← Chapters

မင်း ဘယ်သူလဲ

Vol. 15 Ch. 217

မင်း ဘယ်သူလဲ

Vol. 15 Ch. 217

တစ်ရက်တာ ကုန်လွန်သွားလေပြီ။

နေရောင်ခြည်က အခန်းတွင်း ဖြာကျလာသောအခါ ရွှင်းအာ၏ မျက်တောင်လေးများက လှုပ်ခတ်လှုပ်ခတ် ဖြစ်လာပြီး ဖြည်းဖြည်းချင်း ပွင့်လာသည်။

သူမ ချက်ချင်းဆိုသလို မကောင်းဆိုးဝါးဆန်သော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။ ကျောက်ရုပ်ကြီးတစ်ရုပ်သဖွယ် သူက တစ်ညလုံး သူမဘေး၌ အဖော်လုပ်ပေးနေခဲ့ခြင်း ဖြစ်သည်။

သူ၏ မကောင်းဆိုးဝါးဆန်သော မျက်နှာကို မြင်ပြီး ရွှင်းအာ တစ်ခဏမျှ မှင်တက်သွားရသည်။ ထိုလူငယ်လေးက သူမ အတွယ်တာရဆုံး အစ်ကိုကြီး ယဲ့ဖန်မှန်း သေချာသွားသည်နှင့် သူမ ချက်ချင်း ထရယ်လိုက်မိသည်။

"အစ်ကိုကြီး"

ရွှင်းအာက ချက်ချင်းဆိုသလို သူမ၏ ပိန်သေးသေး ကိုယ်လုံးလေးနှင့် ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။

သူမက သူ့အား တင်းနေအောင် ဖက်ထားကာ သူမ၏ မကျေနပ်ချက်များအား ဖွင့်ချလိုက်သလို ရင်နင့်ဖွယ်ကောင်းလောက်အောင် ချုံးပွဲချ ငိုကြွေးလေတော့သည်။

"အစ်ကိုကြီး…ညီမ အစ်ကိုကြီးကို သတိရနေတာ၊ ညီမ အစ်ကိုကြီးကို သိပ်လွမ်းတာပဲ…"

ရွှင်းအာ အဆက်မပြတ် ငိုကြွေးနေသောကြောင့် မျက်ရည်များက စမ်းချောင်းသဖွယ် စီးကျလာသည်။

ယခင်က သူမသည် မည်သူမျှ မနှစ်သက်သည့် ရုပ်ဆိုးဆိုး မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ဖူးသည်။

သူမ ဘယ်နေရာရောက်ရောက် သူမက တစ်လောကလုံး၏ ရယ်စရာ၊ လှောင်စရာသဖွယ် အမြဲ အလှောင်ခံခဲ့ရသည်။

ယဲ့ဖန်က သူမမျက်နှာပေါ်မှ မွေးရာပါ အမှတ်ကို ကုသပေးခဲ့သည်။ ယဲ့ဖန် သူမကို မည်သို့ ကြည့်နေခဲ့သည်ကို သူမ မှတ်မိသည်။

ယဲ့ဖန် သူမခေါင်းလေးကို ပုတ်ပေးခဲ့စဉ်က ရခဲ့သည့် နွေးထွေးမှုကိုလည်း သူမ သတိရသည်။

ယဲ့ဖန် သူမအတွက် ပေးခဲ့သည့် ပိုက်ဆံနှင့် ပြောခဲ့သည့် စကားတို့အား မှတ်မိသည်။

မည်သူမျှ သူမအား ချစ်မြတ်နိုးစွာ ဆက်ဆံပြောဆိုခြင်း မပြုခဲ့။ ထို့ကြောင့် သူမကလည်း သူ့အား ရင်းနှီး ချစ်ခင်စွာ ဆက်ဆံခဲ့သည်။

