ရှန့်ကျန်းမြို့၏ စစ်နတ်ဘုရား
Vol. 15 Ch. 215
ညနေနှောင်းပိုင်းအချိန်၌ ကြားဖြတ်သတင်း နှစ်ခုက ရှန့်ကျန်းမြို့ တစ်ခုလုံးအား ထိတ်လန့်သွားစေခဲ့သည်။
ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် ပါရမီရှင်လေး ဖျောင်ကျိုးယိုက ရှန့်ကျန်းမြို့တွင် သုံးချက် အရိုက်ခံရ၍ သေဆုံးသွားခြင်း။
ကိုရီးယားနိုင်ငံမှ ကြောက်မက်ဖွယ် အကောင်းဆုံး ဖျောင်ကျင်းတျောင်တစ်ယောက် ရှန့်ကျန်းမြို့တွင် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားခြင်း။
ဤမျှ ထိတ်လန့်ဖွယ်ကောင်းသည့် သတင်းများက ရှန့်ကျန်း သိုင်းပညာ အသိုင်းအဝိုင်းအား အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှန့်ကျန်း သိုင်းပညာကွန်ရက်နှင့် ရှန့်ကျန်း ကြေးစားအဖွဲ့နှင့် လုပ်ကြံရေးသမား ကွန်ရက်တို့တွင် ထိုအကြောင်းအရာများအား အပူတပြင်း ဆွေးနွေး ကြလေတော့သည်။
တစ်စုံတစ်ယောက်က ဤတိုက်ခိုက်မှုအား ဆရာသခင် တစ်ပိုင်းအဆင့် လူငယ်လေးက လုပ်ဆောင်သွားခဲ့ကြောင်း သတင်းဖောက်သည် ချပြီးသည်နှင့် ကွန်ရက်များတွင် ဝေဖန်ချက်များနှင့် ပြည့်နှက်လာလေတော့သည်။
"မြတ်စွာဘုရား သူက အရမ်း အံ့ဩဖို့ ကောင်းတာပဲ၊ သူက တကယ့်ကို လူစွမ်းကောင်း တစ်ယောက်ပဲ၊ ဆရာသခင်တစ်ပိုင်းအဆင့် ပညာရှင်က ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင်ကို သတ်လိုက်တယ်၊ ဘုရားရေ သူက တကယ့်ကို တော်လိုက်တာ"
"အံ့ဩစရာပဲ၊ သူက ရှန့်ကျန်းမြို့ သမိုင်းမှာ အတော်ဆုံး ပါရမီရှင်ဆိုတာ သေချာတယ်၊ သူ့ခွန်အားက မကြုံစဖူး ထူးကဲလှပါပေတယ်"
"အဲ့လူထူးလူဆန်းက ဘယ်သူလဲ၊ ဘာလို့ သူ့အကြောင်း ငါ တစ်ခါမှ မကြားခဲ့ဖူးတာလဲ"
ချက်ချင်းဆိုသလိုပင် ရှန့်ကျန်း သိုင်းပညာရှင်များက ထိုဆရာသခင်တစ်ပိုင်းအဆင့် ပညာရှင်၏ ရုပ်ရည်သွင်ပြင်အား စ၍ မေးခွန်းထုတ်လာကြသည်။
ရုတ်တရက် ရှန့်ကျန်းမြို့မှ မြို့သူမြို့သား တစ်ယောက်က ခန်းမတွင်း သူ လျှပ်တစ်ပြက် ရိုက်ခဲ့သော ဓာတ်ပုံတစ်ပုံကို ကောက်တင်လာသည်။
ကွန်ရက်များတွင် ပွက်လောရိုက်သွားလေတော့သည်။
ပုံက အနည်းငယ် ဝါးနေသော်လည်း ယဲ့ဖန်၏ မျက်နှာက လူမှားစရာ မရှိပေ။
*သူက မကောင်းဆိုးဝါးဆန်ပြီး ထူးဆန်းလိုက်တာ*
*သူက အမှောင်ထုထဲက မင်းသားလေးလိုပဲ*
သိုင်းပညာရှင် တော်တော်များများက သူ့မျက်နှာအား ရင်းနှီးသော်လည်း ဘယ်မှာ မြင်ဖူးတာလဲဆိုတာကို ပြန်စဉ်းစားလို့ မရသလို ဖြစ်နေကြသည်။
ဟက်ကာတစ်ဖွဲ့က ကွန်ရက်ထဲ ဝင်လာပြီး ထိုလူ၏ မျက်နှာအား ဖော်ထုတ်လေ တော့သည်။
အင်တာနက်ပေါ်မှ နာမည်ကြီးများ၏ ဓာတ်ပုံများနှင့် နှိုင်းယှဉ်ကြပြီးနောက် သူတို့ နာမည်တစ်ခုကို ချက်ချင်း သိသွားကြသည်။ ထို့နာမည်ကား ယဲ့ဖန်၊ ထို့နောက် ကွန်ရက်များတွင် အလွန် ဆူညံပွက်လော ရိုက်လာကြသည်။
ယဲ့ဖန်၏ ယခင်ဓာတ်ပုံများနှင့် နှိုင်းယှဉ်ပြီးနောက် ဖျောင်ကျင်းတျောင်အား အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ထိုးနှက်ခဲ့သည့်သူနှင့် လီကျိုးယောင်ကို သတ်ခဲ့သည့်သူက တစ်ယောက်တည်း ဖြစ်သည်ကို တွေ့ရှိသွားကြသည်။
…..
