ကယ်တင်ခြင်း
Vol. 5 Ch. 48
သို့ရာတွင် ဆရာဖြစ်သူက ဆက်လက်၍ ဆိုသည်မှာ အောင်းထျန်းလုံ သည် ကျင့်ကြံခြင်းကိုသာ ဦးစားပေးပြီး ကလေးကို မလိုချင်ဟု ငြင်းဆန်ခဲ့သဖြင့် ၊ ကျူးကော့ခုံဖျင် အနေဖြင့် ထိုတာဝန်ကို လွှဲပြောင်းရယူလိုခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ အချစ်ကြီးသူ ကျူးကော့ခုံဖျင်မှာမူ သူ၏ ‘နတ်ဘုရားမ’ နှင့် နီးစပ်ခွင့်ရမည့် အခွင့်အရေးကို ဝမ်းမြောက်ပီတိဖြစ်စွာ လက်ခံခဲ့တော့သည်။
ထို့နောက်တွင်မူ ကောင်းကင်အရှင်သခင် ဝမ်ယွမ် ကွယ်လွန်သွားခဲ့ပြီး ၊ အောင်းထျန်းလုံသည် မိစ္ဆာသုတ်သင်ဓားကို ရရှိကာ အနောက်ဘက်ဒေသရှိ ဘေးအန္တရာယ်နယ်မြေကို စောင့်ကြပ်ရန် ထွက်ခွာသွားခဲ့၏။
နှစ်ပေါင်း ၁၈ နှစ် တိုင်ကြာမြင့်သွားခဲ့သည်။ ကံဆိုးသည်မှာ ယွင်ကောင်း သည် လမစေ့ဘဲ မွေးဖွားလာခဲ့သဖြင့် မွေးရာပါ အားနည်းချက်များ ရှိနေခဲ့ပြီး အမြဲတစေ ပိန်ချုံးနေသည်။ ထို့ကြောင့်ပင် ကျူးကော့ခုံဖျင်သည် ဤကလေးမှာ အောင်းထျန်းလုံ၏ သားဖြစ်သည်ဟု အမြဲတစေ ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
အောင်းထျန်းလုံမှာမူ ဇာတ်ကြောင်းတစ်ခုလုံးကို ကြားလိုက်ရချိန်တွင် လုံးဝကို ဆွံ့အမှင်သက်သွားရ၏။
“မဟုတ်ဘူး၊ ဒါ လုံးဝ မဟုတ်သေးဘူး၊ ဆရာက အဲဒီတုန်းက ငါ့ကို ပြောတာတော့ ကလေးက မင်းရဲ့ကလေးပါဆိုပြီး ပြောခဲ့တာလေ၊ ပြီးတော့ ငါ့ကို ညီမလေးနဲ့ လက်ထပ်ဖို့ရော ဆန္ဒရှိလားလို့ မေးခဲ့သေးတယ်၊ မင်းတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်ရှိနေကြတာကို ငါမြင်နေရတာရယ်၊ ငါကလည်း ညီမလေးကို ညီမအရင်းလိုပဲ သဘောထားတာရယ်ကြောင့် မင်းကို လွှဲပေးခဲ့တာလေ၊ အခုကျမှ ဘယ်လိုဖြစ်ပြီး ဒီကလေးက ငါ့သားပါလို့ ပြောနိုင်ရတာလဲ”
အောင်းထျန်းလုံမှာ အံ့ဩတုန်လှုပ်လျက် ဆိုလိုက်သည်။
“မဖြစ်နိုင်တာ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း စောစောက စကားကို ပြန်ပြောကြည့်စမ်းပါဦး၊ မင်းရဲ့စကားကို ညီလေးနဲ့ နင်ရွှမ်းတို့က ယုံမယ် ထင်နေလား၊ အောင်းထျန်းလုံ၊ မင်းကတော့ သားဖြစ်သူကို တာဝန်မယူချင်လို့ ဆရာ့ကို ခုတုံးလုပ်ပြီး အရှက်မရှိ လိမ်နေတာပဲ”
