← Chapters

အဆင့်(၄)မိုးကြိုးဓာတ်ခန္ဓာ

Vol. 5 Ch. 44

အဆင့်(၄)မိုးကြိုးဓာတ်ခန္ဓာ

Vol. 5 Ch. 44

ဓာတ်ခန္ဓာများသည် အခြေခံကောင်းမွန်ပါက အဆင့်မြှင့်တင်ပြီးနောက် အခြားသော ဓာတ်ခန္ဓာများထက် များစွာ ပိုမိုအစွမ်းထက်လာတတ်သည်။

“ဒါနဲ့... ကြားဖူးတာတော့ ဒီဓာတ်ခန္ဓာတွေအားလုံးကိုလည်း အဆင့်အတန်း ခွဲခြားထားတယ်တဲ့ ၊ အခြေခံအဆင့် ၊ အလယ်လတ်အဆင့် နဲ့ အမြင့်ဆုံးအဆင့်ဆိုပြီး သုံးမျိုးရှိတယ် ၊ အခြေခံအဆင့် ဓာတ်ခန္ဓာတွေကတော့ သတ္ထု ၊ သစ်သား ၊ ရေ ၊ မီး ၊ မြေ ဆိုတဲ့ ဓာတ်ငါးပါး ဖြစ်တယ် ၊ အလယ်လတ်အဆင့် ဓာတ်ခန္ဓာတွေကတော့ အဲဒီဓာတ်တွေကနေ ဆင်းသက်လာတဲ့ မိုးကြိုးဓာတ်ခန္ဓာ ၊ ရေခဲဓာတ်ခန္ဓာ ၊ အလင်းဓာတ်ခန္ဓာ နဲ့ အမှောင်ဓာတ်ခန္ဓာတို့ပဲ ၊ အဆင့်မြင့်ဓာတ်ခန္ဓာတွေကတော့ ဓာတ်ငါးပါးစုစည်းဓာတ်ခန္ဓာ ၊ ကောင်းကင်ပြစ်ဒဏ်ဓာတ်ခန္ဓာ ၊ အမှောင်ထုဓာတ်ခန္ဓာ နဲ့ အလင်းရောင်ဓာတ်ခန္ဓာတို့ဖြစ်ပြီး ၊ ဒါတွေကတော့ ဒဏ္ဍာရီထဲမှာပဲ တည်ရှိတာမျိုး ၊ အဆင့်မြင့်ဓာတ်ခန္ဓာတွေရဲ့ အထက်မှာ ပိုပြီးမြင့်မားတဲ့ အဆင့်ရှိဦးမှာ ဖြစ်ပေမယ့် မော်ရှန်းဂိုဏ်းရဲ့ မှတ်တမ်းတွေထဲမှာတော့ ရှာမတွေ့ဘူး”

လင်းရန်ယန် က ခဏမျှ စဉ်းစားခန်း ဝင်နေတော့သည်။ အကယ်၍ မိုးကြိုးဓာတ်ခန္ဓာကိုသာ ထပ်မံ အဆင့်မြှင့်တင်နိုင်ပါက ၎င်းက ‘ကောင်းကင်ပြစ်ဒဏ်ဓာတ်ခန္ဓာ’ ဖြစ်လာလိမ့်မည်ဖြစ်သည်။

သို့သော် လင်းရန်ယန်အတွက်မူ ၎င်းက အခြေခံအဆင့်ဖြစ်စေ ၊ အလယ်အဆင့်ဖြစ်စေ အရေးမကြီးပေ။ အဆင့် သာ မြင့်မားနေမည်ဆိုပါက အခြေခံဓာတ်ခန္ဓာတစ်ခုသည်ပင် အဆင့်မြင့်ဓာတ်ခန္ဓာတစ်ခုကို ချေမှုန်းနိုင်စွမ်း ရှိသည်။ အဆင့်မြင့်ဓာတ်ခန္ဓာသည် မည်မျှပင် အစွမ်းထက်စေကာမူ အဆင့် (၁) သာရှိပါက အဆင့် (၅) ရှိသော အခြေခံဓာတ်ခန္ဓာကို ယှဉ်နိုင်မည် မဟုတ်ပေ။

