ချန်ကျဲ့မှလည်း ပြောသည်။ “ဆရာ၊ လူနာကို အရင်ကြည့်ပေးပါ။ ကျွန်တော် နောက်မှ ရှင်းပြပါ့မယ်”
Vol. 36 Ch. 467
ထိုအခါ သမားတော်ပိုင်သည် ခေါင်းငြိမ့်လိုက်ပြီး လျိုစုန့်ဆီသို့ သွားသည်။
“သူ့ကို လာထူပေးလှည့်ကြ။ ပြီးရင် ရထားလုံးကို မှီပြီး ထိုင်ခိုင်းထားလိုက်။ လှဲမထားနဲ့”
ထိုသို့ပြောရင်းဖြင့် သမားတော်ပိုင်သည် လျိုစုန့်ကို သွေးခုန်နှုန်းစမ်းသည်။
သမားတော်ပိုင်၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း မှုန်မှိုင်းလာခဲ့၏။ ထို့နောက် လျိုစုန့်၏ရင်ဘတ်ဒဏ်ရာကို ဖွင့်ကြည့်သည်။ ထိုအခါ သမားတော်ပိုင်၏ မျက်နှာအမူအရာသည် ပို၍ အကျပ်ရိုက်သွားဟန်သို့ ပြောင်းလဲသွားတော့၏။
သမားတော်ပိုင်သည် သွေးခုန်နှုန်းစမ်းသည့် လက်ကို ဖြည််းဖြည်းချင်း ပြန်လွှတ်လိုက်သည်။
လျိုလောင်ကွေ့သည် စိုးရိမ်ပူပန်စွာဖြင့် သမားတော်ပိုင်ကို ကြည့်နေခဲ့သည်။ ထို့နောက် မေးသည်။
“သမားတော်ပိုင် ဘယ်လိုနေလဲ”
သမားတော်ပိုင်မှ မျက်မှောင်ကြုတ်လျက် ပြောသည်။
“သခင်လေးလျိုရဲ့ဒဏ်ရာက ဘယ်လိုပြောရပါ့မလဲ.. သူ့ဒဏ်ရာက နှလုံးသွေးကြောကို ထိခိုက်သွားတာမို့လို့ တကယ်ဆို အသက်သေဆုံးသွားရမှာ။ ဒါပေမဲ့ ထိုက်ဆွေ့ဆေးလုံး သောက်ထားတာမို့ အသက်ဆက်ရှင်နေခဲ့တာ”
“ပုံမှန်အားဖြင့် ထိုက်ဆွေ့ဆေးလုံးရဲ့ အာနိသင်က ဒဏ်ရာကို မြန်မြန် ပျောက်ကင်းသက်သာစေတာမို့လို့ လဝက်အတွင်း ဒဏ်ရာပျောက်ကင်းသွားရမှာ။ ဒါပေမဲ့ အခုကတော့ ပြဿနာအသစ်တစ်ခု ရှိနေတယ်”
လျိုလောင်ကွေ့မှ မေးသည်။
“ဘာပြဿနာလဲ”
သမားတော်ပိုင်မှ ပြန်ပြောသည်။
“သခင်လေးလျိုကို ဒဏ်ရာရစေခဲ့တဲ့ ဓားမှာ အဆိပ်ပြင်းသုတ်လိမ်းထားတယ်”
“ပြဿနာက ဒဏ်ရာကို အလွယ်တကူ ကုသလို့ရနိုင်ပေမဲ့ အဆိပ်ဖြေဖို့ ခက်ခဲနေတာပဲ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဆရာ ကျွန်တော့်လက်မောင်းကို ကြည့်ကြည့်ပါ။ ကျွန်တော်လည်း အဲဒီဓားနဲ့ အထိုးခံခဲ့ရတာ။ ဒါပေမဲ့ အဆိပ်က အရမ်းမပြင်းသလိုပါပဲ”
ထိုအခါ သမားတော်ပိုင်သည် ချန်ကျဲ့၏လက်မောင်းကို ကြည့်လိုက်သည်။ ထိုအခါမှ ချန်ကျဲ့၏ ဘယ်လက်မောင်းသည် ရောင်ရမ်းနေကြောင်း သတိထားမိလိုက်၏။
သမားတော်ပိုင်မှ ပြောသည်။
“မင်း အင်္ကျီလက်ကို ဖြဲလိုက်စမ်း။ ငါကြည့်ကြည့်ရအောင်”
ထိုအခါ ချန်ကျဲ့သည် အင်္ကျီလက်ကို ဆုတ်ဖြဲလိုက်သည်။ သမားတော်ပိုင်ကြည့်လိုက်သည်တွင် ဒဏ်ရာမှာ မည်းနက်နေလေပြီ။ သမားတော်ပိုင်သည် သွေးညစ်အနည်းငယ်ကို တို့ထိ၍ အနံ့ခံကြည့်သည်။ ထို့နောက် ချက်ချင်း ပြောလာ၏။
