လျိုလောင်ကွေ့သည် စာအိတ်ကိုကြည့်လိုက်ရာ ဦးခေါင်းတွင် မီးကြာပန်းနှင့် ဇာမဏီငှက်တံဆိပ်ကို မြင်တွေ့လိုက်ရသည်။
Vol. 36 Ch. 466
“ဒီတစ်ကြိမ်မှာ သူ့ရဲ့အကြံအစည်ကို ဖောက်ထွင်းမြင်နိုင်ခဲ့ပေမဲ့ အနာဂတ်မှာ သူက ကျွန််တော်တို့ကို ဒီထက်ပိုပြီး ပစ်မှတ်ထားတဲ့လုပ်ရပ်တွေ လုပ်လာဦးမှာပဲ။ ခေါင်းဆောင်လျိုနဲ့ ကျွန်တော်နဲ့ မပူးပေါင်းရင် တစ်နေ့နေ့မှာ ကျွန်တော်တို့အတွက် မြှုပ်နှံစရာ နေရာတောင်မရှိဘဲ သေဆုံးခြင်းနဲ့ အဆုံးသတ်သွားမလား စိုးရိမ်ရပါတယ်”
ခေါင်းဆောင်လျိုသည် မျက်လုံးအိမ်များမှေးကျဉ်းလျက် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။
“ချန်ကျိုစစ် သူက မင်းရဲ့ ကုန်သည်အဖွဲ့ခေါင်းဆောင်နော်”
ချန်ကျဲ့မှ ပြောသည်။
“သခင်ဖြစ်သူက တရားမျှတမှု မရှိရင် အစေအပါးက တခြားတိုင်းပြည်ကို ခစားရမှာပါပဲ။ ဖခင်က မကြင်နာရင် သားဖြစ်သူက တခြားတစ်နေရာမှာ အိမ်ကို ရှာဖွေရပါတယ်။ နန်ပါးထျန်းက ကျွန်တော့်ကို သတ်ချင်နေတာကို ကျွန်တော်က သူ့ကို မျက်ကန်းလို သစ္စာစောင့်သိနေရဦးမှာပါလား? ခေါင်းဆောင်လျိုရဲ့အမြင်မှာ ကျွန်တော်ချန်ကျိုစစ်က မျက်ကန်းတစ်ယောက်လို သစ္စာစောင့်သိမယ့်လူတစ်ယောက်ပါလား”
ထိုအခါ ခေါင်းဆောင်လျိုမှ ရယ်မောလျက် ပြန်ပြောသည်။
“စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”
“ချန်ကျိုစစ် မင်းလည်း သိပါတယ်။ မင်းနဲ့ငါ ပူးပေါင်းလိုက်ရင် စီရင်စုအုပ်ချုပ်ရေးမှူးကို သတိချပ်စေလိမ့်မယ်။ အဲဒါကြောင့် မင်းနဲ့ငါ မဟာမိတ်ဖွဲ့တာက စွန့်စားရာကျလိမ့်မယ်”
လျိုလောင်ကွေ့မှ ပြောသည်။
ချန်ကျဲ့မှ ပြောသည်။
“စွန့်စားမှုနဲ့ အခွင့်အရေးဆိုတာက ဒွန််တွဲတည်ရှိနေတာပါပဲ။ ခေါင်းဆောင်လျိုက စွန့်စားဖို့ ဆန္ဒမရှိဘူးဆိုရင် ကြီးမားတဲ့အောင်မြင်မှုရယူဖို့အတွက် ခက်ခဲမှာစိုးမိပါတယ်”
လျိုလောင်ကွေ့မှ ပြောသည်။
“ချန်ကျိုစစ် မင်းက တကယ် စကားပြောတတ်တာပဲ။ ဒါပေမဲ့ မင်းရဲ့စကားတစ်ခွန်း၊နှစ်ခွန်းလောက်နဲ့ ငါမင်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး။ မင်း ငါနဲ့ မဟာမိတ်ဖွဲ့ချင်တယ်ဆိုရင် မင်းအနေနဲ့ အချက်နှစ်ချက်ကို သဘောတူပေးရမယ်”
ချန်ကျဲ့ မျက်လုံးမှေးကျဉ်းလိုက်သည်။
“ဘာများလဲ”
ခေါင်းဆောင်လျိုမှ ရယ်မောလျက် ပြောသည်။
“အရင်ဆုံး မင်း ငါ့ကိုကူညီပြီး ငါ့သားကို ကယ်ပေးရမယ်။ လျိုစုန့် သေသွားခဲ့ရင် ငါတို့နှစ်ယောက် မဟာမိတ်ဖွဲ့ဖို့ ဖြစ်နိုင်ခြေ လုံးဝ မရှိနိုင်တော့ဘူး။ လျိုစုန့် အသက်ရှင်နိုင်ခဲ့ရင်တော့ ငါတို့က အကောင်းဆုံးမဟာမိတ်တွေ ဖြစ်လာနိုင်တယ်”
ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သို့တိုင် ဆက်ပြောသည်။
“သဘောတူတယ်။ ဒုတိယအချက်ကရော?”