နောက်ဆုံးတော့ သူမ အချစ်ရဆုံးသူနှင့် နောက်တစ်ခါ မျက်နှာချင်းဆိုင် ပြန်တွေ့ရခဲ့ပြီ။

အသက်ကို ပြင်းပြင်းရှိုက်ရင်း ယဲ့ဖန်၏ တမူထူးခြားသော ချီဓာတ်အား အနံ့ခံရင်း ရွှင်းအာ ခပ်ဖွဖွလေး ပြုံးလိုက်မိသည်။

သူမ သူ၏ ချီဓာတ်နှင့် နွေးထွေးသော လက်မောင်းများကို နှစ်သက်သည်။

ရွှင်းအာကို ဖက်ထားရင်း ယဲ့ဖန် ရုတ်တရက် ဝမ်းနည်း ကြေကွဲလာသလို ခံစားလာရသည်။

*ဒီကလေးမလေးက ဒီလောက် ငယ်သေးတဲ့ အရွယ်မှာ မကြုံတွေ့သင့်သေးတဲ့ ဘေးဒုက္ခအားလုံးကို ခါးစည်း ခံနေခဲ့ရတာပါလား*

ယဲ့ဖန် သူမအပေါ် အလွန် သနားသလို ခံစားလာရသည်။

"ရွှင်းအာ မင်း ဘာတွေ ဖြစ်လာခဲ့တာလဲ၊ မင်းရဲ့ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်က ဘယ်လိုလုပ် ချိတ်ပိတ်ခံလိုက်ရတာလဲ"

သူမ၏ မျက်ရည်စများကို သုတ်ပေးပြီး ယဲ့ဖန်က ရွှင်းအာအား မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

သူမနှင့် ပတ်သက်၍ နောက်ဆုံးရခဲ့သည့် သတင်းကို သူ မှတ်မိနေသေးသည်။ သူမ မြောင်ဒေသကို ရောက်နေခဲ့သည့် သတင်း။

"အစ်ကိုကြီး…ညီမ အဆင်ပြေပါတယ်၊ ညီမ တကယ် အဆင်ပြေပါတယ်"

သူမ၏ မျက်ရည်များနှင့် ရွှဲရွှဲစိုနေသော ယဲ့ဖန်၏ အဝတ်အစားကို ကြည့်ပြီး ရွှင်းအာက မျက်နှာပူပြီး ဆက်ပြောလိုက်သည်။

"ညီမရဲ့ ထိပ်တန်းအဆင့် ခန္ဓာကိုယ်က ချိတ်ပိတ်ခံထားရတာ မဟုတ်ပါဘူး၊ ဒုတိယအဆင့် တက်သွားတာကို စောင့်နေတာပါ၊ အဲ့ဒါကြောင့် ညီမ အချိန် တစ်ခဏလောက် စွမ်းအားတွေ ဆုံးရှုံးနေတာပါ"

ထိုသို့ပြောပြီး ရွှင်းအာက ချက်ချင်း စကားလမ်းကြောင်း လွှဲလိုက်သည်။

သူမက သူမ၏ လောင်ကျွမ်းသစ်သီးအား ထုတ်ကာ သူ ပိန်သေးသေးလက်လေးများဖြင့် ယဲ့ဖန်ကို ပေးကာ ပြောလိုက်သည်။

"အစ်ကိုကြီး ဒါက အစ်ကိုကြီးအတွက် ညီမ မြောင်ဒေသကနေ တကူးတက သယ်လာတဲ့ သစ်သီးလေ၊ ရော့ မြန်မြန်စားလိုက်၊ ဒါက အစ်ကိုကြီးရဲ့ ခန္ဓာကိုယ်ကို အကျိုးဖြစ်စေတယ်"

ရွှင်းအာက အားပါးတရ ပြုံး၍ ပြောလိုက်သည်။ သို့သော် ထိုသစ်သီးကို ကြည့်ပြီး ယဲ့ဖန် သူမအား ပို၍ သနားလာမိသည်။