ကျူးကော့ခုံဖျင်က ဒေါသတကြီး ဆဲရေးလိုက်တော့သည်။ ဂိုဏ်းတူအစ်ကိုကြီးသည် ကလေးမှာ သူ၏သားဖြစ်ကြောင်း ဝန်မခံလိုသဖြင့် ဆရာ့ကို အကာအကွယ်ယူကာ လိမ်လည်နေသည်ဟု သူ ထင်မှတ်နေ၏။
“ဖေဖေ၊ ယွင်ကောင်းက ဖေဖေရဲ့သား အစစ်ဆိုရင်လည်း အပိုတွေ ငြင်းမနေပါနဲ့တော့၊”
အမှန်စင်စစ် အောင်းနင်ရွှမ်း ပင်လျှင် သူမ၏ ဖခင်စကားကို မယုံကြည်တော့ပေ။
“ငါက ဝန်မခံတာ မဟုတ်ပါဘူး၊ ညီမလေး လျန်နဲ့ ငါက လုံးဝ သန့်ရှင်းတယ်၊ ငါက အခုထိ လူပျိုစစ်စစ်ကြီးပါ၊ ဒီလောက်ကြီးတဲ့ သားတစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ၊”
အောင်းထျန်းလုံမှာ အကျိုးအကြောင်း ခိုင်လုံနေသော်လည်း ယခုအခါတွင်မူ မည်သို့မျှ ရှင်းပြ၍ မရနိုင်တော့သဖြင့် ၊ မိမိကိုယ်မိမိ လူပျိုစစ်စစ်ဖြစ်ကြောင်း အသည်းအသန် ပြောဆိုနေရတော့သည်။ သူသည် သူ၏ လက်ထိပ်ကို ကိုက်လိုက်ရာ ၊ လတ်ဆတ်သော သွေးစက်အချို့မှာ ရုတ်ချည်း ထွက်ပေါ်လာ၏။ ထိုသွေးအတွင်းရှိ မိစ္ဆာများကို နှိမ်နင်းနိုင်သော စွမ်းအား မှာ လူပျိုစစ်စစ်များသာ ပိုင်ဆိုင်နိုင်သော အရာဖြစ်သည်။
“မဖြစ်နိုင်တာ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျူးကော့ခုံဖျင်မှာ ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားရ၏။ အကယ်၍ ဂိုဏ်းတူအစ်ကိုကြီးသာ လူပျိုစစ်စစ် ဆိုလျှင် ၊ ယွင်ကောင်းမှာ သူ၏ သားအရင်း ဖြစ်နေသညဟု ညွှန်ပြနေသည်။ ပြန်လည် တွက်ချက်ကြည့်လျှင် ယွင်ကောင်းသည် လက်ထပ်ပြီး ခုနစ်လအကြာတွင် မွေးဖွားလာခဲ့သော်လည်း ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုမှာ အားနည်းနေခဲ့သည်။ အရင်က သူ သတိမထားမိခဲ့သော်လည်း ၊ ယခုခါတွင်မူ ထိုသိူ့ဖြစ်ရသည်မှာ လမစေ့ဘဲ မွေးဖွားလာခြင်း ဖြစ်သည်။
ယွင်ကောင်း၏ သွေးကြောများမှာ မွေးရာပါ အားနည်းနေခဲ့သော်လည်း ၊ ဖွံ့ဖြိုးပြီးသော အစိတ်အပိုင်းများမှာမူ အလွန်ပင် ခိုင်မာတောင့်တင်းလှသဖြင့် ၊ ပါရမီမရှိသူ တစ်ဦးနှင့် လုံးဝ မတူပေ။
