ထို့နောက် ချန်ကျဲ့မှ ပြောသည်။ “ခင်ဗျားက ဒါကို ရယ်ရတယ်လို့ ထင်တာလား”
Vol. 36 Ch. 461
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“မရယ်ရဘူးလား? သစ္စာစောင့်သိမှုနဲ့ ဖြောင့်မတ်မှုဆိုတာ မင်းနဲ့ သက်ဆိုင်တယ်လို့ နည်းနည်းလေးမှ မထင်ရဘဲနဲ့။ မဟုတ်လို့လား?”
ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။
“တကယ့်ကို အမှန်ပါပဲ။ သစ္စာစောင့်သိမှုနဲ့ ဖြောင့်မတ်မှုက ကျုပ်နဲ့ သက်ဆိုင်မှုမရှိပါဘူး။ ဒါပေမဲ့ ခန်းမအရှင်သခင်ထန် ကျုပ်သစ္စာရှိတာ မရှိတာက အရေးမကြီးဘူး။ အရေးကြီးတာက လောကကြီးထဲက လူတွေက ကျုပ်က သစ္စာစောင့်သိပြီး ဖြောင့်မတ်ပါတယ်လို့ ယုံကြည်ဖို့ပဲ”
“ကျုပ်ဆိုလိုတာကို နားလည်ရဲ့လား”
ထိုစကားတွင် ထန်ဇီယွဲ့သည် နေရာတွင်သာ ကြောင်အလျက် ရပ်နေခဲ့သည်။
“မင်းက တကယ်တတ်နိုင်တာပဲ!”
ချန်ကျဲ့ ပြန်ပြောသည်။
“ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်”
ထို့နောက် ချန်ကျဲ့သည် ထန်ဇီယွဲ့ကို ပြောသည်။
“ကျုပ် ခင်ဗျားကို တစ်ခုလောက်ပြောပါရစေ။ ခင်ဗျားတို့ရဲ့ လူသတ်သမား ကျောင်းစန်းက အခုလောက်ဆို သရုပ်မှန် ပေါ်သွားလောက်ပြီ။ လျိုစုန့်ဖမ်းတာ ခံရရင် ခံရ၊ မဟုတ်ရင် သေသွားလောက်ပြီ။ ကျုပ်တို့ ခဏနေလို့ အဲဒီနေရာကိုရောက်ရင် လျိုစုန့်က သံထည်ပစ္စည်းတွေကို ကျုပ်တို့ကို လက်လွှဲပေးလိုက်လောက်တယ်။ အကုန်ပြီးဆုံးလို့ ပြန်သွားတဲ့အခါကျရင် ခန်းမအရှင်သခင်ထန်က ခေါင်းဆောင်နန်ဆီ ကျုပ်အတွက် စကားလေးပါးပေးပါဦး”
ထန်ဇီယွဲ့မှာ လုံးဝ အံ့အားမင်သက်နေခဲ့သည်။
ကျောင်းစန်း အဖမ်းခံလိုက်ရပြီဆိုရင် အကြံအစည်က လုံးဝ ကျရှုံးသွားပြီ မဟုတ်လား?
ဒါပေမဲ့ ချန်ကျိုစစ်က ဘယ်လိုလုပ်လိုက်တာလဲ?
