စစ်မှန်သော အတတ်ပညာ
Vol. 5 Ch. 41
သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ပြင်းထန်လှသည့် မီးလျှံများမှာ အရာခပ်သိမ်း လောင်ကျွမ်းဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ မှန်ပေသည် ၊ ထိုအချိန်ခဏလေးအတွင်း၌ သူမသည် အစွမ်းထက်လှသော ‘မီးဝိညာဉ်ဘုရင်မ’ အဖြစ်သို့ အဆင့် တက်သွားခဲ့ပြီ ဖြစ်သည်။ ထိုမျှ ကြီးမားလှသော လှုပ်ခတ်မှုကြောင့် အိမ်အတွင်းရှိ အိပ်စက်နေသောလူများမှာ လန့်နိုးလာကြတော့သည်။
အောင်းထျန်းလုံ နှင့် အခြားသူများက ဧည့်ခန်းအတွင်းသို့ အရှိန်ဖြင့် ပြေးဝင်လာကြ၏။
“ဘာတွေဖြစ်နေတာလဲ၊ အရမ်း ပြင်းထန်တဲ့ ဝိညာဉ်ဆိုးစွမ်းအင်တွေပါလား”
“ဟင်... ဘိုးဘေးစင်က ဘာလို့ ပေါက်ကွဲသွားရတာလဲ၊ ဟာ... သွားပြီ ၊ လုံနန်ဖျင် ၊ ဒီခွေးကောင်က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ”
ကျူးကော့ခုံဖျင် နှင့် ဇနီးဖြစ်သူတို့မှာ ဧည့်ခန်းအတွင်းသို့ ရောက်ရှိလာသည်နှင့် မှင်သက်သွားကြတော့သည်။ ဘိုးဘေးစင်၏ အပျက်အစီးများကြားတွင် မည်းတူးနေပြီး သွေးများအန်လျက် လဲကျနေသော လုံနန်ဖျင်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။
“မုန့်... မုန့်မုန့် ၊ ငါ... ငါ မင်းကို ကယ်ဖို့ လာတာပါ”
မိမိချစ်ရသူကို မြင်လိုက်ရသောအခါ လုံနန်ဖျင်မှာ သနားစရာကောင်းသော အပြုံးဖြင့် ဆိုလိုက်သည်။
“ဘယ်သူက ရှင့်ကို ကယ်ခိုင်းလို့လဲ ၊ ရှင့်စိတ်များ မနှံ့တော့တာလား”
ဝမ်မုန့် မှာမူ အံ့ဩလွန်း၍ စကားပင် မပြောနိုင်တော့ချေ။
“ဒါတွေက ဘာတွေလဲဗျ”
ထိုစဉ် လင်းရန်ယန်သည် ဘာမှမသိသယောင် ဟန်ဆောင်လျက် ၊ ဝေခွဲမရသော မျက်နှာပေးဖြင့် ထောင့်တစ်နေရာမှ ခုန်ထွက်လာခဲ့ပြီး အောင်းထျန်းလုံ ၊ အောင်းနင်ရွှမ်း နှင့် အဘိုး ရှို တို့သည်လည်း မကြာမီမှာပင် ရောက်ရှိလာကြတော့သည်။
“နတ်ဆိုးနှိမ်နင်းသူအဘိုးကြီး ၊ နင့်ကို ငါ အသေသတ်ပစ်မယ်”
ထိုစဉ် ဧည့်ခန်း၏ အလယ်ဗဟိုမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာတော့သည်။ လူတိုင်း လှမ်းကြည့်လိုက်ကြရာ ၊ တောက်လောင်နေသော မီးလျှံများကြားမှ မီးဝိညာဉ်ဘုရင်မက အောင်းထျန်းလုံဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရ၏။
“ဝုန်း... ဝုန်း... ဝုန်း”
ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ သစ်သားပရိဘောဂများမှာ ချက်ချင်းပင် မီးစွဲလောင်သွားတော့သည်။
“မကောင်းတော့ဘူး ၊ ဝတ်ရုံနီဝိညာဉ်က လွတ်ထွက်သွားပြီ၊ နေဦး... သူမရဲ့ အစွမ်းတွေက ပိုပြီး တိုးလာပါလား၊ ညီလေး ၊ ငါတို့ အတူတူ တိုက်ကြရအောင်”
အောင်းထျန်းလုံ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသော်လည်း ၊ အကြောင်းရင်းကို စုံစမ်းနေရန် အချိန်မရှိတော့ပေ။ သူသည် နတ်ဆိုးနှိမ်နင်းရေး ရတနာဓားကို ဆွဲထုတ်ကာ အော်ဟစ်လျက် ရှေ့သို့ ပြေးဝင်လာ၏။
“ကျွန်တော် လာပြီ ဂိုဏ်းတူအစ်ကိုကြီး”