“ဟုတ်ပြီ၊ အကြီးအကဲ ရှို့၊ သူက အဲဒီတုန်းက ရှိနေခဲ့တာပဲ၊ ငါ သူ့ကို သွားမေးမယ်၊”
ကျူးကော့ခုံဖျင်သည် ဆရာဖြစ်သူ ကွယ်လွန်သွားပြီ ဖြစ်သော်လည်း အကြီးအကဲရှို့ ရှိနေသေးသည်ကို သတိရသွား၏။ သူသည် ချက်ချင်းပင် ကျူးကော့မိသားစု အိမ်တော်သို့ ပြေးဝင်သွားပြီး အကြီးအကဲရှို့ကို အတင်းအဓမ္မ ဆွဲခေါ်လာတော့သည်။
“ပြောစမ်းပါဦး အကြီးအကဲရှို့၊ အဲဒီနှစ်က ဆရာမဆုံးခင်မှာ ကျွန်တော်နဲ့ ဂိုဏ်းတူအစ်ကိုကြီးကို ပြောခဲ့တဲ့ စကားတွေရဲ့ အမှန်တရားက ဘာလဲ”
အောင်းထျန်းလုံကလည်း သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ရန်အတွက် အလျင်အမြန် မေးမြန်းလိုက်၏။
“ဟမ်၊ ဘာတွေအကြောင်း ပြောနေကြတာလဲ၊”
အကြီးအကဲရှို့၏ ရင်ခုန်သံမှာ မြန်ဆန်သွားပြီး ၊ သူက ဘာမှမသိသလိုပင် ဟန်ဆောင်နေတော့သည်။
“အကြီးအကဲရှို့၊ ဟန်ဆောင်မနေပါနဲ့တော့၊ မြေကမ္ဘာအရှင်သခင် အဆင့် (၁၀) ရှိတဲ့ ပညာရှင်ကြီး တစ်ယောက်က ဘယ်လိုလုပ်ပြီး သူငယ်ပြန်ရောဂါ ရနေမှာလဲ၊ အကယ်၍ အဘိုးသာ အမှန်အတိုင်း မပြောရင် ၊ ဒီညီအစ်ကို နှစ်ယောက်ကတော့ သတ်ကြတော့မှာပဲ၊ အဲဒီကျရင် အဘိုး သေသွားတဲ့ ကောင်းကင်အရှင်သခင် ဝမ်ယွမ်ကို ဘယ်လို မျက်နှာပြမလဲ၊”
အနား၌ရှိနေသော လင်းရန်ယန် ကလည်း ဝင်ရောက် ပြောဆိုလိုက်သည်။
“ဘာ၊ အကြီးအကဲရှို့၊ အဘိုးရဲ့ သူငယ်ပြန်ရောဂါက အတုကြီးလား၊”
ကျူးကော့ခုံဖျင်မှာ မှင်သက်သွားရ၏။ လင်းရန်ယန်၏ စကားကို ကြားလိုက်ရချိန်တွင် အကြီးအကဲရှို့မှာ ဆက်လက် ဟန်ဆောင်မနေတော့ဘဲ ၊ ကုန်းနေသော သူ၏ ကျောပြင်ကြီးမှာလည်း ရုတ်ချည်းပင် မတ်သွားတော့သည်။
“စကားမများနဲ့စမ်း၊ မင်းတို့မိသားစုက တစ်နေ့ကုန် ရန်ဖြစ်နေကြတာကိုး၊ ငါလည်း နောက်ထပ် နှစ်အနည်းငယ်လောက်တော့ အေးအေးဆေးဆေး နေချင်သေးတာပေါ့၊”
အကြီးအကဲရှို့က ကျူးကော့ခုံဖျင်ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် ၊ ထိုနှစ်က ဖြစ်ရပ်အားလုံးကို အသေးစိတ် ပြန်လည် ပြောပြလိုက်တော့သည်။