အကြံအစည်ကို ဘယ်လိုကြောင့် ခန့်မှန်းမိသွားပြီး ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုများ လျိုစုန့်ကို အကြောင်းကြားနိုင်လိုက်ရတာလဲ? လုံးဝ မယုံကြည်နိုင်စရာပဲ။
ယခုအချိန်ထိတိုင် ထန်ဇီယွဲ့သည် ချန်ကျဲ့ မည်သို့ဆောင်ရွက်ခဲ့သည်ကို စဉ်းစားမရသေးပါချေ။
ချန်ကျိုစစ်သည် သူ့ကို များများစားစား ရှင်းမပြချင်သည်မှာလည်း သိသာလှပါ၏။ ထိုအစား ချန်ကျဲ့သည် ထန်ဇီယွဲ့ကို အပြုံးဖြင့် ပြောသည်။
“ခန်းမအရှင်သခင်ထန် ကျေးဇူးပြုပြီး ကျွန်တော့်အစား စကားပါးပေးပါ”
ထန်ဇီယွဲ့မှ မေးသည်။
“ဘာများလဲ”
ချန်ကျဲ့မှ ပြောသည်။
“သတင်းကောင်းတစ်ခုပါ။ ခေါင်းဆောင်နန်ကို ပြောလိုက်ပါ.. ကျုပ် ချန်ကျိုစစ်ရဲ့ သစ္စာစောင့်သိမှုက ကောင်းကင်နဲ့မြေပထဝီကို သက်သေထူနိုင်တဲ့အထိ ရှင်းလင်းပြတ်သားပါတယ်လို့။ အဲဒါကြောင့် ကုန်သည်အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျုပ်ကို မလိုမုန်းထား စိတ်မထားပါနဲ့လို့။ ကျုပ်လို သစ္စာစောင့်သိတဲ့ ငယ်သားတစ်ယောက်ရဲ့ စိတ်နှလုံးကို ထိခိုက်နာကျင်စေမယ်ဆိုရင် အရမ်းနှမြောဖို့ ကောင်းလိမ့်မယ်လို့လေ”
ထိုအခါ ထန်ဇီယွဲ့သည် ချန်ကျဲ့ကို နက်နက်နဲနဲကြည့်လိုက်သည်။
ထို့နောက် စိတ်ခံစားချက်များကို ဖိနှိပ်ကာ အသိစိတ်ကို ပြန်လည်စုဆောင်း၍ အတင်းဖျစ်ညှစ်ပြုံးလိုက်သည်။
“ဟားဟား ခန်းမအရှင်သခင်ချန်ရဲ့ သစ္စာရှိမှုက နေမင်းနဲ့လမင်းလို ကြည်လင်ပြတ်သားပါတယ်။ ခန်းမအရှင်သခင်ချန် စိတ်ချပါ။ ကျုပ် ခေါင်းဆောင်နန်ကို သေချာလေး စကားပါးပေးပါ့မယ်”
“ကောင်းတယ် ကောင်းတယ်။ ဒါဆို ဒီကိစ္စအတွက် ခန်းမအရှင်သခင်ထန်ကို ဒုက္ခများစေရပါတော့မယ်”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“လုပ်သင့်တာပါ လုပ်သင့်တာပါ”
ထို့နောက် ချန်ကျဲ့မှ ပြောသည်။
“ဒါဆိုလည်း ခန်းမအရှင်သခင်ထန်၊ ကျုပ်တို့ တောအုပ်ထဲ ဝင်ကြတာပေါ့။ တောအုပ်ကို ဖြတ်ပြီးတာနဲ့ ဒီတစ်ကြိမ် အလုပ်တာဝန် ပြီးဆုံးပါပြီ”
ထိုအခါ ထန်ဇီယွဲ့မှ ပြောသည်။
“အင်း ကျုပ် နောက်က လိုက်ခဲ့ပါမယ် ခန်းမအရှင်သခင်ချန်။ ကျုပ် ခဏလောက် အမောဖြေလိုက်ပါဦးမယ်”
“အို ဒါဆိုလည်း ကျုပ် ခန်းမအရှင်သခင်ထန်ကို ရှေ့ကနေ စောင့်ဆိုင်းနေလိုက်ပါ့မယ်”
သို့ဖြင့် ချန်ကျဲ့သည် မြင်းကို စီးနှင်၍ တောအုပ်ထဲသို့ ဖြည်းညင်းစွာ ဝင်သွားခဲ့သည်။ ထန်ဇီယွဲ့သည်တော့ နောက်တွင် ကျန်ရစ်ခဲ့ကာ ချန်ကျဲ့၏နောက်ကျောအား အဆုံးမဲ့သော စိုးရိမ်ပူပန်မှုများဖြင့် ကြည့်နေခဲ့သည်။
ချန်ကျဲ့သည် နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွှတ်ပြုံးရယ်လျက် ခဏအကြာတွင် မြင်းကို အမြန်မောင်းနှင်လိုက်သည်။ ရှောင်ဟူသည် နောက်မှ အမြန်လိုက်လာပြီး မေးသည်။
“ခန်းမအရှင်သခင်ချန် ဘာပြောလိုက်လို့ ခန်းမအရှင်သခင်ထန်က အဲဒီလောက်တောင် ကြောက်သွားရတာလဲ”
ချန်ကျဲ့မှ ရယ်မောလျက် ပြန်ပြောသည်။
“ကျားကစားပွဲကို ဖြေရှင်းလိုက်တာ”
“ဟင်?”
