ဟား ဒါဆို ချန်ကျိုစစ်က ဘာကြောင့်များ မင်းက သစ္စာဖောက်ဆိုတာကို ဖော်ထုတ်ဖို့အတွက်နဲ့ သူ့ရဲ့သူလျှိုတစ်ယောက်ကို ဖော်ထုတ်လိုက်ရတာလဲ”
Vol. 36 Ch. 459
“အဲဒါကိုက သူ့ရဲ့နည်းဗျူဟာပါပဲ။ သူက ကျွန်တော့်ကို သစ္စာဖောက်ပြီးတော့ သခင်လေးရဲ့ယုံကြည်မှုကို ယူချင်တာ။ သူက သခင်လေးနဲ့ ရင်းနှီးမှုရယူပြီးတော့ ချောင်ကုန်သည်အဖွဲ့ကို မကောင်းကြံစည်ချင်နေတာပါ။ သခင်လေး ကျေးဇူးပြုပြီး ကျွန်တော်ပြောတာကို နားထောင်ပေးပါ။ ချန်ကျိုစစ်ကသာ သခင်လေးရဲ့ရန်သူပါ။ ကျွန်တော် မဟုတ်ပါဘူး”
“ဟားဟား… မင်းက တကယ်ပဲ ငါ့ကို အရူးလုပ်နိုင်မယ် ထင်နေတာလား? ငါ့စိတ်ရှည်မှုကုန်ဆုံးသွားပြီ။ သေလိုက်တော့!”
လျိုစုန့်သည် နောက်ထပ် ရှင်းပြမခံတော့ဘဲ အင်အားအကြီးဆုံး သိုင်းကွက်ကို ထုတ်သုံးလိုက်တော့သည်။ လျိုစုန့်ဓားဆယ့်သုံးလက်!
ဝှစ် ဝှစ် ဝှစ်!
ဓားဆယ့်သုံးချက်ကျရောက်ပြီးနောက်၌ ကျောင်းစန်းသည် ဒဏ်ရာများဖြင့် မြေပြင်တွင် လဲကျသွားခဲ့သည်။ ထိုအခါ လျိုစုန့်မှ ခေါင်းဆောင်ဟေးကို ပြောသည်။
“ဝမ်းကွဲညီနောင် သူ့ကိုဖမ်းချုပ်ထားလိုက်ပါ။ သူ့ကို ထပ်စစ်မေးဖို့အတွက် ကုန်သည်အဖွဲ့ဆီ ပြန်ခေါ်သွားမယ်။ သူ့ပါးစပ်ကနေ အမှန်ထွက်လာအောင် မစစ်မေးနိုင်ဘူးလို့ ကျွန်တော် မယုံဘူး”
“ဟုတ်ကဲ့!”
ခေါင်းဆောင်ဟေးသည် ရှေ့တိုး၍ မြေပြင်တွင် လဲကျနေသည့် ကျောင်းစန်းကို ဖမ်းချုပ်သည်။
ထိုအချိန်၌ ကျောင်းစန်းသည် လျိုစုန့်ကိုကြည့်၍ ရယ်မောသည်။
“ဟားဟား ကောင်းပြီလေ လျိုစုန့်။ မင်းက ငါတွေ့ဖူးသမျှထဲမှာ အတုံးဆုံးလူပဲ။ ငါ့ကိုဖမ်းချုပ်ချင်တယ်ပေါ့လေ။ နောက်ဘဝမှပဲ ရလိမ့်မယ်!”
