← Chapters

ငါ မင်းအသက်ကို လိုချင်တယ်

Vol. 15 Ch. 213

ငါ မင်းအသက်ကို လိုချင်တယ်

Vol. 15 Ch. 213

*ခင်ဗျားက ခင်ဗျားရဲ့ ကျင့်ကြံခြင်းအဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်နေမှတော့ ခင်ဗျား ဒီနေ့ သေကို သေရမယ်*

ယဲ့ဖန်၏ စကားကို ကြားပြီး ခန်းမတစ်ခုလုံး တိတ်ကျသွားသည်.

*ဆရာသခင် တစ်ပိုင်းအဆင့်က ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို သတ်ချင်နေတာလား*

*ဒါ…. လုံးဝ မဖြစ်နိုင်ဘူးနော်*

ယဲ့ဖန်အား အရူးဟု ထင်မြင်လာပြီး ခန်းမထဲမှ ဟွာရှ သိုင်းပညာရှင်များ ကြား၌ ပွက်လောရိုက်လာသည်။

အကယ်၍ သိုင်းပညာရှင်တစ်ယောက်က သူ့ထက် အဆင့်တစ်ဆင့် မြင့်သော သိုင်းပညာရှင်အား သတ်နိုင်ခဲ့ပါက ထိုသိုင်းပညာရှင်အား ပါရမီရှင်ဟု သတ်မှတ်ရပေမည်။

ထို့အတူ အကယ်၍ သိုင်းပညာရှင်တစ်ယောက် သူ့ထက် အဆင့်နှစ်ဆင့် မြင့်သော သိုင်းပညာရှင်အား သတ်နိုင်ခဲ့ပါက ထိုသိုင်းပညာရှင်အား လူထူးလူဆန်းဟု သတ်မှတ်ရပေမည်။

သို့သော် ယဲ့ဖန်က သူ့ထက် အဆင့်ခြောက်ဆင့် မြင့်သော သိုင်းပညာရှင်အား သတ်ချင်နေသတဲ့။

ဤသည်ကား လုံးဝကို အံ့ဖွယ်ကိစ္စပင် ဖြစ်သည်။

ဖျောင်ကျင်းတျောင်တောင်မှ အော်ဟစ်ကာ ရယ်မောမိသည်။

"ဟားဟား … အရူးကောင်၊ မင်းက အရူးကောင် ဖြစ်နေတာကိုး၊ မင်းက အဆင့်ခြောက်ဆင့်ကို ခွကျော်ပြီး ငါ့ကို သတ်ချင်နေတာလား။ ဘယ်တော့မှ စိတ်ကူးယဉ်မနေနဲ့"

"အလားအလာကောင်း ရှိတဲ့ ငါ့သားက အရူးတစ်ယောက် သတ်တာကို ခံလိုက်ရတာက စိတ်မကောင်းစရာပဲ"

ထို့နောက် ဖျောင်ကျင်းတျောင်က အလွန် မုန်းတီးသော မျက်လုံးများဖြင့် ပြောလာသည်။

"ကျုပ်၊ ဖျောင်ကျင်းတောင်က မင်းနဲ့ ဒီခန်းမထဲက တောသားတွေ အကုန်လုံးကို သတ်ပစ်မယ်လို့ ကျိန်ဆိုတယ်၊ ပြီးရင် ရှန့်ကျန်းမြို့က သိုင်းပညာရှင် အားလုံးကို ကျုပ် သတ်ပစ်မယ်၊ အဲ့ဒါပြီးရင် ဟွာရှ တစ်နိုင်ငံလုံးက သိုင်းပညာအသိုင်းအဝိုင်း တစ်ခုလုံးကို သုတ်သင် ဖယ်ရှားပစ်မယ်"

"ဟွာရှ နိုင်ငံသားတွေရဲ့ သွေးကို သုံးပြီး ကျုပ်သားရဲ့ ဝိညာဉ်ကို ယဇ်ပူဇော်ပွဲ ကျင်းပ ပေးမယ်၊ ဟွာရှ နိုင်ငံသားတွေရဲ့ သွေးကို သုံးပြီး ကျုပ်သားရဲ့ အပြစ်ကင်းစင်မှုအတွက် နစ်နာကြေး တောင်းမယ်"

….

