ဖိနှိပ်ထားသော အန္တရာယ်နယ်မြေ
Vol. 5 Ch. 46
လမ်းမတစ်ခုလုံးမှာ ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်သော်လည်း ၊ ကံကောင်းသည်မှာ ဤနေရာရှိ အဆောက်အအုံများမှာ ဆိုင်ခန်းများသာ ဖြစ်ကြပြီး လူနေထိုင်ခြင်း မရှိပေ။ မဟုတ်ပါက ဤမျှပြင်းထန်လှသော တိုက်ပွဲကြီးအတွင်း၌ အနည်းဆုံး လူပေါင်း ရာနှင့်ချီ၍ အသက်ဆုံးရှုံးသွားနိုင်သည်။
“ပြန်ပြုပြင်မယ် ဟုတ်လား”
လင်းရန်ယန် ၏ စကားကြောင့် ထိုနေရာရှိ လူအားလုံးမှာ မှင်သက်သွားကြတော့သည်။ နောက်တစ်ခဏ၌ လင်းရန်ယန်သည် မြေပြင်ပေါ်သို့ သူ၏လက်ဝါးနှစ်ဖက်ကို ဖြည်းညှင်းစွာ ဖိချလိုက်တော့သည်။
“ဝုန်း... ဝုန်း”
ရုတ်တရက်ဆိုသလိုပင် မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါလာပြီး အနီးနားရှိ တွင်းနက်ကြီး၏ ပတ်ပတ်လည်တွင် မြေသားများမှာ အလိုအလျောက် ပေါ်ပေါက်လာပြီး ထိုတွင်းကြီးကို လျင်မြန်စွာ ပြန်လည်ဖို့ပေးနေတော့သည်။ မိနစ်အနည်းငယ်မျှ ကြာပြီးနောက်တွင် အောက်ခြေမမြင်ရသော ထိုတွင်းနက်ကြီးမှာ လင်းရန်ယန်၏ စွမ်းအားဖြင့် အလုံးစုံ ပြည့်တင်းသွားတော့သည်။
“မြေဓာတ်ခန္ဓာ ပါလား ၊ နောက်ထပ် ဓာတ်ခန္ဓာတစ်ခုပေါ့ ၊ ဒီညီလေးမှာ ဓာတ်ခန္ဓာ အမျိုးအစား ဘယ်နှခုတောင် ရှိနေတာလဲ”
အောင်းထျန်းလုံ နှင့် အခြားသူများမှာ ဤမြင်ကွင်းကြောင့် ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွားကြပြန်သည်။ သို့သော် လင်းရန်ယန် ပိုင်ဆိုင်ထားပြီးသော ဓာတ်ခန္ဓာအရေအတွက်ကို ပြန်တွေးကြည့်လျှင် ဤသည်မှာ အလွန်အမင်း အံ့ဩစရာတော့ မဟုတ်တော့ပေ။
“နေဦး... ညီလေးမှာ မီးဓာတ်ခန္ဓာနဲ့ မြေဓာတ်ခန္ဓာ ရှိနေပြီဆိုတော့ ၊ ကျန်တဲ့ ဓာတ်ငါးပါးခန္ဓာတွေအားလုံးကိုလည်း ပိုင်ဆိုင်ထားတာများလား”
ရုတ်တရက် အောင်းထျန်းလုံ၏ မျက်ဝန်းများမှာ အရောင်တောက်သွားတော့သည်။ သို့သော် သူသည် ခေါင်းကို အမြန်ပင် ခါယမ်းလိုက်ပြီး လက်တွေ့မကျသော ထိုအတွေးကို ဖျောက်ဖျက်ပစ်လိုက်တော့သည်။
ဒီကိစ္စသည် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။ ဓာတ်ငါးပါးစုစည်းဓာတ်ခန္ဓာ ဆိုသည်မှာ နှစ်ပေါင်းသန်းချီအောင် ပေါ်ထွန်းခဲ့ခြင်း မရှိပေ။
“ဝုန်း”