စကားအဆုံး၌ ကျောင်းစန်းသည် အံကြိတ်၍ လျှာကို ကိုက်ဖြတ်သည်။
ခေါင်းဆောင်ဟေးသည် မျက်နှာအမူအရာပြောင်းလဲသွားပြီး ကျောင်းစန်း၏ပါးစပ်ကို ချက်ချင်းပြေးဆွဲဖွင့်သည်။
“မကောင်းတော့ဘူး။ သူက လျှာကိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေချင်နေတာ”
သို့သော် နောက်ကျသွားခဲ့လေပြီ။ ထိပ်တန်းအဆင့်လုပ်ကြံသူများသည် ပါးစပ်ထဲတွင် အသက်နုတ်ယူနိုင်သည့်အဆိပ်ကို ထည့်သိမ်းထားကြ၏။
တာဝန်ထမ်းဆောင်ချိန်တိုင်းတွင် သူတို့သည် ပါးစပ်ထဲ၌ အဆိပ်ဆေးကို ထည့်ထားလေ့ရှိကြသည်။ တာဝန်ကျရှုံးသွားပါက အဆိပ်ဆေးလုံး၏ အကာလွှာကို လျှာဖြင့်တွန်းဖွင့်ကာ လျှာကို ဖိကိုက်ရသည်။ အဆိပ်နှင့်သွေး ထိသွားသောအခါ လူသည် လျင်မြန်စွာပင် အသက်သေဆုံးသွားတော့သည်။
ထိုအချိန်၌ ကျောင်းစန်း၏မျက်နှာအရောင်မှာ မည်းနက်သွားခဲ့လေပြီ။ မျက်လုံးသူငယ်အိမ်များလည်း ကျယ်နေ၏။ ခေါင်းဆောင်ဟေး လှမ်းဆွဲချိန်တွင် နောက်ကျသွားခဲ့လေပြီ။
ထိုအခါ ခေါင်းဆောင်ဟေးမှ နှမြောတသလျက် ပြောသည်။
“သခင်လေး သူသေသွားပြီ!”
“သေပြီလား?”
လျိုစုန့်လည်း မင်သက်သွားခဲ့၏။ ကျောင်းစန်း သေသွားသည်မှာ ရုတ်တရက်ဆန်လွန်း၏။ ခဏမျှစဉ်းစားနေပြီးနောက် လျိုစုန့်မှ ပြောသည်။
“အင်း သေတဲ့လူက သေသွားပြီဆိုတော့လည်း တွင်းတူးပြီးပဲ မြေမြှုပ်လိုက်ပါတော့။ ငါ ပြန်ရောက်တော့မှ အဖေ့ကို ဒီအကြောင်း တင်ပြလိုက်မယ်။ ပြီးရင် ဒီကိစ္စကို နန်ပါးထျန်းနဲ့ စာရင်းရှင်းရမယ်”
“ဒါနဲ့ ဝမ်းကွဲညီနောင်၊ အကုန်လုံးကို သတိကပ်ထားဖို့ ပြောထားလိုက်ပါ။ ချန်ကျိုစစ် မကြာခင်ရောက်လာမယ်ထင်တယ်”
“အာ သခင်လေး၊ ကျွန်တော်တို့ ပုန်းနေသင့်လား”
လျိုစုန့်မှ ပြောသည်။
“ရန်သူက ဒီလိုထောင်ချောက်အကြီးကြီး ဆင်ထားတာကို ငါတို့လူနည်းနည်းလေးက ဒီပစ္စည်းတွေနဲ့ ဘယ်လိုပုန်းမှာလဲ။ သူတို့ ဒီပစ္စည်းတွေ လိုချင်ရင်လည်း ယူပါစေ။ နောက်မှ အဖေက တရားမျှတမှု ပြန်ရှာပေးလိမ့်မယ်”
ထိုအခါ ခေါင်းဆောင်ဟေးမှ ပြန်ဖြေသည်။
“ဟုတ်ကဲ့!”
