ကောင်းကင်ဘုံဝိညာဉ် အဆင့်တစ်ဝက်
Vol. 6 Ch. 51
ဘာသာပြန်သူ၏အမှာစာ - အဂ္ဂိရတ်ဆရာ အစား မှော်ဆေးဆရာဟု ပြင်ဆင်ဖတ်ရှုပေးပါရန်။
တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည့် အကြည့်များအောက်တွင် ကောင်းကင်ထက်ရှိ မိုးကြိုးများသည် ဝဲဂယက်ကြီးတစ်ခုအသွင်သို့ ဖြစ်လာပြီး ကမ္ဘာကြီးတစ်ခုလုံးကို အမည်းရောင်ဖြင့် ဖုံးလွှမ်းထားသကဲ့သို့ အမှောင်အတိကျသွားရာ အားလုံးက ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်သွားကြတော့သည်။
ထိုဝဲဂယက်ကြီးသည် ပိုမိုမြန်ဆန်လာပြီး အကျိုးဆက်မှာ မိုင်ပေါင်းများစွာအတွင်းရှိ သစ်ပင်များအားလုံးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားရသည်။ အကယ်၍ လူသားတစ်ဦးသာ ထိုဝဲဂယက်နှင့် ထိတွေ့မိပါလျှင် လေဓားများအောက်တွင် လုံးဝဝါးမြိုခြင်း ခံရပေလိမ့်မည်။
ထိုသို့သာမက ကြောက်မက်ဖွယ်ကောင်းလှသည့် ဝဲဂယက်အလယ်မှ တောက်ပလှသော ရောင်စုံခြယ် ကောင်းကင်ထစ်ချုန်းမိုးကြိုးကြီးသည် ရုတ်တရက် ထွက်လာပြီး ကျန်းချန်ရှိရာသို့ ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။
အားပြင်းသောမိုးကြိုးကြောင့် ကျန်းချန်၏ အောက်ခြေရှိ တောင်တန်းများမှာ ချက်ချင်းပင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားသော်လည်း ကျန်းချန်မှာမူ ကြောက်မက်ဖွယ် စွမ်းအင်များကို အနည်းငယ်မျှပင် တုန်လှုပ်ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
သူသည် ယခု ငါးရောင်ခြယ် ကောင်းကင်ထစ်ချုန်းဆေးလုံး ကို မဆိုထားနှင့်။ ယခင်က ကိုးရောင်ခြယ် ကောင်းကင်ထစ်ချုန်းခြင်းအဆင့်ရှိ ဆေးလုံးကို ဖော်စပ်စဉ်ကပင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိခဲ့ပေ။
ကျန်းချန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီးနောက် အားလုံး၏ ရှေ့မှောက်တွင် ရွှေဧကရာဇ် ကောင်းကင်မီးတောက် ၏ တောက်လောင်နေသော မီးတောက်ကြီး ပေါ်ထွက်လာသည်။ ရွှေချည်မျှင်များမှာ တစ်ခုနှင့်တစ်ခု ရောယှက်ကာ ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုအသွင်ဖြင့် ကောင်းကင်ထက်မှ မိုးကြိုးများအား ဆီးကြိုလိုက်သည်။
ထိုစွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံချိန်တွင် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုပြင်းထန်လှသော အသံကြောင့် သိုင်းဘုရင်အဆင့်ရှိများပင် မူးဝေကာ ခဏတဖြုတ် နားအူသွားခဲ့ရသည်။
