ထိုအခါ ချန်ကျဲ့သည် ဘာမျှမပြောသော်ငြား မနီးမဝေး တောအုပ်ထဲမှ အခုမှထွက်ပေါ်လာသည့် ထန်ဇီယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။
Vol. 36 Ch. 464
ထန်ဇီယွဲ့သည် နေရာသို့ရောက်ရှိလာပြီးနောက် အလောင်းများ ပြန့်ကျဲနေသည့် မြင်ကွင်းနှင့်အတူ ခေါင်းဆောင်လျိုကိုလည်း မြင်လိုက်ရသည်တွင် လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“ခေါင်းဆောင်လျို”
လျိုလောင်ကွေ့သည် ထန်ဇီယွဲ့ကို မြင်လိုက်သည်နှင့် မျက်လုံးမှေးကျဉ်းလိုက်၏။
“ထန်ဇီယွဲ့၊ ဒါက နန်ပါးထျန်းဆင်ထားတဲ့ ထောင်ချောက်ပဲ ဟုတ်တယ််မလား”
ထန်ဇီယွဲ့မှ ပြန်ပြောသည်။
“ခေါင်းဆောင်လျို အထင်လွဲနေပါပြီ။ လုံးဝ မဟုတ််ရပါဘူးဗျာ”
စကားအဆုံး၌ လျိုလောင်ကွေ့သည် ထန်ဇီယွဲ့ဆီသို့ တစ်ဟုန််ထိုးရောက်ချလာရာ ထန်ဇီယွဲ့မှာ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားရသည်။
“ခေါင်းဆောင်လျို ဘာလုပ်တာလဲဗျ”
ခေါင်းဆောင်လျိုသည် ထန်ဇီယွဲ့ကို စကားအဖက်လုပ်ပြောမနေဘဲ လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။ ထန်ဇီယွဲ့သည် ထိတ်လန့်မှုဖြင့် အော်ဟစ်လိုက်သော်ငြား ခေါင်းဆောင်လျိုသည် သူ့ကို လုံးဝ လျစ်လျူရှုကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ထန်ဇီယွဲ့မှာ အသံပင်မထွက်နိုင်တော့ဘဲ သတိလစ်သွားတော့သည်။
ချန်ကျဲ့လည်း တွန့်ဆုတ်သွားပြီး ခေါင်းဆောင်လျိုကို လှည့်ကြည့်၏။
“ခေါင်းဆောင်လျို ဒါက ဘာအဓိပ္ပာယ်ပါလဲ”
လျိုလောင်ကွေ့မှ ပြောသည်။
“ဒီနေရာမှာ ရှိနေတဲ့နောက်လိုက်တွေက ငါတို့ကို ကောင်းကောင်းစကားမပြောနိုင်အောင် နှောင့်ယှက်နေတယ်။ အဲဒါကြောင့် ခဏလောက် အိပ်ခိုင်းထားလိုက်တာ”
ထိုသို့ပြောပြီးနောက် လျိုလောင်ကွေ့သည် ချန်ကျဲ့ကို ကြည့်လာ၏။
“တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ”
ချန်ကျဲ့ လျိုလောင်ကွေ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင်လျို၊ လျိုစုန့်ကို လုပ်ကြံသတ်ဖြတ်တာက ကျွန်တော်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်?”
