ထူးဆန်းသော သဘောတူညီချက် တစ်ခု
Vol. 9 Ch. 83
လင်ရှောင်သည် ပထမအဆင့် တစ်ဦး၏ အစွမ်းကို အထင်သေးခဲ့မိသည်။
လင်ယန်ရွှယ်၏ နည်းလမ်းများသည် သူတော်စင်ဂိုဏ်းသားများကဲ့သို့ ဘယ်သောအခါမှ နူးညံ့သိမ်မွေ့ခြင်း မရှိပေ။
သူမသည် ဝူတန်တပည့်များကို အရှင်ဖမ်းမည်ဟု ဆိုခဲ့သော်လည်း နာကျင်အောင်မလုပ်ရဟု မည်သည့်အခါကမျှ မပြောခဲ့ချေ။
"အား! အား! အား!"
ဝူတန်တပည့်များ၏ စူးရှသော အော်ဟစ်သံများ တောင်ခြေတွင် ပဲ့တင်ထပ်သွားသည်။
လင်ယန်ရွှယ်နှင့် ရင်ဆိုင်ရသည့် ဝူတန်တပည့်တိုင်းမှာ နာကျင်စွာ အော်ဟစ်လျက် မြေပြင်ပေါ်သို့ လဲကျကုန်၏။
နောက်မှလိုက်ပါလာသော ဟယ်ဟွမ်းဂိုဏ်းသားများမှာတော့ လဲကျနေသူများကို အသင့် လိုက်လံဖမ်းဆီးရုံပင်။
တိုက်ပွဲမှာ တစ်ဖက်သတ် ဖြစ်နေခဲ့ပြီး လင်ရှောင်မှာလည်း လင်ယန်ရွှယ်၏ လက်ထဲတွင် အရှင်ဖမ်းဆီးခြင်း ခံလိုက်ရသည်။
"မိစ္ဆာမ... သတ်ချင်ရင် သတ်လိုက်စမ်း"
လင်ရှောင်က ကြုံးဝါးလိုက်သည်။
"ဖြန်း"
ပြတ်သားသော ရိုက်ချက်တစ်ခု။
လင်ယန်ရွှယ်သည် တွန့်ဆုတ်မနေဘဲ လင်ရှောင်၏ ပါးကို ရိုက်ချလိုက်ခြင်းပင်။
"တောက်၊ သူ့မျက်နှာကို ထောက်လို့သာ မင်းတို့ အသက်ရှင်နေတာ"
"အသံတိတ်တိတ်နေရင် မင်းတို့ အသက်ချမ်းသာ ရလိမ့်မယ်"
ဟု သူမက အေးစက်စွာ ဆိုသည်။
သူတို့၏ အကြီးအကဲ သေဆုံးသွားခြင်းက ဟယ်ဟွမ်းဂိုဏ်းကို အားနည်းစေခဲ့သဖြင့် လင်ယန်ရွှယ် စိတ်အခြေအနေ မကောင်းလှပေ။
သူမသည် လျိုဟွမ်းယင်ကို အပြစ်တင်လျက်ရှိပြီး
"အဲဒီ ကျေးဇူးကန်းတဲ့ လျိုဟွမ်းယင်၊ ငါက သူ့ကို တပည့်အဖြစ် ပျိုးထောင်ဖို့ ကြံရွယ်ထားတာကို"
"ဒီလိုဆိုရင်တော့ ငါ့အလှည့်ကျရင်လည်း မညှာဘူးလို့ မပြောနဲ့တော့"
ဟု စိတ်ထဲမှ ကြုံးဝါးနေသည်။
"ဂိုဏ်းချုပ်၊ ဝူတန်တပည့် ၃၂၂ ယောက်ကို အရှင်ဖမ်းမိထားပါတယ်"
"ဇီရှောင်နန်းဆောင်က အကြီးအကဲ လင်ရှောင် အပါအဝင် ထက်ဝက်လောက်ကတော့ ဒဏ်ရာရထားပါတယ်"
ဟု တပည့်တစ်ဦးက တင်ပြသည်။
ဒဏ်ရာရထားသော ဝူတန်တပည့်အားလုံးမှာ လင်ယန်ရွှယ်၏ ရက်စက်သော လက်ချက်ကြောင့် ဖြစ်သည်။
"သူတို့ကို ကြိုးတုတ်ပြီး ငါနဲ့အတူ ဝူတန်တောင်ပေါ် လိုက်ခဲ့ကြ။ လမ်းမှာ တားတဲ့သူရှိရင် တခါတည်း သတ်ပစ်!"