ဝါရင့်အကြီးအကဲ စူးချန်က လေးလေးနက်နက်ဖြင့် "အဆင့်ရှစ်ဆေးလုံး တစ်လုံး ပေါ်ထွက်လာတာကို ငါပထမဆုံးမြင်ဖူးတာပဲ။ ကျောင်းအုပ်ကြီးနဲ့ သခင်လေး ကျန်းချန်ကြားမှာ ဘယ်လိုပတ်သက်မှုမျိုး ရှိခဲ့လို့လဲ။ ဈေးနှုန်းကိုတောင် ဂရုမစိုက်ဘဲ အဆင့်ရှစ်ဆေးလုံးကို ဖော်စပ်ပေးခဲ့တယ်" ဟု မေးလိုက်သည်။
ဒုကျောင်းအုပ် ဟူချန်မှာ ခေါင်းကုတ်လိုက်ပြီးနောက် ကျန်းချန် လိုအပ်သည့် ပစ္စည်းစာရင်းကို ထုတ်ယူလိုက်သည်။ ဝါရင့်အကြီးအကဲ စူးချန်သည် ထိုစာရင်း၏ နောက်ဆုံးစာကြောင်းကို မြင်လိုက်ရသောအခါ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
အကြောင်းမှာ နောက်ဆုံးစာသားတွင် 'နှလုံးသည်းကြွေ မီးတောက်' ဟူသော စာလုံးကြီး လေးလုံးကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
စူးချန်သည် ဘေးရှိ ဒုကျောင်းအုပ် ဟူချန်ကို စိုက်ကြည့်လိုက်ကာ "ဒီလက်ရေးက... ကျောင်းအုပ်ကြီးရဲ့ လက်ရေးပဲ" ဟု ဆိုသည်။
"မှန်ပါတယ်"
ဟူချန်က သက်ပြင်းချရင်း ပြန်ပြောလိုက်သည်။ "ကျောင်းအုပ်ကြီးရဲ့ မသပ်မရပ်ဖြစ်နေတဲ့ လက်ရေးကို ငါတို့ မှတ်မိတာပေါ့။ ကျောင်းအုပ်ကြီးက ကွန်ဖြူးရှပ်ပညာရှိရဲ့ အကူအညီကို ရဖို့အတွက် နှလုံးသည်းကြွေ မီးတောက်ကို အသုံးပြုဖို့ အစောကြီးကတည်းက ကြံရွယ်ထားပုံရတယ်"
ဝါရင့်အကြီးအကဲ စူးချန်သည် မျက်လုံးကိုမှိတ်ကာ ခဏလောက် စဉ်းစားပြီးနောက် "ထားလိုက်ပါတော့။ အကယ်၍ ငါတို့ရဲ့ ကျားနန် အကယ်ဒမီကနေ သိုင်းဝိဇ္ဇာအဆင့်ရှိတဲ့သူ နှစ်ယောက် တကယ် ထွက်ပေါ်လာမယ်ဆိုရင် နှလုံးသည်းကြွေမီးတောက်ကို ပေးလိုက်ရတာက တန်ပါတယ်။ ဒါ့အပြင် သူက နှလုံးသည်းကြွေမီးတောက်ရဲ့ စွမ်းအင်နည်းနည်းကိုပဲ ကောင်းကင်မီးတောက် ကျင့်ကြံရေးထဲ ထည့်ပေးထားရုံနဲ့ ကျောင်းတော်ရဲ့ တိုးတက်မှုကို ဆက်ပြီး ထိန်းပေးထားနိုင်မှာပဲ" ဟု ညင်ညင်သာသာ ပြောလိုက်သည်။
"ငါလည်း အဲဒီလိုပဲ ထင်တယ်" ဟု ဟူချန်က ပျော်ရွှင်စွာ ခေါင်းညိတ်ပြီးသည့်နောက် ကိုးရောင်ခြယ် ကောင်းကင်ထစ်ချုန်းအဆင့် ဆေးလုံးကို လွှဲပြောင်းပေးလိုက်သည်။ ဤပစ္စည်းမှာ အလွန်တန်ဖိုးကြီးလှသဖြင့် သူ့အနားတွင် ထားရှိရန်မှာ အလွန်ပင် စိတ်မချရပေ။
ဤသည်မှာ နှလုံးသည်းကြွေမီးတောက်နှင့် လဲလှယ်ရန်အတွက် ကျန်းချန်၏ အစားထိုးသည့်သဘောဖြစ်ပြီး သိုင်းဝိဇ္ဇာဆေးလုံးမှာမူ ယခင်က ကျောင်းအုပ်ကြီး မန်တျန်းချီနှင့် ထားရှိခဲ့သော ကတိကဝတ်ကို ဖြည့်ဆည်းရန်သာ ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် အဆင့်ရှစ်ဆေးလုံး၏ မိုးကြိုးများသည် ရုတ်တရက် ပျောက်ကွယ်သွားရာ အားလုံးမှာ အံ့အားသင့်သွားရသည်။
