မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း
Vol. 8 Ch. 76
သွေးဆာမှုနှင့် ရူးသွပ်နေသော ဓားတဲ့လား။
နာမည်ကတင် အတည်ပေါက် ပြောလို့မရတဲ့ ပုံစံမျိုး။
ယွဲ့ချင်းရိုရဲ့ ကစဉ့်ကလျား ဓားသိုင်းနဲ့ ရူးသွပ်နေတဲ့ တိုက်ခိုက်ပုံကို ကြည့်ရင် သူမဟာ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီဆိုတာ အသိအသာပင်။
"ဒီလောက်လေးနဲ့ ငါ့ကို ယှဉ်ချင်တာလား"
လင်ယန်ရွှယ်က မထီမဲ့မြင် ပြုံးလိုက်၏။
'သွေးဆာမှုနှင့် ရူးသွပ်နေသောဓား' ပညာသည် သိုင်းသမား၏ အရှိန်နဲ့ တိုက်ခိုက်လိုစိတ်ကို ခဏတာ မြှင့်တင်ပေးနိုင်ပေမဲ့ သတိလက်လွတ် ဖြစ်နေတဲ့အချိန်မှာ အားနည်းချက်တွေ ပိုပေါ်လွင်စေခြင်းပင်။
ဒါဟာ အဆင့်တူ ကျင့်ကြံသူတွေအပေါ်မှာတော့ ဖိအားပေးနိုင်ပေမဲ့ ယွဲ့ချင်းရိုနဲ့ လင်ယန်ရွှယ်ကြားက ကွာဟချက်ကတော့ အလွန်ကြီးမားလွန်းနေပေ၏။
"ဖြန်း၊ ဖြန်း"
ယွဲ့ချင်းရိုရဲ့ ဖြူဝင်းတဲ့ ပါးပြင်ပေါ်ကို လက်ဝါးရိုက်ချက် နှစ်ချက် ကျရောက်သွားခြင်းပင်။
သွေးရောင်လွှမ်းတဲ့ လက်ဝါးရာကြီး နှစ်ခု ထင်ကျန်သွားတာကို ကြည့်ပြီး ဘေးက ယင်ဟွိုက်ယွီ ပင် မျက်နှာရှုံ့မိသွားသည်။
လင်ယန်ရွှယ်ဟာ မိန်းကလေးအချင်းချင်းတောင်ညှာတာရမှန်း လုံးဝမသိတဲ့ပုံပါပဲ။
"တော်တော့"
လင်ချွမ် ပျံသန်းရောက်ရှိလာပြီး အခြေအနေကို ကြည့်လိုက်၏။
ယွဲ့ချင်းရိုဟာ တကယ့်ကို အနှိပ်စက်ခံနေရခြင်းပင်။
လင်ယန်ရွှယ်ရဲ့ လက်ချက်နဲ့ဆိုရင် ယွဲ့ချင်းရိုဟာ အကြိမ်ပေါင်းများစွာ သေနိုင်ပေမဲ့ လင်ချွမ်ခေါ်လာတဲ့သူဖြစ်လို့ သတ်တော့မသတ်ဘဲ ပညာပေးရုံလောက်သာ။
လင်ချွမ် ရောက်လာတော့ လင်ယန်ရွှယ်က ရပ်လိုက်ပေမဲ့ ယွဲ့ချင်းရိုကတော့ စိတ်လွတ်နေဆဲမို့ ဆက်တိုက်ဖို့ပဲ ကြိုးစားနေ၏။
လင်ယန်ရွှယ်က စိတ်မရှည်တော့တာနဲ့ လက်ဝါးတစ်ချက်နဲ့ပဲ သူမကို သတိမေ့သွားအောင် လုပ်လိုက်ပါတော့သည်။
"မင်းက ပထမအဆင့် အထွတ်အထိပ်ဖြစ်ပြီး ဒုတိယအဆင့် သိုင်းသမားလေးကို အနိုင်ကျင့်နေတာ မရှက်ဘူးလား"
လင်ချွမ်က မကျေမနပ် ပြောလိုက်ခြင်းပင်။
"တောက်! သူက ရှင့်ကို စော်ကားနေတာကိုး၊ ကျွန်မ ဘယ်လိုမှ သည်းမခံနိုင်ဘူး"
လင်ယန်ရွှယ်က နှုတ်ခမ်းဆူကာ ပြန်ရန်တွေ့သည်။
"အော်... ဟုတ်လား"
"ဒါဆိုရင်တော့ သူ အရိုက်ခံရတာ တန်တာပေါ့"
"ငါ့အတွက်ပါ နောက်ထပ် နှစ်ချက်လောက် ထပ်ရိုက်ပေးလိုက်ပါဦး"
လင်ချွမ်က လေသံချက်ချင်း ပြောင်းသွားခြင်းပင်။
"ဖြန်း၊ ဖြန်း"
လင်ယန်ရွှယ်ကလည်း တွန့်ဆုတ်မနေဘဲ သတိမေ့နေတဲ့ ယွဲ့ချင်းရိုကို နောက်ထပ် ပါးရိုက်ချက် နှစ်ချက် လက်ဆောင်ပေးလိုက်ပါသေး၏။
ဘေးကကြည့်နေတဲ့ ယင်ဟွိုက်ယွီမှာတော့ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့ရခြင်း။
"အကြီးကဲ"