ရှောင်ဟူသည် နားမလည်လေရာ ချန်ကျဲ့မှ ရှင်းပြသည်။
“ကျားကစားပွဲကို ဖြေရှင်းလိုက်တာလေ။ သူက ကျားခုံပေါ်မှာ ကျားစေ့တွေ နေရာချပြီး အခြေအနေအားလုံးကို ထိန်းချုပ်ရတာကို ကြိုက်တယ်မဟုတ်လား။ ငါက ဒီတိုင်း သူ့နေရာချထားတဲ့ ကျားစေ့တွေထဲက ဖန်တီးမှုတစ်ခုကို နားလည်အောင် လုပ်ပေးလိုက်ရုံပါ”
ထိုအခါ ရှောင်ဟူမှ ပြောသည်။
“ကျွန်တော် နားမလည်ဘူး”
ချန်ကျဲ့မှ ပြောသည်။
“မင်း နောက်ကျ နားလည်လာပါလိမ့်မယ်။ ဒီလိုကြွားဝါမှုမျိုးက ဒီလိုနည်းလမ်းနဲ့ ကိုင်တွယ်ဖို့ လိုအပ်တယ်ကွ”
ချန်ကျဲ့သည် ပြုံးရယ်လျက် မြင်းကိုသာ ဆက်လက် စီးနှင်သွားသည်။ နောက်တွင်ကျန်ရစ်ခဲ့သည့် ထန်ဇီယွဲ့သည်တော့ ကြောက်မက်ဖွယ်သတ္တဝါကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ချန်ကျဲ့၏နောက်ကျောကို ငေးစိုက်ကြည့်နေခဲ့သည်။
ချန်ကျဲ့နှင့် နှိုင်းစာလိုက်သော် သူ၏အကြံအစည်များသည် ရယ်ဖွယ်ကောင်းလောက်အောင် သိမ်နုပ်သွား၏။ ချန်ကျဲ့၏ လက်တစ်ချက် လှုပ်ခတ်မှုသည်ပင် သူကြံစည်ထားသည့် အရာအားလုံးကို ပြိုပျက်သွားစေသည့်အလားပင်။
ထိုသို့အတွေးများဖြင့် ထန်ဇီယွဲ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
“ငါ ဒီတစ်ကြိမ်မှာ ရှုံးသွားခဲ့ပေမဲ့ မင်းကိုယ်မင်း ဟုတ်လှပြီ ထင်မနေလိုက်နဲ့ဦး ချန်ကျိုစစ်။ နောက်တစ်ကြိမ်ကျရင် ငါသေချာပေါက် အနိုင်ရစေရမယ်”
ထန်ဇီယွဲ့ စိတ်ထဲမှ ရေရွတ်လိုက်သည်။
ဝှစ်!
ဘန်း!
ထန်ဇီယွဲ့ အလွန်စိတ်ပျက်အားလျော့နေစဉ် လေဟာနယ်ထဲသို့ တိမ်ခွင်းမြားတစ်စင်း ရုတ်တရက် ပျံသန်းလာ၏။
နေရာရှိလူအားလုံးသည် ရုတ်ချည်း ထိတ်ပျာသွားကြကာ ထန်ဇီယွဲ့လည်း ကြောင်အသွားတော့သည်။
ဘာတွေဖြစ်ကုန်တာလဲ?
ထိုအချိန်တွင် ချန်ကျဲ့၏မျက်နှာအမူအရာလည်း ပြောင်းလဲသွားခဲ့သည်။ ရှောင်ဟူမှ အော်ပြောသည်။
“ခန်းမအရှင်သခင်ချန် မကောင်းတော့ဘူး! အဲဒါက ကျွန်တော်တို့ခန်းမရဲ့ တိမ်ခွင်းမြားပဲ!”
တိမ်ခွင်းမြားသည် ကောင်းကင်သို့ ပျံတက်ပြီးနောက် ပေါက်ကွဲသံနှင့်အတူ ကျားခေါင်းပုံသဏ္ဍာန်မီးပွားများအဖြစ် ပေါက်ကွဲသွားခဲ့သည်။
၎င်းမှာ ကျားဖြူခန်းမ၏ တိမ်ခွင်းမြား မှန်ကန်ပေသည်။ ဤနေရာတွင် တိမ်ခွင်းမြားပိုင်ဆိုင်နိုင်မည့်သူ တစ်ဦးသာ ရှိသည်။ ထိုသူမှာ ချောင်ကုန်သည်အဖွဲ့အတွင်း ပုန်းကွယ်နေသည့် သူလျှိုချန်ပါးဖြစ်သည်။
ယခုတွင် တိမ်ခွင်းမြားကို ပစ်လွှတ်လိုက်ရာ ချန်ပါး အန္တရာယ်ကျရောက်နေကြောင်း ဖော်ပြနေပေသည်။ ချန်ပါးမှ တိမ်ခွင်းဓားကို ပစ်လွှတ်လိုက်သည်ဖြစ်ရာ အသေးအမွှားအန္တရာယ်လေး မဟုတ်ပါဘဲ အလွန်အန္တရာယ်များသည့် အခြေအနေ ဖြစ်ပေလိမ့်မည်။
ချန်ကျဲ့ ချက်ချင်း အော်ပြောလိုက်သည်။
“ညီနောင်တို့ ရှေ့ကိုချီတက်မယ်!”