လင်းရန်ယန် စဉ်းစားနေစဉ်မှာပင် သူ၏ မိုးကြိုးဓာတ်ခန္ဓာအဆင့်မှာ အဆင့် (၃) ကို ကျော်လွန်၍ အဆင့် (၄) သို့ ဦးတည်နေပြီ ဖြစ်သည်။ အဆင့် (၃) ရှိသော မိုးကြိုးဓာတ်ခန္ဓာသည်ပင် တိုက်ခိုက်ရေးစွမ်းရည်ကို ၁၆ ဆအထိ မြင့်မားသွားစေနိုင်ရာ ၊ အဆင့် (၄) သို့ ရောက်ရှိသွားပါက မည်မျှအထိ ကြောက်စရာကောင်းမည်ကို လင်းရန်ယန်ကိုယ်တိုင်ပင် အံ့ဩနေမိတော့သည်။

ထိုစဉ် နာရီဝက်ခန့် စုစည်းနေခဲ့သော ‘ကောင်းကင်ဘေးဒဏ်’ စွမ်းအားများမှာ အလုံးစုံ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။

“ဝုန်း... ဝုန်း... ဝုန်း”

လင်းရန်ယန်၏ ဓာတ်ခန္ဓာ အဆင့်မြင့်သွားသည့် ခဏမှာပင် ၊ ကောင်းကင်ယံမှ ခရမ်းရောင် လျှပ်စီးတန်းကြီးမှာ အရှိန်အဟုန်ဖြင့် ကျဆင်းလာတော့သည်။ ကောင်းကင်တစ်ခုလုံးရှိ မိုးတိမ်တိုက်ကြီးများမှာလည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားကြတော့သည်။

“ဂျိမ်း”

နောက်ဆုံးတွင် ကမ္ဘာမြေကြီးတုန်လှုပ်မတတ် မိုးခြိမ်းသံကြီးနှင့်အတူ ၊ ဆယ်မီတာခန့် အချင်းရှိသော ခရမ်းရောင် မိုးကြိုးတန်းကြီးမှာ လင်းရန်ယန်၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။ အဆုံးမဲ့သော ကောင်းကင်ဘေးဒဏ် စွမ်းအားများမှာ လင်းရန်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် အကြောအခြင်များအတွင်းသို့ ပြင်းထန်စွာ စီးဝင်သွားတော့သည်။

နောက်ဆုံးတွင် ထိုစွမ်းအားများအားလုံးမှာ လင်းရန်ယန်၏ စိတ်ပင်လယ်အတွင်းသို့ စိမ့်ဝင်သွားပြီး မိုးကြိုးဓာတ်ခန္ဓာ၏ ဗဟိုချက်အတွင်း၌ ကိန်းဝပ်သွားတော့သည်။ မူလက အပြာရောင်ရှိသော ဗဟိုချက်မှာ တစ်ခဏအတွင်းမှာပင် သန့်စင်သော ခရမ်းရောင်သို့ ပြောင်းလဲသွားတော့သည်။ တစ်ချိန်တည်းမှာပင် ထိုခရမ်းရောင် အလင်းလုံးထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။

ထိုအရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ အခြားသော ဓာတ်ခန္ဓာအလင်းလုံးများမှာ တုန်ခါသွားကြတော့သည်။ အဆင့် (၄) ရှိသော ‘စိတ်စွမ်းအား’ အလင်းလုံးပင်လျှင် ပြင်းထန်စွာ တုန်ခါနေတော့သည်။ ကံကောင်းသည်မှာ ထိုစွမ်းအားများအားလုံးမှာ လင်းရန်ယန်၏ အလိုအလျောက် ကျွမ်းကျင်မှုများသာ ဖြစ်သဖြင့် မကြာမီမှာပင် ပြန်လည် တည်ငြိမ်သွားတော့သည်။

