မြေကြီးအဆင့် အနိမ့်စား သိုင်းပညာ၊ ဝိညာဉ်ဖမ်းလက်ဝါး
Vol. 5 Ch. 43
ဂူဟီသည် အောက်ဘက်ရှိ မှန်စင်မြင့်ကို လေးနက်တည်ငြိမ်သော အမူအရာဖြင့် စူးစိုက်ကြည့်နေရင်း အတွေးထဲတွင် နစ်မြောနေမိသည်။ ထိုစဉ် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသကဲ့သို့ ခေါင်းကို အမြန်လှည့်လိုက်ပြီး ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်း ရှိရာ သီးသန့်ခန်းဆီသို့ သူစိုက်ကြည့်လိုက်သည်။
"မင်းပဲ"
ဂူဟီသည် ယခုအချိန်တွင် ကျန်းချန်ကို သတိထားမိသွားပြီးနောက် သူ့ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ သူ ထင်ထားသည့်အတိုင်းပင် ဖြစ်သည်။ ကျားမာနိုင်ငံတော်အတွင်းရှိ ပညာရှင်အပေါင်းက ယခုကဲ့သို့ ရိုရိုသေသေ ဆက်ဆံရမည့်သူမှာ ကွန်ဖြူးရှပ်ပညာရှိ သခင်လေးမှတစ်ပါး အခြားသူ မရှိနိုင်တော့ပေ။
"အဖိုး ဟီ... စိတ်ကိုထိန်း။ ကွန်ဖြူးရှပ်ပညာရှိ သခင်လေးဆိုတာ ငါတို့ ရင်ဆိုင်နိုင်တဲ့သူမျိုး မဟုတ်ဘူး"
ရန်ရှီသည် ရိုးရှင်းသောစိတ်ထားရှိပြီး ဒေါသကြီးသော်လည်း အနောက်မြောက်တိုက်ကြီးတစ်ခုလုံးတွင် ကျန်းချန်၏ အဆင့်အတန်းမှာ မည်မျှအထိ ကြီးမားကြောင်းကိုမူ ကောင်းစွာနားလည်ထားသည်။ တိမ်တိုက်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း ယွင်ရှန်းပင်လျှင် သူ့ကို ရှောင်ဖယ်နေရသည်။ သို့ဖြစ်ရာ သိုင်းဘုရင်အဆင့်မျှသာ ရှိသေးသည့် ၎င်းတို့ သုံးယောက်အဖို့မှာမူ ပြောနေရန်ပင် မလိုတော့ပေ။
ဂူဟီသည် မိမိ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ လက်ရှိ သူ၏ စွမ်းအားဖြင့် ကျန်းချန်ကို အနိုင်ယူရန်မှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။ သူသည် သွားကို တင်းတင်းကြိတ်ကာ "ကောင်းပြီလေ... ခင်ဗျားကိုပဲ ပေးလိုက်မယ်" ဟု ခဆိုလိုက်သည်။
ဂူဟီ ထပ်မံ၍ လေလံမဆွဲတော့သည်ကို တွေ့သောအခါ ယာဖေး၏ မျက်နှာ ပြုံးသွားသည်။ "ဆေးဘုရင် ဂူဟီက လေလံထပ်မဆွဲတော့တဲ့အတွက် ဒီ ရွက်သုံးပင် ဝိညာဉ်မြက်စိမ်းကို နံပါတ်တစ် သီးသန့်ခန်းက ဧည့်သည်တော်က ရရှိသွားပါတယ်"
လေလံပွဲတက်ရောက်လာသူတိုင်းက နှမြောတသဖြစ်နေကြသော်လည်း နံပါတ်တစ် သီးသန့်ခန်းအတွင်းရှိ ပုဂ္ဂိုလ်မှာ မည်သူဖြစ်ကြောင်းကို ပို၍ စိတ်ဝင်စားနေကြသည်။ အဆင့်ခြောက်အဆင့်ရှိ အဂ္ဂိရတ်ဆရာ ဆေးဘုရင် ဂူဟီကပင် ဤမျှအထိ အလျှော့ပေးအောင် ပြုလုပ်နိုင်သည့် ထိုသူမှာ မည်မျှပင် ထူးခြားနေမည်နည်း။
တကယ့်ကို အံ့အားသင့်စရာပဲ။
"နောက်ထပ် လေလံတင်မယ့် ပစ္စည်းကိုလည်း အားလုံး သဘောကျကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်..."