ကွန်ရက်ပေါ်မှ သိုင်းပညာရှင်တိုင်း ထိတ်လန့်သွားကြသည်။
ထိုလူက ရှန့်ကျန်း၏ အိပ်မက်ဆိုး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
"မြတ်စွာဘုရား သူပဲဟ၊ ဖျောင်ကျင်းတျောင်တောင် အသတ်ခံလိုက်ရတာ အံ့ဩစရာ မရှိပါဘူး"
"အံ့ဩစရာပဲ၊ ယဲ့ဖန် လီကျိုးယောင်ကို သတ်ခဲ့တာကို ငါ မှတ်မိသေးသည်။ သူ့ကျင့်ကြံခြင်း အဆင့်က အလျင်အမြန် တိုးတက်လာပြီး ရှန့်ကျန်းမြို့က ဆရာသခင်အဆင့် ပညာရှင် ဆယ့်သုံးယောက်ကို သတ်ခဲ့သေးတယ်၊ အခုတော့ သူက ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပညာရှင်ကိုတောင် အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ထိုးနှက်နိုင်နေပြီပဲ၊ သူ့အင်အား တိုးတက်နှုန်းကြီးက ကြောက်ဖို့ ကောင်းလိုက်တာကွာ၊ တော်တော် ထူးဆန်းတဲ့သူပဲ"
"သူက ရှန့်ကျန်းရဲ့ အိပ်မက်ဆိုး ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ငါ ဂရုမစိုက်ဘူးကွာ၊ အခု သူက ရှန့်ကျန်းမြို့ သိုင်းပညာ အသိုင်းအဝိုင်းကို ကယ်တင်ခဲ့ပြီးတော့ ဟွာရှနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခဲ့တာ၊ သူက ငါ့စံပြပုဂ္ဂိုလ်ပဲ"
"ဟုတ်တယ်၊ ယဲ့ဖန်နဲ့ ရှန့်ကျန်းမြို့ရဲ့ ရန်ကြွေးဟောင်းက လီကျိုးယောင်ကြောင့် ဖြစ်လာခဲ့တာ။ လီကျိုးယောင်ကလည်း အခြား ဆရာသခင်အဆင့် ပညာရှင် ဆယ့်သုံးယောက်နဲ့အတူ အသတ်ခံလိုက်ရပြီးပြီ၊ ငါတို့နဲ့ သူ့ကြားမှာ ဘာရန်ကြွေးမှ မရှိတော့ဘူး၊ အခု သူက ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ၊ သူက ငါ့ရင်ထဲက ရှန့်ကျန်းမြို့ရဲ့ နံပါတ်တစ် သိုင်းပညာရှင်ပဲ"
တစ်ခဏမျှကြာသော ယဲ့ဖန်ကို ထောက်ခံသည့် သတင်းများက ကွန်ရက်ပေါ်တွင် ဆီးနှင်းပွင့်များကဲ့သို့ တဖွဲဖွဲ ကျရောက်လာသည်။
ယခင်က ယဲ့ဖန်ကို မုန်းခဲ့သည့် သူများလည်း ယခု စိတ်ပြောင်းသွားချေပြီ။
