ကောင်းကင်ဘုံအဆင့်သို့ တက်သွားသည့် မီးတောက်မန္တန်အကြောင်း
Vol. 6 Ch. 57
ဤစကားလုံးများကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လူတိုင်း အချိန်မဆွဲတော့ဘဲ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။ ကျားနန်အကယ်ဒမီကျောင်းမှ ကျွမ်းကျင်သူများပင်လျှင် မိမိတို့၏အသက်ကို ဖက်နှင့်ထုပ်နေရသကဲ့သို့ ရှောင်တိမ်းနေကြရသည်။ သို့သော်လည်း အမှောင်ထုလွှမ်းနယ်မြေမှ လှုပ်ရှားမှုနှေးသည့် သိုင်းဘုရင်အဆင့် ပညာရှင်နှစ်ဦးမှာမူ ထိုပြင်းထန်လှသော စွမ်းအားအောက်တွင် တခဏချင်းပင် ပြာကျသွားသည်။
ဟန်ဖုန်းသည် စူးရှလေးနက်သည့် အကြည့်များအောက်တွင် အသက် ပြင်းပြင်းရှူလိုက်ပြီး ဤနှလုံးသည်းကြွေမီးတောက်သည် နာမည်ကြီးသည့်အတိုင်း အစွမ်းထက်လှသည်ဟု သူ သဘောပေါက်သည်။
သို့သော်လည်း ယခုအချိန်တွင်မူ ထိုမီးတောက်ကို ဖမ်းယူရန် စိတ်မကူးတော့ပေ။ သိုင်းသူတော်စင်အဆင့် ပညာရှင်တစ်ဦးထံမှ ထူးခြားဆန်းကြယ်မီးတောက်ကို လုယူရန် ကြိုးစားခြင်းမှာ မိမိသေတွင်းတူးခြင်းသာ ဖြစ်ပေလိမ့်မည်။
ကျန်းချန်သည် နှလုံးသည်းကြွေမီးတောက်၏ အဓိကအစိတ်အပိုင်းကို စိုက်ကြည့်ကာ "နှလုံးမီးတောက်က ခန္ဓာကိုယ်ထဲကို ဝင်သွားတာလား။ ဒါပေမဲ့ မင်းက လူမှန်အောင်တော့ ရွေးရမယ်လေ" ဟု ဆိုလိုက်သည်။
ကျန်းချန်သည် သူ၏ညာဘက်လက်ရှိ ခေါက်ယပ်တောင်ကို ဖြည်းဖြည်းမြှောက်လိုက်ရာ လေပြင်း ချက်ချင်းပင် ပေါ်ထွက်လာသည် ။ အစပိုင်းတွင် လေဆင်နှာမောင်းမှာ နှစ်မီတာခန့်သာ ကျယ်သော်လည်း ခဏအကြာတွင် လေနှင့်အတူ ပိုမိုကြီးထွားလာကာ အမြင့်ပေပေါင်းများစွာ ဧရာမရွှေရောင်လေဆင်နှာမောင်းကြီးအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ရွှေရောင်လေဆင်နှာမောင်းကြီးမှာ တဝေါဝေါလည်နေသည်။ မြေပေါ်ရှိ ဧရာမသစ်ပင်ကြီးမှာ အမြစ်တွယ်နေပြီး အတင်းအကြပ် နှုတ်ယူခြင်းခံရကာ လေပြင်းများကြားတွင် သစ်သားအပိုင်းအစအဖြစ်သို့ ကြေမွသွားကြသည် ။
"ဒီလောက်ထိ အံ့အားသင့်စရာကောင်းတဲ့ ခြိမ်းခြောက်မှုမျိုးဆိုရင် ဒါက ထူးခြားမီးတောက် ၁၀ မျိုးထဲက တစ်ခုများလား"