ယင်ဟွိုက်ယွီက ရှောင်လင်ကျောင်းထိုင်ဆရာတော် ကျန့်ခုန်း သတိရလာပြီဖြစ်ကြောင်း နှင့် အလယ်ပိုင်းဒေသ သိုင်းလောကက လူပေါင်း တစ်သောင်းလောက် စုရုံးပြီး အနောက်ဒေသ မိစ္ဆာဂိုဏ်းတွေကို စစ်ချီဖို့ ပြင်နေကြောင်း လင်ချွမ်ကို သတင်းပေးလိုက်တော့သည်။
ဒါဟာ သိုင်းလောကတစ်ခုလုံးအတွက် အလွန်ကြီးမားတဲ့ အပြောင်းအလဲပင်။
"လူတစ်သောင်းထဲလား"
"ကျန့်ခုန်းဆိုတဲ့ ဘုန်းကြီးအိုက နတ်ဆိုးဂိုဏ်းကို အထင်သေးလွန်းနေတာပဲ"
လင်ယန်ရွှယ်က လှောင်ပြောင်လိုက်ခြင်း။
"အနောက်ဒေသ နတ်ဆိုးဂိုဏ်းကြီး ၆ ခုရဲ့ အခြေခံစွမ်းအားက အလယ်ပိုင်းဒေသထက် အများကြီး သာနေပြီ"
"လူတစ်သောင်းဆိုတာ သေတွင်းထဲ အရောက်သွားတာနဲ့ အတူတူပဲ"
လင်ချွမ်ကတော့ စစ်ပွဲတွေဖြစ်ပြီး လူတွေသေကုန်မှာကို မလိုလားချေ။
ဝူတန်ဂိုဏ်းသားတစ်ယောက်အနေနဲ့ စစ်ပွဲမှာ ပါဝင်ရမယ်ဆိုရင် သူ့ရဲ့ အေးအေးဆေးဆေး နေချင်တဲ့ ရည်ရွယ်ချက် ပျက်ပြားသွားရလိမ့်မည်။
"အလုပ်ရှုပ်ခံမနေနဲ့တော့"
လင်ချွမ်က ဆုံးဖြတ်ချက် ချလိုက်သည်။
"ယင်ဟွိုက်ယွီ... မင်း ကျောင်းထိုင်ဆရာတော်ကို အေးအေးဆေးဆေး ဖျောင်းဖျထားလိုက်ပါ"
"ဝူတန်သာ မပါရင် ရှောင်လင်လည်း စစ်ကို အလွယ်တကူ စရဲမှာ မဟုတ်ဘူး"
"ငါနဲ့ လင်ယန်ရွှယ် ဝူတန်တောင်ကနေ ခဏ ထွက်သွားမယ်"
"အားလုံး အဆင်ပြေသွားရင် ဒီကိစ္စက အလိုလို ပြီးသွားမှာပါ"
လင်ချွမ်က လင်ယန်ရွှယ်ကို ဝူတန်မှာ ထားခဲ့ရင် ပြဿနာရှာမှာ စိုးရိမ်လို့ သူနဲ့အတူ ခေါ်သွားဖို့ ဆုံးဖြတ်လိုက်ခြင်းပင်။
သူတို့ ရှောင်လင်ကို တစ်ခေါက် ထပ်သွားကြဖို့ စဉ်းစားလိုက်သည်။
ကျန့်ခုန်း စစ်တိုက်ချင်နေတဲ့ အကြောင်းရင်းက ရှောင်လင်ရတနာ နှင့် ထိုသံသော့ အဟောင်းနှင့် ဆက်စပ်မှု ရှိလိမ့်မည်။
ရတနာကို ပုံစံပွားကူးပြီး ပြန်ပေးလို့ ရသလို၊ သော့နဲ့ ဖွင့်ရမယ့်နေရာကို ရှာတွေ့ပြီးရင်လည်း သော့ကို ပြန်ပေးလိုက်ရင် ကိစ္စပြတ်သွားမှာပင်။
လင်ချွမ် မရှိတဲ့အချိန်မှာ ချန်အာကောက သူ့ကိုယ်စား နွားကျောင်းပေးရမည့် တာဝန် ယူရတော့သည်။
...
တစ်ချိန်တည်းမှာပင်...
အနောက်ဒေသ၊ ဟယ်ဟွမ်းဝမ်ဂိုဏ်းအတွင်း၌။
ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး အော်မေ့ဂိုဏ်း မှ တပည့်တစ်ဦးက လူသတ်မှု ကျူးလွန်ခဲ့ခဲ့ခြင်းပင်။
သူမကို ချက်ချင်း ဖမ်းဆီးလိုက်ကြသည်။
"မင်းက ဘယ်သူလဲ"
ဂိုဏ်းရဲ့ အကြီးအကဲက အော်မေ့တပည့်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
"အော်မေ့တပည့်က ဘာလို့ ငါတို့ဂိုဏ်းထဲမှာ ရောက်နေတာလဲ"
"မင်းရဲ့ ကျင့်ကြံမှု အဆင့်ကလည်း မနည်းလှဘူးပဲ"
"အစီရင်ခံပါတယ် အကြီးအကဲ... သူမကို ဂိုဏ်းချုပ်က ခေါ်လာတာပါ"
"ကျွန်မတို့ ကောင်းကောင်း မစောင့်ရှောက်မိလို့ တောင်းပန်ပါတယ်"
ဟု တပည့်တစ်ဦးက တုန်တုန်ယင်ယင်ဖြင့် ဖြေကြားလိုက်သည်။