ဆေးဘုရင် ဟန်ဖုန်း ရောက်ရှိလာခြင်း
Vol. 6 Ch. 55
တစ်ပတ်ကြာအောင် တက်နေခဲ့သည့် ဖုန်မှုန့်များကြားတွင် နှလုံးသည်းကြွေမီးတောက်သည် နိုးထဖို့ အသည်းအသန် ရုန်းကန်ရင်း ဟင်းလင်းပြင်တွင် ဝဲပျံနေသော လူသားပုံစံကို ကြည့်နေသည့် ၎င်း၏ ကောက်ကျစ်သော မျက်လုံးထဲ၌ ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
အတိတ်က မိမိအား စည်းပိတ်ခဲ့သည့် မန်တျန်းချီ အပြင် ယခုကဲ့သို့သော အဆင့်အတန်းရှိသည့် သိုင်းပညာရှင်တစ်ဦးက ကျားနန်အကယ်ဒမီကို အဘယ်ကြောင့် ကူညီပေးနေရသနည်းဆိုသည်ကို လုံးဝ နားမလည်နိုင် ဖြစ်နေရှာသည်။
ကျန်းချန်၏ မြှောက်ထားသော လက်ချောင်းသည် ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ နောက်ဘက်ဆီမှ သိုင်းဧကရာဇ် အဆင့်ရှိ ပညာရှင်အများအပြား၏ ပြင်းထန်သော စွမ်းအင်လှိုင်းများ တိုးဝင်လာခြင်းကြောင့်ပင် ဖြစ်သည်။ ထို့နောက် သူသည် မိမိတို့ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာသော လူအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
ဝါရင့်အကြီးအကဲ စူးချန်နှင့် ဒုကျောင်းအုပ် ဟူချန်တို့လည်း ထိုသူများကို သတိပြုမိသွားကြပြီး သူတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် လေးနက်လာတော့သည်။
“ဟဲ ဟဲ... ကျားနန်အတွင်းကျောင်းတော်မှာ ဒီလို ကောင်းကင်မီးတောက် တစ်ခုကို ဝှက်ထားလိမ့်မယ်လို့ လုံးဝ မထင်ထားဘူး။ ဝါရင့်အကြီးအကဲ စူးချန်... ခင်ဗျားတို့ ဒါကို တော်တော်လေး လျှို့ဝှက်ထားနိုင်တာပဲ”
“ဆေးဘုရင် ဟန်ဖုန်း” စူးချန်က အံကြိတ်ကာ ဒေါသတကြီး ပြောလိုက်သည်။ “မင်းလို ကောင်မျိုးက ဒီကို ရောက်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး”
ဟန်ဖုန်းက ပခုံးတွန့်လိုက်ရင်း ပြင်းထန်စွာဒဏ်ရာ ရထားသော ကောင်းကင်မီးတောက်ကို ကြည့်ကာ အေးအေးဆေးဆေး ပြုံးလိုက်သည်။ “ဟဲ ဟဲ... ဆေးဘုရင်ဆိုတဲ့ ဘွဲ့က အမှောင်ထုလွှမ်းနယ်မြေက မိတ်ဆွေတွေ ခေါ်ကြတဲ့ နာမည်တစ်ခုသာသာပါ၊ အဲ့တာကို အလေးအနက်ထားစရာ မလိုပါဘူး"
အပြင်ကျောင်းတော်၏ ဒုကျောင်းအုပ်ဖြစ်သူ ဟူချန်မှာလည်း အတော်လေး ဒေါသထွက်နေသည်။ ဟန်ဖုန်း၏ နှာခေါင်းကို လက်ညှိုးထိုးကာ အော်လိုက်သည်။ “ဟန်ဖုန်း... မင်းကို ဘယ်သူမှ မဖိတ်ဘဲ ဒီကို ဘာလာလုပ်တာလဲ”