ဟန်ဖုန်းမှာ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ပထမဆုံး သတိပြုမိသွားကာ "ရွှေရောင်မီးတောက်တွေပါလား။ ထူးခြားမီးတောက်စာရင်းမှာ ရွှေရောင်ဆိုလို့ ရွှေဧကရာဇ် ကောင်းကင်မီးတောက်နဲ့ ကိုးပါးငရဲ ရွှေရောင်ဘိုးဘေးမီးတောက်ပဲ ရှိတာ ။ ဒီလောက်အထိ အံ့ဩစရာကောင်းတဲ့ စွမ်းအင်ဆိုရင် ဒါဟာ ရွှေဧကရာဇ် ကောင်းကင်မီးတောက်ပဲ ဖြစ်ရမယ်" ဟု အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ဤစကားကို ကြားလိုက်ရသော လူတိုင်းမှာ ထပ်ပြီး တုန်လှုပ်သွားကြရပြန်သည်။ သခင်လေး ကျန်းချန်သည် ထူးခြားမီးတောက်စာရင်းတွင် အဆင့်လေးရှိသည့် ရွှေဧကရာဇ် ကောင်းကင်မီးတောက်ကို ပိုင်ဆိုင်လိမ့်မည်ဟု မည်သူကမှ ထင်မထားခဲ့ကြပေ။"ဘုရားရေ၊ ဒီလူက ဘယ်လိုတောင် အင်အားကြီးတဲ့ ထူးခြားမီးတောက်ကို ပိုင်ဆိုင်ထားပါလိမ့်"
လေဓားသွား သိုင်းပညာအောက်တွင် နှလုံးသည်းကြွေမီးတောက်မှာ သူ၏ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မီးတောက်များကို ဆက်လက်မထိန်းထားနိုင်တော့ဘဲ ချက်ချင်းပင် အညံ့ခံလိုက်ရတော့သည်။
ကျန်းချန်သည် မျက်နှာထားခပ်တည်တည်ဖြင့်ပင် ထိုမီးတောက်ကို သူ၏အိတ်ကပ်အတွင်းသို့ ထည့်လိုက်ကာ အံ့အားသင့်နေကြသော လူအုပ်ကြီးကို ကြည့်၍ ပြုံးလိုက်သည်။
"ထူးခြားမီးတောက်ကို ငါ ဖမ်းလိုက်ပြီ။ မင်းတို့အားလုံး ဆက်ကြည့်နေဖို့ မလိုတော့ဘူး" ဟု ဆိုလိုက်သည်။
ဟန်ဖုန်းမှာ တံတွေးကို မျိုချလိုက်ပြီး တစ်လှမ်းချင်း ရှေ့သို့တက်လာကာ "စီနီယာ အဆင့်ရှစ်အဂ္ဂိရတ်ဆရာ ဖြစ်တာ မကြာသေးဘူးမလား" ဟု မေးလိုက်သည်။
"မှော်ဆေးဆရာတစ်ယောက်က ထူးခြားမီးတောက် တစ်ခုပဲ ပိုင်ဆိုင်လို့ရတယ်ဆိုတာ စီနီယာလည်း သိမှာပါ ။ အကယ်၍ ဒုတိယမြောက် ထူးခြားမီးတောက်ကို လက်ခံလိုက်မယ်ဆိုရင် အချင်းချင်း တွန်းကန်ကြပြီး ခန္ဓာကိုယ် ပေါက်ကွဲသေဆုံးနိုင်တဲ့ အန္တရာယ် ရှိပါတယ်" ဟု ဟန်ဖုန်းက ဆက်ပြောသည်
ကျန်းချန်က ဂရုမစိုက်ဟန်ဖြင့် "ဆေးဘုရင်အနေနဲ့ ဒါကို စိတ်ပူစရာမလိုပါဘူး ။ ငါ့မှာ နှလုံးသည်းကြွေမီးတောက်ကို ထိန်းချုပ်ဖို့ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်" ဟု ဆိုလိုက်သည်။
ဟန်ဖုန်းမှာ တုန်လှုပ်သွားကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဒီဂျူနီယာက ရိုင်းပျမိသွားပါတယ်။ သခင်လေးအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
ဝါရင့်အကြီးအကဲ စူးချန်သည် ကျန်းချန်၏အနားသို့ ရောက်ရှိလာပြီး ဟန်ဖုန်းကို လှည့်ကြည့်ကာ "ဆေးဘုရင်... ကျားနန်အကယ်ဒမီရဲ့ ထူးခြားမီးတောက်လည်း မရှိတော့ဘူးဆိုတော့ အမှောင်ထုလွှမ်းနယ်မြေက မင်းတို့ရဲ့ သိုင်းဧကရာဇ်တွေ ဒီမှာ ဆက်နေဖို့က နည်းနည်းတော့..."