လျိုလောင်ကွေ့မှ ပြောသည်။
“ဒုတိယအချက်က ငါ့ကို ကူညီပြီး ငါ့သားကို သတ်ဖို့ ကြိုးစားခဲ့တဲ့ လူသတ်သမားကို ရှာပေးရမယ်”
ချန်ကျဲ့ မျက်မှောင်ကြုတ်လျက် ပြောသည်။
“ခေါင်းဆောင်လျို အဲဒီတောင်းဆိုချက်ကတော့ အရမ်းများလွန်းပါတယ်။ ခြုံငုံကြည့်လိုက်ရင် သံသယရှိသူက မိန်ဂိုဏ်းသားဖြစ်နိုင်ခြေများပါတယ်။ မိန်ဂိုဏ်းကို အပြစ်ပြုမိရင် ကျွန်တော်တို့ရဲ့ အနာဂတ်နေ့ရက်တွေက အေးချမ်းနိုင်မှာ မဟုတ်တော့ပါဘူး”
ထိုအခါ လျိုလောင်ကွေ့မှ ရယ်မောလျက် ပြောသည်။
“ဟားဟား ငါဂရုမစိုက်ဘူး”
ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ကျွန်တော် လူကို ကူရှာပေးနိုင်တယ်။ ဒါပေမဲ့ ခေါင်းဆောင်လျိုအစားတော့ ရင်ဆိုင်ဖြေရှင်းမပေးနိုင်ပါဘူး။ လူသတ်ပေးဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်လျိုအနေနဲ့ ကျေးဇူးပြုပြီး နားလည်ပေးစေလိုပါတယ်။ ခေါင်းဆောင်လျိုနဲ့ မဟာမိတ်ဖွဲ့ဖို့အတွက်နဲ့ ကျွန်တော် မိန်ဂိုဏ်းကို အပြစ်မပြုနိုင်ပါဘူး”
လျိုလောင်ကွေ့မှ ပြောသည်။
“ကောင်းပြီ။ မင်းဘက်က ရင်ဆိုင်ဖြေရှင်းပေးဖို့ မလိုအပ်ဘူး။ တရားခံရဲ့ သရုပ်မှန်ကို သိရရင်ပဲ ရပြီ။ ငါ့သားကို လုပ်ကြံသတ်ဖြတ်ရဲတဲ့သူ အဲဒီလူက ဘယ်သူဖြစ်ဖြစ် ငါခွင့်မလွှတ်နိုင်ဘူး”
ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်လျို မိန်ဂိုဏ်းက သွားထိပါးလို့ကောင်းတဲ့အရာ မဟုတ်ပါဘူး”
လျိုလောင်ကွေ့သည် လှောင်ရယ်၏။
“ဟမ့် မိန့်ဂိုဏ်းက မြောက်ပိုင်းဒေသမှာတော့ အရမ်းအင်အားကြီးမားကောင်း ကြီးမားလိမ့်မယ်။ ဒါပေမဲ့ ဒီတောင်ပိုင်းဒေသမှာ အထူးသဖြင့် မျန့်ရွှေက သူတို့ရဲ့နယ်မြေ မဟုတ်ဘူး။ ငါ့ရဲ့အင်အားကို သူတို့လုံးဝ နားလည်သွားစေရမယ်”
ချန်ကျဲ့မှ ပြောသည်။
“ကောင်းပြီ။ ကျွန်တော် ကတိပေးတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က ဒီနှစ်ချက်ကို လုပ်ပေးပြီးရင် ခေါင်းဆောင်လျိုက ဘာလုပ်မှာပါလဲ”
လျိုလောင်ကွေ့၏မျက်နှာသည် မည်းမှောင်လာခဲ့၏။
“စုန့်အာ ကုန်ပစ္စည်းပို့ခဲ့တဲ့ လမ်းကြောင်း အတော်များများကို ငါသိတယ်။ အဲဒီလမ်းကြောင်းအတိုင်း လိုက်ကြည့်ရင် မိန်ဂိုဏ်းက ပစ္စည်းလက်ခံသူတွေကို ရှာတွေ့နိုင်လောက်တယ်။ ဒီတစ်ကြိမ်မှာ ငါ မိန်ဂိုဏ်းကို မျန့်ရွှေစီရင်စုကနေ အပြီးတိုင် ဖျောက်ဖျက်ပစ်မယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ခေါင်းဆောင်လျိုက ဒီကိစ္စကို ကိုယ့်ဘာကိုယ် ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်နေတာပါလား”