သို့သော် ထိုခဏ၌ပင် မြေကြီးမှာ တစ်ဖန် လှုပ်ခတ်သွားပြန်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေပြင်မှ သစ်ပင်ကြီးများမှာ ရုတ်ချည်း ပေါက်ထွက်လာတော့သည်။ ထိုသစ်ပင်ကြီးများသည် ပြိုကျနေသော အိမ်အပျက်များနှင့် လျင်မြန်စွာ ပေါင်းစပ်သွားကြပြီး ၊ မကြာမီမှာပင် ပြိုကျပျက်စီးနေသည့် သစ်သားအိမ်များမှာ အလုံးစုံ ပြန်လည် ကောင်းမွန်သွားတော့သည်။
“သစ်သားဓာတ်ခန္ဓာ တဲ့လား ၊နောက်တစ်ခု ထပ်တိုးပြန်ပြီ”
“မဖြစ်နိုင်တာ ၊ သူက သစ်သားဓာတ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားတာပဲ ၊ ဒါဆို ရေဓာတ်ခန္ဓာရော ရှိနေဦးမှာလား”
ဂိုဏ်းတူအစ်ကိုကြီး အောင်းထျန်းလုံနှင့် သူ၏ ညီအစ်ကို မောင်နှမနှစ်ဦးမှာ ဤမြင်ကွင်းကြောင့် လုံးဝကို ဆွံ့အသွားကြရတော့၏။
“ရှူး”
ထိုခဏ၌ပင် မြေပြင်မှ သန့်စင်သော ရေများမှာ ရုတ်တရက် ပန်းထွက်လာပြီး လမ်းမကြီးတစ်ခုလုံးကို စတင် ဆေးကြောသန့်စင်ပေးနေတော့သည်။ မကြာမီမှာပင် ပျက်စီးနေသော လမ်းမကြီးမှာ အသစ်စက်စက်အတိုင်း ပြန်လည် တောက်ပလာ၏။ သို့သော် အနီးကပ် ကြည့်ရှုမည်ဆိုပါက အသုံးပြုထားသော သစ်သားအချို့မှာ အသစ်ဖြစ်နေပြီး အရည်အသွေး ပိုမိုကောင်းမွန်နေသည်ကို တွေ့မြင်နိုင်သည်။
ရေဓာတ်ခန္ဓာ ပေါ်ပေါက်လာသည့် အခိုက်အတန့်တွင် အောင်းထျန်းလုံတို့ တစ်သိုက်မှာ အံ့ဩလွန်းသဖြင့် ပြောစရာစကားပင် ရှာမရတော့ချေ။ ယခုအခါတွင်မူ လင်းရန်ယန်သည် သတ္ထုဓာတ်ခန္ဓာ ကိုလည်း သေချာပေါက် ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ အခိုင်အမာ ယုံကြည်သွားကြတော့သည်။
သူသည် ဓာတ်ငါးပါးခန္ဓာ အားလုံးကို စုစည်းထားနိုင်ခဲ့ပြီ ဖြစ်သည်။
“ဓာတ်ငါးပါးဂိုဏ်းရဲ့ အမွေအနှစ်တွေက တကယ်ပဲ ဒီညီလေးအတွက် ရည်ရွယ်ထားတာပဲ”
နတ်ဘုရားတစ်ပါးကဲ့သို့ လမ်းမကြီးကို ပြန်လည်ပြုပြင်နေသည့် လင်းရန်ယန်ကို ကြည့်ကာ အောင်းထျန်းလုံ၏ ယုံကြည်ချက်မှာ ပိုမို ခိုင်မာလာတော့သည်။
“ဒါကတော့ ကျွန်တော် အတတ်နိုင်ဆုံး လုပ်ပေးထားတာပါ ၊ အိုးခွက်ပန်းကန်တွေလို အသေးအမွှားတွေကိုတော့ ကျွန်တော် မပြင်ပေးနိုင်လို့ တောင်းပန်ပါတယ်”
