နောက်ဆုံးတွင်တော့ ချန်ပါး သတိပြန်လည်လာခဲ့သည်။
Vol. 36 Ch. 462
အဟွတ် အဟွတ်…
အပြင်းအထန် ချောင်းဆိုးလိုက်သည်တွင် သွေးများပါ အန်ထွက်လာသည်။ ချန်ပါးသည် မျက်လုံးဖွင့်လိုက်သည်တွင် ချန်ကျဲ့ကို မြင်သောအခါ ချက်ချင်း ပြောလာသည်။
“ခန်းမ ခန်းမအရှင်သခင်ချန် သ သတိထား”
“ဘာကိုလဲ”
ချန်ကျဲ့သည် ရုတ်ချည်း သတိကပ်လိုက်သည်။ သူ၏မျက်လုံးများသည် ပတ်ဝန်းကျင်ကို အာရုံစူးစိုက် အကဲခတ်နေခဲ့သည်။ ရှောင်ဟူလည်း သတိချပ်လိုက်ရင်း ချန်ပါးကို ကြည့်၍ မေးသည်။
“ညီနောင်ချန်ပါး ဘာတွေဖြစ်ခဲ့တာလဲ? ငါတို့ကိုပြောပြပါ။ ငါဒီမှာ စိုးရိမ်လွန်းလို့ သေတော့မယ်”
“ဟူ လူကြီးမင်းဟူ လုပ်ကြံသူရှိတယ်”
ကျိုးချူသည် မျက်လုံးပြူးကျယ်သွားလျက် မှတ်ချက်ပြု၏။
“ကျောင်းစန်းလက်ချက်လား”
ချန်ပါးမှ ပြန်ပြောသည်။
“မဟုတ် သူမဟုတ်ဘူး။ တခြားတစ်ဖွဲ့ရှိနေတယ်”
ထိုအခါ ချန်ကျဲ့သည် ရှောင်ဟူကို ညွှန်ကြားလိုက်သည်။
“မင်း သူ့ကို ဂရုစိုက်ထားလိုက်။ ငါသွားကြည့်လိုက်ဦးမယ်”
ရှောင်ဟူမှ ပြောသည်။
“ခန်းမအရှင်သခင် ကျွန်တော်လည်း အတူလိုက်ခဲ့မယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း ဒီမှာ အစောင့်တချို့ ကျန်ခဲ့လိုက်။ ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့ကြ”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ပန်းပွားနီလှံကို ကိုင်ဆောင်လျက် တောအုပ်ထဲသို့ အမြန်ဝင်ရောက်သွားသည်။ ရှောင်ဟူသည် သူ၏တစ်ဖက်သွားဓားရှည်ကို ပင့်မြှောက်လျက် အမိန့်ပေးသည်။
“မင်းတို့ ဒီမှာကျန်ခဲ့ပြီး ညီနောင်ချန်ပါးကို ကောင်းကောင်းစောင့်ရှောက်ထားကြ”
ထို့နောက် ရှောင်ဟူသည်လည်း ချန်ကျဲ့နောက်သို့ လိုက်သွားခဲ့သည်။
တောအုပ်သည် အလွန်မထူထပ်သဖြင့် မကြာမီတွင် နေရာအနှံ့အပြားသော အလောင်းများကို မြင်တွေ့လိုက်ရသည်။
သို့ဖြင့် ချန်ကျဲ့သည် ရှန်းထောင်မြို့ဆိပ်ကမ်းသို့ အမြန်ပြေးသွားခဲ့သည်။
သူတို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဒေါသသံစွက်သည့် ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာသည်။
“သခင်လေး ပြေးတော့!”