ခေါင်းဆောင်လျို : “ငါ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို အကြောင်းကြားမယ်။ ဒီလိုကိစ္စမျိုးက သေချာပေါက် တော်ဝင်တရားရုံးတော်နဲ့အတူ ကိုင်တွယ်သင့်တာပေါ့”
ချန်ကျဲ့ တိတ်ဆိတ်နေခဲ့သည်။
ထို့နောက် ခေါင်းဆောင်လျိုကို ကြည့်၍ ပြောသည်။
“ခေါင်းဆောင်လျို၊ ကျွန်တော် ခင်ဗျားရဲ့တောင်းဆိုချက်တွေကို သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဘက်က လူလည်း ကယ်ပြီး လူလည်း ရှာရမယ်ဆိုရင် ဒီမဟာမိတ်က ကျွန်တော့်ကို နစ်နာစေနေတာပဲ မဟုတ်လား? ခေါင်းဆောင်လျိုလည်း ကျွန်တော့်အတွက် တစ်ခုခုလုပ်ပေးသင့်တယ် မဟုတ်ဘူးလား”
ခေါင်းဆောင်လျိုမှ ပြောသည်။
“ချန်ကျိုစစ်၊ ငါအခု တခြားကိစ္စတွေကိုပဲ အာရုံစိုက်ကောင်း စိုက်မိနေလိမ့်မယ်။ ဒါပေမဲ့ မင်းပြောတာမှန်တယ်။ မဟာမိတ်ဖွဲ့တာဆိုမှတော့ အပြန်အလှန် မျှတမှုရှိသင့်တယ်။ မင်း ခုနက ငါ့သားကို အသက်ကယ်ဖို့အတွက် ထိုက်ဆွေ့ဆေးတစ်လုံး ပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ ငါမင်းကို ရတနာတစ်ခု ပြန်ပေးမယ်”
သို့ဆိုလျက် လျိုလောင်ကွေ့သည် သူ၏မြင်းဆီသို့ လှည့်ထွက်သွားခဲ့သည်။ ထို့နောက် အနက်ရောင်အိတ်တစ်လုံးကို ယူ၍ ပြန်လာသည်။
လျိုလောင်ကွေ့သည် ထိုအိတ်ကို ချန်ကျဲ့ကို ပစ်ပေး၏။ ချန်ကျဲ့ ဖမ်းယူလိုက်သည်။
အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ကြက်ဥတစ်လုံးခန့် အရွယ်အစားရှိသည့် သံတုံးတစ်တုံး ရှိနေသည်။ ၎င်းသံတုံးသည် အနီရောင်တောက်ပနေကာ အပူဓာတ်များ ထုတ်လွှတ်နေခဲ့သည်။
လျိုလောင်ကွေ့မှ ပြောသည်။
“မီးသံမဏိ၊ အာကာသအပြင်ဘက်က ဥက္ကာခဲတစ်မျိုးပဲ။ အရမ်းတန််ဖိုးကြီးပြီး ရတနာလက်နက်တွေ သွန်းလုပ်ဖို့အတွက် အသုံးဝင်တယ်”
“အပိုင်းအစလေးတစ်ခုကို တခြားသန့်စင်ထားတဲ့ သံနဲ့ရောပြီး လက်နက်သွန်းလုပ်လိုက်ရင်တောင်မှ ထိပ်တန်းအဆင့် လက်နက်ကို ဖန်တီးနိုင်တယ်။ ဒီမီးသံမဏိကို မင်းကို ပေးလိုက်မယ်။ ဒီမီးသံမဏိက မင်းပေးတဲ့ ထိုက်ဆွေ့ဆေးလုံးထက် အများကြီးပိုပြီး တန်ဖိုးရှိတယ်။ ဘယ်လိုလဲ? ငါ့စိတ်ရင်းကို မြင်သာရဲ့လား?”
