ခန္ဓာကိုယ် တည်ဆောက်ပုံ
Vol. 5 Ch. 45
ဤအကြောင်းအရာများကို တွေးတောမိသောအခါ လင်းရန်ယန် မှာ မပြုံးဘဲ မနေနိုင်တော့ပေ။
“ဝုန်း”
သို့သော် ထိုခဏအတွင်း၌ လင်းရန်ယန်၏ ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအင် မြောက်မြားစွာမှာ ရုတ်ချည်းပင် လှုပ်ခတ်လာတော့သည်။ ခဏအကြာတွင် ထိတ်လန့်ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ထပ်မံဖြစ်ပေါ်လာပြန်၏။ လင်းရန်ယန်၏ အဆင့်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေကမ္ဘာအရှင်သခင် အဆင့် (၈) သို့ ခုန်တက်သွားခဲ့သည်။
ကြေးကာချပ်ဝတ်ဖုတ်ကောင်နှင့် ဝတ်ရုံနီမီးဝိညာဉ်တို့ကို သုတ်သင်နိုင်ခဲ့ခြင်းကြောင့် လင်းရန်ယန်၏ ပါရမီမှာ ပိုမိုမြင့်မားလာခြင်း ဖြစ်ကာ ထို့ကြောင့်ပင် တစ်ရက်အတွင်းမှာပင် သူသည် အဆင့်ငယ်တစ်ခုကို ထပ်မံ ကျော်လွန်နိုင်ခဲ့ခြင်း ဖြစ်သည်။
“စနစ်၊ အရင်ဆုံး ငါ့ရဲ့ အချက်အလက်စာရင်းကို ဖွင့်ပြပါဦး”
လင်းရန်ယန်သည် စနစ်ကို တိုက်ရိုက် အမိန့်ပေးလိုက်တော့သည်။
အချက်အလက်စာရင်း
* အမည် - လင်းရန်ယန်
* အဆင့်အတန်း - မြေကမ္ဘာအရှင်သခင် အဆင့် (၈)
* ကျွမ်းကျင်မှုအဆင့် - ကောင်းကင်အဆင့်မြင့် (အရည်အသွေး +၁)
* ကျင့်စဉ်များ - ဓာတ်ငါးပါးတိုက်ပွဲကျမ်းစာ (၄/၅ ၊ ဝိညာဉ်အဆင့်နိမ့်) ၊ ကောင်းကင်ပြစ်ဒဏ်ကျမ်းစာ (ဝိညာဉ်အဆင့်မြင့် ၊ ၁%)
* တာအိုပညာရပ်များ - ဓာတ်ငါးပါးဓားသိုင်း (ဝိညာဉ်အဆင့်မြင့်) ၊ လေမိုးကြိုးခြေလှမ်း (ဝိညာဉ်အဆင့်အလယ်လတ်) ၊ အဆုံးမဲ့မိုးကြိုးဟိန်းသံ (ဝိညာဉ်အဆင့်အမြင့်ဆုံး ၊ ၁%)
* အလိုအလျောက် ကျွမ်းကျင်မှုများ –
* အလိုအလျောက် ကျင့်ကြံခြင်း (LV4) (၁၀/၁၆ ၊ အဆ ၁၀၀၀၀)
* မိုးကြိုးဓာတ်ခန္ဓာ (LV4) (၀/၁၆ ၊ ၃၂၀၀%)
* မီးဓာတ်ခန္ဓာ (LV3) (၁/၈) ၊ သစ်သားဓာတ်ခန္ဓာ (LV3) (၀/၈) ၊ ရေဓာတ်ခန္ဓာ (LV3) (၀/၈) ၊ သတ္ထုဓာတ်ခန္ဓာ (LV3) (၂/၈) ၊ မြေဓာတ်ခန္ဓာ (LV3) (၀/၈) ၊ လေဓာတ်ခန္ဓာ (LV3) (၀/၈)
* အလိုအလျောက် ငွေရှာခြင်း (LV4) (၅/၁၆ ၊ တစ်ရက်လျှင် ဝိညာဉ်ကျောက် ၁၀၀၀)
* အလိုအလျောက် သိုင်းပညာကျင့်ခြင်း (LV4) (၁၀/၁၆ ၊ တစ်ရက်လျှင် နှစ်ပေါင်း ၁၀၀၀)
* ဝိညာဉ်စွမ်းအင်သိုလှောင်ကန် (LV3) (၆/၈)
* အသက်မွေးဝမ်းကျောင်းအားလုံး ကျွမ်းကျင်မှု (LV4) (၄/၁၆)
* ကုသိုလ်တော် ရွှေရောင်အလင်းတန်း (LV3) (၇/၈ ၊ အဆ ၁၀၀၀)
* စိတ်စွမ်းအား (LV4) (၀/၁၆ ၊ စိတ်မျှင်စု ၆၂၅ ခု)
* ခန္ဓာကိုယ် ကြံ့ခိုင်မှု (LV3) (၃/၈)
* လက်နက် - ဓာတ်ငါးပါးလျှို့ဝှက်နန်းဆောင်ဓား (မြေကမ္ဘာအဆင့်အမြင့်ဆုံး ၊ ပြည့်စုံမှု)
* ကံစွမ်းအား (Karma) - ၄၆၄၀၀ (အဆ ၁၀၀၀)
* ပိုင်ဆိုင်မှု - ဝိညာဉ်ကျောက်အလတ်စား ၁၇ တုံး