လျိုလောင်ကွေ့မှ ပြောသည်။
“မင်းခုနက ပြောတာ မှန်တယ်။ လုပ်ကြံသူက မင်းဆိုရင် ဘာကြောင့် ငါ့ကို အကြောင်းကြားနေဦးမှာလဲ”
ချန်ကျဲ့မှ ပြောသည်။
“ကြည့်ရတာတော့ ကျွန်တော့်ညီနောင်က ခင်ဗျားကို အကြောင်းကြားနိုင်ခဲ့ပုံပဲ”
လျိုလောင်ကွေ့မှ ပြောသည်။
“ငါ ဒီနေ့ အခြေအနေကို နားမလည်နိုင်ဘဲ ဖြစ်သွားတော့မလို့ပဲ။ ငါ့မှာ အရေးကြီးကိစ္စရှိလို့ ပြန်လှည့်လာခဲ့တာကြောင့်သာ မဟုတ်ခဲ့ရင် အကုန်လုံး နှောင့်နှေးကုန်မှာ။ ပြီးတော့ အခုလည်း… ဟူး…”
လျိုလောင်ကွေ့သည် ဝမ်းနည်းပူဆွေးစွာဖြင့် လျိုစုန့်ကို ကြည့်သည်။
ထိုစဉ် ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်လျို အရမ်းမစိုးရိမ်ပါနဲ့။ ကျွန်တော် သမားတော်ပင့်ဖို့ လူလွှတ်လိုက်ပါမယ်။ သခင်လေးလျိုက ထိုက်ဆွေ့ဆေးလုံးလည်း သောက်ထားပါသေးတယ်။ သူ့ရဲ့ဒဏ်ရာကလည်း တည်ငြိမ်နေပြီမို့လို့ ပြဿနာမရှိလောက်ပါဘူး”
လျိုလောင်ကွေ့ မျက်မှောင်ကြုတ်၏။
“ဒီလိုလူသူကင်းမဲ့ပြီး ချောင်ကျတဲ့နေရာမှာ ဘယ်ကနေ သမားတော်ကောင်း သွားရှာမှာလဲ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်လျိုက ကျွန်တော်တို့ရောက်နေတဲ့ နေရာကို မေ့နေတာတော့ မဟုတ်ပါဘူးနော်?”
“ရှန်းထောင်မြို့”
ချန်ကျဲ့ ပြုံးလိုက်သည်။
“ဒါဆို ခေါင်းဆောင်လျို တစ်ခုခုမစဉ်းစားမိဘူးလား”
လျိုလောင်ကွေ့မှ ပြောသည်။
“အတွင်းခန်းမသမားတော်၈ဦးအဖွဲ့ဝင် သမားတော်ပိုင် ပိုင်ဝမ့်ကျင်း”
ချန်ကျဲ့မှ ပြောသည်။
“အမှန်ပါပဲ။ ကျွန်တော့်ဆရာက ရှန်းထောင်ရွာမှာ ရှိနေပါတယ်။ ကျွန်တော် သမားတော်ပိုင်ကို ပင့်ခေါ်ဖို့ အခုပဲ လူလွှတ်လိုက်ပါမယ်။ ခေါင်းဆောင်လျို ဒီမှာ ခဏလောက် နားနေလိုက်ပါ။ သခင်လေးလျိုစုန့်ကတော့ မလှုပ်ရှားတာ ကောင်းပါလိမ့်မယ်။ လှုံ့ဆော်မှုတွေကို ရှောင်ကြဉ်မှ ဒဏ်ရာက ပိုဆိုးမလာမှာပါ”
လျိုလောင်ကွေ့မှ ပြောသည်။
“အင်း မင်းပြောသလိုပဲ လုပ်တာပေါ့”
နှစ်ဦးသားသည် သဘောတူညီချက်ယူလိုက်ကြပြီးနောက် ချန်ကျဲ့မှ ပြောသည်။
“ရှောင်ဟူ၊ မင်း လူတချို့ခေါ်ပြီးတော့ ရွာမှာ ငါ့ဆရာကို သွားခေါ်ချေ။ ပြီးတော့ တခြားသူတွေ သတိမထားမိအောင် ဂရုစိုက်ဦး”
“ဟုတ်ကဲ့”
ရှောင်ဟူသည် အမိန့်ရသည်နှင့် ချက်ချင်း လှုပ်ရှားသည်။ အခြားသူများမှ သမားတော်ပိုင်ကို သွားခေါ်လျှင် လွဲမှားမှုများ ရှိကောင်းရှိနိုင်သည်။ သို့သော် ရှောင်ဟူသည်တော့ ရှန်းထောင်ရွာသားဖြစ်ရာ ပြဿနာမရှိနိုင်ပေ။
ရှောင်ဟူ ထွက်ခွာသွားသောအခါ လျိုလောင်ကွေ့နှင့် ချန်ကျဲ့တို့နှစ်ဦးသာ ကျန်ခဲ့တော့သည်။
လျိုလောင်ကွေ့မှ ချန်ကျဲ့ကို ပြောသည်။
“ချန်ကျိုစစ် မင်းစိတ်ထဲရှိတာကို ပြောစမ်းပါ”
ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်လျို ကျွန်တော်တို့ အချင်းချင်းသိကျွမ်းလာတာ အခုဆို အချိန်တစ်ခုကြာပါပြီ။ ကျွန်တော်တို့က ရင်းနှီးတဲ့မိတ်ဆွေတွေ မဟုတ်ကြပေမဲ့ ကျွန်တော့်တို့အချင်းချင်းရဲ့ အကျင့်စရိုက်ကိုတော့ ရှင်းရှင်းလင်းလင်းသိကြပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်၊ လျိုစုန့်ရဲ့ဖြစ်ရပ်က ကျွန်တော်လုပ်တာ မဟုတ်ဘူး။ ခေါင်းဆောင်လျို ဒီအချက်ကို အသိအမှတ်ပြုရဲ့လား”
လျိုလောင်ကွေ့မှ ပြောသည်။
“ငါအသိအမှတ်ပြုတယ်။ ဒါပေမဲ့ တကယ်တမ်း ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ ရှင်းပြဖို့လိုမယ်”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်သိထားသလောက်ကတော့ ဒီလိုပါ။ နန်ပါးထျန်းနဲ့ ထန်ဇီယွဲ့က လျှို့ဝှက်အကြံအစည်တစ်ခု လုပ်ခဲ့ကြတယ်…”
“ကျောင်းစန်း!”