"ဟုတ်တယ် သွားကြရအောင်"
ဟန်ဖုန်းမှာ စိတ်မပါသော်လည်း စောဒက မတက်ဝံ့ပေ။ တစ်ဖက်လူမှာ သိုင်းသူတော်စင်အဆင့် ပညာရှင် ဖြစ်နေသည်မဟုတ်ပါလား။
အကယ်၍ ထိုသူက စိတ်ပြောင်းသွားပါလျှင် သူ၏ကိုယ်ပိုင် ထူးခြားမီးတောက်ပင် လုယူခံရနိုင်ပေသည်။ မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် ထိုနေရာမှ အလျှင်အမြန် ထွက်ခွာသွားခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
ဟန်ဖုန်းနှင့် အပေါင်းအပါများ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည်ကို ကြည့်ပြီး စူးချန်မှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ အကယ်၍ သခင်လေး ကျန်းချန်သာ မရှိလျှင် ယနေ့ တိုက်ပွဲကြီးတစ်ခုကို ရှောင်လွှဲနိုင်မည်မဟုတ်ပေ။
ဟန်ဖုန်းအကြောင်းသိသူဖြစ်ရာ သခင်လေးနေရာတွင်သာ တခြားသူဆိုရင် သူသေချာပေါက် ပြန်လာလိမ့်မည်ဖြစ်သည်။
စူးချန်သည် လက်အုပ်ချီကာ ဂါရဝပြုရင်း "သခင်လေး မြင့်မြတ်တဲ့ ရတနာကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်" ဟု ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ပြကာ "ကျေးဇူးတင်ပါတယ် ဝါရင့်အကြီးအကဲ စူးချန်"ဟု ပြောလိုက်သည်။
"သခင်လေး ဟန်ဖုန်းကတော့ နောက်ထပ် နှောင့်ယှက်ရဲမှာ မဟုတ်တော့ပါဘူး။ အခုဆိုရင် သူက သခင်လေးရဲ့ အဆင့်ကို သိသွားပြီဆိုတော့ သူပိုင်ဆိုင်ထားတဲ့ ထူးခြားမီးတောက်ကို လုယူမှာကြောက်လို့ ပုန်းနေတော့မှာပါ" ဟု စူးချန်က ဆိုသည်။
"ဟဲ ဟဲ" ကျန်းချန်က ပြုံးလိုက်ပြီး "ငါက သူများပစ္စည်းကို လုယူဖို့ အောက်တန်းကျတဲ့ လုပ်ရပ်မျိုး လုပ်မှာမဟုတ်ပါဘူး။ အဲ့ဒီလိုလုပ်ရင် ငါနဲ့ ဓားပြနဲ့ ဘာကွာတော့မှာလဲ။ ကွန်ဖြူးရှပ်ပညာရှိဆိုတဲ့ နာမည်ကို ငါ အပျက်အစီး မခံနိုင်ဘူး" ဟု ဆိုလိုက်သည်။
"သခင်လေးက တကယ့်ကို ကြင်နာတတ်တဲ့သူပဲ" ဟု စူးချန်က ချီးကျူးလိုက်သည်။
ယခုအခါ အတွင်းအကယ်ဒမီရှိ ထူးခြားမီးတောက်ကို ယူဆောင်နိုင်ခဲ့ပြီဖြစ်ရာ အခြားသော ဆေးဖက်ဝင်အပင်များကို စုဆောင်းရန်သာ လိုတော့သည်။
ကောင်းကင်မီးတောက်လေ့ကျင့်ရေးမျှော်စင်၏ စွမ်းအင်များ ဆက်လက်တည်ရှိနေစေရန် ကျန်းချန်သည် နှလုံးသည်းကြွေမီးတောက်၏ စွမ်းအင်အချို့ကို မျှော်စင်အတွင်းသို့ ထည့်သွင်းပေးခဲ့သည်။