“ကျန်တဲ့အဆင့်တွေအားလုံးက မြင့်နေပေမယ့် ၊ ငါ့ရဲ့ အဆင့်ကပဲ နည်းနည်း နိမ့်နေသေးသလိုပဲ”
လင်းရန်ယန်သည် မိမိ၏ အဆင့်ကို ကြည့်ကာ ပြောစကားမရှိ ဖြစ်သွားရတော့သည်။ သူသည် အတွေ့အကြုံများစွာ ရရှိခဲ့သော်လည်း အဘယ်ကြောင့် အဆင့်မှာ ဤမျှ နှေးကွေးနေရသနည်း။
သို့သော် သူ ပြန်လည် တွက်ချက်ကြည့်လိုက်လျှင် သူသည် အလိုအလျောက် ကျင့်ကြံခြင်း အဆင့် (၃) သို့ ရောက်ရှိပြီးမှသာ စစ်မှန်သော ကျင့်ကြံခြင်းကို စတင်ခဲ့ခြင်း ဖြစ်သည်။ တောင်ပေါ်မှ မဆင်းမီ ၁၅ ရက်ခန့် ကျင့်ကြံခဲ့သဖြင့် မြေကမ္ဘာအရှင်သခင် အဆင့် (၁) သို့ ရောက်ရှိခဲ့၏။ တောင်ပေါ်မှ ဆင်းလာပြီးနောက် ဦးလေးကိုး နှင့် သုံးရက် ၊ စစ်မု ဆရာကြီးနှင့် နှစ်ရက် ၊ သွားလာချိန် ငါးရက် ၊ စုစုပေါင်း ဆယ်ရက်မျှသာ ကြာမြင့်ခဲ့သည်။
အမှန်စင်စစ် သူသည် စစ်မုဆရာကြီးထံမှ မနေ့နံနက်ကမှ ပြန်ရောက်ခဲ့ခြင်း ဖြစ်ရာ ၊ တောင်ပေါ်မှ ဆင်းလာသည်မှာ ၁၁ ရက်သာ ရှိသေးသည်။ အလိုအလျောက် ကျင့်ကြံခြင်း အဆင့် (၄) သို့ ရောက်ရှိသည်မှာလည်း သုံးရက်သာ ရှိသေး၏။ သူ၏ စုစုပေါင်း ကျင့်ကြံမှုမှာ အဆင့် (၄) ဖြင့် ငါးရက်ခန့်သာ ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။
ငါးရက်အတွင်း မြေကမ္ဘာအရှင်သခင် အဆင့် (၈) သို့ ရောက်ရှိခြင်းမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှသော အရှိန်အဟုန်ပင် ဖြစ်သည်။
“တစ်ရက်ကို နှစ်ပေါင်းသုံးဆယ်နှုန်းနဲ့ တွက်ရင် ၊ ငါးရက်ဆိုတာ နှစ်ပေါင်း ၁၅၀ ကျင့်ကြံခဲ့တာနဲ့ အတူတူပဲ ၊ အကယ်၍ ငါ့ရဲ့ ပါရမီက အဆပေါင်းများစွာ မတိုးတက်ခဲ့ဘဲ အရင်ကအတိုင်းသာ ဆိုရင် ၊ နှစ်ပေါင်း ၁၅၀ မပြောနဲ့ ၊ နှစ်ပေါင်း ၅၀၀ ကျင့်ကြံရင်တောင် မြေကမ္ဘာအရှင်သခင် အဆင့် (၈) ကို ရောက်ဖို့က မဖြစ်နိုင်ဘူး”
လင်းရန်ယန်မှာ စိတ်လှုပ်ရှားစွာဖြင့် တွေးတောနေမိ၏။ ဤသည်မှာ သူ၏ ပါရမီကို အထင်သေးနေခြင်း မဟုတ်ပေ။ မြေကမ္ဘာအရှင်သခင် အဆင့်သို့ ရောက်ရှိသူတိုင်းသည် သက်တမ်း နှစ်ပေါင်း ၂၀၀ ခန့် ရှိကြသော်လည်း ၊ မော်ရှန်းဂိုဏ်းတွင်ပင် ကျင့်ကြံသူ ဆယ်ယောက်၌ ခုနစ်ယောက်မှာ အဆင့် (၆) သို့ မရောက်မီမှာပင် သေဆုံးသွားခဲ့ကြရသည်။
လင်းရန်ယန်၏ မူလပါရမီမှာ သုံးနှစ်ကျင့်ကြံမှ လူသားအရှင်သခင် အဆင့် (၁) သို့ ရောက်ရှိနိုင်သဖြင့် ၊ အဆင့် (၃) သို့ ရောက်ရန်အတွက် အခြားသူများထက် ခြောက်ဆ ၊ ခုနစ်ဆခန့် ပိုမို အချိန်ပေးရမည် ဖြစ်သည်။ ထို့ကြောင့် နှစ်ပေါင်း ၅၀၀ အတွင်း မြေကမ္ဘာအရှင်သခင် အဆင့် (၈) သို့ ရောက်မည်ဟု ဆိုခြင်းမှာပင် လင်းရန်ယန်ကို အတော်လေး အမွှမ်းတင်ထားခြင်း ဖြစ်သည်။