ကျန်းချန်သည် နောက်ဆက်တွဲ လေလံပစ္စည်းများကို ကြည့်လိုက်သော်လည်း စိတ်ဝင်စားစရာ တစ်ခုမျှ မတွေ့ရပေ။ ကျားမာနိုင်ငံတော်သည် အနောက်မြောက်တိုက်၏ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်သော်လည်း လေလံတင်သမျှ ပစ္စည်းများမှာ သိုင်းဧကရာဇ်အဆင့်အောက်ရှိ ပညာရှင်များအတွက်သာ သင့်တော်ပေသည်။
သူ လိုချင်သည့်အရာဟူ၍ မရှိနေပေ။
အချို့သော ဆေးဖက်ဝင်အပင်များက သူ့ကို အံ့အားသင့်စေသော်လည်း စားလျှင်လည်း အရသာမရှိသော ကြက်ရိုးများကဲ့သို့ လွှင့်ပစ်ရန်ကျတော့လည်း နှမြောစရာကောင်းနေသည့် နောက်ဆုံးတွင် အသုံးမဝင်သော အရာများသာ ဖြစ်နေသည်။
ဒါအကုန်ပါပဲ။
ရေခဲဧကရာဇ် ဟိုင်ပေါ်တုန်းက ကျန်းချန်ဘက်သို့ လှည့်ကာ "ဘာလဲ... မင်း သဘောကျတာ တစ်ခုမှ မရှိဘူးလား" ဟု မေးလိုက်သည်။
ဟိုင်ပေါ်တုန်းသည် ကျန်းချန်၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်ပြီး ကျန်းချန် သိုင်းဘုရင်အဆင့်တည်းက သိကျွမ်းခဲ့သူ ဖြစ်သောကြောင့် သူ၏ နာမည်ကို ခေါ်ဝံ့ရဲခြင်းပင်။
ကျန်းချန်က လက်ဖက်ရည်ပူပူကို တစ်ငုံသောက်လိုက်ပြီး အေးအေးလူလူပင် "ဒါတွေက အဆင့်နိမ့်ပစ္စည်းတွေပဲ၊ ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး။ အဖိုး ဟိုင် ကြိုက်တာရှိရင် လေလံဆွဲလေ" ဟု ပြောလိုက်သည်။
"ဟဲဟဲ... ငါလည်း ဒါတွေကို စိတ်မဝင်စားပါဘူး။ ငါ အဓိက စိတ်ဝင်စားနေတာက နောက်ဆုံး လေလံတင်မဲ့ ပစ္စည်းပဲ"
ဟိုင်ပေါ်တုန်း၏ စကားကို ကြားသောအခါ ကျန်းချန်က ဘေးစောင်းကြည့်ရင်း "နောက်ဆုံး လေလံပစ္စည်းက ဘာမို့လို့လဲ" ဟု စပ်စုမိသည်။
"မြေကြီးအဆင့် အနိမ့်စား သိုင်းပညာလေ"
မြေကြီးအဆင့် သိုင်းအတတ်ပညာများသည် အနောက်မြောက်တိုက်ကြီးတစ်ခုလုံးတွင် အလွန်တရာ ရှားပါးလှသည်။ ကျရှင်းထျန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးတွင်ပင် မြေကြီးအဆင့် အခြေခံ သိုင်းပညာ နှစ်ခုသာရှိပြီး ယင်းတို့ကို နိုင်ငံတော်၏ အမွေအနှစ်အဖြစ် သတ်မှတ်ကာ ကျားမာနိုင်ငံတော်၏ နောက်မျိုးဆက် စောင့်ရှောက်သူများအား ကျင့်ကြံခွင့်ပေးထားခြင်း ဖြစ်သည်။
အနောက်မြောက်တိုက်ကြီးရှိ မြေကြီးအဆင့် သိုင်းပညာတစ်ခု၏ တန်ဖိုးမှာ မည်မျှပင် ကြီးမားမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