ထို့နောက် လျိုစုန့်သည် မှုန်မှိုင်းနေသည့် မျက်နှာအမူအရာဖြင့် ရေမျက်နှာပြင်အတက်အကျကို စစ်ဆေးသည်။
နန်ပါးထျန်း ခင်ဗျားက ကျုပ်ကို ပစ်မှတ်ထားရဲတဲ့အထိဆိုတော့ ကြည့်ရတာ ကြာကြာမစောင့်နိုင်တော့ဘူး ထင်တယ်။
ဒါပေမဲ့ ချန်ကျိုစစ်၊ မင်းလည်း အတော်လေး စိတ်ဝင်စားစရာပဲ။
လျိုစုန့်၏အကြည့်များသည် ရေမျက်နှာပြင်ထက်တွင်သာ ကျရောက်နေခဲ့သည်။
ထိုအချိန် ရှန်းထောင်မြို့နှင့် မဝေးလှသည့် လမ်းတစ်ခု၌ လူတစ်အုပ်သည် လျိုစုန့်တို့ရှိရာဘက်သို့ ဦးတည်လာနေသည်။ ချန်ကျဲ့နှင့် ထန်ဇီယွဲ့တို့သည် မြင်းစီးလာခဲ့ရင်း ရှေ့တူရူရှိ သိပ်သည်းသည့် တောအုပ်ကို ကြည့်လိုက်ကြသည်။ ထိုတောအုပ်ကို ဖြတ်သန်းပြီးသည်နှင့် ဆိပ်ကမ်းသို့ ရောက်ရှိမည်ဖြစ်ပြီး အစစ်အမှန်သော ထိပ်တိုက်တွေ့ဆုံခြင်းလည်း စတင်တော့ပေမည်။
ထန်ဇီယွဲ့သည် ချန်ကျဲ့ကို လှည့်ကြည့်၏။ ထန်ဇီယွဲ့၏ နှုတ်ခမ်းထောင့်စွန်းများသည် အပြုံးတစ်ပွင့်အလား အနည်းငယ် ကွေးတက်နေခဲ့သည်။
“ခန်းမအရှင်သခင်ချန်”
ချန်ကျဲ့သည်လည်း ထန်ဇီယွဲ့ကို လှည့်ကြည့်လိုက်သည်။
“အို ခန်းမအရှင်သခင်ထန်မှာ ဆွေးနွေးစရာတစ်ခုခုများ ရှိလို့လား”
ထန်ဇီယွဲ့မှ ပြောသည်။
“ဟားဟား ဒီတိုင်း ဒီနေ့ည ခန်းမအရှင်သခင်ချန်နဲ့ ကစားခဲ့ရတဲ့ ကျားကစားပွဲအကြောင်း တွေးမိသွားလို့ပါ။ အရမ်းကိုမှ ပြောင်မြောက်လှတဲ့ အကွက်ပဲနော်၊ ကျုပ်မှာ ဘာကြောင့်မှန်းတောင် မသိလိုက်ဘဲ ရှုံးသွားခဲ့တာ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“ဟားဟား ခန်းမအရှင်သခင်ထန်က ကျုပ်အတွက် ထောင်ချောက်ဆင်ထားတာကို ကျုပ်က ဘာကြောင့်များ ထောင်ချောက်ထဲ ဒီတိုင်းဝင်သွားနိုင်ပါ့မလဲ”
ထန်ဇီယွဲ့မှ ပြောသည်။
“ခန်းမအရှင်သခင်ချန် ကျုပ်ကို အထင်လွဲနေပါပြီ”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အထင်လွဲတယ်တဲ့လား? ကျုပ် ခန်းမအရှင်သခင်ထန်ကို အထင်မလွဲပါဘူး။ ကျုပ် ဒီနေ့တစ်နေ့လုံး ငြိမ်ငြိမ်လေးနေပြီးတော့ ခန်းမအရှင်သခင်ထန် ခင်းပေးလာတဲ့ ကျားကစားပွဲအကြောင်းကိုပဲ ဆက်တိုက်စဉ်းစားနေခဲ့တာဗျ”
ထန်ဇီယွဲ့မှ မေးသည်။