ချန်မူက သူ၏ မုတ်ဆိတ်လေးကို ပွတ်ရင်း "အဆင့်ရှစ်ဆေးလုံးက ထွက်လာတဲ့ မိုးကြိုးက တကယ့်ကို ကြောက်စရာကောင်းတာပဲ။ သိုင်းဝိဇ္ဇာအဆင့်ရှိတဲ့သူအချို့တောင်မှ ဒီလို ကြီးမားတဲ့ တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး" ဟု ပြုံးလျက် ဆိုလိုက်သည်။
မိုးကြိုးများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အလင်းတန်းအချို့မှာ လျှပ်စီးကဲ့သို့ အလွန်မြန်ဆန်သော နှုန်းဖြင့် ရွေ့လျားသွားရာ ချန်ပိုင် အကြီးအကဲ နှစ်ယောက်ပင် မည်သို့ဖြစ်ပျက်သွားသည်ကို မသိလိုက်ပေ။
သို့သော် ကျန်းချန်က သူ၏လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်ရာ ထွက်လာသော အလင်းတန်းများကို သူ၏ လက်ဖဝါးအတွင်း ဖမ်းယူလိုက်သည်။ အစွမ်းထက်သော သိုင်းသူတော်စင်အရောင်အဝါက ထိုအဆင့်ရှစ်ဆေးလုံးများကို ချက်ချင်း ဖိနှိပ်လိုက်သည်။
ကျန်းချန်သည် ထိုဆေးလုံးများကို ပုလင်းလေးလုံးသို့ ခွဲထည့်လိုက်ပြီး အကြီးအကဲ ချန်ပိုင် နှစ်ဦးထံသို့ ပုလင်းနှစ်လုံးကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။ "ဒါတွေက အဆင့်ရှစ်ဆေးလုံးတွေဖြစ်တဲ့ သိုင်းဝိဇ္ဇာဆေးလုံးတွေပဲ။ ဒါကို သောက်သုံးပြီးရင် မင်းတို့ဟာ နောင်ခြောက်လအတွင်း သိုင်းဝိဇ္ဇာအဆင့်ကို ရောက်ရှိမှာဖြစ်ပြီး၊ အထုံပါရမီရှိမယ်ဆိုရင် သုံးနှစ်အတွင်း ကြယ်နှစ်ပွင့်အဆင့်အထိ ရောက်နိုင်လိမ့်မယ်" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် သိုင်းဘိုးဘေး အထွတ်အထိပ်အဆင့်ရှိသူ နှစ်ဦးမှာ ဝမ်းသာလွန်းလှသဖြင့် မျက်ရည်များပင် ကျလာပြီး ကျေးဇူးတင်လွန်းသဖြင့် မြေပေါ်တွင်ပင် ဒူးထောက်မတတ် ဖြစ်သွားကြသည်။
"ဘဝသစ်စဖို့ မျက်နှာသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး"
ကျန်းချန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး ကျန်ရှိသော ဆေးပုလင်းနှစ်လုံးကို သူ၏ လိုတရ လက်စွပ်အတွင်းသို့ ပြန်ထည့်လိုက်သည်။ နောင်တွင် ယွင်ယွင် နှင့် ချိုင်လင်း တို့ အဆင့်တက်ရန် ကြိုးစားချိန်တွင် ဤဆေးလုံးများက များစွာ အထောက်အကူပြုပေလိမ့်မည်။
ရှောင်ရီရှန် နှင့် ချင်းလင်း အတွက်မူ သူ့တွင် အခြား အစီအစဉ်များ ရှိပြီးဖြစ်သည်။
"မန်တျန်းချီနဲ့အရင်က ထားခဲ့တဲ့ ကတိကဝတ်ကတော့ ပြီးဆုံးသွားပြီ။ မင်း အခု စိတ်ချနိုင်ပြီ"
ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် မလှမ်းမကမ်းတွင် ရပ်နေကြသော အဆင့်ခြောက် မှော်ဆေးဆရာများ အပါအဝင် မှော်ဆေးဆရာ၁၂ယောက်ကို လှည့်ကြည့်လိုက်သည်။
အဆင့်ခြောက် မှော်ဆေးဆရာကြီးက ရှေ့သို့ တိုးလာပြီး အရိုအသေပြုကာ "ကွန်ဖြူးရှပ်ပညာရှိက သိုင်းပညာမှာတင်မကဘဲ မှော်ပညာမှာပါ ဒီလောက်အထိ ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်တော်မျိုး မထင်ထားခဲ့ဘူး။ ကျွန်တော်မျိုး တကယ်ကို အံ့ဩမိပါတယ်။ ကွန်ဖြူးရှပ်ပညာရှိရဲ့ ဝိညာဉ်စွမ်းအားက ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ" ဟု မေးမြန်းလိုက်သည်။
မှော်ဆေးဆရာများမှာ အဆင့်တစ်မှ အဆင့်ခုနစ်အထိ ရှိသော သေမျိုးဝိညာဉ်လောကအဆင့်ကိုသာ ပိုင်ဆိုင်ကြသည်။ သူတို့က အဆင့်ရှစ် မှော်ဆေးဆရာအဆင့်ကို မတက်လှမ်းနိုင်ရခြင်းမှာ ရိုးရှင်းလှပါသည်။ သူတို့၏ ဝိညာဉ်များသည် ဝိညာဉ်လောကအဆင့် သို့ မရောက်ရှိသေးသောကြောင့် ဖြစ်သည်။
အဆင့်ရှစ်ဆေးလုံးများကို ဝိညာဉ်လောကအဆင့်သို့ ရောက်ရှိပြီးသူများသာ ဖော်စပ်နိုင်သည်။ ဝိညာဉ်လောကအဆင့်ကို ကျော်လွန်ပြီးမှသာ အဆင့်ရှစ် မှော်ဆေးဆရာဖြစ်လာဖို့ အရည်အချင်းပြည့်မီမည် ဖြစ်သည်။
ကောင်းကင်ဘုံဝိညာဥ်လောကအဆင့်သည် အဆင့်ကိုးမှော်ဆေးဆရာနှင့် တူညီသည်။ တိုက်ခိုက်ရေးသိုင်းလောကလုံးတွင် ထိုအဆင့်ရှိသူအရေအတွက်မှာ လက်ချိုးရေ၍ ရနိုင်သည်။
ဧကရာဇ် ဝိညာဉ်လောကအဆင့်မှာမူ ပို၍ပင် အစွမ်းထက်လှသည်။ 'ဧကရာဇ်' ဟူသော ဂုဏ်ပုဒ်နှင့် ဆက်နွှယ်နေသမျှ အရာအားလုံးမှာ ထူးခြားလှသည်။ ဧကရာဇ် ဝိညာဉ်လောကအဆင့်သည် အထင်ကရလောကလည်း ဖြစ်ပေသည်။ ဤအဆင့်သို့ ဝင်ရောက်ပြီးသူတိုင်းသည် ဝိညာဉ်စွမ်းအားသက်သက်ဖြင့်ပင် ကြယ်ရှစ်ပွင့် သိုင်းသူတော်စင်အဆင့်ရှိ ပညာရှင်တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သည်။
ထို့ပြင် သီအိုရီအရ ဧကရာဇ် ဝိညာဉ်လောကအဆင့်ကို ရောက်ရှိပြီးပါလျှင် ဧကရာဇ်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည်။သို့သော် ကောင်းကင်နှင့်မြေကြီးကြားရှိ 'ဒိုချီအရင်းအမြစ်' ကင်းမဲ့နေမှုကြောင့် ထိုဆေးလုံးများမှာ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်။
