အသရေဖျက်သောစွပ်စွဲချက်
Vol. 5 Ch. 47
“မင်းက လင်းရန်ယန်လား၊”
တာအိုရွှမ်းဇီ က မျက်ခုံးတစ်ချက် ပင့်လိုက်ရာမှ သူ၏ မျက်ဝန်းအိမ်များမှာ ပြင်းထန်စွာ ကျဉ်းမြောင်းသွားတော့သည်။ သူသည် ‘ကောင်းကင်မျက်စိ’ တန်ခိုးတော်ကို အသုံးပြုထားသဖြင့် လင်းရန်ယန် ၏ ခန္ဓာကိုယ်အတွင်း၌ မြေကမ္ဘာအရှင်သခင် အဆင့် (၅) ၏ အားကောင်းသော စွမ်းအားများ ကိန်းဝပ်နေသည်ကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်၏။ ထို့အပြင် မတူညီသော ဓာတ်ခန္ဓာ အမျိုးအစားများစွာမှာလည်း သူ၏ ကိုယ်ခန္ဓာအတွင်း၌ စုစည်းနေသေးသည်။
အမှန်စင်စစ် ဂိုဏ်းချုပ်ကြီးက ထိုအကြောင်းအရာအချို့ကို သူ့အား ကြိုတင်ပြောပြထားခဲ့သော်လည်း ၊ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရချိန်တွင်မူ သူ၏နှလုံးသားမှာ အတိုင်းအဆမရှိ တုန်လှုပ်သွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် လင်းရန်ယန်၏ လက်တွေ့အခြေအနေမှာ ရွှမ်းထျန်းဇီ ဖော်ပြခဲ့သည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ဖြစ်သည်။
ဤခဏ၌ ဘိုးဘေးကြီးသည် လင်းရန်ယန်ကို မြင်ရုံနှင့် အဘယ်ကြောင့် သေလုမတတ် ထိတ်လန့်သွားခဲ့ရသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။ ဤမျှ ကြောက်စရာကောင်းသော ပါရမီကို ရင်ဆိုင်ရပါက မည်သူကများ မတုန်လှုပ်ဘဲ နေနိုင်ပါမည်နည်း။
“တပည့် လင်းရန်ယန်၊ မဟာအကြီးအကဲကို ဂါရဝပြုပါတယ်၊”
လင်းရန်ယန်ကလည်း ပြုံးလျက် ဂါရဝပြု နှုတ်ဆက်လိုက်သည်။
“ကောင်းတယ်၊ ကောင်းတယ်၊ မော်ရှန်းဂိုဏ်းရဲ့ ဒီမျိုးဆက် တပည့်တွေနဲ့ဆိုရင်တော့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေတော့မှာပဲ ၊ မင်းရဲ့ ပါရမီက ငါ့ရဲ့ မြေး ရှီးကျန့် ထက်တောင် အများကြီး သာလွန်နေတာပဲ ၊ အဲဒီကောင်လေးသာ ဒီတစ်ခေါက် ပြန်လာလို့မှ မတိုးတက်သေးရင် ၊ သူ့ရဲ့ ဂိုဏ်းရဲ့ထိတ်တန်းတပည့် နေရာကတော့ သိပ်မကြာခင်မှာပဲ လွှဲပေးရတော့မယ့်ပုံပဲ၊”
မဟာအကြီးအကဲသည် ကျေနပ်စွာ ပြုံးလျက် သူ၏ မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်နေတော့သည်။
“မဟာအကြီးအကဲကလည်း နောက်နေပြန်ပြီ၊ ကျွန်တော်ကတော့ အဲဒီ ‘ဂိုဏ်းရဲ့ထိတ်တန်းတပည့်’ ဆိုတဲ့ ရာထူးကို ဘာစိတ်ဝင်စားမှုမှ မရှိပါဘူး၊”