ဖျောင်ကျင်းတျောင်၏ စကားကို ကြားပြီးနောက် ခန်းမထဲမှ သိုင်းပညာရှင်များ အားလုံး ကြောက်စိတ်ကြောင့် တုန်ယင်လာကြသည်။

ဖျောင်ကျင်းတျောင်လို လူမျိုးက သူတို့ကတိကို ဘယ်တော့မှ မချိုးဖောက်တတ်မှန်း သူတို့ သိကြသည်။

ထို့ကြောင့် ဟွာရှ သိုင်းပညာရှင်များ၏ မျက်နှာများက ချက်ချင်းဆိုသလို ပြာနှမ်းလာသည်။

*ငါတို့တော့ ကိစ္စချောပြီပဲ*

ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်း၏ ကမ္ဘာပျက်မည့်နေ့က ရောက်ရှိလာခါနီးပြီး ဟွာရှ သိုင်းပညာ အသိုင်းအဝိုင်းတစ်ခုလုံး ဒုက္ခအကြီးအကျယ် ရောက်တော့မည် ကိုလည်း သိလိုက်သည်။

ခန်းမထဲမှ ဟွာရှ သိုင်းပညာရှင်တိုင်း ကြက်သီးမွေးညင်း ထလာကြသည်။

ထိုစဉ် ယဲ့ဖန်၏ အေးစက်၊ ခက်ထန်သည့် အသံက ရုတ်တရက် ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

"ခင်ဗျားက တအား လေကြောရှည်တာပဲ၊ သေဖို့ အချိန်စေ့ပြီ"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ဟွာရှ သိုင်းပညာရှင်များ တွေဝေသွားကြသည်။

ထို့နောက် ယဲ့ဖန်က ဖျောင်ကျင်းတျောင်ထံသို့ တိုက်ကွက်တစ်ကွက် လျင်မြန်စွာ ထုတ်၍ စတင် တိုက်ခိုက်လာသည်ကို သူတို့ မြင်လိုက်ရသည်။

လေတိုးသံနှင့်အတူ ယဲ့ဖန်က ဖျောင်ကျင်းတောင်အား အားမာန်အပြည့်နှင့် ထိုးနှက် လိုက်သည်။

*ရူးနေပြီ*

*သူတို့ကြားမှာ အဆင့် ခြောက်ဆင့်တောင် ကွာနေတာကို*

*သူ…သူ လုံးဝ ရူးနေပြီ*

ကြည့်နေကြသည့် ဟွာရှ သိုင်းပညာရှင်တိုင်း ယဲ့ဖန်၏ ရူးသွပ်သော အပြုအမူကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်။

သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ ဖျောင်ကျင်းတျောင်တစ်ယောက် ဒေါသထွက်လို့ နေ၏။

"ခွေးမသားလေး မင်း သေချင်နေတာပဲ"

ဖျောင်ကျင်းတျောင်က မာန်မဲရင်း ယဲ့ဖန်ထံသို့ သန်မာသော ချီဓာတ်အပြည့်ပါသည့် လက်ဖဝါးတစ်ချက် ပစ်သွင်းလိုက်သည်။

ဘန်း! ဘန်း! ဘန်း!

တစ်ယောက်နှင့်တစ်ယောက် အင်အားကြီးသော မကောင်းဆိုးဝါး နှစ်ကောင်ကဲ့သို့ ပြင်းထန်စွာ တိုက်မိသွားကြသည်။

စင်မြင့်သည်လည်း ချက်ချင်း ပျက်စီး ပြိုကျသွား၏။ စားပွဲနှင့် ထိုင်ခုံများ အားလုံး လေထဲသို့ လွင့်ပျံတက်ကုန်သည်။

