓားရိပ်" ဟု အမည်ရသော ကောင်းကင်ဘုံအဆင့် တိုက်ခိုက်ရေးကျင့်စဉ်တစ်ခုသာ ရှိသေးသည်။ ၎င်းကို အစွမ်းကုန် အသုံးချလိုက်လျှင် ကောင်းကင်ဘုံအဆင့် အလယ်အလတ် သို့မဟုတ် အဆင့်မြင့်ပိုင်းအထိပင် ယှဉ်နိုင်စွမ်းရှိသည်။
ယခုအခါ မီးတောက်ကျင့်စဉ်၏ တန်ဖိုးမှာ ထင်ရှားလာပြီ ဖြစ်သည်။ သိုင်းဘိုးဘေး တစ်ဦးပင်လျှင် ရွှေဧကရာဇ် ကောင်းကင်မီးတောက်၏ ကြောက်မက်ဖွယ် စွမ်းအားကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
အဝေးက တောင်တန်းများပေါ်တွင်မူ ရှောင်ယန်က ကောင်းကင်နှင့် မြေကြီးမှ စွမ်းအင်များနှင့် အသက်ဝင်လှသော မိုးပြာရောင် မီးလျှံများကို စိုက်ကြည့်နေသည်။
"ဆရာ... အဲဒါ ဘာလဲဟင်။ အတော့်ကို ကြောက်စရာကောင်းလိုက်တာ"
ယောင်ချန်သည် သူ၏နှုတ်ခမ်းမွေးကို အသာအယာသပ်ရင်း "မီးတောက်က အပြာရောင်၊ ပုံစံက ကြာပန်းနဲ့တူတယ်... မီးတောင်တစ်ခုလိုပဲ... ဒါဟာ... ထူးခြားမီးတောက်စာရင်းရဲ့ အဆင့် ၁၉ မှာရှိတဲ့ ကြာပန်းစိမ်း၀င်ရိုးမီးတောက်ပဲ ဖြစ်ရမယ်" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာ... ကြာပန်းစိမ်း၀င်ရိုးမီးတောက် ဟုတ်လား"
ဆရာဖြစ်သူ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ရှောင်ယန်၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော မီးတောက်က အမှန်တကယ်ပင် အထူးမီးတောက် ဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
အဂ္ဂိရတ်ဆရာအိုကြီးသည်လည်း မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာ၌ မည်သူက မီးတောက်ကို ဝါးမြိုနေပါသနည်း။ အရပ်မျက်နှာကို ကြည့်မည်ဆိုလျှင် ထိုစဉ်က မရန်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း ကို နှိမ်နင်းခဲ့သည့် ပုဂ္ဂိုလ် ဖြစ်နိုင်ချေရှိသည်။
ယခုလက်ရှိ စွမ်းအားဖြင့်ဆိုလျှင် ကြာပန်းစိမ်း၀င်ရိုးမီးတောက်သည်ပင် ဤမျှပြင်းထန်လှသော စွမ်းအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့ဆိုလျှင် ထိုပုဂ္ဂိုလ်၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှအထိ မြင့်မားနေမည်နည်း။
ယောင်ချန်က သူ့ပါးစပ်ကို ရိုက်လိုက်ရင်း လှည့်ထွက်မည်အပြုတွင် ကြာပန်းစိမ်း၀င်ရိုးမီးတောက်ထက်ပင် ပို၍ကြောက်စရာကောင်းသော မီးတောက်တစ်ခု၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။
ရွှေရောင်အလင်းတန်းများက ချည်မျှင်တန်းများကဲ့သို့ အပြင်ဘက်ကို ပျံ့နှံ့သွားပြီး ၎င်းတို့နှင့် ထိတွေ့သမျှသော မှော်သားရဲများကို ဝါးမျိုပစ်နေသည်။
"ဒါက... ဒါက..." တစ်ချိန်က ကြည်ညိုလေးစားခဲ့ရသည့် သိုင်းဝိဇ္ဇာ ယောင်ချန်ပင်လျှင် စကားမဆိုနိုင်ဘဲ မှင်တက်သွားရသည်။ မိမိကိုယ်မိမိ မယုံကြည်နိုင်သော်လည်း သေသေချာချာ ထပ်မံကြည့်ရှုပြီးနောက် သူ မှားယွင်းခြင်းမရှိသေးကြောင်း အတည်ပြုလိုက်နိုင်သည်။
ထူးခြားမီးတောက်စာရင်းထဲတွင် ထိုကဲ့သို့သော ကြောက်မက်ဖွယ် ရွှေချည်မျှင်များကို ထုတ်လွှတ်နိုင်သည်မှာ တစ်ခုတည်းသာ ရှိသည်။
၎င်းမှာ အထူးမီးတောက်၏ အဆင့် (၄) ဖြစ်သော ရွှေဧကရာဇ် ကောင်းကင်မီးတောက်ပင် ဖြစ်သည်။
"ဆရာ... ဘာဖြစ်လို့လဲ ဆရာ့မျက်နှာက ဘာလို့ ဒီလောက်အထိ ထူးဆန်းနေရတာလဲ" ရှောင်ယန်က ယောင်ချန်၏ လေးနက်နေသော မျက်နှာထားကို ကြည့်ပြီး ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကြောင့်ဟုသာ ထင်မှတ်နေမိသည်။
ရှောင်ယန် မသိသည်မှာ သူသည် နှစ်ပေါင်းများစွာအတွင်း အစွမ်းထက်ဆုံးဖြစ်သည့် ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကို မျက်မြင်တွေ့ရတော့မည် ဖြစ်ကြောင်းပင်။
ယောင်ချန်သည် ရှောင်ယန်၏ လက်မောင်းကို ဆွဲကာ အနားသို့ တိုးဝင်လာသော ရွှေချည်မျှင်များကို ရှောင်တိမ်းလိုက်သည်။ ထိုချည်မျှင်များ မြေပြင်ပေါ်သို့ ကျသွားသည့်အခါ ကြီးမားလှသော မြောင်းကြီးတစ်ခု ဖြစ်လာလေသည်။
"ဘုရားရေ..."
ရှောင်ယန်သည် ဒီအံ့ဩဖွယ်ကောင်းသည့် စွမ်းအားကြောင့် ထိတ်လန့်သွားပြီး ခြေထောက်များပင် တုန်လာသည်။ "ဆရာ... အဲ့ဒါက ဘာကြီးလဲ"