ထိုနာမည်ကို ကြားလိုက်သည်တွင် လျိုလောင်ကွေ့၏ မျက်နှာအမူအရာသည် ထူးဆန်းသွား၏။ ထို့နောက် အမျက်ဒေါသအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်သို့ မော့ကြည့်သည်။
ထိုအပြုအမူကြောင့် ချန်ကျဲ့ လျိုလောင်ကွေ့ကို မေးလိုက်သည်။
“ခေါင်းဆောင်လျို တစ်ခုခုစဉ်းစားမိလို့ပါလား”
လျိုလောင်ကွေ့မှ ပြန်ပြောသည်။
“ကျောင်းစန်း အဲဒီလူကို ကုချင်းဖုန်းမိတ်ဆက်ပေးခဲ့တာ”
“ကုချင်းဖုန်း?”
ချန်ကျဲ့မှ ပြောသည်။
“ခန်းမအရှင်သခင် တစ္ဆေလက်ကုချင်းဖုန်းလား?”
“အမှန်ပဲ။ ကျောင်းစန်းက ကုချင်းဖုန်းရဲ့လူပဲ။ အစကတော့ သူက ငါ့ခန်းမက ပိုင်မော့ရှန်းနဲ့အတူ နောက်ကွယ်ကနေ အလှည့်ကျ စီမံခန့်ခွဲပေးရင်း ကျောင်းစန်းကို လျိုစုန့်ရဲ့ အစောင့်အဖြစ် ထည့်သွင်းခဲ့တာ”
“ဒါပေမဲ့ ကုချင်းဖုန်းမသိလိုက်တာက ခန်းမအရှင်သခင်ပိုင်က လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲမှုတင်းကြပ်တယ်။ အဲဒါကြောင့် သူ လူထည့်တဲ့ကိစ္စကို ဖုံးကွယ်မထားနိုင်ခဲ့ဘူး။ သူလူထည့်တာကို ငါတို့ သိထားတဲ့အကြောင်း ကုချင်းဖုန်းတစ်ယောက်ပဲ မသိနေတာ”
“ငါတို့ ဒီတိုင်းထားပြီး ကျောင်းစန်းကို တစ်နှစ်လောက် စူးစမ်းစောင့်ကြည့်ခဲ့ပေမဲ့ ဘာမှ မူမမှန်တာ မတွေ့ခဲ့ရဘူး။ အဲဒါနဲ့ ငါတို့လည်း ကုချင်းဖုန်းက ငွေလက်ခံပြီးတော့ လူထည့်ပေးရုံပဲလို့ ထင်လိုက်တာ။ အလေးအနက် သဘောမထားမိခဲ့ဘူး”
“အခု ကြည့်ရတာတော့ အဲဒီလိုရိုးရိုးရှင်းရှင်း မဟုတ်နေဘူးပဲ”
“ပြီးတော့ ကုချင်းဖုန်းက ငါ့ကို ဒီနေ့ သေရည်သောက်ဖို့ ဖိတ်ခေါ်တာလည်း ထူးဆန်းတယ်။ ဒီလိုအချိန်ကြီးမှာ ငါ့ကို သေရည်သောက်ဖို့ ဖိတ်တာ ကြည့်ရတာတော့ ငါ့ကို အိမ်တော်မှာ ရှိမနေစေချင်တာပဲ။ အဲဒီလိုမှ စုန့်အာ အကူအညီတောင်းလာတဲ့အခါ ငါမသိတော့မှာလေ”
လျိုလောင်ကွေ့သည် ပြဿနာ၏ အခရာကို ရုတ်ချည်း နားလည်သွားခဲ့သည်။ လျိုလောင်ကွေ့တွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖုံးလွှမ်းလာခဲ့၏။
“ခွေးကောင် ကုချင်းဖုန်း၊ ငါ့သားကို လုပ်ကြံရဲတယ်။ ငါ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး”