လင်းရန်ယန်သည် သူပြန်လည်ပြုပြင်ထားသော လမ်းမကြီးကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ပြောင်းလဲမှုများကို သိသာစေသော်လည်း မူလနှင့် များစွာ ကွာခြားခြင်း မရှိပေ။ ထိုလူများကို လျော်ကြေးပေးရန်အတွက် လင်းရန်ယန်သည် သူ၏လက်ကို ဝေ့ယမ်းလိုက်ကာ ငွေဒင်္ဂါး မြောက်မြားစွာကို ကြဲဖြန့်လိုက်တော့သည်။ အိမ်တိုင်းနီးပါး လျော်ကြေးငွေများ ရရှိသွားကြတော့သည်။
သူ့အတွက်မူ ဤသည်မှာ သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။ သူသည် ယခုအခါ တစ်ရက်လျှင် ငွေဒင်္ဂါး တစ်သိန်းခန့်ကို အေးအေးဆေးဆေး ရှာဖွေနိုင်နေပြီ ဖြစ်သည်။ ငွေဒင်္ဂါး တစ်သိန်းဆိုသည်မှာ ဤမြို့၏ အစိတ်အပိုင်း အတော်များများကို ဝယ်ယူရန် လုံလောက်သည်။
“မိစ္ဆာတွေကို သုတ်သင်ပြီးနောက်မှာ လူတွေရဲ့ အိမ်တွေကို ပြန်ပြင်ပေးတာဆိုလို့ ၊ တစ်လောကလုံးမှာ ညီလေး တစ်ယောက်ပဲ ရှိလိမ့်မယ်”
ဤမြင်ကွင်းကို ကြည့်ကာ ကျူးကော့ခုံဖျင် မှာ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်တော့သည်။
“ကျွန်တော် စမ်းကြည့်ရုံပဲ ရှိပါသေးတယ် ၊ တကယ် ပြန်ပြင်လို့ ရသွားလိမ့်မယ်လို့ မထင်ထားမိဘူး ၊ ဆင်းရဲသားတွေရဲ့ ဘဝက ခက်ခဲပါတယ် ၊ သူတို့ခမျာ စီးပွားရေးလေး တစ်ခုကို မနည်း တည်ဆောက်ထားရတာမို့ ၊ ကျွန်တော်က ဒါတွေကို အကုန် ဖျက်ဆီးပစ်လိုက်ရင် သူတို့အတွက် သိပ်ရင်နာစရာ ကောင်းမှာပေါ့”
လင်းရန်ယန်က ဖြည်းညှင်းစွာ ပြောလိုက်၏။ ဤခေတ်ကာလတွင် ဆိုင်ခန်းအသေးလေး တစ်ခုမှာ မိသားစုတစ်ခုလုံး၏ ကြိုးပမ်းအားထုတ်မှုပင် ဖြစ်သည်။ သူသာ ပြန်မပြင်ပေးခဲ့ပါက ထိုမိသားစုမှာ ပျက်စီးသွားနိုင်သည်။ သူသည် ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ မကြာသေးသော်လည်း ၊ ဤခေတ်ရှိ လူနေမှုအဆင့်အတန်းကို ကောင်းစွာ နားလည်ထားသည်။ အကယ်၍ သူသာ မော်ရှန်းဂိုဏ်းသို့ မဝင်ခဲ့ပါက လမ်းဘေးတွင် ငတ်သေသွားလိမ့်မည် ဖြစ်သည်။
“ညီလေးရဲ့ စကားက တကယ့်ကို ပညာရှိဆန်ပါပေတယ်”
အောင်းထျန်းလုံက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ရှူး”
သို့သော် ထိုခဏ၌ပင် ကောင်းကင်နှင့် မြေကြီးကို ဖြိုခွင်းတော့မည့်အလား စူးရှလှသော ဓားသံတစ်ချက် ကောင်းကင်ယံမှ ထွက်ပေါ်လာတော့သည်။ လင်းရန်ယန်နှင့် အခြားသူများမှာ ထိုအသံဆီသို့ မော့ကြည့်လိုက်ရာ ၊ ပျံသန်းနေသော ဓားတစ်စင်းပေါ်တွင် မတ်တပ်ရပ်လျက် နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါရှိသော ဘုန်းကြီးအိုကြီးတစ်ဦး လာနေသည်ကို မြင်တွေ့လိုက်ရ၏။