[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ အလိုအလျောက် ကျွမ်းကျင်မှု ရရှိပါသည် - မိုးကြိုးဓာတ်ခန္ဓာ (LV4) ၊ မိုးကြိုးဓာတ်ကျင့်စဉ်များ၏ စွမ်းအားကို ၃၂၀၀% တိုးမြှင့်ပေးလိုက်ပါသည် ၊ ကိုယ်ခန္ဓာ၏ အမြန်နှုန်း ၊ ကာကွယ်မှုနှင့် တိုက်ခိုက်မှုတို့ကို အဆမတန် မြင့်မားစေသည့်အပြင် အရှင်သည် ကောင်းကင်ဘေးဒဏ်စွမ်းအားကိုလည်း ထိန်းချုပ်နိုင်ပါပြီ ]

စနစ်၏ အသိပေးသံမှာ လင်းရန်ယန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ကောင်းကင်ဘေးဒဏ်ကြောင့် သူ၏ပတ်ဝန်းကျင်တွင် ဆယ်မီတာခန့် ကျယ်ဝန်းသော အောက်ခြေမမြင်ရသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်။ သူကိုယ်တိုင်ကမူ ခရမ်းရောင် လျှပ်စီးများ၏ ဝန်းရံမှုနှင့်အတူ ကောင်းကင်ယံ၌ လွင့်မျောနေလေသည်။

“ဒါက အဆင့် (၄) မိုးကြိုးဓာတ်ခန္ဓာပေါ့ ၊ အတော်လေးကို အစွမ်းထက်ပုံရတာပဲ”

လင်းရန်ယန်က သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်း၌ မိုးကြိုးဓာတ်စွမ်းအားများ ပြည့်လျှံနေသကဲ့သို့ ခံစားနေရသည်။ မူလက ရှစ်ဆသာ ရှိခဲ့သော ကိုယ်ကာယစွမ်းအားမှာ ယခုအခါ ၃၂ ဆအထိ ခုန်တက်သွားတော့သည်။ ထို့အပြင် ခန္ဓာကိုယ်၏ ပြန်လည်ကုသနှုန်း ၊ ကာကွယ်မှုနှင့် တိုက်ခိုက်ရေးစွမ်းရည်များမှာလည်း သိသိသာသာ တိုးတက် ပြောင်းလဲသွားတော့သည်။

သူသည် ‘သတ္ထုဓာတ်ခန္ဓာ’ ကိုပါ ထပ်မံ ပေါင်းစပ်ကြည့်ရာ ၊ ကာကွယ်မှုမှာ ၃၆ ဆအထိ မြင့်တက်လာ၏။ ဓာတ်နှစ်မျိုးကို ထပ်ဆင့်ခြင်းသည် တစ်နဲ့ နှစ်ပေါင်း ကဲ့သို့သော ရလဒ်မျိုး အမြဲတမ်း မရနိုင်မှန်း သိသာလှသည်။ သို့သော်လည်း အသုံးဝင်နေသရွေ့တော့ လုံလောက်သည်။

“အလယ်လတ်အဆင့် ဓာတ်ခန္ဓာတွေကတောင် ဒီလောက်အစွမ်းထက်နေရင် ၊ အဆင့်မြင့် ဓာတ်ခန္ဓာတွေဆိုရင် ဘယ်လောက်တောင် ရှိမလဲ မသိဘူး”

လင်းရန်ယန်သည် မိမိ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ခံစားရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။

“စနစ်... အလိုအလျောက် ကျင့်ကြံခြင်းကို သုံးပြီး ၊ အခုရထားတဲ့ ကျင့်စဉ်သစ်တွေအားလုံးကို ကျင့်ကြံပေးပါ”