“အို? ခန်းမအရှင်သခင်ချန်က ဘာကိုများ တွေးမိလို့ပါလဲ”
ချန်ကျဲ့မှ ပြန်ဖြေသည်။
“ဒီတိုင်း အရေးမပါလှတဲ့ အတွေးတွေပါ။ ခန်းမအရှင်သခင်ထန်နဲ့ ခေါင်းဆောင်နန်က ကျုပ်ကို ရှန်းထောင်မြို့ဆီ လိုက်ပါလို့ ချောင်ကုန်သည်အဖွဲ့ရဲ့ သံထည်ပစ္စည်းတွေကို တိုက်ခိုက်ယူဖို့အတွက် အတင်းကိုမှ ဖိအားပေးနေခဲ့တာလေ။ အဲဒီတော့ အဲဒီလုပ်ဆောင်ချက်နောက်ကွယ်မှာ သေချာပေါက် အန္တရာယ်တစ်ခုခု စောင့်ဆိုင်းနေမှာပဲ”
ထန်ဇီယွဲ့ တန့်သွား၏။ ထို့နောက် တွန့်ဆုတ်စွာဖြင့် ပြောသည်။
“ခန်းမအရှင်သခင်ချန်က ဘာလို့ အဲဒီလိုပြောရတာပါလဲ”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ခန်းမအရှင်သခင်ထန် ကွေ့ပတ်မနေကြရအောင်ပါ။ ကျုပ်နဲ့ ခေါင်းဆောင်နန်ရဲ့ဆက်ဆံရေးကို သူစိမ်းတွေက လွဲလို့ အားလုံးသိနေကြတာပဲ။ ကျုပ်က စီရင်စုအုပ်ချုပ်ရေးမှူးက ခေါင်းဆောင်နန်ကို စစ်ဆေးဖို့အတွက် ချထားတဲ့ နယ်ရုပ်လေးတစ်ရုပ်ပါပဲ။ ခေါင်းဆောင်နန်က ကျုပ်ကို အရိုးထိအောင် မုန်းတီးနေပြီး ဖယ်ရှားသုတ်သင်ပစ်ချင်နေတာလည်း အချိန်အရမ်းကြာနေပြီ မဟုတ်လား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ခန်းမအရှင်သခင်ချန်က ခေါင်းဆောင်နန်ကို အထင်လွဲနေပါပြီ”
ချန်ကျဲ့ ရယ်မောလိုက်သည်။
“မဟုတ်တာ။ ကျုပ် လုံးဝ အထင်မလွဲနေပါဘူး။ ခန်းမအရှင်သခင်ထန် အခုအချိန်မှာ အမှန်တရားကို ဆက်ဖုံးကွယ်နေလို့လည်း ဘာမှ အဓိပ္ပာယ်မရှိပါဘူး၊ မဟုတ်ဘူးလား”
ထိုအခါ ထန်ဇီယွဲ့ သက်ပြင်းချလိုက်သည်။
“တကယ့်ကိုပဲ ခန်းမအရှင်သခင်ချန်ကို ဘယ်အရာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ။ ဒါပေမဲ့ ခန်းမအရှင်သခင်ချန်၊ ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာပြီးမှတော့ ခန်းမအရှင်သခင်ချန်မှာ ရွေးချယ်စရာ မရှိတော့ပါဘူး။ ရှေ့ဆက်တိုးရမှာပါပဲ”
ချန်ကျဲ့မှ ပြောသည်။
“ဟားဟား ခန်းမအရှင်သခင်ထန် ပြောတာ လုံးဝ မှန်ကန်ပါတယ်။ ဒါပေမဲ့ ကျုပ်က ပဟေဠိဖြေရှင်းရတာကို အမြဲ နှစ်ခြိုက်တဲ့သူလေ။ အဲဒီတော့ ခင်ဗျားတို့ ဘယ်လိုကစားပွဲမျိုး စီစဉ်ထားလဲဆိုတာကို ကျုပ် ခန့်မှန်းကြည့်ပါရစေ”
“အို ကျုပ်နားထောင်နေပါတယ်”