ဝါရင့်အကြီးအကဲ စူးချန်မှာ အတိုင်းထက်အလွန် ကျေးဇူးတင်မိသည်။ ဤစွမ်းအင်မှာ ဆယ်နှစ်ခန့်သာ ခံမည်ဖြစ်သော်လည်း သခင်လေးအနေနှင့် ဆယ်နှစ်တစ်ကြိမ် စွမ်းအင်အနည်းငယ် ထည့်သွင်းပေးရုံနှင့် လုံလောက်ပေသည်။
ကျန်းချန်၏ အကြည့်များမှာမူ ကောင်းကင်မီးတောက်လေ့ကျင့်ရေးမျှော်စင်ပေါ်တွင်သာ ရှိနေသည်။ ခန္ဓာကိုယ်ကူးပြောင်းလာသူတစ်ဦးအနေနှင့် ဤမျှော်စင်အောက်တွင် မည်သည့်အရာများ ရှိနေသည်ကို သူ ကောင်းကောင်းသိသည်။
နှလုံးသည်းကြွေမီးတောက် နေထိုင်ရာနေရာမှာ ချော်ရည်ကမ္ဘာကြီးဖြစ်ပြီး ထိုချော်ရည်များအတွင်း၌ အခြားသော နှလုံးသည်းကြွေမီးတောက်အသေးစားလေးတစ်ခုသာမက ကြောက်မက်ဖွယ်ရာ သတ္တဝါအုပ်စုကြီးလည်း ရှိနေသည်။
၎င်းတို့မှာ အသွေးအသားမရှိဘဲ ချော်ရည်များမှ မွေးဖွားလာသည့် မီးပုတ်သင်ညိုများပင် ဖြစ်သည်။
ထိုမီးပုတ်သင်ညိုများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သိုင်းဝိဇ္ဇာ ယောင်ထျန်းဟော့ (မြင့်မြတ်သည့် ကောင်းကင်မီးတောက်)သည် နှလုံးသည်းကြွေမီးတောက်ကို နှိမ်နင်းရန် ရောက်ရှိလာခဲ့သော်လည်း ထိုမီးပုတ်သင်ညိုများနှင့် တွေ့ဆုံကာ အသက်ဆုံးရှုံးခဲ့ရသည်။ မီးပုတ်သင်ညိုတိုင်းတွင် သိုင်းဝိဇ္ဇာအဆင့်ရှိပြီး ခေါင်းဆောင်မှာမူ သူတော်စင်အဆင့်တစ်ဝက်အထိ ရှိသည်။
ကျန်းချန်သည် ထိုမီးပုတ်သင်ညိုများကို မကြောက်သော်လည်း ယခုအချိန်တွင်မူ အဝေးမှသာ လေ့လာနိုင်သေးသည်။ ထိုနေရာ၏ အောက်ထပ်တွင်မူ တိုးရှီးရှေးဟောင်းဧကရာဇ်၏ လိုဏ်ဂူနန်းတော် တည်ရှိနေသည်။
ဤအောက်ဆုံးအလွှာမှာ အကြီးမားဆုံးသော လျှို့ဝှက်ချက်လည်းဖြစ် ရတနာသိုက်လည်းဖြစ်ပြီး သိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိရန် လိုအပ်သည့် ဒိုချီအရင်းအမြစ်များပင် ရှိနေနိုင်သည် ။
"သခင်လေး" စူးချန်က ငိုင်နေသော ကျန်းချန်ကို ကြည့်ကာ လှမ်းခေါ်လိုက်သည် "သခင်လေး ဘာဖြစ်လို့လဲ"
"အာ" ကျန်းချန် သတိပြန်ဝင်လာပြီး "ဘာမှမဟုတ်ပါဘူး။ ငါ အနားယူဖို့ အရင်ပြန်လိုက်ဦးမယ်။ ဆေးဖက်ဝင်အပင်တွေ စုမိပြီဆိုရင် ငါ့ကို လာရှာလိုက်ပါ" ဟု ပြန်ဖြေလိုက်သည်