ပတ်ပတ်လည် အကုန် ပျက်စီးကုန်သည်။

သို့သော် ကြည့်နေသည့်သူထဲမှ မည်သူမျှ ထိုအရာများကို အရေးမလုပ်ထဲ ခန်းမထဲမှ တိုက်ပွဲ အခြေအနေကိုသာ အာရုံစိုက်နေကြသည်။

ထို့ပြင် သူတို့က ယဲ့ဖန်အား ထိတ်လန့်၍ မယုံသင်္ကာဟန်များဖြင့် ကြည့်နေမိသည်။

ယဲ့ဖန်က ဖျောင်ကျင်းတျောင်၏ တိုက်ကွက်များကို လုံးဝ ခုခံကာကွယ်ခြင်း မရှိပေ။ ဖျောင်ကျင်းတျောင်က ယဲ့ဖန်အား အားမာန်အပြည့်နှင့် ဆက်တိုက် ထိုးနှက်နေသည်။

သို့သော် ယဲ့ဖန်က ထိုတိုက်ကွက်များမှ သူ့ကိုယ်သူ ကာကွယ်ခြင်း မပြုဘဲ ဖျောင်ကျင်းတျောင်အား သူ့လက်ဖဝါးဖြင့် ဆက်တိုက် ရိုက်နှက်နေ၏။

သူတို့တစ်ယောက်ချင်းစီ၏ တိုက်ကွက်များက သေကွင်းသေကွက်များပင်။

အံ့ဩစရာ ကောင်းလောက်အောက်ပင် ဖျောင်ကျင်းတျောင်၏ အင်မတန် သန်မာလာသည့် ချီဓာတ်များက ယဲ့ဖန်၏ ခန္ဓာကိုယ်အား ရိုက်ခတ်မိသည်နှင့် ရွှံ့စေးများ ပင်လယ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ ပျောက်ကွယ်သွားသည်။

ထို့ပြင် ယဲ့ဖန်၏ တိုက်ကွက်များက ဖျောင်ကျင်းတျောင်၏ တိုက်ကွက်များနှင့်အတူ ပို၍ ပို၍ မာန်ပါလာသည်။

ယဲ့ဖန်က ပို၍ ပို၍ သန်မာလာသည်။

…

မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ၊ အထူးသဖြင့် ဖျောင်ကျင်းတျောင်ပင်။ ထိုအချိန်တွင် ဖျောင်ကျင်းတျောင်တစ်ယောက် အံ့ဩစိတ်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေသလို ခံစားမိသည်။

တစ်မိနစ်အတွင်းမှာပင် ယဲ့ဖန်အား သူ ဒါဇင်နှင့်ချီ၍ ထိုးနှက်ပြီးပြီ ဖြစ်သည်။ သို့သော် ယဲ့ဖန်က မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရဘဲ ပို၍တောင် သန်မာလာသေးသည်။

ထို့ပြင် ယဲ့ဖန်၏ ခန္ဓာကိုယ်က အလွန်မာကျောသော တိုက်တေနီယမ် သတ္တုနှင့် လုပ်ထားသဲ့သို့ မာကျောကာ ဖျောင်ကျင်းတျောင်၏ လက်သီးက စတင်၍ နာကျင်လာသလို ခံစားလာရသည်။

အံ့ဩစရာကောင်းလှပါဘိ။

"သူက ငါ့ချီဓာတ်ကို စုပ်ယူပြီး သူ့ခန္ဓာကိုယ် သန်မာလာအောင် လုပ်နေတာလား။ ဒါမဖြစ်နိုင်ပါဘူး"

သူ ဖြစ်နိုင်ချေများကို တွေးနေမိပြီး ဖျောင်ကျင်းတျောင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာသလို ခံစားလာရသည်။

သူ အလွန် သန်မာသည့် ရန်သူများနှင့် ကြုံဖူးသော်လည်း ယဲ့ဖန်ကဲ့သို့ ထူးဆန်းသော သူမျိုးနှင့် သူ တစ်ခါမှ မဆုံခဲ့ဖူးပါ။

ဒုန်း!