လင်းရန်ယန်က ခပ်အေးအေးပင် ပြုံး၍ ဆိုလိုက်သည်။ ဤသည်မှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ နောက်ထပ် ဆယ်ရက်မပြည့်မီမှာပင် သူသည် ကောင်းကင်အရှင်သခင် အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်ရာ ၊ ထိုအချိန်ကျပါက သူသည် မော်ရှန်းဂိုဏ်း၏ မဟာအကြီးအကဲ တစ်ဦး ဖြစ်လာလိမ့်မည်။ ထိုအခါ သာမန် ဂိုဏ်းရဲ့ထိတ်တန်းတပည့်ဆိုသူမှာ သူ့ကို မြင်သည်နှင့် အရိုအသေ ပေးရမည်သာ ဖြစ်သည်။
“ဒါနဲ့၊ ဒီနားမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တဲ့ ပုံပဲ ၊ ပြီးတော့ ခုနက တစ်ကောင်းကင်လုံး ပြည့်သွားတဲ့ မိုးကြိုးတွေကရော ဘာဖြစ်တာလဲ၊”
တာအိုရွှမ်းဇီက မျက်မှောင်ကြုတ်လျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ လင်းရန်ယန်တွင် မြေဓာတ်ခန္ဓာနှင့် သစ်သားဓာတ်ခန္ဓာ ရှိနေသည်ကို သတိပြုမိသဖြင့် ပတ်ဝန်းကျင်ကို ပြန်လည်ပြုပြင်ထားသည်ကို သူ သိမြင်လိုက်သည်။ သို့သော် မိုးကြိုးများနှင့် ပတ်သက်၍မူ သူ ရောက်မလာမီမှာပင် မိုးတိမ်များ ကွယ်ပျောက်သွားခဲ့သဖြင့် ထိုစွမ်းအားများ မည်သည့်နေရာသို့ စုစည်းသွားသည်ကို သူကိုယ်တိုင်ပင် မသိရှိနိုင်လိုက်ပေ။
“ဘိုးဘေးကြီးကို တင်ပြပါတယ်၊ ‘ဇန့်ရှန်း’ ဆိုတဲ့ ဘေးအန္တရာယ်နယ်မြေကို စောင့်ကြပ်နေတဲ့ ဝတ်ရုံနီမီးဝိညာဉ်က မမျှော်လင့်ဘဲ ဝိညာဉ်ဘုရင်အဆင့်ကို တက်လှမ်းသွားပြီး ပြဿနာရှာခဲ့တာပါ ၊ ကံကောင်းတာက ကျွန်တော့်ရဲ့ ညီလေးတွေ ရှိနေလို့သာ အဲဒီဝတ်ရုံနီမီးဝိညာဉ်ကို နှိမ်နင်းနိုင်ခဲ့တာပါ ၊ အကြီးအကဲ ပြောတဲ့ မိုးကြိုးတွေအကြောင်းကိုတော့ ကျွန်တော်တို့လည်း မသိပါဘူး၊ အဲဒါက ရုတ်တရက်ကြီး ပျောက်ကွယ်သွားတာပဲ၊”
ထိုစဉ် အနား၌ရှိနေသော ကျူးကော့ခုံဖျင် က ဇဝေဇဝါ ဖြစ်နေသော ပုံစံဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။ လင်းရန်ယန်သည် သူ၏ အစွမ်းများကို ဖုံးကွယ်ထားလိုသည်ကို သိရှိထားသဖြင့် သူက ကူညီ၍ ဖုံးဖိပေးလိုက်ခြင်း ဖြစ်၏။ သူ၏ သရုပ်ဆောင်ချက်မှာ အလွန်ပင် ပီပြင်လှသဖြင့် ၊ ကြိုတင် ပြင်ဆင်ထားခြင်း မရှိဘဲ ဤမျှ သဘာဝကျကျ လိမ်လည်နိုင်စွမ်းရှိသည်ကို ဘေးရှိလူများပင် အံ့ဩသွားရတော့သည်။