“ပိုးသုံးကောင် ပန်းသုံးပွင့်အဆိပ်ပဲ”
လျိုလောင်ကွေ့မှ မေးသည်။
“ပိုးသုံးကောင် ပန်းသုံးပွင့်အဆိပ်ဆိုတာ ဘာများလဲ”
သမားတော်ပိုင်သည် ခဏမျှ ရပ်တန့်နေပြီးနောက် ရှင်းပြသည်။
“အဲဒီပိုးသုံးကောင် ပန်းသုံးပွင့်အဆိပ်ဆိုတာက အဆိပ်ရှိပိုးကောင်သုံးမျိုးနဲ့ အဆိပ်ပန်းသုံးမျိုးကို ပေါင်းစပ်ဖော်ထားတဲ့ အဆိပ်တစ်မျိုးပဲ။ အဆိပ်ဖြေဖို့ဆိုရင် အဲဒီပိုးသုံးကောင်နဲ့ ပန်းသုံးပွင့်ကို ရှာရမယ်။ မဟုတ်ရင် ဖြေဆေးမရှိဘူး”
ထိုအခါ လျိုလောင်ကွေ့သည် ချန်ကျဲ့ကိုကြည့်၍ မေး၏။
“ဒါဆို သူရော အဆိပ်ကြောင့် သေနိုင်လား”
သမားတော်ပိုင်မှ ပြန်ပြောသည်။
“ကျိုစစ်ကတော့ မသေချာပါဘူး။ သူက သွေးကြောမှတ်တွေကို ပိတ်ထားပြီးပြီ။ အဆိပ်က နှလုံံးကို မရောက်သေးရင် အဆိပ်သင့်နှုန်းက မပြင်းထန်ဘူး။ ကျိုစစ်က စွမ်းအင်စီးဆင်းမှုကို ကျင့်ကြံပြီး အဆိပ်ကို တွန်းထုတ်လိုက်ရင် ဘာမှမဖြစ်တော့ဘူး”
“ဒါပေမဲ့ သခင်လေးလျိုကတော့ မတူဘူး။ အဆိပ်ဓားက သူ့နှလုံးသွေးကြောတည့်တည့်ကို ထိုးဖောက်သွားခဲ့တယ်။ နှလုံးနဲ့ လက်မအနည်းငယ်ပဲ ကွာဝေးတာကြောင့် အဆိပ်က နှလုံးထဲကို ချက်ချင်းရောက်သွားခဲ့တယ်။ ထိုက်ဆွေ့ဆေးလုံးက သူ့အသက်မျှင်ကို ထိန်းသိမ်းပေးထားတာကြောင့်သာ မဟုတ်ခဲ့ရင် အခုအချိန်မှာ သခင်လေးလျိုက သေဆုံးနေခဲ့လောက်ပါပြီ”
“အာ သမားတော်ပိုင် ဒါဆို အဆိပ်ဖြေဖို့နည်းလမ်းရှိလား”
သမားတော်ပိုင်မှ ပြောသည်။
“ကျွန်တော် ခုနက ပြောခဲ့တဲ့အတိုင်းပါပဲ။ အဆိပ်မှာပါဝင်တဲ့ ပိုးသုံးကောင်နဲ့ ပန်းသုံးမျိုးကို မရှာနိုင်ရင် ကုသဖို့နည်းလမ်း မရှိပါဘူး”
ထိုအခါ လျိုလောင်ကွေ့မှ ပြောသည်။
“ဒါဆို ဘယ်လိုလုပ်ကြမလဲ။ သမားတော်ပိုင် ကျေးဇူးပြုပြီး နည်းလမ်းတစ်ခုခု စဉ်းစားကြည့်ပါဦး။ သူ့ကို ထိုက်ဆွေ့ဆေးလုံး ထပ်တိုက်ရင် ရမလား”
သမားတော်ပိုင်မှ ပြန်ပြောသည်။
“ထိုက်ဆွေ့ဆေးလုံးက အသက်ကြိုးမျှင်ကို ထိန်းသိမ်းနိုင်တဲ့ ဆန်းကြယ်ဆေးတစ်လုံးဖြစ်ပေမဲ့ အဆိပ်ဖြေမပေးနိုင်ပါဘူး။ အဲဒါကြောင့် အသုံးမဝင်နိုင်ဘူး”
“အဆိပ်က လက်ဖြစ်ဖြစ်၊ တခြားနေရာဖြစ်ဖြစ် ဖြစ်ခဲ့ရင် ကုသလို့ ရနိုင်ပါသေးတယ်။ ဒါပေမဲ့ ဒီဓားချက်က သူ့ရဲ့နှလုံးသွေးကြောကို ထိုးဖောက်သွားခဲ့တာမို့လို့ အဆိပ်ပိုးသုံးကောင်နဲ့ ပန်းသုံးပွင့်ကို ရှာမတွေ့ရင် အသုံးမဝင်ပါဘူး”
လျိုလောင်ကွေ့မှ ပြောသည်။