သူတို့စိတ်ထဲတွင် ယခင်က ဘယ်လိုပဲ အတိုက်အခံ ဖြစ်ခဲ့ဖြစ်ခဲ့ သူတို့တွေအားလုံး ဟွာရှ ပြည်သူများ ဖြစ်ကြသဖြင့် သူတို့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမဖို့ လိုအပ်လေသည်။ ယခု ယဲ့ဖန်က ဖျောင်ကျင်းတျောင်ကို သတ်လိုက်သဖြင့် သူသည် ရှန့်ကျန်းမြို့၏ သိုင်းပညာ အသိုင်းအဝိုင်းကို ကယ်ခဲ့သည့် သူရဲကောင်းတစ်ယောက် ဖြစ်ပြီး ဟွာရှ နိုင်ငံတစ်ခုလုံးကိုတောင်မှ ကယ်တင်ခဲ့သည့် သူရဲကောင်းလည်း ဖြစ်ပေသေးသည်။
မကြာခင်မှာပင် ယဲ့ဖန်သည် အမည်နာမ အသစ်တစ်ခု ရလာသည်၊ ထိုနာမည်ကတော့ …. ရှန့်ကျန်းစစ်နတ်ဘုရားပင်။
….
သို့သော် ယဲ့ဖန်သည် ရှန့်ကျန်းမြို့တွင် အသစ်ရလာသည့် သူ၏ နာမည်ဂုဏ်သတင်းအား သတိပင် မထားမိပါ။
ပိုင်ယီ၊ မာစတာရွှယ်၊ ရွှယ်ထောင်တို့နှင့် လမ်းခွဲပြီးနောက် သူသည် ညဘားသို့ တစ်ယောက်ထဲ လမ်းလျှောက်၍ ထွက်လာခဲ့သည်။
ဝင်းပနေသော လရောင်နှင့် ငြိမ်သက်အေးချမ်း၍ အေးစိမ့်သည့် ညလေးတစ်ည ပါတကား။
ညဘား၏ နောက်ဘေးလမ်းကြားဘေးတွင် စုတ်တီးစုတ်ပြတ် အဝတ်အစား ဝတ်ထားသော အရပ်ပုပုနှင့် ပိန်ပိန်သေးသေး လူတစ်ယောက်က ထောင့်နားကပ်၍ ဆောင့်ကြောင့်ထိုင်နေသည်။
သူမမျက်နှာလေးက ညစ်ပတ်ပေရေလို့နေ၏။
သူမ၏ အဝါရောင်ဆံနွယ်များက ခြောက်သွေ့၍ ဖိုသီဖတ်သီ ဖြစ်နေသည်။
သူမက အပေါက်များစွာ ဖြစ်နေသော ရှူးဖိနပ်လေးကို စီးထားသည်။
သူမဖိနပ်များက ပေါက်ပြဲသွားပုံထောက်လျင် သူမ ခရီးဝေးကြီးကို လျှောက်လာ ခဲ့ပုံရသည်။ သူမ ခြေဖဝါးနှစ်ဘက်လုံးက သွေးများ မနည်းမနော ထွက်နေသည်။
သူမသည် တွေ့သမျှလူတိုင်း၏ သနားကြင်နာမှုကို အမြဲရနိုင်သည့် သူတောင်းစားငယ် လေးလိုပင်။
ကလေးမလေးက ပဲသီးတောင့်လောက် ရှိသော မျက်ရည်များနှင့် ငိုယိုနေပြီး မျက်ရည်အဝဲသား မျက်လုံးလေးများဖြင့် ညဘားအား မော့ကြည့်နေရှာသည်။
"ညဘားဆိုတော့ …. အစ်ကိုကြီများ ဒီမှာ ရှိနေတာလား…."
