မင်းတို့ကို အရေခွံ နွှာပစ်မယ့်သူလေ
Vol. 15 Ch. 216
"ဘာမှမဟုတ်ပါဘူး၊ ငါတို့က မင်းရဲ့ သစ်သီးကို အရသာခံချင်ရုံလေးပါ၊ ပြီးတော့…မင်းကိုရောပေါ့"
ထိုလူ၏ စကားကို ကြားပြီး ရွှင်းအာ၏ မျက်နှာလေးက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်လာသည်။
သို့သော် ထိုလူ၏ စကားကို သူမ လုံးဝ ဂရုမစိုက်ဘဲ ရှေ့သို့ ပြေးတက်လာကာ သူမ၏ လောင်ကျွမ်းသစ်သီးအတွက် သူမအသက်ကို ရင်း၍ ကုတ်ဖဲ့ လုယက်လိုက်သည်.
"ကျွန်မ သစ်သီး ပြန်ပေး၊ အဲ့ဒါ ကျွန်မ အစ်ကိုကြီးအတွက်၊ ကျွန်မကို ပြန်ပေး…"
ရွှင်းအာက အမြှီးတက်နင်းခံလိုက်ရသည့် ကြောင်ပေါက်လေးကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်နေသည်။
သူမ သစ်သီးကို ကိုင်တွယ်လို့ ရသော်လည်း သူမ အားကုန်သုံး၍ ကြိုးပမ်းသော်လည်း ခွေးအလက်ထဲမှ လုယူလို့ မရချေ။
"ဟ…သူက ကြောင်မလေးလို စွာလှချည်လားဟွ၊ ဟီးဟီး…ငါတော့ သူ့ကို ခိုက်သွားပြီကွာ"
ခွေးအက မသတီစရာ အပြုံးမျိုးပြုံးပြီး ရွှင်းအာ၏ လက်မောင်းကို ဆွဲ၍ တွန်းထုတ်လိုက်သည်။
ဒုန်း!
ရွှင်းအာ၏ ခေါင်းသေးသေးလေးက မြေကြီးနှင့် ဆောင့်မိပြီး သွေးထွက်လာသည်။
"မဟုတ်ဘူး၊ အစ်ကိုကြီးရဲ့ သစ်သီး…အဲ့ဒါ အစ်ကိုကြီးအတွက် ပြင်ထားတဲ့ဟာ"
ရွှင်းအာက သူမ၏ ဒဏ်ရာကို လျစ်လျူရှုကာ ထိုလူထံသို့ ဒေါသတကြီး တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
ခွေးအ၏ လက်ဖဝါးကို ဖမ်းကိုင်၍ အားနှင့် ကိုက်ချလိုက်သည်။
"အား"
ခွေးအ စူးရှစွာ အော်ဟစ်၍ ဆုပ်ထားသည့် လက်ကို ဖြည်လိုက်ရာ သူ့လက်ထဲမှ သစ်သီးက လွတ်ကျပြီး ရွှင်းအား ဆီး၍ ဖမ်းကိုင်လိုက်သည်။
"ခွေးမလေး"
ခွေးအ ရှက်ရမ်းရမ်းကာ ရွှင်းအာအား လဲကျသွားအောင် ကန်ချလိုက်သည်။
ထို့နောက် သူက ရွှင်းအာ၏ ပိန်ပိန်သေးသေး ခန္ဓာကိုယ်လေးအား အားနှင့် ပိတ်ပိတ်ကန်လေသည်။
ဘုန်း! ဘုန်း! ဘုန်း!
