အသုံးမဝင်သော ခြိမ်းခြောက်မှုများ
Vol. 9 Ch. 84
ရှောင်းယောက် တောင်ထိပ်၌။
"ဘာ၊ လင်ယန်ရွှယ်က လင်ရှောင်အပါအဝင် ဝူတန်တပည့် ၃၀၀ ကျော်ကို ဖမ်းထားတယ်ဟုတ်လား"
ယင်ဟွိုက်ယွီမှာ သတင်းကြားကြားချင်း မှင်တက်သွားပြီး လင်ချွမ်ကို လှည့်ကြည့်လိုက်သည်။
လင်ချွမ်လည်း အခြေအနေမှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်သွားသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
"အဲဒီမိစ္ဆာမက လူ ၃၀၀ ကျော်ရဲ့ အသက်ကို ဓားစာခံလုပ်ပြီး လျိုဟွမ်းယင်နဲ့ လင်ချွမ်ကို လဲဖို့ တောင်းဆိုနေတာပါ"
"အချိန်မီ လူမအပ်ရင် လူ ၁၀ ယောက်စီ သတ်မယ်လို့ ခြိမ်းခြောက်နေတယ်!" ဟု ဝူတန်တပည့်တစ်ဦးက အလျင်စလို ရှင်းပြလိုက်၏။
ဝူတန်ကျောင်းထိုင်ဆရာတော်မှာလည်း အချိန်မရှိသဖြင့် နောက်ထပ် စဉ်းစားမနေနိုင်တော့ပေ။
"သူမ ဘာတွေ ကြံစည်နေတာလဲ"
ယင်ဟွိုက်ယွီက ဒေါသထွက်နေလျက်။
လင်ချွမ်၏ အစွမ်းကို မဖော်ပြရန် သူတို့ သဘောတူထားသော်လည်း လင်ယန်ရွှယ်က ဤသို့ လူကြားထဲ ဆွဲထုတ်နေခြင်းမှာ လင်ချွမ်ကို ဒေါသထွက်အောင် ဆွပေးနေသကဲ့သို့ပင်။
"ရပါတယ်။ သူမ ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ"
လင်ချွမ်က သက်ပြင်းတစ်ချက်ချလျက် ဆိုသည်။
လင်ယန်ရွှယ်က သူ့ကို အန္တရာယ်ပြုလို၍ မဟုတ်ဘဲ သူမဘက်သို့ ဆွဲဆောင်ရန် ကြိုးစားနေခြင်းမှန်း သူ သိသည်။
သူမသည် မီးနှင့် ကစားနေသော်လည်း လင်ချွမ်ကို အမှန်တကယ် ဒေါသထွက်စေမည့် အဆင့်အထိတော့ မဟုတ်သေးပေ။
ယင်ဟွိုက်ယွီသည် လင်ချွမ်က မကန့်ကွက်သဖြင့် ဆက်မပြောတော့ဘဲ
"အာကော၊ လျိုဟွမ်းယင်ကို ခေါ်ပြီး လင်ချွမ်နဲ့အတူ လိုက်သွားလိုက်"
ဟု ညွှန်ကြားလိုက်သည်။
ချန်အာကောလည်း သတိမေ့နေသော လျိုဟွမ်းယင်ကို ပွေ့ချီလျက် လိုက်သွားတော့၏။
အယ်ပိုင်းဒေသ၏ နံပါတ်တစ် ပါရမီရှင်က ဤကဲ့သို့ ခိုင်းဖတ်အလုပ်မျိုးကို လုပ်နေရသည်ကို မြင်သောအခါ အခြားတပည့်များမှာ အံ့အားသင့်ကုန်ကြသည်။
တောင်အောက်တွင် ဂိုဏ်းနှစ်ခုမှာ တင်းမာစွာ ရင်ဆိုင်နေကြဆဲပင်။
လင်ရှောင်နှင့် တပည့် ၃၀၀ မှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရဆဲပင်။
"မင်းတောင်းတဲ့ လူတွေကို ခေါ်လာပြီ။ အခု သူတို့ကို လွှတ်တော့"
ကျောင်းထိုင်ဆရာတော်က လင်ယန်ရွှယ်ကို အော်ပြောလိုက်သည်။
ဆရာတော်သည် ဝူတန်တပည့်များကို ကယ်တင်ရန်အတွက် လျိုဟွမ်းယင်ကို စတေးလိုက်ရသဖြင့် အော်မေ့ဂိုဏ်းနှင့် ပြဿနာတက်မည်ကို စိုးရိမ်နေသော်လည်း လူ ၃၀၀ ကျော်၏ အသက်နှင့်ယှဉ်လျှင် တန်သည်ဟု ဆုံးဖြတ်လိုက်ခြင်းပင်။