ထိုသူကို မြင်သည်နှင့် အောင်းထျန်းလုံတို့ တစ်သိုက်မှာ မျက်နှာရိပ် မျက်နှာကဲ ချက်ချင်းပင် ပြောင်းလဲသွားကြတော့သည်။
“တပည့် အောင်းထျန်းလုံ၊ မဟာအကြီးအကဲကို ဂါရဝပြုပါတယ်၊”
“တပည့် ကျူးကော့ခုံဖျင်၊ မဟာအကြီးအကဲကို ဂါရဝပြုပါတယ်၊”
“တပည့် ဝမ်မုန့်၊ မဟာအကြီးအကဲကို ဂါရဝပြုပါတယ်၊”
ညီအစ်ကို မောင်နှမ သုံးဦးစလုံးမှာ ကောင်းကင်မှ ဆင်းသက်လာသော ခရမ်းရောင်ဝတ်ရုံဝတ် ကောင်းကင်အရှင်သခင်ကြီးရှေ့တွင် ရိုသေစွာဖြင့် ဝတ်ပြုလိုက်ကြ၏။
“ဒါ မော်ရှန်းဂိုဏ်းရဲ့ မဟာအကြီးအကဲလား”
လင်းရန်ယန်၏ စိတ်ထဲတွင် မဟာအကြီးအကဲနှင့် ပတ်သက်သော အချက်အလက်များ ပေါ်လာသည်။ မော်ရှန်းဂိုဏ်း၏ အဆင့်မြင့် မဟာအကြီးအကဲ - တာအိုရွှမ်ဇီ သူ၏ အစွမ်းမှာ ကောင်းကင်အရှင်သခင် အဆင့် (၈) ဖြစ်ပြီး ၊ ‘ကျယ်ပြောနက်ရှိုင်းသော တရားဓမ္မ ဓားစွမ်းအင်’ ကို ကျွမ်းကျင်သူ ဖြစ်သည်။
သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်တူ ကျွမ်းကျင်သူများကြား၌ အလွန်အမင်း ထင်ရှားခြင်း မရှိသော်လည်း ၊ ငယ်စဉ်ကတည်းက စာပေဗဟုသုတ ကြွယ်ဝသူ ဖြစ်သဖြင့် မိစ္ဆာများကို အမုန်းဆုံး ပုဂ္ဂိုလ်လည်း ဖြစ်၏။ လင်းရန်ယန်ကို အံ့ဩစေသည်မှာ ထိုသူသည် ဂိုဏ်းတူအစ်ကိုကြီး ရှီးကျန့် ၏ ဘိုးဘေး ဖြစ်နေခြင်း ဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော နှစ်ပေါင်းများစွာက မဟာအကြီးအကဲသည် မိစ္ဆာကျင့်ကြံသူ အများအပြားကို ရန်စမိခဲ့သဖြင့် ရှီးမိသားစုတစ်ခုလုံး အသတ်ခံခဲ့ရသည်။ နောက်ပိုင်းတွင် မဟာအကြီးအကဲက ထိုမိစ္ဆာဂိုဏ်းများကို အမြစ်ပြတ် သုတ်သင်နိုင်ခဲ့သော်လည်း ၊ ရှီးမိသားစု၏ တစ်ဦးတည်းသော မျိုးဆက်အဖြစ် ရှီးကျန့်သာ ကျန်ရစ်ခဲ့တော့သည်။ ထို့ကြောင့်ပင် ရှီးကျန့်သည် မိစ္ဆာများကို အလွန်အမင်း မုန်းတီးပြီး သတ်ဖြတ်ရာတွင်လည်း ပြတ်သားလွန်းခြင်း ဖြစ်ပါသည်။
သူသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက မိုးကြိုးဓာတ်ခန္ဓာ နိုးကြားခဲ့ပြီး ၊ တရားမျှတမှုနှင့် ပြတ်သားမှုတို့ ပေါင်းစပ်နေသောကြောင့် မော်ရှန်းဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လာခဲ့၏။ သူ၏ ကျင့်ကြံမှု ပါရမီသာ အနည်းငယ် မချို့တဲ့ခဲ့ပါက ၊ ဘိုးဘေးကြီး၏ နေရာကို ဆက်ခံရန်နှင့် မော်ရှန်းဂိုဏ်းကို ကာကွယ်ရန် တာဝန်မှာ ရှီးကျန့်ထံသို့ သေချာပေါက် ရောက်ရှိလာမည် ဖြစ်သည်။