“သခင်ကြီးကတော့ ဘယ်သူက သူ့သမီးအပေါ်မှာ စစ်မှန်တဲ့ စိတ်ထားရှိလဲဆိုတာကို စမ်းသပ်ချင်ခဲ့ရုံပါပဲ၊ ငါ့အမြင်ပြောရရင်တော့ ၊ ဒါကို ကြိုသိခဲ့ရင် သမီးကို ဂိုဏ်းရဲ့ထိတ်တန်းတပည့်နဲ့ပဲ ပေးစားလိုက်တာ ပိုကောင်းမယ်၊ မင်းကို ကြည့်စမ်းပါဦး၊ နှစ်အနည်းငယ်အတွင်းမှာ ဝက်တစ်ကောင်လို ဖြစ်နေပြီ”
အကြီးအကဲရှို့က ကျူးကော့ခုံဖျင်ကို အထင်သေးစွာဖြင့် ကြည့်လိုက်၏။
“ဒါဆို... ယွမ်ကောင်းက ငါ့သား အစစ်ပေါ့လေ၊ ငါ့မှာ တကယ်ပဲ သားတစ်ယောက် ရှိနေတာလား၊”
ဤခဏ၌ ကျူးကော့ခုံဖျင်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။
“ဟင်၊ ဒါဆိုရင် သမီးမှာ မောင်လေးရော အစ်ကိုရော မရှိတော့ဘူးပေါ့လေ”
အောင်းနင်ရွှမ်းမှာမူ အနည်းငယ် စိတ်ပျက်သွားရပေ၏။ သို့သော် နောက်တစ်ခဏ၌ သူမသည် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
“နေဦး ဖေဖေ၊ ဖေဖေက လူပျိုအစစ်ဆိုရင် ၊ သမီးကို ဘယ်လိုလုပ် မွေးခဲ့တာလဲ”
အောင်းနင်ရွှမ်း၏ စကားကြောင့် ဝမ်းသာနေသော ကျူးကော့ခုံဖျင်ပင်လျှင် ငြိမ်သက်သွားရ၏။
“အင်း... သမီး နည်းနည်း ပိုကြီးလာတဲ့အထိ စောင့်ပြီးမှ ပြောပြမလို့ပါပဲ၊ ဒါပေမဲ့ အခြေအနေတွေက ဒီလိုဖြစ်လာပြီဆိုတော့လည်း မတတ်နိုင်တော့ဘူး၊ သမီးလေး ၊ ဖေဖေက သမီးကို ဘေးအန္တရာယ်နယ်မြေမှာ စောင့်ကြပ်နေတုန်း အနားမှာ တွေ့ခဲ့တာပါ၊ သမီးရဲ့ မိဘတွေကတော့ အဲဒီတုန်းက သမီးတစ်ယောက်တည်းပဲ ရှိနေတာမို့ ၊ သူတို့ အသက်ရှင်နေသေးလားဆိုတာကို ဖေဖေလည်း မသိဘူး”
အောင်းထျန်းလုံက သက်ပြင်းချလျက် ဆိုလိုက်သည်။ ကျူးကော့ခုံဖျင်မှာမူ ဤပြဿနာအားလုံးမှာ သူ၏ အမှားများကြောင့် ဖြစ်ခဲ့ရသည်ကို သိသောကြောင့် နေရခက်နေတော့သည်။
“နင်ရွှမ်း၊ ဝမ်းမနည်းပါနဲ့၊ ဘာမှမသိခဲ့သလိုပဲ သဘောထားလိုက်ပါ၊ သမီးက ဖေဖေ့ရဲ့ အချစ်ဆုံး သမီးလေး အဖြစ်ပဲ ဆက်ရှိနေမှာပါ”
အောင်းထျန်းလုံက သမီးဖြစ်သူကို အမြန်ပင် ချော့မော့လိုက်၏။
“ဟီးဟီး၊ ဝမ်းနည်းစရာ ဘာရှိလို့လဲ၊ ဖေဖေနဲ့ ဆုံတွေ့ရတာက သမီးအတွက် အကြီးမားဆုံး ကံကောင်းမှုပါပဲ၊”
မမျှော်လင့်ဘဲ အောင်းနင်ရွှမ်းက ပျော်ရွှင်စွာ ပြုံးပြလိုက်တော့သည်။