"လွှတ်ပေးလိုက်ကြ"
လင်ယန်ရွှယ်က တွန့်ဆုတ်မနေဘဲ အမိန့်ပေးသည်။ သူမ၏ မျက်လုံးများက လင်ချွမ်ထံသို့သာ စူးစိုက်နေသည်။
လင်ချွမ်လမ်းလျှောက်လာစဉ် ဝူတန်တပည့်များမှာ မိမိတို့အတွက် စတေးခံရသော နွားကျောင်းသားလေးကို ကြည့်ကာ အပြစ်မကင်းသလို ခံစားနေကြရသည်။
"လင်ချွမ်၊ စိတ်မပူပါနဲ့။ ငါတို့ မင်းကို ပြန်ကယ်ထုတ်မယ်!" ဟု ဆရာတော်က မျက်နှာနီမြန်းစွာဖြင့် ကတိပေးရှာ၏။
ထိုစဉ် တပည့်အချို့က
"ဆရာတော်... ဂိုဏ်းတူ အစ်ကို အာကောလည်း ဒီမှာ ရှိနေတာပဲ"
"သူ့အစွမ်းနဲ့ဆိုရင် လင်ယန်ရွှယ်ကို ယှဉ်နိုင်မှာပါ"
"ဒီအခွင့်အရေးမှာ သူတို့ကို ပြန်လုရအောင်"
ဟု တိုက်တွန်းကြသည်။
လူတိုင်း၏ အကြည့်က ချန်အာကောထံ ရောက်သွားရာ အာကောမှာ ထိတ်လန့်သွားသည်။
အမှန်စင်စစ် အာကောမှာ လင်ချွမ်၏ ရုပ်သေးရုပ်မျှသာ ဖြစ်ပြီး အစစ်အမှန် ကျင့်ကြံသူမှာ ဘေးနားက နွားကျောင်းသား လင်ချွမ်သာ ဖြစ်ခြင်းပင်။
"မင်း တော်တော် အကွက်စေ့တာပဲ"
လင်ချွမ်က လင်ယန်ရွှယ်ကို မျက်စောင်းထိုးရင်း ဆိုသည်။
အခြေအနေက ဤမျှအထိ ကြီးထွားလာလျှင် သူ၏ လျှို့ဝှက်ချက်မှာ ဖုံးကွယ်ထားရန် ခက်ခဲတော့မည်။
လင်ယန်ရွှယ်သည် လင်ချွမ်ကို သူမဂိုဏ်းသို့ ခေါ်သွားရန် ကြံရွယ်သော်လည်း ချန်အာကောပါ လိုက်လာသဖြင့် အနည်းငယ် အကျပ်ရိုက်သွားသည်။
သို့သော် သူမက ဉာဏ်နီဉာဏ်နက်သုံးကာ လင်ချွမ်နှင့် လျိုဟွမ်းယင်ကို ဓားစာခံအဖြစ် အသုံးချလျက် ဆုတ်ခွာရန်လုပ်ခြင်းပင်။
ဟယ်ဟွမ်းဂိုဏ်းသားနှစ်ဦးက လင်ချွမ်ကို ဖမ်းရန် ကြိုးစားစဉ်မှာပင် မမြင်ရသော စွမ်းအားတစ်ခုက သူတို့ကို လွင့်ထွက်သွားစေသည်။
လင်ယန်ရွှယ် မျက်မှောင်ကြုတ်သွားသည်။
သူမသည် လင်ချွမ်ကို ဒေါသထွက်စေမည်ကို စိုးရိမ်သဖြင့်
"မင်းတို့... ထားလိုက်တော့၊ ဆုတ်ကြမယ်"
ဟု အမိန့်ပေးလိုက်သည်။
လင်ချွမ်သာ အစွမ်းထုတ်လိုက်ပါက ဟယ်ဟွမ်းဂိုဏ်းသားအားလုံး သေကျေကုန်မည်ကို သူမ သိနေသောကြောင့်ပင်။
လင်ချွမ် ဘေးကင်းသည်ကို မြင်သောအခါ ဆရာတော် စိတ်အေးသွားသော်လည်း လွင့်ထွက်သွားသည့် ဟယ်ဟွမ်း တပည့်နှစ်ယောက်ကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။
"ခုနက ဘာဖြစ်သွားတာလဲ"
ဟု ဆရာတော်က လင်ချွမ်ကို စမ်းသပ်သည့်အနေဖြင့် ပုခုံးကို ပုတ်ကာ မေးလိုက်သည်။
လင်ချွမ်က ဘာမှမသိသလို ဟန်ဆောင်နေသော်လည်း ဆရာတော်၏ လက်ဖဝါးမှ အတွင်းအားဖြင့် စမ်းသပ်နေသည်ကို သူ ခံစားမိလိုက်သည်။
"ထင်တဲ့အတိုင်းပဲ... ငါ့ကို သံသယဝင်ပြန်ပြီလား"