သို့သော် ဟန်ဖုန်းက လှောင်ရယ်ကာ “ကောင်းကင်မီးတောက်ဆိုတာ လောကကြီးရဲ့ ရှားပါးရတနာတွေပါ။ အဲဒါကို ခင်ဗျားတို့က ဒီမှာ စည်းပိတ်ထားတာက သိပ်ကို ရက်စက်လွန်းရာကျပါတယ်။ အဆင့်ခြောက် အဂ္ဂိရတ်ဆရာ တစ်ယောက်အနေနဲ့ မီးဟာ ကျွန်တော့်ရဲ့ ယုံကြည်ကိုးကွယ်ရာပဲ။ ဒါကြောင့် ဒီကောင်းကင်မီးတောက်ကို ကျွန်တော့်ဆီ လွှဲပြောင်းပေးဖို့ ကျားနန်အကယ်ဒမီကို တောင်းဆိုပါတယ်”
ထိုစကားကို သူပြောပြီးသည်နှင့် ဟူချန်ပင်လျှင် ထိုရယ်စရာကောင်းလှသော ဆင်ခြေကြောင့် ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ ဟန်ဖုန်းသည် သိုင်းပညာရှင်တစ်ဦးထံမှ ကောင်းကင်မီးတောက်ကို လုယူရန် အရည်အချင်း မရှိသေးပေ။
ဒုကျောင်းအုပ် ဟူချန်က နှုတ်ခမ်းမဲ့လိုက်ရင်း “ဟန်ဖုန်း... ငါတို့ ကျားနန်အကယ်ဒမီမှာ ရှိတဲ့သူတွေကို မင်းက သုံးနှစ်သားကလေးတွေလို့ ထင်နေတာလား။ ဒီနေရာမှာ မင်းက တစ်ခုခု လုပ်ချင်တယ်ဆိုရင် ဒါက မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား”
တံခါးရှစ်ပေါက်ဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ရီသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ တိုးရန် ပြင်လိုက်သော်လည်း ဟန်ဖုန်းက တားမြစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျန်းချန်၏ အနေအထားကို သတိထားမိပြီးဖြစ်သောကြောင့် အခြေအနေကို သေသေချာချာ မသိဘဲနှင့် လှုပ်ရှားပါလျှင် အကျိုးဆက်မှာ ဆိုးရွားသွားနိုင်သောကြောင့် ဖြစ်သည်။
မဟုတ်ရင် နောက်ပြန်ဆုတ်သွားမှာ ဖြစ်ပါသည်။
ဟန်ဖုန်းက ပြုံးလိုက်ရင်း ဒုကျောင်းအုပ် ဟူချန်ကို လျစ်လျူရှုလိုက်သည်။ “ဝါရင့်အကြီးအကဲ စူးချန်... ကျွန်တော် ဒီကို လာတာ ကောင်းကင်မီးတောက်ကို လာလုတာ မဟုတ်ပါဘူး။ အဆင့်ရှစ်ဆေးလုံးကို ဖော်စပ်နိုင်တဲ့ အဆင့်မြင့် ပညာရှင်ကို လာရောက်တွေ့ဆုံတာပါ”
ထိုစကားကို ကြားသောအခါ စူးချန်က အေးစက်စက် နှာရှုံ့လိုက်သည်။ ဤလူသည် အမှန်တကယ်ပင် စိတ်ကူးယဉ်ဆန်လွန်းလှသည်။ “ဟန်ဖုန်း... မင်း အခုချက်ချင်း ထွက်သွားမယ်ဆိုရင် ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မေ့ပေးလိုက်မယ်။ မဟုတ်ရင်တော့ ငါတို့ရဲ့ အဆိုး မဆိုနဲ့”
“ဒါ့အပြင် ငါတို့ရဲ့ ကျားနန်အကယ်ဒမီဆိုတာ ဒိုချီတိုက်ကြီးပေါ်မှာ နာမည်တစ်ခုတည်းနဲ့ ရပ်တည်နေတာ မဟုတ်ဘူးဆိုတာ မင်း မှတ်ထားပါ”
ဟန်ဖုန်း၏ အကြည့်များမှာ စူးရှသွားသည်။ ဝါရင့်အကြီးအကဲ စူးချန်က သူ၏စကားကို အသိအမှတ်မပြု ကြောင်း သိလိုက်ရသောအခါ သူသည် သူ၏ ကောင်းကင်မီးတောက်ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