သူတောင်းစားငယ်လေးက တီးတိုးရေရွတ်ရင်း ဘား၏ တံခါးအပေါ်မှ 'ည' ဟူသော စကားလုံးလေးကို စိုက်ကြည့်ရင်း သူမ၏ ညစ်တီးညစ်ပတ် မျက်နှာလေး၌ အလွန်တရာ ပျော်ရွှင်နေဟန်များ ပျော်ဝင်နေသည်။
သူမသည် ညအဖွဲ့၏ ယခင် ပိုင်ရှင်ဖြစ်သည်။ ယဲ့ဖန်သည် ညအဖွဲ့ အရှိန်အဟုန်နှင့် အင်အားကြီးလာအောင် လုပ်ဆောင်ပေးခဲ့သည့် လက်ရှိ သခင်ကြီး ဖြစ်သည်။
"အစ်ကိုကြီး…ရွှင်းအာက အစ်ကိုကြီးကို သတိရနေခဲ့တာ"
ထိုသူတောင်းစားငယ်လေးကတော့ ယဲ့ရွှင်းအာပင်။ ယခုအချိန်တွင် သူမ၏ စုတ်ပြတ်ပြတ် အဝတ်အစားများက သွေးစွန်းကွက်များနှင့် ပြည့်နှက်နေသည်။
"ညီမရဲ့ အဆိပ်ခန္ဓာကိုယ်က ချိတ်ပိတ်ခံလာရပြီ၊ အခု ရွှင်းအာက သာမန်လူသာသာပါပဲ"
"ခုနစ်ရက်၊ ရွှင်းအာမှာ ခုနစ်ရက်ပဲ ကျန်တော့တယ်"
ရွှင်းအာ တီးတိုးရေရွတ်နေရင်း သူမ၏ မျက်နှာလေးလေးပေါ်သို့ မျက်ရည်များ စီးကျလာသည်။
တစ်ကမ္ဘာလုံးတွင် ယဲ့ဖန်ကသာ သူမ သတိရ လွမ်းဆွတ်မိသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
ယဲ့ဖန်က သူမကို မိသားစုဝင်လို ဆက်ဆံသည့် ပထမဆုံးသူပင် ဖြစ်သည်။
"အစ်ကိုကြီး … ရွှင်းအာ အစ်ကိုကြီးကို သတိရတယ်၊ ညီမ အစ်ကိုကြီးကို သိပ် သတိရနေခဲ့တာ"
ထောင့်လေးတွင် ဆောင့်ကြောင့်လေး ထိုင်နေရင်း ရွှင်းအာ ရှိုက်၍ ငိုလေတော့သည်။ ယခုအချိန်တွင် ညဘုရင်မသည် သူမ၏ တစ်ဦးတည်းသော မိသားစုဝင်အား သတိရနေသည့် အထီးကျန်ပြီး ကူရာမဲ့နေသည့် မိန်းကလေးတစ်ယောက်သာသာ သာ ဖြစ်သည်။
ထို့နောက် သူမက သူမ၏ ပုံပျက်နေသော အိတ်လေးထဲမှ ဆွဲဆောင်မှုရှိသော ရနံ့များ ထွက်ပေါ်နေသည့် နီနီရဲရဲ သစ်သီးလေးကို ထုတ်ယူလိုက်သည်။
သူမ ဆာလောင်နေခဲ့သည်မှာ နှစ်ရက်ပင် ရှိခဲ့ပြီ။ သူမ ညအဖွဲ့အား လိုက်မရှာရဲသလို ကျန်းနန်စီရင်စု ဒေသမှ မည်သူ့ကိုမှ လိုက်မရှာရဲခဲ့ပါ။
သူမ ယဲ့ဖန်ကိုသာ တွေ့ချင်နေခဲ့ပြီး သူမ၏ အရင်းနှီးရဆုံး အစ်ကိုကြီးနား၌ သူမ အချိန်မစေ့ခင်အထိ အဖော်လုပ်ပေးချင်နေခဲ့သည်။
ဂလု!