ချန်ကျဲ့ ထိတ်လန့်ချောက်ချားသွားပြီး အသံလာရာသို့ လှည့်ကြည့်လိုက်ရာ မယုံကြည်နိုင်လောက်အောင်သော မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ အလောင်းများ စုပုံပြန့်ကျဲနေသည့် စစ်မြေပြင်ကို မြင်တွေ့လိုက်ရသည်။ ချောင်ကုန်သည်အဖွဲ့သားများ၏ အလောင်းများသည် မြေပြင်ထက်တွင် နေရာအနှံ့ပြန့်ကျဲနေပေသည်။
အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်ပုပု လုပ်ကြံသူတစ်ဦးသည် မျက်နှာကိုလည်း မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားကာ ဓားရှည်တစ်လက်ကို ကိုင်ဆွဲလျက် အစောင့်ခေါင်းဆောင်ဟေးကို ဦးတည််တိုက်ခိုက်သည်။ လုပ်ကြံံသူ၏ဓားသည် အပြစ်အနာအဆာကင်းမဲ့စွာဖြင့် လျိုစုန့်ရှေ့မှ ကာကွယ်ပေးထားသည့် အစောင့်နှင့်အတူ လျိုစုန့်ကိုပါ ထိုးဖောက်သွားခဲ့သည်။
ဓားတစ်ချက်သည် လူနှစ်ယောက်ကို တစ်ပြိုင်တည်း ထိုးဖောက်သွားခဲ့၏။ လျိုစုန့်၏ရင်အုံသည် ဓားဖြင့် ထိုးဖောက်ခံလိုက်ရသဖြင့် သွေးများ ဒလဟော စီးဆင်းလာတော့သည်။
လျိုစုန့်သည် မျက်လုံးအိမ်တို့ ပြူးကျယ်လျက် အော်ပြောနေခဲ့သည်။
“ဝမ်းကွဲညီနောင် အဟွတ်…”
သွေးများသည် ထိတ်လန့်အံ့အားမှု၊ ဝမ်းနည်းပူဆွေးမှုတို့ ဖုံးလွှမ်းနေသည့် လျိုစုန့်၏မျက်နှာထက်သို့ လွင့်စင်ပေကျံကုန်သည်။
ထိုမြင်ကွင်းကြောင့် ချန်ကျဲ့လည်း မျက်လုံးပြူးသွားရပြီး ဒေါသဖြင့် အော်လိုက်သည်။
“လုပ်ကြံသူ အဲဒီမှာရပ်လိုက်စမ်း!”
ထိုသို့ပြောရင်း ချန်ကျဲ့သည် လက်ထဲမှ လှံရှည်ကို လုပ်ကြံသူထံ ချိန်ရွယ်ပစ်လိုက်သည်။ လုပ်ကြံသူသည် သူ့ထံ ပျံသန်းလာနေသည့် လှံရှည်ကို မြင်သောအခါ တွန့်ဆုတ်သွားပြီးနောက် အမြန်ရှောင်တိမ်းလိုက်သည်။ ထို့နောက် လျိုစုန့်၏ရင်အုံတွင် စိုက်ဝင်နေသည့် ဓားကို လျင်မြန်ဖျတ်လတ်စွာ ပြန်ဆွဲထုတ်လိုက်သည်။ ထိုမြင်ကွင်းတွင် ချန်ကျဲ့သည် ဒေါသထွက်လျက် အော်ဟစ်လိုက်သည်။
“ခွေးကောင် သွားသေလိုက်တော့!”
ချန်ကျဲ့သည် လုပ်ကြံသူဆီသို့ တစ်ဟုန်တိုး ချီတက်သွားလိုက်သည်။ လုပ်ကြံသူသည် ထွက်ပြေးရန်ကြိုးစားသော်ငြား ချန်ကျဲ့သည် သူနှင့် နီးကပ်နေခဲ့ပြီဖြစ်၏။ ချန်ကျဲ့သည် မြေပြင်တွင် စိုက်နေသည့် လှံရှည်ကို ပြန်ဆွဲထုတ်ပြီးနောက် လုပ်ကြံသူကို ဦးတည်တိုက်ခိုက်သည်။
လုပ်ကြံသူသည် သူ၏ဓားရှည်ကို လွှဲယမ်း၍ ချန်ကျဲ့ကို တန်ပြန်တိုက်ခိုက်သည်။
ချွင် ချွင်…
အချိန်တိုလေးအတွင်း၌ လုပ်ကြံသူနှင့် ချန်ကျဲ့သည် သိုင်းကွက်အတော်များများ ဖလှယ်ပြီးနေလေပြီ။ ချန်ကျဲ့သည် လှံရှည်ကို တင်းတင်းဆုပ်ကိုင်လျက် တိုက်ခိုက်နေခဲ့ရင်း မျက်နှာအမူအရာတွင်လည်း အံ့အားသင့်မှုတို့ ထင်ဟပ်သွားခဲ့ရသည်။
စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ပဲ!