ကျန်းချန်က သူ့ရှေ့ရှိ အဆင့်ခြောက် မှော်ဆေးဆရာကို ကြည့်ကာ တည်ငြိမ်စွာဖြင့် "ကောင်းကင်ဘုံ ဝိညာဉ်တစ်ဝက်အဆင့်ပါ" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကွင်းပြင်အတွင်းရှိ မှော်ဆေးဆရာများအားလုံးမှာ မနာလိုသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ကောင်းကင်ဘုံ ဝိညာဉ်တစ်ဝက်အဆင့် ဆိုသည်မှာ ကွန်ဖြူးရှပ်ပညာရှိသည် အဆင့်ကိုး ဆေးလုံးများကို ဖော်စပ်နိုင်စွမ်း ရှိသည်ဟု အဓိပ္ပာယ်ရသည်။
ထိုအဆင့်ခြောက် မှော်ဆေးဆရာမှာလည်း နဖူးမှ ချွေးများကို သုတ်လိုက်ရင်း "သခင်လေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းကင်ဘုံ ဝိညာဉ်တစ်ဝက်အဆင့်ကို ရောက်နေလိမ့်မယ်လို့ ကျွန်တော်မျိုး လုံးဝ မထင်ထားခဲ့ပါဘူး။ တကယ့်ကို အထင်ကြီးလေးစားရပါတယ်" ဟု အံ့အားသင့်စွာ ပြောလိုက်သည်။
"သခင်လေး... တပည့် လက်ခံပါသလား။ ကျွန်တော် သခင်လေးရဲ့ တပည့် ဖြစ်ချင်ပါတယ်"
လူတိုင်းမှာ သခင်လေး၏ တပည့်စာရင်းဝင်ရန် အလုအယက် ကြိုးစားကြတော့သည်။ သို့သော်လည်း ကျန်းချန်က ခေါင်းခါလိုက်သည်။ ဤလူများ၏ အရည်အချင်းမှာ အတော်လေးအားနည်းလွန်းလှသဖြင့် ကြီးမားသော တာဝန်များကို ထမ်းဆောင်နိုင်စွမ်း မရှိကြပေ။
"တောင်းပန်ပါတယ်။ ကျွန်တော် တပည့်လက်ခံဖို့ မစဉ်းစားရသေးပါဘူး။ အကယ်၍ လက်ခံမယ်ဆိုရင်လည်း စိတ်ဓာတ်ကြံ့ခိုင်ပြီး အာရုံမများတဲ့သူကိုပဲ ရွေးချယ်မှာပါ။ မင်းတို့အားလုံးက ပရမ်းပတာတွေကြီးပဲ" ဟု ဆိုလိုက်သည်။
ထိုစကားကြောင့် အဆင့်ငါး၊ အဆင့်ခြောက် မှော်ဆေးဆရာများမှာ အနေခက်သွားကြသည်။ ကွန်ဖြူးရှပ်ပညာရှိ၏ တပည့်ဖြစ်ခွင့်ရရန်မှာ ကောင်းကင်အောက်ရှိ ဖီးနစ်အမွေးကဲ့သို့ အလွန်ပင် ရှားပါးလှသော အခွင့်အရေး ဖြစ်သည်။
ကျန်သူများမှာလည်း ကူကယ်ရာမဲ့ ခေါင်းခါရုံသာရှိသော်လည်း ကျားနန် အကယ်ဒမီ၏ နောက်ခံကိုမူ ပို၍ပင် ယုံကြည်သွားကြတော့သည်။ သူတို့၏ ကျောင်းအုပ်ကြီးသည်လည်း သိုင်းသူတော်စင်အဆင့် ပညာရှင်တစ်ဦး ဖြစ်နိုင်လေမလား။
သို့သော် ဤကိစ္စမှာ သူတို့နှင့် မဆိုင်တော့ပေ။ သူတို့သည် အကြီးအကဲ ချန်ပိုင် နှစ်ဦးက သိုင်းဝိဇ္ဇာအဆင့်သို့ တက်လှမ်းစေနိုင်သည့် ဆေးလုံးများကို အိတ်ကပ်ထဲ ထည့်သွားသည်ကိုသာ ငေးကြည့်နေခဲ့ရသည်။
ဆေးဖော်စပ်ခြင်း ပြီးဆုံးသွားသောအခါ လူတိုင်းမှာ ကျားနန် အကယ်ဒမီမှ လိမ္မာပါးနပ်စွာဖြင့် ထွက်ခွာသွားကြသည်။ မည်သူမျှ အနှောင့်အယှက်ပေးရန် သို့မဟုတ် ဖိနှိပ်ရန် မကြိုးစားဝံ့ကြပေ။
သို့မဟုတ်လျှင် ကွန်ဖြူးရှပ်ပညာရှိ၏ အားကိုးဖြင့် သူတို့ထဲက ဘယ်သူမှ မိမိနေရပ်ဆီသို့ ပြန်နိုင်တော့မည် မဟုတ်ကြောင်းကို သေချာသဘောပေါက်သောကြောင့်ပင် ဖြစ်သည်။