ရွှင်းအာ၏ အနာရွတ်များက ချက်ချင်း ပြန်ပွင့်လာကာ သွေးများက သူမ၏ စုတ်ပြတ်နေသော အဝတ်အစားပေါ်သို့ စိမ့်ထွက်လာသည်။
ထိုအချိန်တွင် သူမသည် ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသော နာကျင်မှုကြောင့် တုန်ယင်လို့နေသည်။
သို့သော် သူမ ဒီလိုဖြစ်နေသည်ကို ဂရုမစိုက်ဘဲ သူမက အံကိုကြိတ်ကာ လောင်ကျွမ်းသစ်သီးကိုသာ အမိအရ ဆုပ်ကိုင်ထားသည်။
"အစ်ကိုကြီး…ဒီသစ်သီးက အစ်ကိုကြီးနဲ့ပဲ သက်ဆိုင်တာ၊ ဘယ်သူမှ ဒါကို ငါ့ဆီက လုယူသွားလို့ မရဘူး…ဘယ်သူမှ"
ရွှင်းအာ နှစ်ရက်လုံးလုံး ဘာမှမစားရသေးပေ။ ထို့ကြောင့် သူမ အလွန်အားနည်းလို့ နေသည်။
ထို့ပြင် သူမ၏ ဒဏ်ရာဟောင်းများကလည်း ပြန်ပွင့်လာသည်၊ ထို့ကြောင့် သူမ သတိလွတ်လုနီးပါး ဖြစ်လို့နေ၏။
သူမ သတိမလစ်ခင် အချိန်လေးတွင် အရိပ်တစ်ခုက လျှပ်စီးထက် လျင်မြန်သော အလျင်နှုန်းဖြင့် ထိုလူငယ်များထံသို့ လှစ်ခနဲ ပြေးဝင်လာသည်။
"အစ်ကိုကြီး…အစ်ကိုကြီး"
ရွှင်းအာ ဖျော့တော့တော့ အသံလေးဖြင့် တီးတိုး ခေါ်ရင်း သတိလစ်သွားတော့သည်။
ထိုအခါမှသာ ခွေးအနှင့် သူ့လူက ကန်ကျောက်နေသည်ကို ရပ်လိုက်သည်။
"သေစမ်း၊ ဒီခွေးမလေးက ငါ့ကို ကိုက်ရဲတာပဲ၊ သူ သေချင်နေတာပဲ ဖြစ်မယ်"
ခွေးအက ဒေါသတကြီး ကျိန်ဆဲရင်း ကလေးမလေး၏ လက်ထဲမှ လောင်ကျွမ်းသစ်သီးကို ဆွဲထုတ်၍ အလစ်သုတ်ရန် ပြင်လိုက်သည်။
သို့သော် ရွှင်းအာက သတိလစ်နေသော်လည်း ထိုသစ်သီးအား ပိန်ချုံးချည့်နဲ့နေသော လက်ကလေးများနှင့် မြဲနေအောင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
"ချီးပဲ"
ခွေးအ ဒေါသူပုန်ထကာ သူ့လူအား လာကူပေးရန် ပြောဖို့ ကြံလိုက်သည်။ ထိုစဉ် ရုတ်တရက် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပြီး လမ်းမတစ်ခုလုံးအား အေးစိမ့်စိမ့် ချီဓာတ်များက အုပ်စိုးလာ၏။
"မင်းတို့က ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
ထိုခပ်မာမာလေသံက ငရဲမှ တိုက်ရိုက် ထွက်ပေါ်လာသည်ဟုတောင် မှတ်ယူရသည်။
ခွေးအနှင့် သူ့လူတို့ လမ်းမထက် မီတာ တစ်ရာအကွာမှ အနက်ရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ချက်ချင်း တုန်ယင်သွားသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် ထိုအနက်ရောင် ပုံရိပ်က သူတို့ရှိရာနှင့် မီတာ ငါးဆယ်ခန့်သာ ကွာဝေးတော့သည်။
ခွေးအနှင့် သူ့လူတို့ အကြီးအကျယ် ချောက်ချားသွားကြသည်။ သူတို့ ချက်ချင်း ထွက်ပြေးရန် ပြင်လိုက်ကြသည်။
သို့သော် ထိုတစ်ခဏလေးမှာပင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က သူတို့ရှေ့သို့ မကောင်းဆိုးဝါးတစ်ကောင်လို ဗြုန်းခနဲ ပေါ်လာသည်။
"ရွှင်းအာ…"