အခန်းထဲသို့ ပြန်ရောက်သောအခါ ကျန်းချန်သည် တုန်ခါနေဆဲဖြစ်သော နှလုံးသည်းကြွေမီးတောက်ကို ထုတ်ယူလိုက်သည်။ သေးငယ်တဲ့လှုပ်ရှားမှုတွေ မလုပ်မိအောင် ဟန့်တားရန် ချက်ချင်းပင် မျိုချလိုက်သည်။
ပြင်းထန်သော စွမ်းအင်များမှာ ကျန်းချန်၏ ခြေလက်နှင့်အရိုးများကို ချက်ခြင်း အနှံ့ စီးဆင်းသွားသည်။ ဤဖြစ်စဉ်မှာ ကြာပန်းစိမ်း၀င်ရိုးမီးတောက်ကို သန့်စင်စဉ်ကထက် ပိုခက်ခဲသော်လည်း ကြယ်နှစ်ပွင့် သိုင်းသူတော်စင်ဖြစ်သော သူ့အတွက်မူ ကြီးမားသော စိန်ခေါ်မှု မဟုတ်ပေ။
ထူးခြားမီးတောက်ကို လုံးဝမျိုချိုပြီးသွားသည်နှင့် ကျန်းချန်သည် ၎င်းကို မီးတောက်ကျင့်စဉ်အတွင်းသို့ ပေါင်းစပ်လိုက်သည်။ နှလုံးသည်းကြွေမီးတောက်၏အကူအညီဖြင့် မီးတောက်ကျင့်စဥ်အဆင့်မှာ ကောင်းကင်ဘုံ အလယ်အလတ်အဆင့် သို့ တိုးတက်သွားတော့သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကြယ်သုံးပွင့် သိုင်းသူတော်စင်သို့ မရောက်ရှိသေးသော်လည်း အတွေ့အကြုံစွမ်းရည် ၂၀ ရရှိခဲ့သဖြင့် မဆိုးလှဟု ဆိုရမည်ဖြစ်သည်။
ထို့နောက် စနစ်ပြားမှာ သူ၏ ရှေ့တွင် ပေါ်လာပြီး အချက်အလက်များ အားလုံးကို ပြလိုက်သည်။
အမည် : ကျန်းချန်
အသက် : ၂၁ နှစ်
အဆင့် :ကြယ်နှစ်ပွင့် သိုင်းသူတော်စင်
သိုင်းပညာ : ပုံရိပ်ယောင် သုံးထောင် (မြေကြီး အလယ်အလတ် အဆင့်)၊ နတ်ဘုရားသတ်လက်ဝါး (မြေကြီး အဆင့်မြင့်အဆင့်) ၊ ကြာပန်းစိမ်း ဓားရိပ် (ကောင်းကင်ဘုံ အလယ်အလတ်အဆင့်)
ကျင့်စဉ် : မီးတောက်ကျင့်စဉ် (ကောင်းကင်ဘုံ အလယ်အလတ်အဆင့်)
အတွေ့အကြုံစွမ်းရည် : ၆၀ / ၁၀၀
ကြယ်သုံးပွင့် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိရန် အတွေ့အကြုံ ၄၀ သာ လိုတော့သည်။
မီးတောက်ကျင့်စဉ်သည် ထူးခြားမီးတောက်များ ပေါင်းစပ်မှုမှ ထွက်ပေါ်လာသော စွမ်းအင်များကို ဖိနှိပ်ကာ ထူးခြားသော အရောင်သုံးမျိုးကို ဖြစ်ပေါ်လာသည်။ ရွှေဧကရာဇ် ကောင်းကင်မီးတောက်၊ နှလုံးသည်းကြွေမီးတောက်နှင့် ကြာပန်းစိမ်းဝင်ရိုးမီးတောက်တို့ပင် ဖြစ်သည်။
ရွှေရောင် ၊ အဖြူရောင် ၊ အစိမ်းရောင်။
မတူကွဲပြားသော ဂုဏ်သတ္တိရှိသည့် မီးတောက်သုံးမျိုးမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာတော့သည်။