သူသည် လေ့ကျင့်မှုတစ်လျှောက်တွင် အလိုအလျောက် ကျွမ်းကျင်မှု မြောက်မြားစွာ ရရှိခဲ့သော်လည်း ၊ ၎င်းတို့နှင့် ယှဉ်လျှင် သူ၏ အဆင့်အတန်းမှာ နောက်ကျနေဆဲပင် ဖြစ်၏။ အမှန်တကယ်တော့ လင်းရန်ယန်အနေဖြင့် မော်ရှန်းဂိုဏ်း၌ပင် နေထိုင်ကာ အလိုအလျောက် ကျွမ်းကျင်မှုများကို စောင့်ဆိုင်းနေနိုင်သော်လည်း ၊ မစ်ရှင်များကို ဆောင်ရွက်ခြင်း မရှိပါက သူ၏ အလိုအလျောက် ကျင့်ကြံခြင်းမှာ အဆင့် (၄) သို့ ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။
“ဒါပေမဲ့ ကံစွမ်းအားတွေကြောင့် ငါ့ရဲ့ ပါရမီက အများကြီး တိုးတက်လာခဲ့ပြီ ၊ အများဆုံး ခြောက်ရက် ၊ ခုနစ်ရက်လောက် ကျင့်ကြံလိုက်ရင်တော့ ကောင်းကင်အရှင်သခင် အဆင့်ကို ရောက်သွားလိမ့်မယ် ၊ အဲဒီအချိန်ကျရင်တော့ ကွာခြားချက်တွေက သိပ်မရှိတော့ဘူး ၊ ဒါကြောင့် မစ်ရှင်တွေကိုပဲ အသည်းအသန် လုပ်ရမှာပဲ”
လင်းရန်ယန်သည် ရှေ့ဆက်၍ မစ်ရှင်များကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ ယခုအခါ သူသည် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း အပြည့်အဝ ရှိနေပြီ ဖြစ်သည်။
“ဝုန်း”
လင်းရန်ယန်သည် ကျူးကော့ မိသားစုအိမ်နှင့် မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။
“ညီလေး”
လင်းရန်ယန် ဆင်းသက်လာသည်ကို မြင်သောအခါ အောင်းထျန်းလုံက အမြန်ပင် လျှောက်လှမ်းလာတော့သည်။
“ဟား၊ ညီလေး၊ စောစောက မင်းရဲ့ပုံစံက တကယ့်ကို ခန့်ညားလွန်းတယ်”
ကျူးကော့ခုံဖျင်သည်လည်း မချီးကျူးဘဲ မနေနိုင်တော့ပေ။
“ဒါနဲ့ မောင်လေး၊ စောစောက ကောင်းကင်ဘေးဒဏ်က မင်းကို ထိခိုက်သွားတာမျိုး မရှိဘူးမလား”
ဝမ်မုန့် ကလည်း စိုးရိမ်တကြီး မေးမြန်းလိုက်ရာ အခြားသူများသည်လည်း လင်းရန်ယန်ထံသို့ အကြည့်များ ပို့ထားကြ၏။ ကောင်းကင်ဘေးဒဏ်၏ ရိုက်ခတ်ခြင်းကို ခံရသော်လည်း ဘာမှမဖြစ်ဘဲ ဘေးကင်းနေခြင်းမှာ သူတို့အားလုံးအတွက် အံ့ဩစရာပင် ဖြစ်နေတော့သည်။
လင်းရန်ယန်၏ ပတ်ဝန်းကျင်၌ ခရမ်းရောင် လျှပ်စီးများ စီးဆင်းနေသည်ကို မြင်တွေ့ခဲ့ရသော်လည်း ၊ ၎င်းမှာ လင်းရန်ယန်ကိုယ်တိုင် ထိန်းချုပ်ထားခြင်း ဖြစ်သည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပေ။ သူတို့၏ အသိပညာအရ ထိုကဲ့သို့ ဖြစ်ရန်မှာ မဖြစ်နိုင်သောကြောင့်ပင်။ ထို့ကြောင့် လင်းရန်ယန်သည် အလွန်ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်သောကြောင့် ကောင်းကင်ယံမှ ထူးခြားသော ဖြစ်စဉ်များ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟုသာ သူတို့ ယူဆထားကြ၏။
“ကျွန်တော် ဘာမှ မဖြစ်ပါဘူး၊ ဒါက ကျွန်တော့်ရဲ့ မိုးကြိုးဓာတ်ခန္ဓာ နိုးကြားလာချိန်မှာ ပေါ်ပေါက်လာတဲ့ ကောင်းကင်ဘေးဒဏ်မို့လို့၊ ကျွန်တော့်ကိုတော့ ထိခိုက်မှာ မဟုတ်ပါဘူး”
လင်းရန်ယန်က အေးအေးဆေးဆေးပင် ရှင်းပြလိုက်တော့သည်။ ထို့နောက် သူသည် သူ၏ ညာလက်ကို ဆုပ်လိုက်ပေရာ...