ထိုအခါ ချန်ကျဲ့သည် လျိုလောင်ကွေ့ကို မေးလိုက်သည်။
“ခေါင်းဆောင်လျို ကျွန်တော် အချက်တစ်ချက်ကို နားမလည်ပါဘူး။ ကုချင်းဖုန်းက ဘာလို့ သခင်လေးလျိုစုန့်ကို သတ်ချင်ရတာလဲ”
လျိုလောင်ကွေ့သည် ခဏမျှ တွေဝေနေပြီးနောက် ပြောသည်။
“သံသတ္တုတွင်းကြောင့် ဖြစ်လိမ့်မယ်။ လတ်တလော မတိုင်ခင်အထိ သံသတ္တုတွင်းကို တစ္ဆေလက်ခန်းမက စီမံခန့်ခွဲလာတာ။ လျိုစုန့်က သူ့မိတ်ဆွေက ကုန်ပစ္စည်းတစ်သုတ် လိုအပ်တယ်လို့ ပြောလာတယ်။ ငါလည်း လျိုစုန့်ကို ပစ္စည်းတချို့တဝက် ယူခွင့်ပေးလိုက်တယ်။ သူ တကယ်ကြီး ရောင်းလိမ့်မယ်လို့ ငါလည်း ထင်မထားခဲ့ဘူး။ ငါက ဒီတိုင်း သံသတ္တုလုပ်ငန််းမှာ လျိုစုန့်ကို နည်းနည်းပါးပါး ကျွမ်းဝင်စေချင်ခဲ့ရုံပဲ”
“အဲဒါက ကုချင်းဖုန်းရဲ့ အကျိုးအမြတ်တွေကို နည်းနည်းတော့ ထိခိုက်သွားစေလိမ့်မယ်။ ဒါပေမဲ့ ကုချင်းဖုန်းက ဒီလောက်အထိ အကြင်နာမဲ့လှုပ်ရှားလိမ့်မယ်လို့ မထင်ထားခဲ့ဘူးပဲ။ စုန့်အာက ငယ်ငယ်ကတည်းက သူ့မျက်စိအောက်မှာ ကြီးပြင်းလာခဲ့တာ။ အဲဒါကိုတောင်မှ သူက စုန့်အာကို လုပ်ရက်တယ်”
လျိုလောင်ကွေ့သည် မျက်ခုံးများတွန့်ချိုးထား၏။ သူ၏မျက်လုံးများတွင် အဆုံးမဲ့အမျက်ဒေါသများနှင့် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ရှိနေခဲ့သည်။
ချန်ကျဲ့သည် တိတ်ဆိတ်သွား၏။ သို့သော် လျိုလောင်ကွေ့ထံမှ အသုံးဝင်သည့် အချက်အလက်တချို့ကို သူရရှိလိုက်ပါသည်။ ချန်ကျဲ့ လျိုလောင်ကွေ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင်လျို ခုနက ပြောလိုက်တာ သခင်လေးလျိုက ချောင်ကုန်သည်အဖွဲ့ရဲ့ ကုန်ပစ္စည်းတွေကို ကုန််သွယ်မှုလုပ်ပေးတာဆို? အဲဒီကုန်ပစ္စည်းတွေက ဘာတွေလဲဗျ”
လျိုလောင်ကွေ့သည် ရှုပ်ထွေးသွားပြီး ချန်ကျဲ့ကို ကြည့်လာ၏။
“အဲဒါကို ဘာလို့မေးတာလဲ”
ချန်ကျဲ့ ခဏမျှ တန့်နေပြီးနောက် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ကာ ထိုစာအုပ်ထဲမှ စာအိတ်ကို လျိုလောင်ကွေ့လက်ထဲ ကမ်းပေးလိုက်သည်။