“ထျန်းလုံ၊ မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ”
မဟာအကြီးအကဲ တာအိုရွှမ်းဇီသည် မြေပြင်သို့ ဆင်းသက်လာပြီးနောက် အောင်းထျန်းလုံကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူသည် သူ၏ ‘ကောင်းကင်မျက်စိ’ စွမ်းအားကို ချက်ချင်း အသုံးပြုကာ အောင်းထျန်းလုံ၏ အဆင့်ကို စစ်ဆေးလိုက်၏။ ထို့နောက် သူသည် ကျေနပ်စွာ ပြုံးလိုက်သည်။ အောင်းထျန်းလုံမှာ မြေကမ္ဘာအရှင်သခင် အဆင့် (၉) သို့ ရောက်ရှိနေပြီ ဖြစ်ရာ ၊ ခွဲခွာနေသော နှစ်များအတွင်း အပြင်းအထန် ကျင့်ကြံခဲ့ပုံသည်။
“မဟာအကြီးအကဲကို တင်ပြပါတယ်၊ အနောက်ဘက်ဒေသက ‘အအေးဓာတ် ဘေးအန္တရာယ်နယ်မြေ’ မှာ ထူးခြားမှုတွေ ဖြစ်ပေါ်နေပါတယ်၊ တပည့်မှာ ဒါကို ဖြေရှင်းနိုင်စွမ်း မရှိလို့ အကြီးအကဲတွေရဲ့ အကူအညီကို တောင်းခံဖို့ ပြန်လာရတာပါ၊”
အောင်းထျန်းလုံက မတတ်သာသလို သက်ပြင်းချရင်း ဆိုလိုက်၏။
“တစ်ခုခု ဖြစ်လာလိမ့်မယ်လို့ ငါ ထင်ထားပြီးသားပါ ၊ အဲဒီ ဘေးအန္တရာယ်နယ်မြေက အရင်ကတည်းက အတော်လေး အန္တရာယ်များလွန်းတာပဲ၊ မင်းမှာ ဘာမှမဖြစ်ခဲ့တာပဲ ကံကောင်းတယ်၊”
တာအိုရွှမ်းဇီက သူ၏ မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။ အနောက်ဘက်ဒေသရှိ ထိုနယ်မြေမှာ မြေကမ္ဘာအရှင်သခင် တစ်ဦးတည်းနှင့် နှိမ်နင်းနိုင်သော နေရာ မဟုတ်ပေ။ အောင်းထျန်းလုံ ထိုနေရာသို့ သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ၏ ဆရာမှာ ထိုနယ်မြေ၌ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးနောက် ၊ အသက် တစ်ရာကျော်၌ပင် သူ၏ တာအိုလမ်းစဉ် ပျက်စီးကာ ကွယ်လွန်သွားခဲ့ရသောကြောင့် ဖြစ်သည်။
“ကျန်တာတွေကိုတော့ စိတ်မပူနဲ့တော့၊ အဲဒီနေရာကို သွားပြီး နှိမ်နင်းဖို့အတွက် ငါ စီစဉ်လိုက်ပါ့မယ်”
“မဟာအကြီးအကဲကို အထူးပဲ ကျေးဇူးတင်ပါတယ်”
အောင်းထျန်းလုံက လက်အုပ်ချီလျက် အရိုအသေ ပေးလိုက်ပေသည်။
“ဟင်...”
ရုတ်တရက် တာအိုရွှမ်းဇီ၏ အကြည့်မှာ အနား၌ရှိနေသော လင်းရန်ယန်ထံသို့ ကျရောက်သွားတော့သည်။