သူက ယဲ့ဖန်က အားနှင့် ထပ်ခါထပ်ခါ ထိုးနှက်နေသည်။ သို့သော် ဖျောင်ကျင်းတျောင်သည် သူ့လက်သီးက အက်ကွဲ၍ သွေးထွက်လာချင်သလို နာကျင်စွာ ခံစားလာရသည်။

ထို့နောက် ယဲ့ဖန်က ဖျောင်ကျင်းတျောင်၏ ရင်ဘတ်အား အားအပြည့်နှင့် ထိုးချလိုက်သည်။

ဝုန်းခနဲ အသံနှင့်အတူ ဖျောင်ကျင်းတျောင် အနောက်သို့ လွင့်ထွက်သွားလေတော့သည်။

ထို့နောက် သူ သွေးအန်လာကာ မျက်နှာမှာလည်း ဖြူဖပ်ဖြူရော် ဖြစ်လာ၏။

"မဖြစ်နိုင်ဘူး"

ဖျောင်ကျင်းတျောင် မယုံနိုင်ဟန်ဖြင့် ဟစ်ကြွေးလိုက်သည်။ သူသည်ကား ဒဏ္ဍာရီတစ်ပိုင်းအဆင့် ရောက်နေသည့်သူ ဖြစ်သည်။

ဤသည်ကား သူနှင့်အဆင့်တူ သို့မဟုတ် သူ့ထက် အဆင့်နိမ့်သူနှင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်သည့် တိုက်ပွဲတွင် ပထမဆုံး အကြိမ် ရှုံးနိမ့်ဖူးခြင်း ဖြစ်သည်။ သူ့ထက် အဆင့် ခြောက်ဆင့်ထက် နိမ့်သူနှင့် တိုက်ပွဲဖြစ်၍ ပြောနေစရာပင် မလိုတော့ပေ။

ဟွာရှ သိုင်းပညာရှင်များ အားလုံး လုံးဝ အံ့အားသင့်သွားကြသည်။

ဂလု!

သူတို့ တံတွေးကို မနည်းမျိုချလိုက်ရသည်။ ဆရာသခင် တစ်ပိုင်းအဆင့်က ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို ဒဏ်ရာရအောင် လုပ်လိုက်သည်တဲ့လား။

အံ့ဩစရာ ကောင်းလိုက်လေခြင်း။

"လူထူးလူဆန်း၊ ဒီ…ဒီလူငယ်လေးက ငါ မြင်ဖူးသမျှထဲမှာ သေချာပေါက်ကို အကြမ်းဆုံးသူပဲ"

မဟာဆရာသခင်ကျန့်က ထိတ်လန့်ကာ မျက်လုံး အပြူးသား ဖြစ်လို့နေသည်။

ပိုင်ဟူသည်လည်း ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားသည်။

"သေစမ်း သူ…သူက အံ့ဩဖို့ ကောင်းတယ်၊ အဘိုးကျားရဲ့ လေးစားမှုကို ရဖို့ သူ ထိုက်တန်ပါပေတယ်"

တိုက်ပွဲက ဆက်၍ ဖြစ်ပွားနေပြီး ဖျောင်ကျင်းတျောင်သည် ပိုပိုပြီး ဒေါသထွက်လို့လာ၏။

"ခွေးမသားလေး၊ မင်း ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအားပေးနေတာပဲ"

ဖျောင်ကျင်းတျောင်က သုန်မှုန်နေသော မျက်နှာနှင့် ကြုံးဝါးလေသည်။ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ တစ်ခုတွင် ရှုံးနိမ့်ခြင်းက သူ့အတွက် ကြီးစွာ အရှက်ရခြင်းပင်။

သူ့ လက်ဖဝါးအား တစ်ချက်လှုပ်လိုက်သောအခါ သံတူတစ်ခုက သူ့လက်ထဲ ပေါ်လာ၏။

ထိုသံတူသည် တိုက်ပွဲတွင်း စွန်းထင်းလာသော သွေးများကြောင့် နီညိုရင့်ရောင်သို့ အရောင် ပြောင်းနေ၏။