အနားတွင်ရှိသော ကျူးကော့ခုံဖျင်သည်လည်း အကျင့်ပါနေကာ ရှေ့သို့ တိုးရန် ပြင်လိုက်သည်။
“ရှင်က ဘာလို့ တက်သွားမှာလဲ ၊ ဂိုဏ်းတူအစ်ကိုကြီးက မောင်လေး လင်းရန်ယန်ကို ခေါ်တာလေ၊ ရှင်က သွားပြီး အသေခံမလို့လား”
ကံကောင်းစွာဖြင့် သူ ခြေလှမ်းမလှမ်းရသေးမီမှာပင် ဝမ်မုန့်က သူ့ကို ဆွဲထားလိုက်၏။
“အဟမ်း... အဟမ်း... ငါ မေ့သွားလို့ပါ ၊ မေ့သွားလို့ပါ”
ကျူးကော့ခုံဖျင်မှာ အနေခက်စွာ ပြောလိုက်သည်။ ဤဝတ်ရုံနီမီးဝိညာဉ်မှာ ယခင်ကကဲ့သို့ ဝိညာဉ်မဟုတ်တော့ဘဲ ၊ သူ မယှဉ်နိုင်သော ဝိညာဉ်ဘုရင်မ အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထိုအခါမှ သတိရသွားတော့သည်။
“သေစမ်း... ပါရမီရှင်ဆိုတဲ့ကောင်”
မီးဝိညာဉ်ဘုရင်မက ဟိန်းဟောက်လျက် အောင်းထျန်းလုံကို သူမ၏ ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်၏။
“ဟီးဟီး... ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပါဘူး”
သူမသည် အောင်းထျန်းလုံ၏ တိုက်ကွက်ကို ကြည့်ကာ အထင်အမြင်သေးစွာဖြင့် လှောင်ပြုံး ပြုံးလိုက်ပြီးနောက် ၊ သူမ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်တော့သည်။
“ဝုန်း”
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော ဧရာမ မီးလျှံလက်သည်းကြီးတစ်ခုမှာ အောင်းထျန်းလုံဆီသို့ ဦးတည်၍ အရှိန်ဖြင့် ပျံသန်းလာတော့၏။ ထိုလက်သည်းကြီးမှာ ဧည့်ခန်းတစ်ခုလုံးကို ပြည့်နှက်သွားစေလောက်အောင် ကြီးမားလှသည်။ ကံကောင်းထောက်မစွာဖြင့် ကျူးကော့မိသားစု၏ အစောင့်အရှောက်အစီရင်မှာ ထိုခဏ၌ပင် အလိုအလျောက် နိုးကြားလာတော့သည်။
မီးလျှံများအားလုံး ချက်ချင်း ငြိမ်းသတ်ခံလိုက်ရပြီး ၊ မီးလျှံလက်သည်းကြီးမှာ တိုင်ကို ရိုက်မိသော်လည်း တိုင်မှာ ပျက်စီးသွားခြင်း မရှိဘဲ လက်သည်း၏ အစိတ်အပိုင်းအချို့သာ ကြေမွသွားတော့သည်။ ဤမြင်ကွင်းကို မြင်သောအခါ ကျူးကော့ခုံဖျင်နှင့် အခြားသူများမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြတော့သည်။
ဤအစီရင်မှာ ဘယ်တုန်းက ဤမျှလောက် အစွမ်းထက်သွားရသနည်း။
“ဟင်း... ဒီအဖိုးကြီး ရှိနေသရွေ့တော့ ၊ မီးဝိညာဉ်ဘုရင်မ တစ်ယောက်တည်းနဲ့ ကျူးကော့မိသားစုကို ဖျက်ဆီးနိုင်မယ်လို့ ထင်နေတာလား”
ထိုစဉ် လူတိုင်း၏ နောက်ကွယ်မှ အိုမင်းလှသော အသံတစ်သံ ထွက်ပေါ်လာတော့သည်။ ကျူးကော့ခုံဖျင်တို့ အံ့ဩတကြီး လှည့်ကြည့်လိုက်ရာ ၊ မော်ရှန်းဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးရှိုသည် ဘိုးဘေးစင်၏ အပျက်အစီးများကြားတွင် ရပ်နေပြီး ၊ မြေပြင်ပေါ်ရှိ အစီအရင်ဗဟိုချက်ကို အပြည့်အဝ နိုးကြားစေလိုက်သည်ကို တွေ့လိုက်ရတော့သည်။
“အစောင့်အရှောက်အစီအရင်ရဲ့ ဗဟိုချက်က ဒီမှာရှိနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး”
ကျူးကော့ခုံဖျင်သည် ထိုအခါမှ အဖြစ်မှန်ကို သဘောပေါက်သွားတော့သည်။
“ဂျိမ်း... ဂျိမ်း... ဂျိမ်း”