ဒါက သာမန်သစ်သီးမဟုတ်မှန်း ယဲ့ဖန် သိပါသည်။ သည်သစ်သီးက လူတစ်ယောက်၏ ခန္ဓာကိုယ်အား ပို၍ သန်မာလာစေပြီး အရွတ်နှင့် မရီဒမ်အား ပို၍ ခိုင်မာ၊ ကျစ်လျစ်လာစေပြီး သာမန်လူတစ်ယောက်အား သိုင်းပညာရှင်အဖြစ်သို့ တစ်ခဏအတွင်း ရောက်ရှိအောင် ကူညီပေးနိုင်သည်။

ဤသစ်သီးသည် အလွန်တန်ဖိုးကြီးလှပေသည်။ သူမ၏ တလက်လက် တောက်ပနေသော မျက်လုံးဝိုင်းကြီးများကို ကြည့်ပြီး ယဲ့ဖန်က သစ်သီးအား နှစ်ခြမ်းခွဲကာ ပြုံး၍ ပြောလိုက်သည်။

"တစ်ဝက်စီစားရအောင်"

သူ့စကားကြောင့် ရွှင်းအာ တစ်ခဏမျှ တွေဝေသွားသည်။ ထို့နောက် သူမက ရီဝေနေသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။

"အင်း"

သူမ ခေါင်းညိတ်ပြပြီး ရွှင်းအာက လောင်ကျွမ်သစ်သီး တစ်ခြမ်းကို ယူ၍ တစ်ကိုက် ကိုက်စားလိုက်သည်။

လောင်ကျွမ်းသစ်သီးသည် လွန်စွာ ချိုမြိန်လှသည်။ ရွှင်းအာ၏ အပြုံးက ပို၍ ချိုမြိန်လှသည်။

ယဲ့ဖန်ရှေ့တွင် သူမက ပူပင်ကြောင့်ကြမဲ့သော ကလေးလေးလိုပင်။

ဂွီ!

ထိုအချိန်တွင် ရွှင်းအာ၏ အစာအိမ်မှ အချက်ပြသံများကြောင့် သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးက ပို၍ နီမြန်းလာသည်။

ထိုအခါ ယဲ့ဖန်က ပြုံး၍ ပြောလာသည်။

"သွားကြစို့ ငါ မင်းကို အစားအသောက် သွားဝယ်ကျွေးမယ်"

ယဲ့ဖန်စကားကြောင့် ရွှင်းအာက ခေါင်းခါပြီး သူမ၏ မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ အသနားခံလာသည်။

"အစ်ကိုကြီး ညီမ အစ်ကိုကြီးအတွက် ညစာ ချက်ပေးလို့ရမလားဟင်"

*အမ်*

ယဲ့ဖန် ငေးငိုင်သွားသော်လည်း သူမ၏ ခေါင်းသေးသေးလေးအား အလိုလိုက်ဟန်ဖြင့် ပုတ်၍ ခေါင်းညိတ်ပြလိုက်သည်။

"ရတာပေါ့"

ရွှင်းအာက ကလေးတစ်ယောက်လို ခုန်ပေါက် ပျော်မြူးနေသည်။

….

ယဲ့ဖန်သည် ညဘား၏ ဒုတိယထပ်တွင် နေထိုင်လျက် ရှိသည်။ သူ့အခန်းတွင် ပရိဘောဂ၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက် အပါအဝင် အကုန် ရှိသည်။

မီးဖိုချောင်ထဲ၌ ရွှင်းအာက အရမ်း အရပ်ပုနေသဖြင့် သူမ ထိုင်ခုံပေါ် မတ်တပ်ရပ်မှသာ ဟင်းချက်လို့ ရသည်။

သူမက ဟင်းလျာများအား ကျွမ်းကျွမ်းကျင်ကျင်နှင့် ချက်ပြုတ်နေသည်။ နောက်ဆုံးတွင် မွှေးပျံ့သော ရနံ့က မီးဖိုချောင်ထဲမှ ထွက်ပေါ်လာသည်။