“ဒါဆိုလည်း အဲဒီအဆိပ်၆မျိုးကို ရှာကြတာပေါ့။ သမားတော်ပိုင် ကျုပ်ကို ရှာပေးနိုင်မလား”
ထိုအခါ သမားတော်ပိုင်သည် ကသိကအောက်နိုင်လှစွာ ပြုံးလိုက်ပြီး ပြောသည်။
“ခေါင်းဆောင်လျို အဲဒါက ကျွန်တော့်အတွက် တကယ့်ကိုမှ ခက်ခဲလွန်းတဲ့အရာပါ။ ကျွန်တော် မကူညီချင်လို့ မဟုတ်ပါဘူး။ လောကကြီးမှာ အဆိပ်ပိုးကောင်နဲ့ အဆိပ်ပန်းတွေ ထောင်သောင်းချီရှိပါတယ်။ ဘယ်အမျိုးအစားလဲဆိုတာကို ခွဲခြားဖို့ရာ အရမ်းခက်ခဲပါတယ်။ ကျွန် ကျွန်တော့်မှာ အဲဒီလိုအစွမ်းအစ မရှိပါဘူး”
“ပြီးတော့ အဆိပ်အမျိုးအစား တစ်ခုလောက် မှားသွားခဲ့ရင်တောင် နောက်ဆက်တွဲအကျိုးဆက်က မတွေးရဲလောက်စရာပါပဲ။ အဲဒါကြောင့် ခေါင်းဆောင်လျို ဒီကိစ္စက ကျွန်တော်ကူညီပေးဖို့ရာ အရမ်းခက်ခဲလွန်းနေပါတယ်”
ထိုအခါ လျိုလောင်ကွေ့သည် မျက်ခုံးများ တွန့်ချိုးနေလျက် ချန်ကျဲ့ကို လှည့်ကြည့်လာသည်။
ချန်ကျဲ့လည်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထိုအချိန်၌ သမားတော်ပိုင်သည် သူတို့နှစ်ဦး၏အကြည့်များမှာ မူမမှန်နေကြောင်း ခံစားမိသဖြင့် ခပ်ဖျော့ဖျော့ ချောင်းဟန့်လိုက်သည်။
“ကျိုစစ် ဒီကိုလာဦး”
ချန်ကျဲ့ ထိတ်လန့်သွားလျက် သမားတော်ပိုင်အနားသို့ အမြန်သွားလိုက်သည်။
“ဆရာ”
သမားတော်ပိုင်သည် ချန်ကျဲ့ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး ပြောသည်။
“ကျိုစစ် တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ? ဒီမြေပြင်ပေါ်က အလောင်းတွေကရော…”
သမားတော်ပိုင်၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများကို အတိုင်းသား မြင်နေရသည်။
ချန်ကျဲ့မှ ပြောသည်။
“ဆရာ အခု ဘာမှ စိုးရိမ်စရာမရှိတော့ပါဘူး။ ဒီလိုပါ၊ နန်ပါးထျန်းက ဦးလေးကျုံးကို အသုံးချပြီး ကျွန်တော့်ကို ဖိအားပေးခဲ့တာပါ…’’
ချန်ကျဲ့သည် အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။ ထိုအခါ သမားတော်ပိုင်၏ အသွေးအရောင်မှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
“ဒါက.. မင်းနဲ့ နန်ပါးထျန်းနဲ့ကြားမှာ အဲဒီလိုအခြေအနေအထိတောင် ဖြစ်ကုန်ကြပြီလား”
သမားတော်ပိုင်သည် ချန်ကျဲ့ထံမှ အကြည့်မလွှဲနိုင်ချေ။
ချန်ကျဲ့မှ ပြောသည်။
“ဆရာ သိုင်းလောကမှာ ကျင်လည်ရင် မတတ်သာတဲ့အရာတွေ ရှိစမြဲပဲလေ။ အခုက ကျွန်တော်နဲ့ နန်ပါးထျန်းက သူသေကိုယ်သေအခြေအနေဖြစ်နေပြီ။ အဲဒါကြောင့် ဆရာ၊ ကျွန်တော် လျိုလောင်ကွေ့ကို လျိုစုန့်ကို ကယ်ပေးမယ်လို့ ကတိပေးထားတယ်။ အဲဒါမှ ကျွန်တော် သူနဲ့ မဟာမိတ်ဖွဲ့ပြီး နန်ပါးထျန်းကို တိုက်ခိုက်နိုင်မှာ”