ဤလေလံပွဲ၌ ထိုကဲ့သို့ ရတနာတစ်ပါး ပါဝင်လာသဖြင့် လာရောက်သမျှ သိုင်းဧကရာဇ်များမှာ လက်လွှတ်မခံချင်ကြပေ။
ကျန်းချန်ကမူ အသာအယာ ပြုံးလိုက်ရုံသာ ရှိသည်။ သူ၏ လက်ထဲ၌ မြေကြီးအဆင့် သိုင်းပညာ နှစ်ဆယ်ထက်မနည်း ရှိနေသော်လည်း အနည်းငယ်ကိုသာ ကျင့်ကြံထားသည်။ ထိုသိုင်းပညာများသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါက ကောင်းကင်ဘုံအဆင့်သို့ပင် တက်လှမ်းနိုင်သည့် အလားအလာရှိသည်။
သို့သော် ဤကဲ့သို့သော ကျင့်စဉ်သည် သိုင်းသူတော်စင်အဆင့် ပညာရှင်များအတွက်မူ အသုံးမဝင်လှပေ။ မြေကြီးအဆင့် အဆင့်မြင့် သိုင်းပညာ သို့မဟုတ် ထိုထက် မြင့်မားသည့် အရာများမှသာ သိသိသာသာ အကူအညီကို ပေးနိုင်မည် ဖြစ်သည်။
သူသည် ယခင်က မှော်သားရဲတောင်တန်းရှိ လေလံအိမ်တစ်ခုမှ သိုင်းအတတ်ပညာတစ်ခုကို ကံကောင်းထောက်မစွာ ရရှိခဲ့ပြီး ထိုအတတ်ပညာကြောင့်ပင် အကျိုးကျေးဇူးများစွာ ရရှိခဲ့ဖူးသည်။
"အားလုံးပဲ... နောက်ထပ် လေလံတင်မှာကတော့ မြေကြီးအဆင့် အနိမ့်စား သိုင်းအတတ်ပညာ တစ်ခုဖြစ်တဲ့ ဝိညာဉ်ဖမ်းလက်ဝါး ပဲ ဖြစ်ပါတယ်။ ဒီအတတ်ပညာကို တတ်မြောက်သွားရင် ခင်ဗျားတို့ရဲ့ လက်ဝါးချက် ထိမှန်တဲ့သူမှန်သမျှဟာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး မြေပြင်ပေါ်မှာ နာကျင်စွာ အော်ဟစ်ရင်း လဲကျသွားစေမှာပါ။"
"မိမိထက် အဆင့်မြင့်တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရရင်တောင်မှ ဒီသိုင်းပညာနဲ့ဆိုရင် အရေးမနိမ့်နိုင်ပါဘူး"
လူတိုင်း ရင်တထိတ်ထိတ် ဖြစ်သွားကြသည်။ ဤမျှလောက် မြင့်မားသည့် အဆင့်ရှိသော သိုင်းပညာတစ်ခုကို လေလံတင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ဤကဲ့သို့သော မြေကြီးအဆင့် သိုင်းပညာများကို ရရှိရန်မှာ သာမန်လူများအတွက် မဖြစ်နိုင်ဘဲ တော်ဝင်မိသားစုဝင်များသာ လေလံဆွဲနိုင်မည့် အရည်အချင်း ရှိပေသည်။
ယာဖေးသည် သူမ၏ စွဲမက်ဖွယ်ကောင်းသော ကိုယ်ဟန်ဖြင့် မှန်စင်မြင့်အစွန်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။ သူမ၏ လှပကျော့ရှင်းသည့် အပြုအမူကြောင့် အောက်ဘက်ရှိ ပရိသတ်များမှာ သွားရည်ကျကုန်ကြပြီး အချို့မှာမူ သူမနှင့်အတူ ပျော်ရွှင်စရာ ဘဝတစ်ခု တည်ဆောက်နေရသကဲ့သို့ စိတ်ကူးယဉ်နေကြတော့သည်။