ထို့ပြင် လုပ်ကြံသူ၏အင်အားသည် အတော်လေး အင်အားကြီးမား၏။ ချန်ကျဲ့ထက်လည်း အားမနည်းပေ။
ဒီစွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်က ဘယ်ကနေ ရောက်လာတာလဲ။ နန်ပါးထျန်းလွှတ်လိုက်တာလား?
ဒါပေမဲ့ ဒီလိုအရည်အချင်းမျိုးက နန်ပါးထျန်းလက်အောက်ခံသာဆိုရင် ငါ ဘယ်လိုလုပ်ပြီး နည်းနည်းလေးမှ သတိမထားမိဘဲ ရှိပါ့မလဲ?
ထို့နောက် ရှောင်ဟူလည်း အပြေးရောက်လာသည်။ ရှောင်ဟူသည် လက်တွင်ဓားကိုင်ဆောင်လျက် ချန်ကျဲ့ကို ကူညီရန် အသင့်ပြင်ထား၏။
ရှောင်ဟူကို မြင်သောအခါ ချန်ကျဲ့မှ ပြောသည်။
“ရှောင်ဟူ လျိုစုန့်ကို သွားကြည့်လိုက်”
လုပ်ကြံသူသည် သူနှင့် အင်အားညီမျှ၏။ ရှောင်ဟူသည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်သော်ငြား အောက်ခြေအဆင့်သာ ဖြစ်သည်။ သို့ဖြစ်ရာ ရှောင်ဟူသည် ဤသို့တိုက်ပွဲမျိုးတွင် အလွယ်တကူ ဝင်ရောက်ရန် မသင့်တော်ပေ။ အမှတ်တမဲ့ ထိခိုက်ဒဏ်ရာရသွားနိုင်၏။
ရှောင်ဟူ တိုက်ပွဲထဲ ဝင်ရောက်လာပါက ချန်ကျဲ့ကို ပို၍ အာရုံများစေရုံသာ ဖြစ်စေလိမ့်မည်။
လွီပုအား သူရဲကောင်းသုံးဦး တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေလိမ့်မည်။ ကွမ်းနှင့် ကျန်းသည် လွီပုကို တိုက်ခိုက်ချိန်တွင် အသာစီးရနေခဲ့၏။ သို့သော် လျိုရွှမ်းသဲ့ ဝင်ရောက်လာချိန်တွင်တော့ ကွမ်းနှင့်ကျန်းသည် အာရုံထွေပြားကာ နောက်ဆုံးတွင် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်သွားရသည်။
ထိုအခါ ရှောင်ဟူမှ ပြန်ပြောသည်။
“ဟုတ်ကဲ့”
ထို့နောက် ချန်ကျဲ့သည် လုပ်ကြံသူကို ပြော၏။
“မိတ်ဆွေကြီး ကျုပ်တို့လက်ရည်ချင်းယှဉ်ခဲ့ပြီးပြီ။ ခင်ဗျားရဲ့မျက်နှာကို ဖုံးကွယ်နေဖို့ မလိုတော့ပါဘူး။ ခင်ဗျားရဲ့နာမည်ကို ထုတ်ဖော်လိုက်ပါ။ ခင်ဗျားရဲ့ဒီလိုအင်အားက မျန့်ရွှေမှာ နာမည်မရှိတာတော့ မဖြစ်နိုင်ဘူး”
ထိုအခါ အရပ်ပုသေးသည့် လုပ်ကြံသူသည် ဘာမျှပြန်မပြောပေ။ ထိုအစား ထွက်သွားရန်ပြင်၏။
ချန်ကျဲ့လည်း ရှေ့တိုးပိတ်လိုက်သည်။
ဒီနေ့ကတော့ ခင်ဗျားထွက်ပြေးနိုင်မယ့်နေ့ မဟုတ်ဘူးဗျ။
ချန်ကျဲ့သည် ထိုသို့တွေးတောလျက် လှံရှည်ဖြင့် လုပ်ကြံသူထွက်ပြေးမည့်လမ်းကို ပိတ်လိုက်သည်။ ထို့နောက် လုပ်ကြံသူအား အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းဖြင့် တိုက်ခိုက်သည်။
ချန်ကျဲ့သည် အင်အားကို အလုံးစုံထုတ်သုံးတိုက်ခိုက်၏။
ထွက်မပြေးနိုင်ကြောင်း သိလိုက်သည်တွင် လုပ်ကြံသူသည် စကားအပိုပြောမနေဘဲ ဓားကိုဝှေ့ယမ်းကာ ချန်ကျဲ့ကို ဦးတည်တိုက်ခိုက်တော့သည်။
ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို စီးဆင်းစေလျက် အတိဒုက္ခဆယ့်သုံးပါးလှံသိုင်းဖြင့် ဆက်လက်တိုက််ခိုက်သည်။
ချန်ကျဲ့သည် လုပ်ကြံသူကို အနီးကပ်တိုက်ခိုက်သည်။
ပထမသိုင်းကွက်– အရိုးထိတိုင်သော လိုအင်ဆန္ဒ!
