မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်
Vol. 6 Ch. 59
ဇီယန်က ရွှတ်နောက်နောက် ပြုံးကာ သူမ၏ အကြည့်များကို ကျန်းချန်ဆီသို့ ပြန်လွှဲလိုက်သည်။ "အစ်ကိုကြီး... ပြီးခဲ့တဲ့တစ်ခေါက်က အစ်ကိုကြီး ဘယ်လိုမှော်ဆေးလုံးမျိုးကို ဖော်စပ်ခဲ့တာလဲဟင်။ ကျွန်မကို မြည်းကြည့်ဖို့ နည်းနည်းလောက် ပေးလို့ရမလား"
ကျန်းချန်က ချောင်းနှစ်ချက်ခန့် ဟန့်လိုက်ပြီး "ကိုယ်က အဆင့်ရှစ် သိုင်းဝိဇ္ဇာဆေးလုံးကို ဖော်စပ်ခဲ့တာပါ။ မင်းရဲ့ လက်ရှိအခြေအနေနဲ့ဆိုရင် ဒီသိုင်းဝိဇ္ဇာဆေးလုံးက သိပ်ပြီး အသုံးတည့်မှာ မဟုတ်ဘူး" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ ဇီယန်က နှုတ်ခမ်း ဆူသွားသော်လည်း သူမ အခုလေးတင် ရရှိထားသော အဆင့်ခြောက်ဆေးလုံးကပင် သူမကို အတိုင်းမသိ ပျော်ရွှင်စေခဲ့ပြီး ဖြစ်သည်။ ၎င်းဆေးလုံး၏ အရသာမှာ ကင်းကောင်ဗောဓိထက် ပိုမိုကောင်းမွန်လှပြီး ပါဝင်သော စွမ်းအင်များမှာလည်း အလွန်စင်ကြယ်လှရာ သူမအတွက် အစီအစဉ်တစ်ခုကို လျင်မြန်စွာ ရေးဆွဲနိုင်လာသည်။
ဇီယန်၏ မျက်ဝန်းလေးများက မှေးသွားပြီးနောက် လျင်မြန်စွာဖြင့် "အစ်ကိုကြီး... ကျွန်မ တကယ့်ကို အဖိုးတန်လှတဲ့ ကောင်းကင်နှင့်မြေကြီး ရတနာတစ်ခုရှိတဲ့ နေရာကို သိထားတယ်။ အစ်ကိုကြီး စိတ်ဝင်စားလား"
"ကောင်းကင်နှင့်မြေကြီး ရတနာ ဟုတ်လား"
ကျန်းချန်က လှည့်ထွက်ကာ အဆောင်ထဲသို့ လျှောက်သွားပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ရင်း လက်ဖက်ရည်ပူပူတစ်ခွက်ကို လောင်းထည့်လိုက်သည်။ "ကျားနန် အကယ်ဒမီမှာရှိတဲ့ ကောင်းကင်နှင့်မြေကြီး ရတနာ အများစုက စူးချန်ဆီမှာ ရှိတာလေ။ မင်း ဒါကို ဘယ်ကနေ ကြားလာတာလဲ"
"အစ်ကိုကြီး... မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည် အကြောင်းကိုရော ကြားဖူးလား"
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းချန်၏ မြှောက်ထားသော ညာဘက်လက်မှာ ရုတ်တရက် တုံ့ဆိုင်းသွားပြီး ကျားနန် အကယ်ဒမီအတွင်းရှိ ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် အထွတ်အထိပ် ရတနာကြီးက သူ၏ ခေါင်းထဲတွင် ပေါ်လာသည်။
မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေး သန့်စင်ရည်သည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများကို အသုံးချ၍ ဖြစ်တည်လာခြင်း ဖြစ်သည်။ နှစ်တစ်ရာလျှင် မြူအဖြစ်၊ နှစ်တစ်ထောင်လျှင် အရည်အဖြစ်နှင့် နှစ်တစ်သောင်းကြာမှသာ နို့ရည်အဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်သည်။ ဒါက လူတစ်ယောက်၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို မြှင့်တင်ပေးနိုင်သလို သွေးကြောများကို သန့်စင်ပေးပြီး ရိုးတွင်းခြင်ဆီများကိုလည်း ပြန်လည်ပြုပြင်ပေးနိုင်ရာ ရှားပါးမှော်ဆေးလုံးများတွင်သာ တွေ့ရလေ့ရှိသော အာနိသင်များကို ပေးစွမ်းနိုင်သည်။
ဒိုချီသိုင်းလောကကြီးတွင်လည်း ၎င်းသည် အလွန်ရှားပါးလှသော တည်ရှိမှုတစ်ခုဖြစ်ပြီး ၎င်း၏ တန်ဖိုးမှာ မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်း၏ ခရမ်းရောင် ခရစ်စတယ်စွမ်းအင်ထက်ပင် မနိမ့်ကျပေ။
ဇီယန်က ကုလားထိုင်ပေါ်တွင် ထိုင်ကာ သူမ၏ ခြေထောက်လေးများကို ပျင်းရိပျင်းတွဲဖြင့် ဟိုဘက်ဒီဘက် လွှဲယမ်းနေရင်း စိတ်တိုတိုဖြင့် ပြောလိုက်သည်။ "ကျွန်မ အဲဒီ မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေးသန့်စင်ရည်ကို မျက်စိကျနေတာ ကြာလှပြီ။ ဒါပေမဲ့ အဲဒီနေရာကို စောင့်ကြပ်နေတဲ့ နှင်းသားရဲ ကောင်းကင်မျောက်ဝံကို လျှော့တွက်လို့မရဘူး။ သူက အဲဒီသန့်စင်ရည်ကို သုံးပြီး တစ်နှစ်ပတ်လုံး ကျင့်ကြံနေတာဆိုတော့ သူ့ရဲ့ ကျင့်ကြံခြင်းက အဆင့်သစ်တစ်ခုကို ရောက်နေမှာ။ သူ အစွမ်းကုန် တိုက်ခိုက်လာရင် သူ့ရဲ့ အစစ်အမှန် ခွန်အားက ကြယ်ငါးပွင့် သိုင်းဘုရင်အဆင့်နဲ့ နီးစပ်မှာ"
"ကျွန်မက သူ့ကို မနိုင်ဘူးလေ။ အဲဒီကောင်က ကျွန်မကို တွေ့တိုင်း နေရာအနှံ့ လိုက်ဖမ်းတာ။ တကယ့်ကို ရှက်စရာပဲ"
ဇီယန်က နှုတ်ခမ်းဆူလိုက်သည်။ ဤအကြောင်းကို ပြောပြနေစဉ် သူမ တော်တော်လေးဒေါသထွက်နေသည်မှာ သိသာလှသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ခွန်အားကြီးဘုရင်ဖြစ်သော်လည်း နှင်းသားရဲ ကောင်းကင်မျောက်ဝံကိုမူ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။
မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ "ကလေးမ... အဲဒီ နှင်းသားရဲ ကောင်းကင်မျောက်ဝံက ရှေးဟောင်းသားရဲမျိုးနွယ် ဖြစ်ပေမဲ့ အဆင့်ငါးပဲ ရှိပါသေးတယ်။ သခင်လေးတိုက်စရာ တောင် မလိုပါဘူး။ ငါ တစ်ယောက်တည်းနဲ့ တိုက်နိုင်ပါတယ်"
နှင်းသားရဲ ကောင်းကင်မျောက်ဝံသည် ရှားပါးပြီး သွေးရူးသွေးတန်းဖြစ်တတ်သော မျိုးရိုးသွေးရှိသည့် ရှားပါးလှသော မှော်သားရဲ အမျိုးအစားဖြစ်သည်။ ထိုမျိုးရိုးသွေး နိုးထလာသည်နှင့် ကြယ်ငါးပွင့် သိုင်းဘုရင်အဆင့် ရှိသူများပင်လျှင် ရှောင်ရှားကြရသည်။
ထို့ကြောင့် ဇီယန်မှာ ထိုစဉ်က လိုက်ဖမ်းခံရပြီး အနှိပ်စက်ခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါ သူမတွင် အားကိုးရှိပြီဖြစ်ရာ လွယ်လွယ်ကူကူ လက်စားချေလိုစိတ် ပြင်းပြနေသည်။ သို့မဟုတ်ပါက လူအများက ခွန်အားကြီးဘုရင် ဆိုသည့်နာမည်ကို သိကြတော့မည် မဟုတ်ပေ။
ကျန်းချန်က လက်ဖက်ရည်ခွက်ကို အသာအယာ ချလိုက်ပြီး "နှင်းသားရဲ ကောင်းကင်မျောက်ဝံ အကြောင်းကို ရှေးဟောင်းကျမ်းစာ တစ်အုပ်မှာ ကိုယ်ဖတ်ဖူးတယ်။ သူတို့မှာ သောင်းကျန်းတတ်တဲ့ သွေးမျိုးနွယ်ရှိပြီး ရှားပါးတဲ့ မှော်သားရဲမျိုးစိတ်တစ်ခုတဲ့။ ဒီလိုအဆင့်ရှိတဲ့ မှော်သားရဲတစ်ကောင်ကို သတ်လိုက်ရမှာက နှမြောစရာပဲ" ဟု ဆိုသည်။
"နှမြောနေစရာ မလိုပါဘူး" ဇီယန်က လက်ပိုက်လိုက်ရင်း ပြောသည်။ "အဲဒီကောင်က တကယ့်ကို ရက်စက်တာ။ နှစ်တွေအများကြီး အပြစ်မဲ့တဲ့ သက်ရှိတွေကို ဒုက္ခပေးခဲ့သလို ကျားနန် အကယ်ဒမီကျောင်းက တပည့်တွေလည်း သူ့လက်ချက်နဲ့ ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ ရှိခဲ့တယ်"
"အဖိုးကြီးစူးချန်သာ တခြားကိစ္စတွေနဲ့ မအားလို့ မကိုင်တွယ်နိုင်တာ။ မဟုတ်ရင် အဲဒီကောင်ကို ကောင်းကောင်း ဆုံးမပြီးတာ ကြာပြီ"
"ဪ"
ကျန်းချန်က မျက်ခုံး ပင့်လိုက်သည်။ "ကောင်းပြီလေ... ဒါဆိုရင် မီးတောက်လေးကို မင်းနဲ့အတူ လိုက်ခိုင်းလိုက်မယ်"
"မလိုက်ပါဘူး... မလိုက်ပါဘူး"
ဇီယန်က လျင်မြန်စွာပင် ခေါင်းခါလိုက်သည်။ "အဲဒီကောင်က ကြည့်ရတာ အရမ်း ကြောက်စရာကောင်းသလို ဒေါသလည်း ကြီးတယ်။ ကျွန်မ သူ့နဲ့ အတူမသွားချင်ဘူး။ အစ်ကိုကြီး ကျန်းချန်... အစ်ကိုကြီးပဲ ကျွန်မနဲ့အတူ လိုက်ခဲ့ပေးပါလား"
"ဒါက..."