"အားလုံးပဲ၊ ဒီပစ္စည်းအတွက် သတ်မှတ်ထားတဲ့ အနိမ့်ဆုံးဈေး မရှိပါဘူး။ အမြင့်ဆုံး ဈေးပေးနိုင်တဲ့သူက အပိုင်ရမှာပါ။ စိတ်ကြိုက် လေလံဆွဲနိုင်ပါတယ်"
ယာဖေး၏ အသံဆုံးသွားသည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ လူအုပ်ကြီးမှာ စိတ်လှုပ်ရှားစွာဖြင့် လေလံဈေးများကို အပြိုင်အဆိုင် အော်ကြတော့သည်။
"ရွှေဒင်္ဂါး တစ်သန်း"
"တစ်သန်း တစ်သိန်း ပေးမယါ"
"တစ်သန်း နှစ်သိန်း"
ထိုစဉ် လေလံအိမ်၏ တံခါးမကြီးမှာ ဝုန်းခနဲ ပွင့်သွားပြီး လူအုပ်စုက ရယ်မောကာ ကြော့ကြော့မော့မော့ လမ်းလျှောက်ဝင်လာသည်"ကျားမာနိုင်ငံတော်လို နိုင်ငံငယ်လေးက မြေကြီးအဆင့် သိုင်းပညာကို လေလံတင်နေတယ်ဆိုတော့ တကယ်ကို အံ့ဩဖို့ကောင်းသားပဲ"
ထိုစကားကို ကြားသောအခါ လေလံခန်းမအတွင်းရှိ လူတိုင်းက ထိုသူများမှာ မည်သူနည်းဟု ထူးဆန်းသည့်အကြည့်နှင့် ကြည့်လိုက်ကြသည်။ မီတဲလ်လေလံအိမ်ထဲသို့ ယခုကဲ့သို့ ရိုင်းပျစွာ ဝင်ရောက်လာရဲသည်မှာ အသက်ရှင်ရသည်ကို ငြီးငွေ့နေ၍သလော။
တံခါးဝရှိ အစောင့်များမှာ တားဆီးရန် ပြေးဝင်ကြသော်လည်း ရှေ့ဆုံးမှ အဘိုးအို၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားကြသည်။ ထိုအဘိုးအို၏ ခန္ဓာကိုယ်မှ သွေးနံ့နံနေသော အနီရောင် ဒိုချီစွမ်းအင်များမှာ မြစ်ကြီးတစ်စင်းကဲ့သို့ အဆက်မပြတ် စီးဆင်းနေသည်။
"ဒီဂိုဏ်းချုပ်က လေလံဆွဲဖို့ လာတာ၊ မင်းတို့နဲ့ ကစားဖို့ လာတာ မဟုတ်ဘူး"
"သူက... သွေးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖန်လောင်ပဲ"
ကျားမာနိုင်ငံတော်၏ သိုင်းဧကရာဇ်များနှင့် သိုင်းဘုရင်များမှာ တစ်ပြိုင်နက်တည်း မတ်တပ်ရပ်မိသွားကြသည်။ ဖန်လောင်ကို မည်သူက မသိဘဲ နေပါမည်နည်း။ သူသည် အမှောင်ထုလွှမ်းနယ်မြေ၏ ထိပ်တန်းပညာရှင် ဆယ်ဦးမှ တစ်ဦးဖြစ်သည်မဟုတ်ပါလား။
သူသည် အမှောင်ထုလွှမ်းနယ်မြေတွင် နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်ကာ ကြမ်းတမ်းပြီး သွေးဆာတတ်သူလည်း ဖြစ်ပေသည်။ ယနေ့ သူ ရောက်ရှိလာမည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ကျရှင်းထျန်း၏ အကြည့်များက စူးရှသွားပြီး "ဖန်လောင်... မင်း ဘာသဘောလဲ။ မင်းတို့ အမှောင်ထုလွှမ်းနယ်မြေက ငါ့ရဲ့ ကျားမာနိုင်ငံတော်ထဲအထိ နယ်လာချဲ့တာလား" ဟု မေးလိုက်သည်။