ထိုခဏ၌ပင် ဧရာမ မီးလျှံလက်သည်းကြီးမှာ အောင်းထျန်းလုံ၏ ဓားစွမ်းအင်များနှင့် ထိပ်တိုက် တိုးမိသွားတော့သည်။ မြေကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေနိုင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာတော့သည်။ ဓားစွမ်းအင်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားပြီး ၊ လက်ပစ်ဗုံးများကဲ့သို့ အရပ်ရပ်သို့ ပျံနှံ့သွားတော့သည်။
ကျူးကော့မိသားစု၏ အစောင့်အရှောက်အစီအရင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကြေမွတော့မည့်အလား ဖြစ်နေ၏။ သို့သော် ထိုမီးလျှံလက်သည်းကြီးမှာ အရှိန်မပျက် အောင်းထျန်းလုံထံသို့ ဆက်လက် တိုးဝင်လာနေသည်။ အစွမ်းများ အဆမတန် မြင့်မားလာသော ဝတ်ရုံနီမီးဝိညာဉ်မှာ အောင်းထျန်းလုံကို အပြည့်အဝ ဖိနှိပ်ထားနိုင်သည်မှာ သိသာလှသည်။ ယခင်က အဆင့်တူခဲ့သော်လည်း ယခုတွင်မူ ကွာခြားချက်မှာ ကြီးမားလွန်းနေပြီ ဖြစ်သည်။
“နတ်ဆိုးနှိမ်နင်းသူအဖိုးကြီး ၊ မင်းနဲ့အတူ ကျူးကော့ခုံဖျင် မိသားစုတစ်ခုလုံး သေရလိမ့်မယ်၊ ငါ ရှုမြို့ငယ်တစ်ခုလုံးကို ပြာဖြစ်အောင် လုပ်ပြီး ၊ လူပေါင်း သောင်းချီကို မင်းတို့နဲ့အတူ အဖော်လိုက်ခိုင်းမယ်၊ ဟားဟားဟား”
မီးဝိညာဉ်ဘုရင်မက အားရပါးရ ရယ်မောလိုက်တော့သည်။ မည်သူက သူမ၏အနားတွင် ဆွဲသီးကို လာထားပေးခဲ့သည်ကို သူမ မသိသော်လည်း ၊ ယခုအခါ သူမ၏စိတ်ထဲတွင် မြင်သမျှလူအားလုံးကို သုတ်သင်ပစ်ရန်သာ ရှိသည်။
“စိတ်ဝိညာဉ် ပေါက်ကွဲခြင်း ”
အောင်းထျန်းလုံမှာ ဝိညာဉ်လက်သည်း၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရတော့မည့် ဆဲဆဲတွင် ၊ မနီးမဝေးမှ တည်ငြိမ်လှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာတော့သည်။
“ဝုန်း”
ထို့နောက် မမြင်နိုင်သော စွမ်းအားတစ်ခုမှာ ဝိညာဉ်လက်သည်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ရာ ၊ ဧရာမလက်သည်းကြီးမှာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး မီးပွားများအဖြစ် လွင့်စင်သွားတော့သည်။ ထိုမီးပွားများမှာ ပြင်းထန်လှသဖြင့် သာမန် မြေကမ္ဘာအရှင်သခင်များ ထိမှန်ပါက ချက်ချင်း လောင်ကျွမ်းသွားနိုင်သည်။
သို့သော် လူတိုင်း၏ ရှေ့မှောက်တွင် မမြင်နိုင်သော အကာအကွယ်တစ်ခု ပေါ်လာတော့သည်။ ထိုမီးပွားများမှာ အကာအကွယ်ကို ထိမှန်သော်လည်း ဘာမှ မဖြစ်ပေ။
“ဘယ်သူလဲ”
နိုင်တော့မည်ဟု အပိုင်တွက်ထားသော မီးဝိညာဉ်ဘုရင်မမှာ မျက်နှာပျက်သွားတော့သည်။
“ဒါက စိတ်ဝိညာဉ်စွမ်းအား ပဲ၊ စိတ်ဝိညာဉ်ဓာတ်ခန္ဓာ ပိုင်ရှင် တစ်ယောက်ယောက်က ငါတို့ကို တိတ်တဆိတ် ကူညီနေတာလား”
အောင်းထျန်းလုံမှာ အံ့ဩတကြီး ရေရွတ်လိုက်သည်။ စိတ်ဝိညာဉ်ဓာတ်ခန္ဓာ ဆိုသည်မှာ အလွန်ပင် ရှားပါးလှသည်။ ထို့အပြင် မီးဝိညာဉ်ဘုရင်မ၏ တိုက်ကွက်ကို တားဆီးနိုင်သည်ဆိုပါက ၊ ထိုသူ၏ အဆင့်မှာ အနည်းဆုံးတော့ မြေကမ္ဘာအရှင်သခင် အမြင့်ဆုံးအဆင့်မှာ ရှိနေမည်ဖြစ်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ ကျင့်ကြံခြင်းလောကတွင် အမည်မသိသူ တစ်ယောက် မဖြစ်နိုင်ပေ။