ချန်ကျဲ့ လက်ထဲရှိ မီးသံမဏိကို ကြည့်ရင်း မျက်နှာထက်တွင် အပြုံးရေးရေးလေး ဖြစ်တည်လာသည်။ ဤသံမဏိမှာ ရတနာတစ်ပါးဖြစ်ကြောင်း ချန်ကျဲ့သိပါ၏။
ချန်ကျဲ့သည် ဆောင်းဦးပုစဉ်းတောင်ပံဟု အမည်ရသည့် ဓားတိုတစ်ချောင်းကို အမြဲ ဆောင်သွားလေ့ရှိသည်။ ၎င်းဓားတွင် မီးသံမဏိအငွေ့အသက် အနည်းငယ် ပါရှိသောကြောင့် ရတနာလက်နက်တစ်မျိုးအဖြစ် သတ်မှတ်နိုင်ပြီး ၎င်း၏ထက်ရှမှုအား မေးခွန်းထုတ်ရန်ပင် မလိုအပ်ပေ။
သာမန် သန့်စင်ထားသည့် သံဓားတစ်ချောင်းသည် မီးသံမဏိအမှုန်အမွှားလေးမျှ ရောထည့်ပေးလိုက်လျှင်ပင် သာမန်လက်နက်များထက် သာလွန်သည့် ရတနာဓားတစ်လက်ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ဤမီးသံမဏိတစ်တုံးမှာ ချန်ကျဲ့လိုအပ်နေသည့်အရာပင် ဖြစ်သည်။ ချန်ကျဲ့သည် ကောင်းမွန်သည့် လှံတစ်ချောင်းသွန်းလုပ်ရန် အမြဲလိုချင်နေခဲ့သည်။ ယခုတွင် ဤမီးသံမဏိဖြင့် သူလိုအပ်နေသည့် လှံကို သွန်းလုပ်ကောင်း သွန်းလုပ်နိုင်ပေလိမ့်မည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် မီးသံမဏိကို အိတ်ထဲထည့်သိမ်းလိုက်သည်။ အိတ်ကို ကြိုးတင်းတင်းချည်ကာ ခါးတွင်ချိတ်ဆွဲလိုက်သည်။
သို့ဖြင့် ချန်ကျဲ့နှင့် လျိုလောင်ကွေ့တို့နှစ်ဦးသည် တောအုပ်ထဲတွင် အချိန်တစ်ခုကြာ စောင့်ဆိုင်းနေခဲ့ကြသည်။ ထို့နောက် အဝေးမှ လျှောက်လာနေသည့် လူရိပ်များကို မြင်တွေ့လိုက်ရသည်။ ချန်ကျဲ့ ထိုလူရိပ်ဆီသို့ ချက်ချင်း လျှောက်သွားလိုက်သည်။ သမားတော်ပိုင်သည် ဆေးသေတ္တာကို ကိုင်ဆွဲလျက် ဝူကျုံးသည်လည်း သမားတော်ပိုင်နောက်မှ လိုက်လာသည်။ ရှောင်ဟူသည်တော့ ထိုနှစ်ဦးကို ရှေ့ဆုံးမှ ဦးဆောင်ခေါ်လာခဲ့ခြင်း ဖြစ်သည်။
သမားတော်ပိုင်နှင့် ဝူကျုံးသည် မြေပြင်တွင် ပြန့်ကျဲနေသည့် အလောင်းများကို မြင်သောအခါ ခဏမျှ မင်သက်သွားကြ၏။
သို့သော် ထို့နောက်တွင်မူ ချန်ကျဲ့ကို မြင်လိုက်ရသဖြင့် နှစ်ဦးသည် စိတ်အေးသွားကြသည်။ သို့သော် အပြည့်အဝ စိတ်မလျှော့လိုက်ရသေးမီ၌ပင် သူတို့ကို ကြည့်နေသည့် လျိုလောင်ကွေ့ကို သတိထားမိလိုက်လေသည်။
ဝူကျုံး ထိတ်လန့်သွား၏။
“ခေါင်းဆောင်လျို… ခေါင်းဆောင်လျိုက ဒီမှာ ဘာလုပ်နေတာပါလဲ”
မြေပြင်တွင် ပြန့်ကျဲနေသည့် အလောင်းများကို ကြည့်ရင်း ဝူကျုံး၏စိတ်ထဲတွင် ချောက်ချားဖွယ်သော အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။
ကျိုစစ်နဲ့ ခေါင်းဆောင်လျိုတို့ တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ကြတာများလား?
လျိုလောင်ကွေ့သည်တော့ ဝူကျုံးကို လျစ်လျူရှုကာ သမားတော်ပိုင်ကိုသာ ခေါ်လာသည်။
“သမားတော်ပိုင်”
သမားတော်ပိုင်သည် အတွင်းခန်းမသမားတော်တစ်ဦး ပီသပါပေ၏။ ယခုကဲ့သို့ အခြေအနေမျိုးတွင်ပင် ဟန်မပျက်အောင် ထိန်းသိမ်းထားနိုင်ကာ လျိုလောင်ကွေ့အား လက်သီးယှက်အရိုအသေပြု နှုတ်ဆက်သည်။
“ခေါင်းဆောင်လျို”
လျိုလောင်ကွေ့မှ ပြောသည်။
“ကျုပ်ရဲ့သား ဒဏ်ရာရထားလို့ပါ။ သမားတော်ပိုင်အနေနဲ့ သူ့ကို ကုသပေးဖို့ တောင်းဆိုပါတယ်”