“ဝတ်ရုံနီမီးဝိညာဉ်လား၊ အဲဒီအကောင်က နောက်ဆုံးတော့ အဆင့်တက်သွားပြီပေါ့ ၊ မင်းတို့လည်း မသိဘူးဆိုရင်တော့ ထားလိုက်ပါတော့၊ ငါကိုယ်တိုင်ပဲ ဆက်ပြီး စုံစမ်းကြည့်မယ် ၊ အောင်းထျန်းလုံ၊ မင်းတို့ အမြန်ဆုံး ဂိုဏ်းကို ပြန်ကြတာ ပိုကောင်းမယ် ၊ ငါ့အထင်တော့ ဒီကောင်းကင်ယံ ဖြစ်စဉ်ကြောင့် မိစ္ဆာကျင့်ကြံသူတွေနဲ့ ပါရမီရှင်တွေ အများကြီး ဒီကို ရောက်လာကြလိမ့်မယ် ၊ ဂိုဏ်းထဲမှာပဲ ခိုလှုံနေတာက အကောင်းဆုံးပဲ၊”
တာအိုရွှမ်းဇီက ကောင်းကင်ယံကို လေးနက်စွာ ကြည့်လိုက်ပြီးနောက် အောင်းထျန်းလုံတို့ကို သတိပေးစကား ပြောကြားလိုက်သည်။
“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ၊”
အောင်းထျန်းလုံက အမြန်ပင် ဂါရဝပြုလိုက်သည်။
“ရှူး”
နောက်တစ်ခဏ၌ တာအိုရွှမ်းဇီသည် ကျယ်ပြောလှသော ဓားစွမ်းအင်များကို ထုတ်ဖော်ကာ သူ၏ဓားပေါ်သို့ ပြန်လည်တက်လှမ်းပြီး ၊ အောင်းထျန်းလုံတို့၏ မြင်ကွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ မဟာအကြီးအကဲ ထွက်ခွာသွားသည်ကို မြင်သောအခါ အားလုံး၏ အကြည့်များမှာ ကျူးကော့ခုံဖျင်ထံသို့ ရောက်ရှိသွား၏။
ထိုအကြည့်များက သူ့ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေသည်။
“ဘာလို့ အားလုံးက ငါ့ကို ဝိုင်းကြည့်နေကြတာလဲ၊”
ကျူးကော့ခုံဖျင်က အနေခက်စွာဖြင့် သူ၏ခေါင်းကို ကုတ်လိုက်သည်။
“မဆိုးဘူးနော်၊ လိမ်ရတာ အတော်လေး ကျွမ်းကျင်တာပဲ ၊ ပြောစမ်းပါဦး၊ ကျွန်မကွယ်ရာမှာ ဘာမကောင်းတာတွေ လုပ်နေသေးလဲ၊”
ဝမ်မုန့် က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မိန်းမရယ်၊ ငါ့ရဲ့ နှလုံးသားထဲမှာ မင်းတစ်ယောက်တည်း ရှိတာပါ ၊ မင်းကွယ်ရာမှာ ဘာမကောင်းတာမှ မလုပ်ပါဘူး”
ကျူးကော့ခုံဖျင်မှာ ချက်ချင်းပင် ထိတ်လန့်သွားသော်လည်း သူ၏ မျက်နှာကိုမူ တည်ငြိမ်အောင် ထိန်းထားလိုက်သေးသည်။
“ငြင်းနေတုန်းလား၊ တခြားသူတွေက ရှင်လိမ်တာကို မသိပေမယ့် ကျွန်မကတော့ သိတာပေါ့ ၊ ရှင့်ရဲ့ နားထင်မှာ ချွေးတွေ ထွက်နေတာ ဘာလို့လဲ”
“ဟင်၊ ထွက်နေလို့လား၊ ငါ အတော်လေး ဖုံးထားတယ် ထင်နေတာကို”
ကျူးကော့ခုံဖျင်၏ မျက်နှာမှာ ပျက်သွားပြီး သူ၏ နားထင်ကို အမြန်ပင် စမ်းကြည့်လိုက်တော့သည်။ ကံဆိုးသည်မှာ ထိုနေရာ၌ ချွေးစက်တစ်စက်မျှ ရှိမနေခြင်းပင်။ သူသည် ချက်ချင်းပင် သူ၏ပါးစပ်ကို ပိတ်လိုက်တော့သည်။
သွားပြီ၊ ငါ ပါးစပ်ချော်သွားပြီ။
“မိန်းမရာ၊ ငါက... ငါက ‘ချန်ချွန်း’ ဥယျာဉ်ကို သွားပြီး အရက်ကလေး တစ်ခွက် နှစ်ခွက် သောက်ခဲ့ရုံတင်ပါ”