ယဲ့ဖန်က သားရဲရိုင်းတစ်ကောင်ကဲ့သို့ မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် အော်ဟစ်လိုက်မိသည်။
ရွှင်းအာက ရှန့်ကျန်းမြို့သို့ ခရီးဆက်လာလိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မှတ်မထားခဲ့မိသလို လူဆိုးနှစ်ကောင်၏ ရိုက်နှက်ခြင်းအား ခံနေရလိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့မိပါ။
ရွှင်းအာ၏ သွေးထွက်နေသော ပိန်သေးသေး ကိုယ်လေးကို ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးများက စွေးစွေးနီသွားကာ သူ့ကိုယ်တွင်း၌ ကြမ်းကြုတ်သော ချီဓာတ်များ စတင်၍ လည်ပတ်လာသည်။
ထိုအချိန်တွင် ခွေးအက အနက်ရောင်ဝတ်စုံနှင့် လူအား စိုက်ကြည့်ရင်း မေးလိုက်သည်။
"မင်း…မင်း ဘယ်သူလဲ"
ခွေးအ ယဲ့ဖန်အား မေးသာမေးလိုက်ရသော်လည်း သူ့တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်းထကာ ခေါင်းမွေးများပင် ထောင်လာသလို ခံစားလာရသည်။
ရှေးဦး သားရဲကောင်ကြီး၏ စိုက်ကြည့်ခြင်းကို ခံနေရသလိုမျိုး သူ ခံစားနေရသည်။ ထို့ကြောင့် သူနှင့် သူ့ဘော်ဒါတို့ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။
"မင်းတို့ကို အရေခွံနွှာမယ့်သူပေါ့"
ထိုစဉ် အလင်းတန်းတစ်ခုက လေထုထဲ လှစ်ခနဲ ဖြတ်ပြေးသွားသည်။ ခွေးအနှင့် သူ့ဘော်ဒါတို့ ရှေ့သို့ တန်းနေအောင် ထွက်ပြေးနေစဉ် သူတို့ ခြေထောက်များ ပြတ်သွားကာ နှစ်ယောက်လုံး လမ်းမပေါ် ဗိုင်းခနဲ လဲကျသွားသည်။
သွေးများက သူတို့၏ ပေါင်မှ စီးကျလာသည်။
"အား…အား…အား"
စူးရှသော နာကျင်မှုက သူတို့ သွေးကြောထဲ ပျံ့နှံ့လာကာ အပြင်းအထန် တုန်ယင်လာသည်။ ယဲ့ဖန်သည် သူတို့စိတ်ထဲ၌ နတ်ဆိုးတစ်ကောင်ပင်။
*သူက ခြေလေးချောင်းလုံးကို တစ်ချက်တည်းနဲ့ ဖြတ်လိုက်တယ်*
*သူ…သူက လူ မဟုတ်ဘူး*
သို့သော် ဤမျှနှင့် မပြီးသေး။ ခွေးအ ကြည့်နေစဉ်မှပင် ယဲ့ဖန်က ရှေ့သို့ တိုးလာပြီး ရုတ်တရက် သူ့ဘော်ဒါ၏ လက်ကောက်ဝတ်ကို ဖမ်းလိုက်သည်။ ထို့နောက် နောက်သို့ ဆွဲလိမ်လိုက်လေသည်။
ဂျွတ်ခနဲ အသံကြီးနှင့်အတူ သူ့လက်မောင်းတစ်ဘက်လုံး ကျိုးသွားလေသည်။ ထိုလူက အသတ်ခံရတော့မည် ဝက်တစ်ကောင်လို စူးခနဲ ဟစ်အော်လိုက်မိသည်။
သို့သော် ယဲ့ဖန်၏ တိုက်ခိုက်မှုက မပြီးသေး။ ထို့နောက် ယဲ့ဖန်က ထိုလူ၏ လက်မောင်းတစ်ခုလုံးအား ဆွဲဖြုတ်လာသည်။
ထို့နောက် သူ့ပေါင်နှင့် ပခုံးများအား ရိုက်ချိုးလိုက်သည်။ သွေးများက လမ်းပေါ်၌ ပြန့်ကျဲနေသည်။
ခွေးအ အလွန် မှင်တက်သွားသည်။
"တိရိစ္ဆာန်ကောင်၊ မင်း…မင်းက လူမဟုတ်ဘူး၊ မင်းက တိရိစ္ဆာန်ပဲ"
ခွေးအ၏ စိတ်ထဲတွင် တိရိစ္ဆာန်များသာ ထိုသို့ ရက်စက်၊ ကြမ်းကြုတ်လှသည်ဟု ထင်မှတ်မိသည်။
သို့သော် သူ့ရှေ့မှ လူသည် တိရိစ္ဆာန်ထက်ပင် အဆထောင်သောင်းမက ပို၍ ရက်စက်လေသည်။
ရွှစ်!