[ဒင်... အမိန့်ကို လက်ခံရရှိပါပြီ ၊ အလိုအလျောက် ကျင့်ကြံခြင်းကို စတင်နေပါပြီ]

တစ်ချိန်တည်းမှာပင် ကျင့်စဉ်အသစ်များနှင့် ပတ်သက်သော အချက်အလက်များမှာ လင်းရန်ယန်၏ ဦးနှောက်အတွင်းသို့ စီးဝင်လာတော့သည်။

“ကောင်းကင်ပြစ်ဒဏ် ကျမ်းစာ - ကောင်းကင်အဆင့်မြင့် ကျင့်စဉ် ၊ ရှေးဟောင်း ကောင်းကင်ပြစ်ဒဏ်ဂိုဏ်း၏ ဘိုးဘေးဖြစ်သူ ‘ကောင်းကင်ပြစ်ဒဏ် အရှင်သခင်’ ဖန်တီးခဲ့သည့် မိုးကြိုးဓာတ်ကျင့်စဉ် ဖြစ်သည် ၊အကယ်၍ ကျင့်ကြံသူသည် မိုးကြိုးဓာတ်ခန္ဓာကို ပိုင်ဆိုင်ထားပါက ၎င်း၏ အစွမ်းမှာ ‘ကောင်းကင်အဆင့်အမြင့်ဆုံး’ နှင့် ညီမျှနေမည် ဖြစ်သည် ၊ မိုးကြိုးဓာတ်ခန္ဓာ အဆင့်တစ်ဆင့် တိုးတိုင်း ၊ ကျမ်းစာ၏ အဆင့်မှာလည်း တစ်ဆင့် လိုက်ပါ မြင့်တက်မည် ဖြစ်သည် ၊ ယခုကဲ့သို့ အဆင့် (၄) မိုးကြိုးဓာတ်ခန္ဓာနှင့်ဆိုပါက ၎င်းသည် ဝိညာဉ်အဆင့် စွမ်းအားကိုပင် ထုတ်ဖော်နိုင်မည် ၊အကယ်၍ အသုံးပြုသူသည် ‘ကောင်းကင်ပြစ်ဒဏ်ဓာတ်ခန္ဓာ’ ကို ပိုင်ဆိုင်ထားပါက ၊ ပထမအဆင့်တွင်ပင် ဝိညာဉ်အဆင့်မြင့်ကျင့်စဉ်များကို ယှဉ်နိုင်ပြီး ၊ ဒုတိယအဆင့်တွင် တာအိုအဆင့် နှင့် တတိယအဆင့်တွင် သန့်စင်သောသူတော်စင်အဆင့် အထိ ရောက်ရှိနိုင်သည်။”

ဤဖော်ပြချက်ကို မြင်သောအခါ လင်းရန်ယန်တောင်မှပင် ဆွံ့အသွားရသည်။ အဆင့်သုံးဆင့်အတွင်းမှာပင် သူတော်စင်အဆင့်ကျင့်စဉ်သို့ ရောက်ရှိနိုင်သည်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

“နေဦး... သူတော်စင်အဆင့် ကျင့်စဉ်ဆိုတာ ဘာအဆင့်ကြီးလဲ”

လင်းရန်ယန်သည် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ သို့သော် စနစ်ကမူ သူ၏ မေးခွန်းကို အဖြေမပေးပေ။ ထို့ကြောင့် သူသည် နောက်ထပ် တာအိုပညာရပ်တစ်ခုကို ဆက်လက်ကြည့်ရှုလိုက်တော့သည်။

“အဆုံးမဲ့ မိုးကြိုးဟိန်းသံ - ကောင်းကင်အဆင့်မြင့် တာအိုပညာရပ် ၊ အသုံးပြုသူသည် မရေမတွက်နိုင်သော ကောင်းကင်ဘေးဒဏ် မိုးကြိုးများကို ဆင့်ခေါ်နိုင်ပေသည်။ ထိန်းချုပ်နိုင်သော မိုးကြိုးအဆင့် မြင့်မားလေလေ ၊ စွမ်းအား ပိုမိုကြီးမားလေလေ ဖြစ်ပါသည်”