ချက်ချင်းပင် သမုဒ္ဒရာကဲ့သို့ လှပဆန်းကြယ်လှသော အပြာနုရောင် မီးတောက်တစ်ခုသည် ဟန်ဖုန်း၏ ခန္ဓာကိုယ်ထက်၌ ထွက်ပေါ်လာသည်။ ထိုမီးတောက်ကို မြင်ရုံမျှဖြင့် သိုင်းဘုရင်အဆင့်ရှိသူ အများအပြားမှာ မိမိတို့ကိုယ်ပေါ်သို့ လွင့်စင်မလာစေရန် ကြောက်ရွံ့စွာဖြင့် ရှောင်တိမ်းလိုက်ကြရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျားနန်အကယ်ဒမီမှ လူတိုင်း၏ မျက်နှာများမှာ ပျက်ယွင်းကုန်ကြပြီး “ဒါ... ဒါက တကယ့် ကောင်းကင်မီးတောက်ပဲ။” ဟု အံ့အားသင့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။
“ခင်ဗျားတို့ရဲ့ ကျောင်းအုပ်ကြီးကလည်း ပျောက်နေတာ ကြာလှပြီ။ ဘယ်ဆီ ရောက်နေမှန်းတောင် မသိရဘူး။ အကယ်၍ ကျွန်တော်သာ ဒီကောင်းကင်မီးတောက်ကို ရမယ်ဆိုရင် သူက ကျွန်တော့်မျက်လုံးထဲတောင် ရှိမှာ မဟုတ်ဘူး”
“ရိုင်းလှချည်လား”
စူးချန်က ဟောက်လိုက်သည်။ သူ့ကို စော်ကားသည်မှာ ပြဿနာမရှိသော်လည်း ကျားနန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးကို စော်ကားခြင်းမှာတော့ ကြီးလေးသော အဖိုးအခကို ပေးဆောင်ရမည် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်မှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာပြီး သိုင်းဘိုးဘေးအဆင့်၏ ချိန်းခြောက်မှုကြောင့် ဟန်ဖုန်းနှင့် အခြားသူများမှာ မီတာအတော်အဝေးအထိ နောက်သို့ ဆုတ်ခွာသွားရတော့သည်။
“ခေါင်းမာလိုက်တဲ့ အဖိုးကြီး” ဟန်ဖုန်း၏ နှုတ်ခမ်းမှာ မဲ့သွားသည်။ “သိုင်းဘိုးဘေးတစ်ယောက်က တကယ်ပဲ အစွမ်းထက်ပေမဲ့ အရှုံးပေးလို့တော့ မရဘူး။ အမှောင်ထုလွှမ်းနယ်မြေမှာ ခင်ဗျားကို ယှဉ်နိုင်တဲ့သူတွေ ရှိပါသေးတယ်။ ရွှေနဲ့ ငွေ အကြီးအကဲတို့... ထွက်လာခဲ့ကြပါဦး”
ဟန်ဖုန်း၏ အသံဆုံးသည်နှင့် တစ်ပြိုင်နက် ရွှေရောင်နှင့် ငွေရောင် အလင်းတန်း နှစ်ခုမှာ လျှပ်စီးကဲ့သို့ ပြေးထွက်လာပြီး အသံထက်မြန်သော လှိုင်းလုံးထုကြီးတစ်ခုကို လေထုထဲ၌ ချန်ရစ်ခဲ့သည်။
ရောက်ရှိလာသူများကို မြင်သောအခါ ဝါရင့်အကြီးအကဲ စူးချန်၏ မျက်မှောင်ကြုတ်သွားတော့သည်။
၎င်းတို့မှာ ပိန်လှီလှသော အမြွှာညီအစ်ကို နှစ်ဦးဖြစ်ပြီး နံရိုးများပင် ပေါ်လွင်နေသည်။
သို့သော် သူတို့နှစ်ဦးစလုံးမှာ သိုင်းဧကရာဇ် အထွတ်အထိပ်အဆင့်တွင် ရှိနေကြသည်။ အမှောင်ထုလွှမ်းနယ်မြေ၏ သိုင်းဧကရာဇ် ပညာရှင်များဖြစ်ကြသည့်အတိုင်း ရွှေရောင်နှင့် ငွေရောင် ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့နှစ်ဦး ပေါင်းစပ်တိုက်ခိုက်ပါလျှင် သိုင်းဘိုးဘေးအဆင့်ရှိသူကိုပင် ယှဉ်နိုင်သည်ဟု သတင်းကြီးကြသူများ ဖြစ်သည်။