လင်ယန်ရွှယ်၏ အေးစက်သော အမိန့်ကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် လူအုပ်ကြီးမှာ ဝူတန်တောင်ပေါ်သို့ ခမ်းနားစွာ ပြန်တက်လာကြသည်။
ဝူတန်ကျောင်းထိုင်ဆရာတော်နှင့် အခြားသူများမှာ လင်ရှောင်နှင့် တပည့်များစွာ ဓားစာခံဖြစ်နေသည်ကို မြင်လိုက်ရသောအခါ မှင်တက်သွားတော့၏။
"ဘယ်လိုဖြစ်တာလဲ"
ကျောင်းထိုင်ဆရာတော် အံ့ဩသွားသည်။
လူအင်အားချင်း ယှဉ်လျှင် ဝူတန်က ပိုများသော်လည်း လင်ရှောင်တို့မှာ အရှုံးကြီး ရှုံးလာခဲ့သည်။
"ငါနဲ့ လိုက်ခဲ့ကြ"
ဆရာတော်သည် ဆွေးနွေးရန်အတွက် တောင်အောက်သို့ အမြန်ဆင်းလာသည်။
ဟယ်ဟွမ်းဂိုဏ်းက ဓားစာခံတွေကို မသတ်သေးသရွေ့ ညှိနှိုင်း၍ ရနိုင်သေးသည်ဟု သူ ယူဆထားခြင်းပင်။
"ပြောစမ်း... မင်းတို့ ဘာလိုချင်တာလဲ"
ဆရာတော်က အချိန်မဆွဲဘဲ တည့်တည့်မေးလိုက်သည်။
"ဟား၊ ဝူတန်ကျောင်းထိုင်ဆရာတော်က တကယ့်ကို ပြတ်သားတာပဲ"
မျက်နှာဖုံးအောက်မှ လှောင်ရယ်သံ ထွက်ပေါ်လာသည်။
လင်ယန်ရွှယ်က ရှေ့သို့ လှမ်းထွက်လာသည်။
"မိန်းကလေးလား"
ဆရာတော်က သူမကို သေချာကြည့်ပြီး ချက်ချင်းပင် ရိပ်မိသွားသည်။
"မင်းက လင်ယန်ရွှယ်ပဲ!"
ဆရာတော်က လင်ရှောင်နှင့် တပည့်များကို လွှတ်ပေးရန် တောင်းဆိုသော်လည်း လင်ယန်ရွှယ်က ခပ်အေးအေးပင် ငြင်းဆန်လိုက်သည်။
"အကြီးအကဲ လင်ရှောင်ကို သုံးပြီး အပေးအယူ လုပ်ဖို့က ပိုတန်တာပေါ့"
ဟု သူမက ဆိုသည်။
ကျောင်းထိုင်ဆရာတော်မှာ ချန်အာကော၏ အစွမ်းကို မြင်ဖူးထားသဖြင့် ပထမအဆင့် ကျင့်ကြံသူ တစ်ဦး မည်မျှ ကြောက်စရာကောင်းသည်ကို သူသိ၏။
လင်ယန်ရွှယ်သာ သတ်ဖြတ်လိုစိတ် ရှိပါက ဤနေရာတွင် မည်သူမျှ အသက်ရှင်မည်မဟုတ်ပေ။
"မင်း ဘာလိုချင်တာလဲ"
ဟု သူက စိုးရိမ်တကြီး မေးလိုက်သည်။
"ရိုးရိုးလေးပါပဲ၊ လူနှစ်ယောက်ပဲ လိုချင်တယ်"
"အကြီးအကဲ လင်ရှောင်နဲ့ ဝူတန်တပည့် ၃၂၂ ယောက်အတွက် လူနှစ်ယောက်ပဲ လဲပေးရမှာဆိုတော့ ဒီအပေးအယူက တော်တော်တန်ပါတယ်"