သာမန်မိုးကြိုးကို ထိန်းချုပ်ပါက ကောင်းကင်အဆင့်မြင့် အစွမ်းသာ ရှိသော်လည်း ၊ ကောင်းကင်မိုးကြိုးကို ထိန်းချုပ်ပါက အလယ်အလတ်ဝိညာဉ်အဆင့် ၊ ကောင်းကင်ဘေးဒဏ်ကို ထိန်းချုပ်ပါက အမြင့်ဆုံးဝိညာဉ်အဆင့် နှင့် ကောင်းကင်ပြစ်ဒဏ်ကို ထိန်းချုပ်နိုင်ပါက သူတော်စင်အဆင့် အထိ အစွမ်းထက်လာမည် ဖြစ်သည်။

လင်းရန်ယန်သည် ကောင်းကင်ဘေးဒဏ်စွမ်းအားကို အသုံးပြုနေပြီဖြစ်ရာ ၊ သူ၏တိုက်ကွက်မှာ ဝိညာဉ်အဆင့်အမြင့်ဆုံးသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။ ဤစွမ်းအားမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။ အကယ်၍ သူသာ ဤတိုက်ကွက်ကို အပြည့်အဝ ကျွမ်းကျင်သွားခဲ့ပါက ၊ ၎င်း၏ အဖျက်စွမ်းအားမှာ တိုက်ကြီးတစ်ခုလုံးကိုပင် ကြေမွသွားစေနိုင်မည် ဖြစ်သည်။

သို့သော် ပြဿနာမှာ ကောင်းကင်ဘေးဒဏ်စွမ်းအားမှာ ကြီးမားသကဲ့သို့ ၊ ၎င်းကို အသုံးပြုရန်အတွက် ကုန်ဆုံးမည့် စွမ်းအင်မှာလည်း အဆမတန် များပြားနေသည်။ လင်းရန်ယန်အနေဖြင့် ကောင်းကင်ဘေးဒဏ် တစ်ခုလုံးကို မဆိုထားနှင့် ၊ ၎င်း၏ အစအနလေး တစ်ခုကိုပင် စုစည်းရန် ခက်ခဲနေသေးသည်။

သူသည် စမ်းသပ်ကြည့်ရာ ၊ အဆင့် (၃) ရှိသော ဝိညာဉ်စွမ်းအင်သိုလှောင်ကန်ကို အသုံးပြုလျှင်ပင် လျှပ်စီးများကို ခရမ်းရောင်ပြောင်းရန်အတွက် ဘေးဒဏ်တစ်ခု၏ တစ်ရာပုံတစ်ပုံခန့်သာ ထုတ်ဖော်နိုင်မည်။ သို့သော်လည်း ထိုစွမ်းအားသည်ပ ကောင်းကင်အရှင်သခင် အဆင့် (၆) ကျွမ်းကျင်သူတစ်ဦးကို သုတ်သင်ရန် လုံလောက်လှသည်။

“ငါ့ရဲ့ ဝိညာဉ်စွမ်းအင်သိုလှောင်ကန် အဆင့်တက်လာပြီး ၊ ငါကိုယ်တိုင်လည်း ကောင်းကင်အရှင်သခင် အဆင့် (၂) (၃) လောက် ရောက်သွားရင်တော့ ၊ ကောင်းကင်ဘေးဒဏ် အစအန သုံးခုလောက်ကို ထုတ်သုံးနိုင်လိမ့်မယ် ၊ အဲဒီအချိန်ကျရင်တော့ ‘တာအိုဘုရင်တစ်ဝက်’ အဆင့် ရှိတဲ့သူတွေ လာရင်တောင် ၊ သူတို့ ပြာဖြစ်သွားအောင် ငါ လုပ်နိုင်မှာပါ”

All Chapters