ရွှေနှင့် ငွေ အကြီးအကဲတို့က တစ်ပြိုင်တည်းပင် ပြောလိုက်သည်။ “ဟဲ ဟဲ... အဖိုးကြီးစူး၊ ငါတို့ကို ခွင့်လွှတ်ပါ။ ငါတို့က တခြားသူဆီက အခကြေးငွေယူထားတော့ တာဝန်ကျေအောင် လုပ်ရမှာပဲ”
“မင်း ကောင်းကောင်းမွန်မွန်နဲ့ ကောင်းကင်မီးတောက်ကို ဟန်ဖုန်းဆီ လွှဲပေးလိုက်တာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ မင်း ကျဆုံးသွားမှာကို ငါတို့ မမြင်ချင်ဘူး”
ထိုစကားကို ကြားသောအခါ စူးချန်သည် ဒေါသထွက်မည့်အစား သူ၏ ညာဘက်လက်ကို အေးဆေးစွာ ဆန့်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ လူတိုင်း၏ရှေ့တွင် ပေါ်ပေါက်လာပြီး ရွှေနှင့် ငွေ အကြီးအကဲများပင် အလိုလို နောက်သို့ ဆုတ်ခွာသွားကြရသည်။
“သိုင်းဘိုးဘေးတစ်ယောက်ကို ကျော်လွန်ပြီး ယှဉ်နိုင်တယ်ဆိုတဲ့ ရွှေနဲ့ ငွေ အကြီးအကဲတွေ ဘယ်လောက် စွမ်းသလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
“အကြီးအကဲများအားလုံး ငါ့အမိန့်ကို နားထောင်ကြ။ ကောင်းကင်မီးတောက်ကို ကာကွယ်ကြ"
“ကောင်းကင်မီးတောက်ကို အသက်ပေး ကာကွယ်ပါ့မယ်"
ဝါရင့်အကြီးအကဲ စူးချန်သည် စတင် တိုက်ခိုက်ရန်ဟန်ပြင်နေစဉ်တွင် ကျန်းချန်က သူ၏ ရှေ့၌ ပေါ်လာပြီး လူတိုင်း၏ တိုက်ခိုက်မှုကို ဟန့်တားလိုက်သည်။
ထို့နောက် သူသည် သူ့ရှေ့ရှိ အမှောင်ထုလွှမ်းနယ်မြေမှ သိုင်းဧကရာဇ်များကို လှည့်ကြည့်ကာ အေးဆေးစွာ ပြုံးလိုက်သည်။ “ကျွန်တော် ဆေးဘုရင် ဟန်ဖုန်းရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ။ ဒီနေ့ တကယ်လက်တွေ့မြင်လိုက်ရတော့ တကယ့်ကို ကြည့်ကောင်းတာပဲ”
ဟန်ဖုန်းက မျက်မှောင်ကြုတ်လိုက်ရင်း သူ၏ ကောင်းကင်မီးတောက်ကို ပြန်ရုတ်သိမ်းကာ ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ ထို့နောက် လက်အုပ်ချီ ဂါရဝပြုကာ မေးလိုက်သည်။ “ကျွန်တော်ကတော့ အမှောင်ထုလွှမ်းနယ်မြေက ဆေးဘုရင် ဟန်ဖုန်းပါ။ သခင်လေးက ဘယ်သူများပါလဲ”
“အကယ်ဒမီကျောင်းတော်ရဲ့ ကွန်ဖြူးရှပ်ပညာရှိပါ”
‘ကွန်ဖြူးရှပ်ပညာရှိ’ ဟူသော စကားကို ကြားလိုက်ရချိန်တွင် ဟန်ဖုန်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားပြီး အသက်ရှူပင် မြန်လာတော့သည်။ သူက အလောတကြီးပင် မေးလိုက်၏။ “ခင်ဗျားက သိုင်းသူတော်စင်အဆင့်ရှိတဲ့ ပညာရှင်လား”
ရွှေနှင့် ငွေ အကြီးအကဲတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ကျန်းချန်တွင် ဒိုချီအတောင်ပံများ မရှိသောကြောင့် သူသည် သိုင်းဘိုးဘေးအဆင့်ထက် မြင့်မားသော ပညာရှင်တစ်ဦး ဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။ သို့သော်... သိုင်းသူတော်စင်အဆင့်ဆိုသည်မှာ အလွန်ပင် မယုံနိုင်စရာ ကောင်းလှသည်။