ကျန်းချန် မငြင်းနိုင်မီမှာပင် ဇီယန်က သူ၏ လက်ကို ကိုင်ကာ ချွဲတော့သည်။ "ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါနော်။ အစ်ကိုကြီး ကျန်းချန်... အောင်မြင်သွားရင် ရတာကို သုံးပုံ-ခုနစ်ပုံ ခွဲယူကြမယ်လေ။ ဘယ်လိုလဲ"
ဇီယန် ချွဲသည်ကို မြင်ရသောအခါ ကျန်းချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထားလိုက်ပါတော့...လိုက်သွားပေးရုံပဲရှိတာပေါ့။ သူကိုယ်တိုင်လည်း မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေးသန့်စင်ရည်ကို မမြင်ဖူးသေးသလို ၎င်းကို ရရှိခဲ့လျှင် ရှောင်ရီရှန်နှင့် ချင်းလင်းတို့၏ ခန္ဓာကိုယ်စိမ်ရန်အတွက်လည်း အသုံးဝင်မည် ရွေးချယ်မှုတစ်ခုဖြစ်သည်။
"ရေး... သွားကြရအောင်။ အဲဒီမျောက်ကြီးကို အနိုင်သွားယူကြမယ်"
မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းပင်လျှင် နှုတ်ခမ်းမဲ့သွားရသည်။ ဤမိန်းကလေး၏ ပုံစံအစစ်မှာ အဘယ်သူနည်း။ သူ ဘာကြောင့် တစ်ခါမျှ မတွေ့ဖူးရသနည်း။
သခင်လေးတစ်ယောက်သာ ဇီယန်၏ ပုံစံအစစ်ကို သိပုံရပေသည်။
ဇီယန်၏ လမ်းပြမှုဖြင့် သူတို့ သုံးဦးစလုံး ကျားနန် အကယ်ဒမီ၏ နောက်ဘက်ရှိ မှော်သားရဲတောအုပ်သို့ ရောက်ရှိလာကြသည်။ ဤနေရာရှိ မှော်သားရဲများမှာ မရေတွက်နိုင်အောင် များပြားလှပြီး အဆင့်ငါးနှင့် အဆင့်ခြောက် မှော်သားရဲများမှာလည်း အထူး များပြားလှသည်။
၎င်းသည် အရှေ့ဘက် တောင်တန်းဒေသနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
အထူးအလွှာမှာ အဆိပ်ငွေ့များ ဖုံးလွှမ်းနေခြင်းကြောင့် အတွင်းပိုင်း အခြေအနေကို အပြင်မှ မမြင်နိုင်သော်လည်း နားကွဲမတတ် ပြင်းထန်လှသော ခြေသံများကိုမူ ကြားနေရသည်။
ဇီယန်က လျှာသပ်လိုက်ပြီး မလှမ်းမကမ်းရှိ တောင်တန်းကို ညွှန်ပြသည်။ "အဲဒီနေရာပဲ။ အဲဒီအထဲမှာ မျောက်ကြီးက ရှိတယ်။ သူ့ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ စွမ်းအားတွေကို ကျွန်မ ခံစားနေရတယ်"
ကျန်းချန်လည်း ခံစားမိသည်။ "ဇီယန်... သွားပြီး သူ့ကို အပြင်ထွက်လာအောင် လုပ်လိုက်"
"သဘောပေါက်ပြီ"
ဇီယန်က သူမ၏ကျောဘက်ရှိ ဒိုချီ အတောင်ပံများကို သိမ်းလိုက်ပြီး မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။ ထို့နောက် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး ချိုင့်ဝှမ်းဘက်သို့ လှမ်းအော်လိုက်သည်။
"နံစော်နေတဲ့ မျောက်ကြီး... နင့်အစ်မကြီး ပြန်လာပြီဟေ့"
ထိုအသံမှာ ချိုင့်ဝှမ်းတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး မူလအသံထက်ပင် ပိုမိုကျယ်လောင်သွားတော့သည်။