ထို့အတူ ထိုသံတူမှ သန်မာ ပြင်းထန်သော ချီဓာတ်များ ထွက်ပေါ်နေပြီး မှော်စာလုံးပေါင်း များစွာနှင့် သိပ်သည်းစွာ ဖုံးအုပ်ထားသည်။

စိတ်ဝိညာဉ် ပစ္စည်းပါလား။

ထိုပစ္စည်းသည် သိုင်းပညာရှင် များစွာအား သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် သေစေနိုင်သော စိတ်ဝိညာဉ်ပစ္စည်း ဖြစ်သည်။

"အသက်ခြွေတူ၊ အဲ့ဒါ ဖျောင်ကျင်းကျောင်ရဲ့ အင်အားအကြီးဆုံး လက်နက် …အသက်ခြွေတူပဲဟ"

"ဝိုး ... ဖျောင်ကျင်းတျောင် အဲ့တူကို သူ ဒဏ္ဍာရီတစ်ပိုင်းအဆင့် ရောက်ကတည်းက မသုံးတော့တာ"

ထိုတူကို ကြည့်ပြီး စင်အောက်မှ ဟွာရှ သိုင်းပညာရှင်များ မျက်နှာ ပျက်လာကြသည်။

ထို အဖျက်စွမ်းအား ပါဝင်သော အသက်ခြွေတူ အကြောင်း သူတို့ ကြားဖူးခဲ့ပြီးသား ဖြစ်သည်။

ဖျောင်ကျင်းတောင် ဆရာသခင်အဆင့်၌ ရှိခဲ့စဉ်အခါက ကမ္ဘာတစ်ဝှမ်းမှ လာရောက်ခဲ့ကြသော ဆရာသခင်အဆင့် သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်ကို ထိုတူအား အသုံးပြုပြီး သူ သတ်ခဲ့သည်။ ထိုအချိန်မှစ၍ သူ နာမည် ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ ဒဏ္ဍာရီ တစ်ပိုင်းအဆင့်သို့ စရောက်သည့်နေ့မှ စ၍ အသက်ခြွေတူကို သူ မသုံးတော့ပေ။

သူ၏ အဖျက်စွမ်းအင် အသက်ခြွေတူ စိတ်ဝိညာဉ်ပစ္စည်းအား အနားပေးလိုက်ပြီဟု လူများစွာက ယုံကြည်ခဲ့ကြသည်။

သို့သော် ယခု ဖျောင်ကျင်းတျောင်က ထိုတူကို ထုတ်ဆွဲလာလေသည်။

"ခွေးသူတောင်းစားလေး၊ ငါ ဟွာရှ ပမွှားကောင် တစ်ရာတစ်ဆယ့်ခုနစ်ယောက်ကို ဒီတူ သုံးပြီး သတ်ခဲ့တာကွ"

ဖျောင်ကျင်းတျောင်က ယဲ့ဖန်၏ မျက်လုံးအား စူးစိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။

"မင်းက တစ်ရာတစ်ဆယ့်ရှစ်ယောက်မြောက် သားကောင်ပဲ"

..…

သူ့စကားကြောင့် ဟွာရှ သိုင်းပညာရှင်တိုင်း ဒေါသူပုန်ထလာကြသည်။ ယခုအခါမှသာ အသက်ခြွေတူကြောင့် ဟွာရှ သိုင်းပညာရှင် အယောက် တစ်ရာကျော်၏ ဝိညာဉ်များ ကြွေလွင့်သွားခဲ့ရမှန်း သူတို့ သိရတော့သည်။

သို့သော် ယဲ့ဖန်က အလွန် ကြောက်မက်ဖွက်ကောင်းသော မဲ့ပြုံးပြုံး၍ ပြန်ပြောလာသည်။

"အသက်ခြွေတူတဲ့လား၊ ဒီလိုဆိုလည်း ကျုပ်က ခင်ဗျားတူကို ဖျက်ဆီးပြီး ခင်ဗျား အသက်ကို နုတ်ယူရတာပေါ့"

All Chapters