"အို... အဖိုးကြီး ကျ ပါလား" ဖန်လောင်က ယုတ်မာသော အပြုံးဖြင့် "ငါက လေလံပွဲလာတာပါ။ ဒီကလေးတွေက ရိုင်းပျလို့ ငါက မင်းကိုယ်စား သင်ခန်းစာ ပေးလိုက်တာပါ။ ဒါက အားလုံးကို ဒေါသထွက်စေမယ်လို့တော့ မထင်ပါဘူး"
ကျရှင်းထျန်း နှုတ်ခမ်းမဲ့သွားသည်။ အကယ်၍ ဖန်လောင်၏ နောက်ကွယ်တွင် ဆေးဧကရာဇ်သာ မရှိခဲ့လျှင် သူသည် ယနေ့ ဖန်လောင်ကို ကြီးလေးသော အဖိုးအခကို ပေးဆပ်ခိုင်းမည် ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ် ဖန်လောင်မှာမူ လက်ကို ဝှေ့ယမ်းလိုက်ကာ တတိယထပ်ရှိ သီးသန့်ခန်းတစ်ခုမှ သိုင်းဘုရင်တစ်ဦးကို ကန်ထုတ်လိုက်ပြီးနောက် သူကိုယ်တိုင် ထိုင်ခုံပေါ်တွင် အေးအေးလူလူ ထိုင်ချလိုက်သည်။
"ဒီဂိုဏ်းချုပ်ဆရာကြီးက ကျားမာနိုင်ငံတော်မှာ မြေကြီးအဆင့် သိုင်းပညာ လေလံတင်မယ်လို့ သတင်းကြားတော့ ကိုယ်တိုင် လာကြည့်တာပါ။ မီတဲလ်မိသားစုက ငါ့ကို ကြိုဆိုမယ်လို့ မျှော်လင့်ပါတယ်"
မီတဲလ် ထန်ရှန်းက ဘာမှ မပြောဘဲ ခါးသီးမှုကိုသာ မျိုသိပ်ရင်း "ကျွန်တော်တို့ ကြိုဆိုပါတယ်" ဟု ဆိုလိုက်ရသည်။
"ဟဲဟဲ... ပညာရှိတဲ့သူက အခြေအနေကို ကြည့်တတ်တာပဲ။ မောင်ရင် ထန်ရှန်းက ပြဿနာမရှိဘူးဆိုရင်တော့ အဘိုးကြီး ကျ လည်း ငါ့ကို အခက်တွေ့အောင် လုပ်မှာတော့ မဟုတ်ဘူး မဟုတ်လား"
ဖန်လောင်က မခန့်လေးစားပင် ပြန်ပြောလိုက်သည်။ ကျားမာနိုင်ငံတော်အတွင်း၌ သူ၏ အဆင့်အတန်းအရ ကျရှင်းထျန်းပင်လျှင် သူ့ကို တစ်စုံတစ်ရာ မလုပ်ရဲကြောင်း သူ ကောင်းစွာ သိထားသည်။ သို့မဟုတ်ပါလျှင် ဆေးဧကရာဇ်ကို ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်။
လက်ဖက်ရည်သောက်နေသော ကျန်းချန်မှာမူ ထိုအခြင်းအရာများကို ဂရုမစိုက်ပေ။ သိုင်းကမ္ဘာဟူသည်မှာ အစောကတည်းကပင် အားကြီးသူက အားနည်းသူကို နိုင်စားခံရသည့် လောကပင် ဖြစ်သည်။ ထို့အပြင် ထန်ရှန်းကိုယ်တိုင်က ဘာမှ မပြောသည့်အတွက် သူ ဝင်ရောက် စွက်ဖက်ပါလျှင် ထန်ရှန်းအား မထီမဲ့ပြင် ပြုသလို ဖြစ်သွားပေလိမ့်မည်။
ဖန်လောင်သည် သူ၏ ဖြူဖျော့နေသော နှုတ်ခမ်းများကို လျှာဖြင့်သပ်ကာ "လေလံပွဲကို ဆက်လုပ်ပါ... ဒီဂိုဏ်းချုပ်ကို စိတ်ထဲမထားပါနဲ့" ဟု ရယ်မောရင်း စကားဆိုလိုက်သည်။