လင်ယန်ရွှယ်က သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်သည်။
ဝူတန်ရော ဟယ်ဟွမ်းဂိုဏ်းသားများပါ အံ့ဩသွားကြသည်။
လူ ၃၀၀ ကျော်ကို လူ ၂ ယောက်နှင့် လဲမည်ဆိုသည်မှာ အလွန် ရက်ရောလွန်းသူ မဟုတ်ပါလား။
"ဘယ်သူတွေကို လဲရမှာလဲ"
ဆရာတော်က သတိကြီးစွာ မေးသည်။
"လျိုဟွမ်းယင်"
လင်ယန်ရွှယ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ဒါကတော့ ဆရာတော် ခန့်မှန်းထားသည့်အတိုင်းပင်။
"နောက်တစ်ယောက်ကရော"
"နောက်တစ်ယောက်ကတော့ ဝူတန်တောင်က နွားကျောင်းသား တစ်ယောက်ကို လိုချင်တယ်"
လင်ယန်ရွှယ်က နှုတ်ခမ်းထောင့်ကို အသာအယာ မြှင့်လျက် ပြုံးလိုက်သည်။
"မင်း ပြောတာ..ဘာ"
ဆရာတော်မှာ လက်ခံရန် ပြင်ပြီးမှ ကြောင်သွားသည်။
လင်ယန်ရွှယ်က သူမရဲ့ ကိုယ်ပိုင်တပည့် ဆုမေ့အာကို မတောင်းဘဲ နွားကျောင်းသားကို တောင်းနေသည်လား။
နေဦး... သူမ ပြောနေတာ လင်ချွမ် ကိုလား
"ဂိုဏ်းချုပ်လင်... ကျွန်တော့်ကို နောက်နေတာလား"
"နွားကျောင်းသား တစ်ယောက်က ဒီလောက်အထိ အရေးကြီးလို့လား"
ဆရာတော်ကမျက်မှောင်ကြုတ်လျက် မေးသည်။
လူတိုင်းမှာလည်း မေးခွန်းထုတ်စရာတွေ ဖြစ်ကုန်ကြသည်။
ဟယ်ဟွမ်းဂိုဏ်းက တကယ်ပဲ နွားကျောင်းသား လိုအပ်နေလို့လား။
"စကားများမနေနဲ့၊ ဒီနှစ်ယောက်ကိုပဲ လိုချင်တာ"
"အခုချက်ချင်း ခေါ်လာခဲ့၊ မဟုတ်ရင် အချိန်တစ်ဝက် (နံ့သာတိုင် တစ်ဝက်စာထွန်းပြီး) အကြာတိုင်း ၁၀ ယောက်စီ သတ်မယ်"
လင်ယန်ရွှယ်က အေးစက်စွာ ခြိမ်းခြောက်လိုက်ပေ၏။
မိစ္ဆာမ၏ ခြိမ်းခြောက်မှုကို မည်သူမျှ မငြင်းရဲကြပေ။
ဆရာတော်သည် လင်ချွမ်နှင့် လျိုဟွမ်းယင်ကို ခေါ်လာရန် တပည့်တစ်ဦးကို ရှောင်းယောက်တောင်ထိပ်သို့ ချက်ချင်း စေလွှတ်လိုက်ရတော့သည်။
သို့သော် ဝူတန်တပည့်များမှာတော့ လင်ယန်ရွှယ်၏ ထူးဆန်းသော လှည့်ကွက်နောက်တွင် ဘာများရှိနေမလဲဆိုသည်ကို စိုးရိမ်စိတ်ဖြင့် စောင့်ကြည့်နေကြရလေပြီ။