ဧည့်ခန်းထဲမှာ ထိုင်နေရင်း ယဲ့ဖန်သည် မျက်တောင် တခတ်ခတ်နှင့် အတွေးနယ်လွန်နေသည်။

ဘာရယ်ကြောင့်မှန်းမသိသော်လည်း ရွှင်းအာက တစ်ခုခုကို လျှို့ဝှက်ထားသလို သူ အမြဲ ခံစားနေရသည်။

သူမ မပြောချင်မှတော့ သူကလည်း သူမကို မမေးချင်တော့ပါ။

"ဒီမှာ ရပါပြီရှင်"

ယဲ့ဖန် အတွေးနက်နေစဉ် ပိန်သေးသေး ကိုယ်လုံးလေးက မွှေးပျံ့သော ဟင်းလျာများဖြင့် သူ့ထံသို့ လျှောက်လာနေသည်။

သိပ်မကြာခင်မှာပင် စားပွဲတစ်ခုလုံး အပြည့် ဟင်းလျာများကို သူမ နေရာချလိုက်သည်။

ဟင်းလျာတစ်ခုတိုင်းက မွှေးပျံ့၊ ကောင်းမွန်၍ အရသာလည်း ရှိပေသည်။ ရွှင်းအာက နီမြန်းနေသော မျက်နှာလေးနှင့် စိတ်လှုပ်ရှားနေပုံ ရသည်။

ထို့နောက် သူတို့ စားပွဲ၌ ထိုင်ကာ ပျော်ရွှင်စွာ စားသောက်နေကြသည်။ အမှန်အတိုင်း ဝန်ခံရလျင် ရွှင်းအာသည် အချက်အပြုတ်၌ အလွန် တော်လှပေသည်။

စားသောက်လို့ ပြီးသွားတာတောင်မှ ရနံ့လေးက ယဲ့ဖန်၏ နှုတ်ခမ်း၌ စွဲကျန်နေသေးသည်။

ယဲ့ဖန်က သူမ၏ ဟင်းလျာများကို အလွန် နှစ်သက်သွားသည်ကို သတိထားမိပြီးနောက် ရွှင်းအာက သူမ ဘဝတစ်လျှောက်လုံး အပျော်ဆုံး အချိန် အခိုက်အတန့်ကို ရောက်နေသကဲ့သို့ အားပါးတရ ပြုံးနေရှာသည်။

….

အချိန်များက တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားလေသည်။

နောက်ရက် အနည်းငယ် ကြာသည်အထိ ရွှင်းအာက ယဲ့ဖန်၏ အဝတ်အစားတွေကို လျှော်ဖွတ်ပေးခြင်း၊ ထမင်းဟင်း ချက်ပြုတ်ပေးခြင်း နှင့် အိမ်သန့်ရှင်းရေး လုပ်ပေးခြင်း စသည့် အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးလေသည်။

ယဲ့ဖန်က ရွှင်းအာအတွက် အဝတ်အစားအသစ်တွေ ဝယ်ပေးသည်၊ ပန်းခြံသို့ အလည်အပတ် ခေါ်သွားသည်၊ ကစားကွင်း၌ အတူ ကစားပေး၍ ရုပ်ရှင်လည်း သွားကြည့်ကြသည်။

သူတို့ နှစ်ဦးသား မပြောဘဲ အလိုလို သိကာ နားလည်မှု ယူထားကြသည်။ ယဲ့ဖန်ရော၊ ရွှင်းအာပါ မြောင်ဒေသ၌ ဘာဖြစ်ခဲ့သလဲ မေးခြင်း မလုပ်သလို၊ ပြောလည်း မပြောကြ။