ချန်ကျဲ့မှ လုပ်ကြံသူကို ကြမ်းကြုတ်ခက်ထန်စွာ တစ်ဟုန်ထိုးတိုက်ခိုက်ရာ လုပ်ကြံသူသည် ထိတ်လန့်သွားပြီး သူ၏ဓားကို နှင်းစက်များ ကျဆင်းသည့်အလား ဝှေ့ယမ်းကာ ချန်ကျဲ့၏သိုင်းကွက်ကို ခုခံတိုက်ခိုက်သည်။
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ဒုတိယမြောက်သိုင်းကွက်ကို ချက်ချင်း ဆက်ထုတ်တိုက်ခိုက်သည်။
“မြစ်ရေပြင်ထက်က နေဝင်ချိန်၊ အထီးကျန်မှု အငွေ့အသက်တွေဟာ တန်းတန်းမတ်မတ် အထက်ကိုပျံတက်သွားတယ်၊ မိုင်ထောင်ချီပျံသန်းတဲ့ ငန်းတွေဟာ မိတ်ဆွေဟောင်းကို အမှတ်ရလေတယ်၊ ခွဲခွာခြင်း!”
ချန်ကျဲ့မှ လှံရှည်ကို ရှေ့တိုးတိုက်ခိုက်လိုက်သည်နှင့် လုပ်ကြံသူသည် အကွေ့အကောက်များဖြင့် ကျွမ်းကျင်လှစွာသော ကိုယ်ဖော့သိုင်းကို အသုံးပြု၍ လျင်မြန်ဖျတ်လတ်စွာ ရှောင်တိမ်းသည်။
ထို့နောက် သံမဏိလေးတံမှ နောက်ပြန်ကွေ့လာသည့် လှုပ်ရှားမှုဖြင့် နောက်ထပ်လှံချက်ကို ရှောင်တိမ်းလိုက်သည်တွင် လုပ်ကြံသူသည် ဒူးတစ်ဖက်ထောက်ကျသွား၏။ လုပ်ကြံသူ ခြေချော်သွားသည်တွင် ချန်ကျဲ့သည် နောက်တစ်လှမ်းဆုတ်၍ နောက်တစ်ကြိမ် လှံဖြင့်တိုက်ခိုက်ရန် ပြင်သည်။ ထို့နောက် လှံရှည်ကို ရှေ့သို့ နောက်တစ်ကြိမ် ထိုးသွင်းတိုက်ခိုက်သည်။ အလယ်ဗဟိုချက်ကို သိမ်းပိုက်ထိန်းချုပ်ထားလျက် လှံထိပ်ဖျားကို ပတ်ပတ်လည် လှည့်ပတ်ကာ တတိယမြောက်သိုင်းကွက်ကို ထုတ်သုံးတိုက်ခိုက်သည်။
“အိပ်မက်တွေဟာ အရုဏ်တက်၅ချက်မျာ ပြိုကွဲပျောက်ကွယ်တယ်၊ ဦးချိုခရာသံဟာ လမင်းကို လွင့်ထွက်စေတယ်၊ လေလွင့်ဝိဉာဉ်!”
ဝှစ် ဝှစ် ဝှစ်!