ထန်ဇီယွဲ့မှ ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။
ချန်ကျဲ့မှ ဆက်ပြောသည်။
“ကျုပ်ခန့်မှန်းကြည့်ပါရစေ။ အရင်ဆုံး ဒီအကြံအစည်က ကျုပ်ကို ပစ်မှတ်ထားတာပဲ။ ကျုပ်ကို ရင်ဆိုင်ဖို့အတွက်ဆိုရင် မျန့်ရွှေစီရင်စုမြို့မှာ စွမ်းဆောင်နိုင်စွမ်းရှိပြီး သင့်တော်တဲ့သူက လျိုလောင်ကွေ့ပဲ ရှိတယ်။ ပြီးတော့ ဒီသံထည်ပစ္စည်းတွေကို ပို့ဆောင်မှာကလည်း ချောင်ကုန်သည်အဖွဲ့ပဲ။ အဲဒီတော့ ဒီအကြံအစည်က ကျုပ်နဲ့ လျိုလောင်ကွေ့ နှစ်ယောက်စလုံးကို ပစ်မှတ်ထားတာပဲ”
ထန်ဇီယွဲ့ မျက်လုံးမှေးကျုံ့လိုက်သည်။
“ခန်းမအရှင်သခင်ချန်က တကယ့်ကို ဉာဏ်ပညာထက်မြက်ပါတယ်”
ချန်ကျဲ့မှ ဆက်ပြောသည်။
“အကြံအစည်က ကျုပ်နဲ့ လျိုလောင်ကွေ့ကို ပစ်မှတ်ထားတာဆိုတော့ ကျုပ်တို့ကို ရန်သူတွေဖြစ်သွားစေချင်တာပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်တို့နှစ်ယောက်က တုံးလည်း မတုံးသလို၊ မောက်မာထောင်လွှားတတ်တဲ့သူတွေလည်း မဟုတ်တဲ့အတွက် ကျုပ်တို့ကို ရန်သူတွေဖြစ်စေဖို့က မလွယ်ကူဘူး။ ဗိုလ်စားငှက်နဲ့ ခုံးကောင်တို့ လုံးထွေးသတ်ပုတ်ရင် တံငါသည်က အကျိုးအမြတ်ရတယ်တဲ့။ အဲဒီတော့ ခင်ဗျားတို့ရဲ့အကြံအစည်က လျိုလောင်ကွေ့ကို အမျက်ထွက်စေဖို့ပဲ ဖြစ်လိမ့်မယ််”
“ခေါင်းဆောင်လျိုလိုလူမျိုးက အသိစိတ်ပျောက်သွားတာမှ မဟုတ်ရင် ဘယ်တော့မှ ကျုပ််ကို အသက်နုတ်ဖို့ လှုပ်ရှားမယ့်သူ မဟုတ်ဘူး။ သူသာ အသက်နုတ်ဖို့ ဆန္ဒမရှိရင် ခင်ဗျားတို့လည်း အေးဆေးထိုင်ပြီး အကျိုးအမြတ်တွေ ရိတ်သိမ်းနိုင်မှာ မဟုတ်ဘူး”
ထန်ဇီယွဲ့၏မျက်နှာအမူအရာသည် ပို၍ တည်ကြည်လေးနက်လာခဲ့၏။ မူလက ဘာကိုမျှ ဂရုမစိုက်ဟန်သော အပြုံးသည် ပျောက်ဆုံးသွားလေပြီ။
ထန်ဇီယွဲ့၏ ပြောင်းလဲမှုကို သတိထားလိုက်မိသည်နှင့် ချန်ကျဲ့မှ ဆက်ပြောသည်။
“ကျုပ် ထပ်ပြီး ခန့်မှန်းကြည့်ပါရစေဦး။ ကျုပ်တွေးကြည့်သလောက်တော့ ခေါင်းဆောင်လျိုကို အသိစိတ်ပျောက်တဲ့အထိ တွန်းအားပေးနိုင်မယ့်အရာက သူ့သားတစ်ယောက်ပဲ ရှိလိမ့်မယ်။ သူ့ရဲ့တစ်ဦးတည်းသောသားလေး တစ်ခုခုဖြစ်သွားရင် ခေါင်းဆောင်လျိုမှာ မျိုးဆက်ပြတ်ပြီ မဟုတ်လား”