ဝမ်မုန့်နှင့် အခြားသူများသည်လည်း မိမိတို့ရှေ့တွင် မီးမိုးများ ရွာကျနေသည်ကို ထိတ်လန့်တုန်လှုပ်စွာ ငေးကြည့်နေကြ၏။ သူတို့ သိကျွမ်းသမျှထဲတွင် စိတ်ဝိညာဉ်ဓာတ်ခန္ဓာ ပိုင်ဆိုင်သူ တစ်ယောက်မျှ မရှိခဲ့ဖူးပေ။
“ဂိုဏ်းတူအစ်ကိုကြီး ၊ နောက်ပိုင်းကိုတော့ ကျွန်တော့်ကိုပဲ လွှဲပေးထားလိုက်ပါ”
ထိုစဉ် လင်းရန်ယန်သည် ရှေ့သို့ တစ်လှမ်းတိုးလာကာ တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ စကားပြောလိုက်သည့် ခဏမှာပင် အားလုံး၏ အကြည့်များမှာ သူ၏ထံသို့ စုပြုံရောက်ရှိသွားတော့သည်။
“ညီလေး... ဒါဆိုရင် ဒီစိတ်ဝိညာဉ်ဓာတ်ခန္ဓာက...”
အောင်းထျန်းလုံမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။
“ဟား... ငါ စောစောကတည်းက သတိထားမိခဲ့သင့်တာ”
“ဟုတ်တာပေါ့ ၊ ညီလေးကလွဲရင် တခြား ဘယ်သူ ရှိဦးမှာလဲ”
“လေဓာတ်ခန္ဓာ ၊ မီးဓာတ်ခန္ဓာ ၊ အခုတော့ စိတ်ဝိညာဉ်ဓာတ်ခန္ဓာပါလာ၊ အစ်ကိုလင်းရန်ယန်က ဓာတ်ခန္ဓာ ဘယ်နှစ်ခုတောင် ပိုင်ဆိုင်ထားတာလဲ မသိဘူး”
လူတိုင်းသည် လင်းရန်ယန်ကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ငေးကြည့်နေမိကြတော့သည်။
“မင်းလား... မင်းက တကယ်ပဲ ဘယ်သူလဲ”
ဝတ်ရုံနီမီးဝိညာဉ်သည် လင်းရန်ယန်ကို မြင်ချိန်တွင် ၊ မကြုံဖူးသော ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရ၏။ သူမသည် ဒေါသဖြင့် ဟိန်းဟောက်လိုက်သော်လည်း ၊ အလိုလိုပင် နောက်သို့ ဆုတ်မိသွားတော့သည်။
“ဒီမှာ တိုက်ရတာက အဆင်မပြေဘူး ၊ အပြင်ဘက်ကို သွားကြစို့”
လင်းရန်ယန်က အသာအယာ ပြုံးလိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။
“နင်... ကောင်လေး...”
မီးဝိညာဉ်ဘုရင်မမှာ ဒေါသတကြီး အော်ဟစ်လိုက်ရာ...
“ဝုန်း”
သို့သော် နောက်တစ်ခဏ၌ ကြောက်မက်ဖွယ်ကောင်းသော အားအင်တစ်ခုမှာ သူမ၏ ဝိညာဉ်ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။ သူမ၏ ပေပေါင်းများစွာ မြင့်မားသော ဝိညာဉ်ခန္ဓာကိုယ်ကြီးမှာ ဒုံးကျည်တစ်စင်းအလား နောက်သို့ လွင့်ထွက်သွားပြီး ၊ ကျူးကော့မိသားစု၏ အိမ်ဝင်းအတွင်းမှ ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။
“ဂျိမ်း... ဂျိမ်း... ဂျိမ်း”
သူမ လွင့်ထွက်သွားသော လမ်းတစ်လျှောက်ရှိ တံတိုင်းများမှာလည်း အစိတ်စိတ်အမွှာမွှာ ပြိုလဲသွားသည်။ ဤမြင်ကွင်းကို ကြည့်ကာ နောက်မှ လူများမှာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြ၏။ စိတ်ဝိညာဉ်စွမ်းအားမှာ ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။
“ကဲ... နောက်တစ်ခုကတော့ စစ်မှန်တဲ့ အတတ်ပညာပဲ”
လင်းရန်ယန်၏ မျက်ဝန်းများမှာ လျှပ်စီးလက်သကဲ့သို့ တောက်ပသွားတော့သည်။