သွေးစက်များက ခွေးအ၏ မျက်နှာသို့ လာစင်သဖြင့် သူ ကတုန်ကယင် ဖြစ်သွားသည်။
ခွေးအသည်လည်း ယခင်က လူသတ်ဖူးပါသည်။ သူသည်လည်း အကြောက်အလန့် ကင်းသည့် သူပင်။ သို့သော် ယဲ့ဖန်ရှေ့တွင် သူက ဘာမှမဟုတ်သလို ခံစားနေမိသည်။
ရွှစ်!
နောက်ဆုံးသော သွေးစက်များ လွင့်စင်ထွက်သွားပြီးနောက် ထိုလူ အော်ဟစ်နေရာမှ ငြိမ်သက်သွားသည်။
ထို့နောက် ယဲ့ဖန်က မကောင်းဆိုးဝါးကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့် လာသည်။ သူ့မျက်လုံးများတွင် ရက်စက်၊ ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်လို့နေ၏။
"မဟုတ်ဘူး...ကျွန်တော့်ကို မသတ်ပါနဲ့၊ ဒါ ကျွန်တော့်အမှားပါ၊ ကျွန်…ကျွန်တော် သေသင့်ပါတယ်၊ ကျေးဇူးပြုပြီး၊ ကျေးဖူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော် ခင်ဗျားကို ကျွန်ခံဆိုလည်း ကျွန်အဖြစ် နေပါမယ့်ဗျာ"
ခွေးအ သေမတတ် ကြောက်နေပြီး ဖွင့်ချထားသော ဘုံပိုင်ခေါင်းကဲ့သို့ သူ့နဖူးမှ ချွေးများ စီးကျနေသည်။
"မင်းကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား"
ယဲ့ဖန် ဒေါသက အလွန်ပေါက်ကွဲလာကာ ပြန်မေးလိုက်သည်။
"မင်း ရွှင်းအာရဲ့ အသီးကို လုယူတုန်းက မင်း သူ့ကို ခွင့်လွှတ်ပေးဖို့ စဉ်းစားခဲ့သလား၊ သူမ သတိလစ်တဲ့အထိ မင်း သူ့ကို ရိုက်နှက်တုန်းက မင်း သူ့ကို ခွင့်လွှတ်ပေးဖို့ စဉ်းစားပေးခဲ့သလား"
"မင်းတောင်မှ သူ့ကို ခွင့်လွှတ်ပေးဖို့ မစဉ်းစားပေးခဲ့တာ၊ ငါက ဘာလို့ မင်းကို ခွင့်လွှတ်ပေးရမှာလဲ"
ထိုသို့ပြောပြီး ယဲ့ဖန်က ရှေ့သို့ တစ်လှမ်းတိုးကာ ခွေးအ၏ ပြတ်နေသော ခြေထောက်ကို ဖမ်းဆွဲလိုက်သည်။
ထို့နောက် သူက အားနှင့် ဆွဲမ၍ ကိုင်ပေါက်လိုက်လေတော့၏။ ဤသည်ကား ခွေးအဘဝတွင် အဆိုးရွားဆုံး အခိုက်အခင်ပင်။
မည်မျှ သွေးစွန်းလှသည့် ညတစ်ညပါလိမ့်။