သူမ လက်ထဲမှ လောင်ကျွမ်းသစ်သီးကို ကြည့်နေရင်း တံတွေး မျိုခုရင်း သူမ၏ စားချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။
"ငါ စားလိုက်လို့ မဖြစ်ဘူး၊ ဒါကို ငါ့အစ်ကိုကြီးအတွက် ပြင်ဆင်လာခဲ့တာ၊ ဒီလက်ဆောင်လေးကို အစ်ကိုကြီးကို ပေးဖို့ ရွှင်းအာ မိုင်နှစ်ထောင်ကို လမ်းလျှောက်လာခဲ့တာ"
သူမ မျက်နှာသေးသေးလေးမှ မျက်ရည်များကို သုတ်လိုက်ရင်း လောင်ကျွမ်းသစ်သီးအား သူမ၏ ပုံပျက်နေသော အိတ်လေးထဲသို့ ပြန်ထည့်လိုက်သည်။
ထိုစဉ် ခြေသံအချို့နှင့်အတူ အရက်မူးနေသော လူနှစ်ယောက် ဒယီးဒယိုင်နှင့် လျှောက်လာနေကြသည်။
"အာ…ငါ အနံ့တစ်ခုခု ရလိုက်တယ်ကွ၊ အဲ့အနံ့က ဘယ်ကလာတာပါလိမ့်"
"ခွေးအ ငါလည်း အနံ့ရတယ်ကွ၊ အဲ့အနံ့ကြောင့် ငါ လျှာကို မနည်းသိမ်းနေရတယ်"
လူငယ်နှစ်ယောက်လုံး၏ တစ်ကိုယ်လုံးတွင် တက်တူးများ အပြည့်ပင်။ သူတို့ ဘေးဘီဝဲယာ ကြည့်လိုက်စဉ် ထောင့်နားလေးမှ ရွှင်းအာအား ချက်ချင်း မြင်သွားသည်။
"ခွေးအ အဲ့အနံ့က ဟိုသူတောင်းစားလေးဆီက လာတာ ဖြစ်မယ်ကွ"
နှာခေါင်း၌ ကွင်းဖောက်ထားသော တစ်ယောက်က သူ့ဘေးက သူကို တီးတိုးပြောလိုက်သည်။
ခွေးအဟု အခေါ်ခံရသည့် လူငယ်လေးသည် သူ့လက်မောင်းပေါ်တွင် ဆိုးသွမ်းသော အစိမ်းရောင် ခွေးတစ်ကောင်ပုံကို တက်တူး ထိုးထားသည်။
သူ့လူ၏ စကားကြောင့် သူ ချက်ချင်း ရွှင်းအာ၏ မျက်နှာသေးသေးလေးကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးက တောက်ပသွားသည်။
"ဟာ…အဲ့သူတောင်းစားလေးက မိန်းကလေးကွ၊ သူ့မျက်နှာက နည်းနည်း ညစ်ပတ်နေပင်မယ့် သူမက အလှလေးပဲကွ"
ထိုသို့ပြောပြီး ခွေးအက မသတီစရာ အပြုံးနှင့် ပြောလိုက်သည်။
"ကိုယ့်လူ ငါတို့တော့ ဒီည ကံကောင်းတာပဲကွ၊ သွားကြစို့"
ထို့နောက် ထိုသူနှစ်ယောက်က အန္တရာယ်ပေးတော့မည့် အပြုံးမျိုးနှင့် ရွှင်းအာထံသို့ ဒယီးဒယိုင်နှင့် လျှောက်လာသည်။
သူတို့၏ လှုပ်ရှားပုံကို ကြည့်ရင်း ရွှင်းအာ၏ ပိန်သွယ်သွယ် ကိုယ်လုံးသေးသေးလေးက ပြင်းထန်စွာ တုန်ယင်လာသည်။
သူမ၏ အဆိပ်ခန္ဓာကိုယ်က ချိတ်ပိတ်ခြင်း ခံထားရသဖြင့် သူမသည် အားနည်းသည့် ကလေးမလေး တစ်ယောက်သာ ဖြစ်သည်။
သူမအနားသို့ သူတို့ တိုးကပ်လာသည်ကို ကြည့်ရင်း ရွှင်းအာ၏ ချစ်စရာကောင်းသော မျက်နှာလေးက ပျာပန်းခတ်လာသည်။
"ဘာ…ဘာလိုချင်တာလဲ"
"ငါတို့ ဘာလိုချင်တာလဲ ဟုတ်လား"
ခွေးအက ပြီတီတီ အပြုံးမျိုးနှင့် ရွှင်းအာ၏ အိတ်လေးထဲမှ လောင်ကျွမ်းသစ်သီးအား ဆွဲထုတ်ယူလိုက်သည်။
ထို့နောက် သူ ပြန်ပြောလိုက်သည်က "ဘာမှမဟုတ်ပါဘူး၊ ငါတို့က မင်းရဲ့ သစ်သီးကို အရသာခံချင်ရုံလေးပါ၊ ပြီးတော့…မင်းကိုရောပေါ့"