ချန်ကျဲ့၏လှံရှည်သည် လေဟာနယ်တွင် စက်ဝိုင်းများ ရေးဆွဲလျက် လုပ်ကြံသူ၏ မြင်ကွင်းကို ရှုပ်ထွေးစေသည်။ လုပ်ကြံသူမှ ရှုပ်ထွေးတွေဝေနေစဉ် အင်အားပြင်းထန်သည့် လှံရှည်တစ်ချက်သည် မြူခိုးထုထဲမှ လုပ်ကြံသူ၏ လည်မျိုတည့်တည့်သို့ ဦးတည်ထွက်ပေါ်လာ၏။
ထိတ်လန့်သွားသည့် လုပ်ကြံသူသည် ဓားရှည်တွင် ချီစွမ်းအင်များ စီးဆင်းစေလိုက်သည်။ ထို့နောက် လည်မျိုထံ ဦးတည်လာနေသည့် လှံဖျားကို ဟန့်တားလိုက်သည်။ လှံဖျားနှင့် ဓားသွားတို့ ထိခတ်သွားသံနှင့်အတူ ပြင်းထန်လှသည့် အင်အားသည် လုပ်ကြံသူအား နောက်ပြန်လွင့်ထွက်သွားစေခဲ့သည်။
ဝှစ်…
လုပ်ကြံသူ နောက်ပြန်လွင့်ထွက်သွားသော်လည်း ချန်ကျဲ့သည် စိုးစဉ်းသော်မျှ မရပ်နားချေ။ ထို့နောက် လုပ်ကြံသူသည် ချန်ကျဲ့ အာရုံထွေပြားသွားသည့် အချိန်တိုလေးအတွင်း၌ ရူပဗေဒ၏ ဆန့်ကျင်ဘက်နိယာမဖြင့် ချန်ကျဲ့အား ဓားရှည်ဖြင့် တန်ပြန်တိုက်ခိုက်သည်။
“လျှို့ဝှက်သိုင်း– တန်ပြန်ဝါးမြိုခြင်း!”
နောက်ပြန်ဆုတ်လိုက်သော်ငြား ချန်ကျဲ့သည် ဘယ်ဘက်လက်မောင်းမှ ဓားဖြင့်ထိုးစိုက်ခံရသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ ချန်ကျဲ့သည် နာကျင်သွားသော်ငြား မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ ညာလက်ကို ပင့်မြှောက်၍ သံမဏိလက်ဝါးသိုင်း ရှစ်ကွက်မြောက်သိုင်းကွက်– နဂါးဖမ်းချုပ်လက်ဝါးသိုင်းကို ထုတ်သုံးလိုက်သည်။
အားပြင်းထန်လှသည့် လက်ဝါးရိုက်ချက်သည် လုပ်ကြံသူထံ ဦးတည်သက်ဆင်း၏။
လုပ်ကြံသူမှာ ပါးစပ်အပြည့်သွေးတစ်ပွက် အန်ထွက်သွားရသည်။
သို့သော် လုပ်ကြံသူသည် အံကြိတ်လျက် ချန်ကျဲ့၏လက်ဝါးရိုက်ချက်ပြင်းအားကို အခွင့်အရေးယူကာ တောအုပ်ထဲသို့ လျင်မြန်စွာ ထွက်ပြေးပျောက်ကွယ်သွားတော့သည်။
ချန်ကျဲ့သည် နောက်မှပြေးလိုက်မည်ဟု တွေးလိုက်သော်ငြား ဘယ်လက်သည် ရုတ်တရက် ထုံကျင်လာခဲ့၏။
ဓားမှာ အဆိပ်သုတ်ထားတာပဲ!
ချန်ကျဲ့ သွေးကြောမှတ်များကို အမြန်ပိတ်လိုက်သည်။ သို့သော် သွေးကြောမှတ်ပိတ်ပြီး လိုက်ဖမ်းတော့မည်တွင် လုပ်ကြံသူသည် ထွက်ပြေးသွားခဲ့လေပြီ။
ချန်ကျဲ့ လက်ကို ငုံ့ကြည့်လိုက်သည်။
ပျော့ပျောင်းနေတာ..
လုပ်ကြံသူက အမျိုးသမီးလား?
ချန်ကျဲ့သည် လုပ်ကြံသူနှင့် တိုက်ခိုက်စဉ်က ပျော့ပျောင်းနူးညံ့မှုတစ်မျိုးကို ခံစားခဲ့ရသည်။
အဲဒါက ယောက်ျားတစ်ယောက်ရဲ့ရင်ဘတ်မှ မဟုတ်တာပဲ။ ငါတိုက်ခိုက်ခဲ့တာ မိန်းကလေးတစ်ယောက်ပဲ!
သူက ဘယ်သူလဲ? ဘာလို့ လျိုစုန့်ကို သတ်ရတာလဲ?
ချန်ကျဲ့ အတွေးထဲ နစ်မြောသွားခဲ့သည်။