ကျူးကော့ခုံဖျင်က အမြန်ပင် ဆင်ခြေပေးကာ ရှင်းပြလိုက်တော့သည်။ ထိုဥယျာဉ်မှာ ရှုခရိုင်တစ်ခုလုံးတွင် အကျော်ကြားဆုံး ပြည့်တန်ဆာရုံ ဖြစ်သည်။
“အရမ်းကောင်းတာပေါ့၊ ရှင်က အဲဒီလိုနေရာမျိုးကိုတောင် သွားတယ်လားပေါ့ ဒီနေ့ကစပြီး ကျွန်မနဲ့ ယွင်ကောင်း တို့ မော်ရှန်းဂိုဏ်းကို ပြောင်းတော့မယ် ၊ ရှင်ကတော့ အဲဒီ ချန်ချွန်းဥယျာဉ်က မြေခွေးမတွေနဲ့ပဲ သွားနေတော့၊”
ဝမ်မုန့်၏ မျက်ဝန်းများမှာ အေးစက်သွားပြီး ကျူးကော့ခုံဖျင်ကို ချက်ချင်းပင် ကန်ချလိုက်၏။ ထို့နောက် သူမသည် လှည့်ထွက်သွားပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ယွင်ကောင်းကို လက်ဆွဲ၍ အိမ်ပြင်သို့ ထွက်လာတော့သည်။
“ဂိုဏ်းတူအစ်ကိုကြီး၊ မောင်လေး၊ ကျွန်မတို့ အရင်သွားနှင့်ပြီ၊”
သူမသည် အောင်းထျန်းလုံနှင့် လင်းရန်ယန်ကို နှုတ်ဆက်ပြီးနောက် ၊ နောက်သို့ပင် လှည့်မကြည့်ဘဲ မော်ရှန်းဂိုဏ်းဆီသို့ ထွက်ခွာသွားတော့သည်။
“ဖေဖေ၊ ဘာဖြစ်တာလဲ၊ အစ်မက ဘာလို့ ဒီလောက်တောင် စိတ်တိုသွားရတာလဲ၊”
အောင်းနင်ရွှမ်း သည်လည်း အိမ်ထဲမှ ထွက်လာကာ ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
“ဘာဖြစ်ရမှာလဲ၊ လင်မယားချင်း ရန်ဖြစ်ကြတာပေါ့၊”
အနား၌ရှိနေသော လင်းရန်ယန်မှာ ပွဲကြည့်နေရသူအလား အေးအေးဆေးဆေးပင် ဆိုလိုက်သည်။
“ညီလေး၊ အို... ညီလေးရာ ၊ မင်း အရင်တုန်းက ငါ့ကို ကတိပေးခဲ့တယ်လေ၊ ညီမလေးကို သေချာ ဂရုစိုက်ပါ့မယ်ဆိုပြီးတော့ ၊ နှစ်တွေကြာလာတော့ မင်းက ဒီလိုလူမျိုး ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ၊”
အောင်းထျန်းလုံသည်လည်း ကျူးကော့ခုံဖျင်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ သူက ထိုသို့မပြောလျှင် တော်သေး၏။ သူပြောလိုက်သည့် ခဏ၌ပင် ကျူးကော့ခုံဖျင်မှာ ဒေါသတကြီး ပေါက်ကွဲသွားတော့သည်။
“ငါက ဘာဖြစ်သွားလို့လဲ၊ မင်းသာ အဲဒီတုန်းက မင်းရဲ့ မိန်းမနဲ့ သားကို ပစ်မသွားခဲ့ရင် ၊ ငါ့မိန်းမက ငါ့ကို အခုလို လျစ်လျူရှုမှာ မဟုတ်ဘူး ၊ ငါ့မိန်းမသာ ငါ့ကို ဂရုစိုက်ရင် ငါလည်း ချန်ချွန်းဥယျာဉ်ကို သွားစရာ အကြောင်းမရှိဘူး ၊ ပြီးတော့ ငါက သီချင်းလေး နားထောင်ရုံတင်ပါ ၊ တကယ်ဘာမှမလုပ်ခဲ့ပါဘူး ၊ မင်းရဲ့သား ယွင်ကောင်းကို ငါ့သားအရင်းလို ပြုစုပျိုးထောင်ပေးခဲ့ရတာ လွယ်တယ် ထင်နေလား”