သို့ဆိုလျက် ချန်ကျဲ့သည် မြင်းကို ဒုန်ဆိုင်းမောင်းနှင်၍ ရှေ့မှ ဦးဆောင်ချီတက်သည်။ ရှောင်ဟူသည် နောက်မှကပ်လိုက်ကာ ချန်ကျဲ့အား လှံတစ်စင်း ကမ်းပေးလိုက်သည်။
ချန်ကျဲ့သည် လှံရှည်ကို ကိုင်ဆောင်ကာ တောအုပ်ထဲသို့ ရှေ့ဆုံးမှ ဦးဆောင်ချီတက်သည်။ ရှောင်ဟူသည် အဖျားကျယ် တစ်ဖက်သွားဓားကို ကိုင်ဆောင်လျက် ချန်ကျဲ့၏နောက်ကျောကို ကာကွယ်ပေးရန် ကပ်လိုက်သည်။ ကျိုးကျန့်ဦးဆောင်သည့် ကျန် ကျားဖြူခန်းမအစောင့်တပ်သား၅၀သည် စနစ်တကျသော ဖွဲ့စည်းပုံဖြင့် နောက်မှလိုက်သည်။
ထိုအချိန်၌ ထန်ဇီယွဲ့သည် အလွန်ရှုပ်ထွေးနေသည့်တိုင် တောအုပ်ထဲသို့ လိုက်သွားခဲ့သည်။
“ခန်းမအရှင်သခင်ချန် ချန်ပါးပဲ!”
မျက်စိလျင်သည့် ရှောင်ဟူသည် တောအုပ်ထဲတွင် လဲကျနေသည့် ချန်ပါးကို ချက်ချင်း ရှာတွေ့လိုက်၏။ ချန်ပါးသည် သွေးများလွှမ်းလျက် ကျားဖြူခန်းမ တိမ်ခွင်းမြားဝါးဘူးလေးကို တင်းတင်းဆုပ်လျက် လဲကျနေသည်မှာ သေသည်ရှင်သည် မသိရပေ။
ချန်ကျဲ့သည် သွေးအိုင်ထဲ လဲနေသည့် ချန်ပါးကို မြင်သောအခါ မြင်းကို ပို၍လျင်မြန်စေလိုက်သည်။
ချန်ကျဲ့သည် မြင်းပေါ်မှ အမြန်ဆင်းကာ မြေပြင်တွင် လဲကျနေသည့် ချန်ပါးကို ပွေ့လိုက်သည်။ ထို့နောက် အတွင်းအားတချို့ လွှဲပြောင်းပေးရင်း ချန်ပါးကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။
“ညီနောင်ချန်ပါး အဆင်ပြေရဲ့လား”
ရှောင်ဟူသည်လည်း ချန်ပါးရှေ့တွင် ထိုင်ချလိုက်ရင်း ပြောသည်။
“ချန်ပါး၊ ငါ ချန်ရှောင်ဟူပါ။ ဘာတွေဖြစ်ခဲ့တာလဲ”
ချန်ပါးသည် နောက်ကျောတွင် နက်ရှိုင်းသည့် ဓားဒဏ်ရာကြီးဖြင့် တစ်ကိုယ်လုံး သွေးများ ချင်းချင်းနီရဲနေသည်။ ချန်ကျဲ့၏ အင်္ကျီလက်များကိုလည်း သွေးများ စွန်းပေကုန်တော့သည်။
ချန်ကျဲ့သည် မိမိ၏ သွေးစွန်းနေသည့် လက်များကို ကြည့်လိုက်ရင်း မျက်နှာဖြူဖျော့သွားခဲ့သည်။
ဒီလိုအချိန်မှာ ညီနောင်ချန်ပါးကို အန္တရာယ်ပြုတာ ဘယ်သူဖြစ်မလဲ?
ချန်ကျဲ့သည် မိမိကိုယ်ပေါ် ကသုတ်ကရက် ရှာဖွေကြည့်ရာ အသက်ကယ်ဆေးလုံးတစ်လုံး ရှာတွေ့သည်။ ထို့နောက် ဆေးလုံးကို ချန်ပါးအား တိုက်ကျွေးကာ အတွင်းအားများ ဆက်ထည့်ပေးနေခဲ့သည်။