“ဝုန်း”
တစ်ခဏအတွင်းမှာပင် သူ၏လက်ထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အပြာရောင် လျှပ်စီးတန်းတစ်ခု စုစည်းလာတော့သည်။ ထိုလျှပ်စီးသည် စွမ်းအားကြီးမားလွန်းလှသဖြင့် အောင်းထျန်းလုံနှင့် အခြားသူများမှာ ချက်ချင်း မျက်နှာ ပျက်သွားကြတော့သည်။
“ကောင်းကင်မိုးကြိုးစွမ်းအားပါလား၊ ညီလေး၊ မင်းက တကယ်ပဲ မိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်တာလား”
အောင်းထျန်းလုံမှာ အံ့ဩတကြီး အော်ဟစ်လိုက်တော့သည်။
“ဘာ၊ ဒါက ကောင်းကင်မိုးကြိုးလား”
ဝမ်မုန့်မှာလည်း ထိတ်လန့်သွားရ၏။
“ဒါက ကောင်းကင်မိုးကြိုးပေါ့လေ၊ အကယ်၍ တစ်ယောက်ယောက်ကိုသာ ထိသွားရင်၊ အငွေ့ပျံသွားမှာ မဟုတ်ဘူးလား”
ကျူးကော့ခုံဖျင်သည်လည်း ထိုလျှပ်စီးအတွင်းမှ ပြင်းထန်လှသော အရှိန်အဝါကို ခံစားမိနေသည်။
“ဒါကြောင့်လည်း ကောင်းကင်ဘေးဒဏ်တွေ ပေါ်ပေါက်လာရတာကိုး၊ ဂိုဏ်းတူအစ်ကိုကြီး ရှီးကျန့် တုန်းကလည်း မိုးကြိုးဓာတ်ခန္ဓာ နိုးကြားလာပြီး မိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်ချိန်မှာ၊ ကောင်းကင်မိုးကြိုးတွေ ပေါ်ပေါက်ခဲ့ဖူးတယ်၊ အခု ညီလေးက ကောင်းကင်မိုးကြိုးကို ထိန်းချုပ်နိုင်ပြီး ကောင်းကင်ဘေးဒဏ်တွေ ပေါ်လာတာကတော့ သဘာဝကျပါတယ်”
အောင်းထျန်းလုံသည် ရှီးကျန့်၏ မိုးကြိုးဓာတ်ခန္ဓာ နိုးကြားခဲ့သည့် နေ့ကို ပြန်လည် အမှတ်ရနေသည်။ သို့သော် ထိုကောင်းကင်ဘေးဒဏ်မှာ ထူးခြားသော ဖြစ်စဉ်တစ်ခု မဟုတ်ဘဲ ၊ လင်းရန်ယန်၏ ခန္ဓာကိုယ်ကို အသွင်ပြောင်းရန်အတွက် စနစ်က ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်ကိုမူ သူတို့ မသိနိုင်ကြပေ။
“ကဲ၊ ဒါတွေကို ခဏထားလိုက်ပါဦး၊ ကျွန်တော် ဒီမှာ အတော်လေး ရှုပ်ပွသွားအောင် လုပ်မိပြီထင်တယ်၊ အရင်ဆုံး ဒါတွေကို ပြန်ပြင်လိုက်ပါဦးမယ်”
လင်းရန်ယန်က ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ကာ မတတ်သာသလို ပြောလိုက်သည်။