ကျူးကော့ခုံဖျင်သည် နှစ်ပေါင်းများစွာ ရင်ထဲ၌ သိမ်းဆည်းထားခဲ့သော မကျေနပ်ချက်များကို တစ်ပြိုင်နက်တည်း ဖွင့်ချလိုက်တော့သည်။ သို့သော် သူပြောလိုက်သည့် စကားကြောင့် အောင်းထျန်းလုံနှင့် အောင်းနင်ရွှမ်းတို့မှာ ကြက်သေ သေသွားကြ၏။
“ယွင်ကောင်းက ငါ့သား ဟုတ်လား၊”
“ယွင်ကောင်းက ဖေဖေရဲ့သားလား”
နှစ်ယောက်စလုံးမှာ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြစ်သွားကြတော့သည်။ အောင်းထျန်းလုံမှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားခဲ့တော့သည်။ အသက်ငါးဆယ်အရွယ် လူပျိုကြီးဖြစ်သော သူသည် အဘယ်ကြောင့် ရုတ်တရက် သားတစ်ယောက် ရလာရသနည်း။
“ဖေဖေ၊ ဒါ တကယ်ပဲလား။ ယွင်ကောင်းက သမီးရဲ့ မောင်လား ဒါမှမဟုတ် အစ်ကိုလား”
အောင်းနင်ရွှမ်းက အံ့ဩဝမ်းသာစွာဖြင့် မေးမြန်းလိုက်၏။ သူမတွင် မောင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
“တကယ်လား ဟုတ်လို့လား၊ မဖြစ်နိုင်တာတွေ”
အောင်းထျန်းလုံမှာ အောင်းနင်ရွှမ်းကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
“ညီလေး၊ မင်းက ထမင်းကို စားချင်တိုင်း စားလို့ရတယ် ၊ စကားကိုပြောချင်တိုင်း ပြောလို့မရဘူး ၊ ညီမလေးနဲ့ ငါက လုံးဝ သန့်ရှင်းတယ်၊ ဒီလို အသရေတဲ့ဖျက်စွပ်စွဲချက်တွေကို မပြောစမ်းပါနဲ့၊”
အောင်းထျန်းလုံကလည်း အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်၏။
“ဒါကို ဆရာကိုယ်တိုင် ငါ့ကို ပြောခဲ့တာလေ၊ မင်းက ငြင်းချင်သေးတာလား”
ကျူးကော့ခုံဖျင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ရပ်များကို ပြန်လည် ပြောပြလိုက်တော့သည်။
လွန်ခဲ့သော ၁၈ နှစ်က အောင်းထျန်းလုံ၏ ဆရာဖြစ်သူ ကောင်းကင်အရှင်သခင် ဝမ်ယွမ် သည် အနောက်ဘက်ဒေသမှ ပြန်လာပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ဘိုးဘေးကြီးပင်လျှင် မကုသပေးနိုင်ခဲ့ပေ။ သူ သေအံ့ဆဲဆဲအချိန်တွင် တပည့်နှစ်ဦးစလုံးကို သူ၏ အိပ်ရာဘေးသို့ ခေါ်ယူခဲ့၏။ ကျူးကော့ခုံဖျင် ပထမဆုံး ဝင်လာချိန်၌ ဝမ်ယွမ်၏ ပထမဆုံး စကားမှာ သူ၏သမီးတွင် ကိုယ်ဝန်ရှိနေပြီး ၊ ထိုကလေးမှာ အောင်းထျန်းလုံ၏ ကလေးဖြစ်သည် ဟူ၍ပင်။ ထိုစဉ်က ကျူးကော့ခုံဖျင်မှာ လုံးဝကို မှင်သက်သွားခဲ့ရတော့သည်။