အဟုတ်ပင်၊ ဇီယန် အော်ပြောပြီးသည်နှင့် တစ်ပြိုင်နက် မြေပြင်တစ်ခုလုံး တုန်ခါသွားတော့သည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများ ပြိုကျလာသောအခါ နှင်းသားရဲ ကောင်းကင်မျောက်ဝံကြီးမှာလည်း သူ့အလိုလို ပေါ်လာတော့သည်။
နှင်းသားရဲ ကောင်းကင်မျောက်ဝံသည် ၅ မီတာခန့် မြင့်ပြီး ကြွက်သားတောင့်တင်း သန်မာလှသော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ ၎င်း၏ခန္ဓာကိုယ်သည် အဖြူ-အပြာရောင် သန်းနေပြီး ရှားပါးလှသော ရေခဲပြာရောင် မျက်လုံးများ ရှိကြသည်။ ထို့အပြင် ပါးစပ်နှစ်ဖက်စလုံးတွင် ချွန်ထက်လှသော အရိုးစွယ်များ ထွက်နေခြင်းက ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းနေစေသည်။
"ကလေးမ မင်းပဲလား" နှင်းသားရဲ ကောင်းကင်မျောက်ဝံသည် ဤကလေးမကို ဘယ်သောအခါမှ မေ့မည်မဟုတ်ပေ။ ထိုစဉ်က ဤမိန်းကလေးမှာ သူ့လက်ချက်ဖြင့် တော်တော်လေး ဒုက္ခရောက်ခဲ့ရပြီး ယခုအခါ ပြန်ရောက်လာသောကြောင့် ဖြစ်သည်။
"မင်း သေချင်နေတာလား။ ငါ့နယ်မြေထဲကို ကျူးကျော်ရဲတယ်ပေါ့လေ"
"နံစော်နေတဲ့ မျောက်ကြီး... ဒါက ကျားနန် အကယ်ဒမီကျောင်းရဲ့ နယ်မြေလေ။ ငါ လာတာ မလာတာ နင်နဲ့ ဘာဆိုင်လို့လဲ" ဇီယန်က ချက်ချင်း ဆဲရေးလိုက်သည်။ "နံစော်နေတဲ့ မျောက်ကြီး... နင်သာ လိမ္မာရင် မြေကမ္ဘာအတွင်းသား ခန္ဓာကိုယ်အပူပေးသန့်စင်ရည်ကို အခုချက်ချင်း လွှဲပေးလိုက်။ မဟုတ်ရင်တော့ အစ်မကြီးက နင့်တင်ပါးကို ရိုက်ရလိမ့်မယ်"
ထိုသို့ စော်ကားသော စကားလုံးများက နှင်းသားရဲ ကောင်းကင်မျောက်ဝံကို ချက်ချင်းပင် ဒေါသပေါက်ကွဲသွားစေသည်။ သူသည် ဘယ်တုန်းကမှ ဤမျှအထိ အရှက်ခွဲခံရခြင်း မရှိဖူးပေ။ ယနေ့တွင်မူ ဤကလေးမကို တန်ဖိုးကြီးလှသော အဖိုးအခ ပေးဆပ်စေရမည်ဖြစ်သည်။
မျောက်မျိုးနွယ်စုဝင်များသည် သဘာဝအားဖြင့် ဒေါသဆွရ အလွယ်ကူဆုံးသူများ ဖြစ်ကြသည်။ ဇီယန်၏ စကားများက သူ၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ထိုးနှက်လိုက်သကဲ့သို့ပင်။ ယနေ့သာ သူမကို သင်ခန်းစာ မပေးလိုက်ရပါလျှင် သူမသည် သူ့ကို အနိုင်ကျင့်ရလွယ်သူဟု ထင်နေပေတော့မည်။
"ကလေးမ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
"အိုး... ကြောက်လိုက်တာ။ လာလေ...လာပြီး ရိုက်လေ... ဟား ဟား"
ဇီယန်က အားလုံး၏ ရှေ့တွင် မျက်နှာပြောင်ပြလိုက်ပြီးနောက် သူမ၏ စွမ်းရည်ကို အသုံးပြုကာ ကျန်းချန်၏ အနားသို့ ချက်ချင်းပင် ခုန်ဆင်းလိုက်သည်။ ထို့နောက် နှင်းသားရဲ ကောင်းကင်မျောက်ဝံကို လက်ခလယ်ထောင်ကာ ပြောင်ပြလိုက်သေးသည်။
"အားးးးးး"
နှင်းမိစ္ဆာ ကောင်းကင်မျောက်ဝံသည် လုံးဝ ဒေါသထွက်သွားစေပြီး သူ၏ ရင်ဘတ်ကို တဒုန်းဒုန်း ထုကာ နားကွဲမတတ် အော်လိုက်သည်။ "မင်းကို သတ်မယ်။ မင်းတို့အားလုံးကို သတ်ပစ်မယ်"
"သခင်... ဒါကို ကျွန်တော့်တာဝန်ပဲ ထားလိုက်ပါ။ မတိုက်ရတာ တော်တော်ကြာပြီ"