ခြောက်ရက်မြောက်နေ့တွင် ရွှင်းအာက တစ်နေရာရာကို သွားရမည့်အစား ယဲ့ဖန်၏ လက်မောင်းကို ဖက်ကာ ကော်လို ကပ်နေသည်။

ပျင်းရိသော ကြောက်ပေါက်လေးသဖွယ် သူမက ယဲ့ဖန်၏ သူမတူသော ချီဓာတ်အား တရှုံ့ရှုံ့နှင့် အနံ့ခံရင်း သူမ အဆုတ်ထဲ ရနံ့များ ပြည့်နှက်သွားသည်အထိ ရှူရှိုက်နေသကဲ့သို့ ပြုမူနေပြီး ရင်ထဲ စွဲနေအောင် မှတ်သားနေသည်။

ညအချိန်သို့ ရောက်သောအခါ ယဲ့ဖန်နှင့် ရွှင်းအာတို့ အသီးသီး အိပ်ရာဝင်ကြတော့သည်။

မိုးသောက် ဝေလီဝေလင်း အချိန်တွင် ရွှင်းအာ၏ အိပ်ခန်းတံခါးလေး ပွင့်လာသည်။ ထို့နောက် ထိုအခန်းလေးထဲမှ ရွှင်းအာက အဝတ်အစားအသစ်နှင့် ထွက်လာသည်။

ယဲ့ဖန်၏ အခန်းတံခါးရှေ့တွင် ရပ်နေရင်း သူမ တံခါးလည်း မခေါက်သလို မည်သည့်အသံမှလည်း မပေးပေ။

သူမ မျက်ရည်များသာ သွင်သွင်စီးကျလာသည်။

ဆယ်မိနစ်။ မိနစ်နှစ်ဆယ်။ နာရီဝက်။

ရွှင်းအာက ယဲ့ဖန်၏ အခန်းတံခါးရှေ့တွင် မလိုလားသော မျက်နှာလေးနှင့် ကျောက်ရုပ်လို နှစ်နာရီကြာ ရပ်နေခဲ့သည်။

"အစ်ကိုကြီး … ညီမ အစ်ကိုကြီးကို စိတ်ထဲ စွဲနေအောင် မှတ်ထားမှာပါ၊ ညီမ အစ်ကိုကြီးကို သတိရနေမှာပါ…နောင်ဘဝ ရောက်သွားရင်တောင်မှပေါ့"

တောက်!

သူမမျက်ရည်များက ကြမ်းပြင်ပေါ် ကျကာ ပျောက်ကွယ်သွားသည်။ ယဲ့ဖန်၏ အခန်းတံခါးအား တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် သူမ ထွက်ခွာသွားသည်။

သူမ အင်တင်တင်ဖြင့် သွားနေခြင်း ဖြစ်သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူမ မျက်ရည်များက ဆက်တိုက်ဆိုသလို ကျဆင်းလာသည်။

သူမ ဘား၏ အပေါက်ဝသို့ ရောက်သည်နှင့် ယဲ့ဖန်က သူ့အခန်းထဲမှ အလွန် သုန်မှုန်နေသော မျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူ ရွှင်းအာအား ဘာတွေ ဖြစ်နေသလဲ ဆိုတာကို မမေးခဲ့ပေ။ သူ ဘယ်လိုမေးမေး သူမက သူ့ကို အမှန်အတိုင်း ဖြေမှာ မဟုတ်သည်ကို သူ သိနေခဲ့သည်။

သူက ဤအချိန်ကို စောင့်နေခြင်း ဖြစ်သည်။

"မင်း ဘယ်သူလဲဆိုတာကို ငါ သိပ်သိချင်နေပြီ"

ယဲ့ဖန်၏ မျက်လုံးမှ အေးစက်စက် အလင်းများက ရိပ်ခနဲ ဖြတ်ပြေးသွားပြီးနောက် သူသည် အမှောင်ထုထဲသို့ လှစ်ခနဲ ပြေးဝင်သွားသည်။

All Chapters