“ဒါက… မင်း ဒါက ကုန်သည်အဖွဲ့ကို သစ္စာဖောက်နေတာပဲ”
သမားတော်ပိုင်မှ အံ့အားသင့်နေသည့်အကြည့်များဖြင့် ပြောသည်။ ချန်ကျဲ့မှ ပြန်ပြောသည်။
“ဆရာ ကျွန်တော့်မှာ တခြားနည်းလမ်းမရှိဘူး။ ကျွန်တော် လွတ်မြောက်ဖို့ နည်းလမ်းမရှာရင် ကျွန်တော် သေရလိမ့်မယ်”
“ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာမှတော့ ကျွန်တော့်မှာ ရှောင်ဖယ်ချင်တဲ့စိတ်ရှိရင်တောင်မှ ရှေ့ဆက်လျှောက်ဖို့ပဲ တတ်နိုင်တယ်”
ထိုအခါ သမားတော်ပိုင်သည် ချန်ကျဲ့ကို တွေဝေငေးမောကြည့်နေခဲ့သည်။ ထို့နောက် သက်ပြင်းချ၏။
“အာ အဲဒီလိုတွေဖြစ်နေခဲ့ပြီပေါ့လေ ဟူး…”
ထို့နောက် သမားတော်ပိုင်မှ ဆက်ပြောသည်။
“ကျိုစစ်၊ လျိုလောင်ကွေ့ကို သွားပြောလိုက်ပါ။ ငါ့ သူ့သားကို ကုသနိုင်တယ်လို့”
“ဆရာ ဆရာ သူ့ကို ကုသနိုင်တယ်လား”
သမားတော်ပိုင်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြီး ပြောသည်။
“တကယ်တော့ ငါ သူ့ကို မကုသနိုင်ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ဆရာကတော့ သူ့ကို ကုသနိုင်တယ်”
“ဆရာ့ရဲ့ဆရာ?”
သမားတော်ပိုင်မှ အတည်ပြုသည်။
“ဟုတ်တယ်၊ ငါ့ဆရာ နတ်ဆေးသမားတော် အန်းသာ့စွန်း”
“အာ”
ထိုစကားတွင် ချန်ကျဲ့မှာ အာမေဋိတ်ပြုမိသွားရသည်။
“ဒါဆို ဆရာဘိုးဘေးက ဘယ်မှာလဲဗျ”
သမားတော်ပိုင်မှ ပြန်ဖြေသည်။
“သူက အခု ဟူပေ ရှန်းနုန်မှာ။ ဒီကနေ ငါးရက်ငါးညလောက် ခရီးနှင်ရလိမ့်မယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အတော်လေး ဝေးတာပဲ။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ဆရာ ကျွန်တော့်ကို လိပ်စာ အတိအကျပြောပြပါ။ ကျွန်တော်် လူလွှတ်လိုက်မယ်”
သမားတော်ပိုင်မှ ရယ်မော၏။
“မရဘူး၊ မရနိုင်ဘူး။ ငါ့ဆရာက အပြင်လူအတွေ့မခံဘူး။ ငါကိုယ်တိုင် သူ့ကို သွားရှာမှ ဖြစ်မှာ”
“အာ ဆရာ၊ ဆရာရဲ့ခန္ဓာကိုယ်က ရက်ရှည်ခရီးကို ခံနိုင်ရည်ရှိပါ့မလား”
သမားတော်ပိုင်မှ ပြန်ပြောသည်။
“ကိစ္စမရှိဘူး။ ငါက အိုမင်းနေပြီဆိုပေမဲ့ အဲဒီလောက်အကွာအဝေးကတော့ ငါ့အတွက် ဘာမှမဟုတ်ပါဘူးကွာ။ ပြီးတော့လည်း လျိုစုန့်ရဲ့ခန္ဓာကိုယ်က အချိန်ဆွဲနေလို့ မဖြစ်ဘူး။ ထိုက်ဆွေ့ဆေးလုံးက သူ့အသက်ကို ထိန်းသိမ်းထားပေမဲ့ ၇ရက်အတွင်း အဆိပ်မဖြေနိုင်ရင် သူ သေချာပေါက် သေရလိမ့်မယ်”