ဤလူငယ်မှာ အသက် ၂၀ ခန့်သာ ရှိဦးမည် ဖြစ်ရာ အဘယ်ကြောင့် သိုင်းသူတော်စင်အဆင့်အထိ ရောက်ရှိနိုင်မည်နည်း။
“ဟန်ဖုန်း... ဒီကောင် ငါတို့ကို လိမ်နေတာ မဟုတ်ဘူးလား။ အသက် ၂၀ ကျော်လေးနဲ့ သိုင်းသူတော်စင်အဆင့်ကို ရောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ထိုစကားကို ကြားသောအခါ ဟန်ဖုန်းလည်း အလေးအနက် တွေးမိသွားသည်။ မှန်ပေသည်၊ သူ့ရှေ့ရှိ ကွန်ဖြူးရှပ်ပညာရှိမှာ အလွန်ဆုံးရှိလှ သိုင်းဘိုးဘေး အဆင့်မျှသာ ဖြစ်နိုင်မည် မဟုတ်ပါလား။
သို့သော် စိတ်ကူးယဉ်ရန် ခက်နေသေးသည်။ ဤမျှငယ်ရွယ်သည့် အသက်အရွယ်ဖြင့် သိုင်းဘိုးဘေးအဆင့်သို့ ရောက်ရှိနေခြင်းမှာပင် တစ်ကမ္ဘာလုံး၏ အရှားပါးဆုံး စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်နေပေပြီ။
ဟန်ဖုန်းက ခေတ္တမျှ တွေးတောပြီးနောက် လက်အုပ်ချီကာ ပြန်ပြောလိုက်သည်။ “သခင်လေး... ကျွန်တော်က ဆေးဘုရင် ဟန်ဖုန်းဆိုတာကို သိထားရင် ကျွန်တော့်ရဲ့ မျက်နှာကို ထောက်ထားပြီး ဒီကျားနန်အကယ်ဒမီရဲ့ ကောင်းကင်မီးတောက်ကို လွှဲပေးဖို့ တောင်းဆိုချင်ပါတယ်။ သခင်လေး ဘယ်လို အပေးအယူမျိုး တောင်းဆိုပါစေ ကျွန်တော့်ဘက်က အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်”
“ဟန်ဖုန်း... မင်းက ဘယ်လိုကောင်မို့လို့ ငါ့သခင်ဆီက မျက်နှာသာပေးဖို့ လာတောင်းနေရတာလဲ။ ငါ မင်းကို အပိုင်းပိုင်း ဆွဲမဖြဲပစ်နိုင်ဘူးလို့ ထင်နေလား”
မရမ်းစေ့ရောင်အတောင်ပံ ခြင်္သေ့မင်းသည် ရုတ်တရက် ရှေ့သို့ ပြေးထွက်လာပြီး သူ၏ လူသားအသွင်မှာ ပျောက်ကွယ်သွားကာ ကြီးမားထည်ဝါလှသော သားရဲခန္ဓာကိုယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ခြင်္သေ့၏ခေါင်းပေါ်တွင် မီးတောက်ကဲ့သို့ နီရဲနေသော ခရုပတ်ဦးချိုတစ်ခုရှိပြီး ၎င်း၏ထိပ်ဖျားတွင် ခရမ်းရောင်မီးတောက်များ ဝေ့နေသည်။
ထိုသားရဲကြီး၏ ဧရာမ ခြင်္သေ့ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်၌ ခရမ်းရောင် အတောင်ပံတစ်စုံ ရှိနေသည်။ ခရမ်းရောင် အတောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်ပါလျှင် မီးမှုတ်စက်များမှ မှုတ်ထုတ်လိုက်သကဲ့သို့ပင် ခရမ်းနုရောင် မီးတောက်အစုအဝေးများက အကာအကွယ်မဲ့စွာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာတော့သည်။