“ဟားဟား၊ ငါ သိတာပေါ့၊ ငါအောင်းထျန်းလုံရဲ့ သမီးက ဒီလိုကိစ္စလေးနဲ့တော့ အရှုံးမပေးပါဘူး၊ ကဲ သွားကြစို့၊ ငါတို့ မော်ရှန်းဂိုဏ်းကို ပြန်ကြမယ်၊ ညီလေး၊ မင်းကတော့ ဒီမှာပဲ လူပျိုကြီး ဘဝနဲ့ တစ်ယောက်တည်း ကျန်ခဲ့တော့”
အောင်းထျန်းလုံက အားရပါးရ ရယ်မောလိုက်ပြီးနောက် အောင်းနင်ရွှမ်းကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
“မဖြစ်နိုင်တာ၊ ဂိုဏ်းတူအစ်ကိုကြီး၊ မင်းက ဒီအတိုင်းကြီး ထွက်သွားတော့မှာလား”
ကျူးကော့ခုံဖျင်မှာ မှင်သက်ကျန်ရစ်ခဲ့၏။
“ငါလည်း သခင်လေးတို့နဲ့ လိုက်သွားတော့မယ်၊ ကျူးကော့မိသားစု အိမ်တော်ကိုတော့ မင်းပဲ တာဝန်ယူလိုက်တော့”
အကြီးအကဲရှို့ပင်လျှင် ကျူးကော့ခုံဖျင်၏ ပုခုံးကို ပုတ်ကာ သူတို့နောက်သို့ လိုက်ပါသွားတော့သည်။ ထိုစဉ် ကျူးကော့ခုံဖျင်က လင်းရန်ယန်ထံသို့ အကြည့်များ ပို့လိုက်ပေရာ...
“ညီလေး...”
“ဟဲဟဲ၊ ဂိုဏ်းတူအစ်ကိုကြီး၊ ကျွန်တော်ကတော့ ဂိုဏ်းကိုပြန်ပြီး မစ်ရှင် သွားအပ်ရဦးမယ်၊ သိတယ်မလား၊ ဒီကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ကျွန်တော့်လို ခန့်ညားတဲ့ ကယ်တင်ရှင်မျိုး လိုအပ်နေသေးတယ်လေ”
လင်းရန်ယန်က စကားကို ဖြတ်ပြောလိုက်ပြီးနောက် အောင်းထျန်းလုံတို့နောက်သို့ အမြန်ပင် ပြေးလိုက်သွားတော့သည်။
“မဖြစ်နိုင်တာ၊ ညီလေးပါ ငါ့ကို ပစ်သွားကြပြီလား၊”
ကျူးကော့ခုံဖျင်မှာ တိတ်ဆိတ်ခြောက်ကပ်သွားသော သူ၏အိမ်တော်ကို ကြည့်ကာ မြေပြင်ပေါ်သို့ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့သည်။
ထိုအချိန်မှာပင်။
ကီလိုမီတာ တစ်ထောင်ကျော် ဝေးကွာသော တောင်ထိပ်တစ်ခုပေါ်၌
နက်မှောင်သော ဝတ်ရုံကို ဝတ်ဆင်ထားသည့် တာအိုဆရာအိုကြီး တစ်ဦးသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ဆင်းသက်လာ၏။ သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် အပြာရောင် မိုးကြိုးစွမ်းအားများ တဖျတ်ဖျတ် တောက်လောင်နေသည်။
“ဝုန်း”
အဆုံးမဲ့သော ကောင်းကင်မိုးကြိုးစွမ်းအားများမှာ သူ၏ ကိုယ်ခန္ဓာအတွင်းမှ ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
“ကောင်းကင်မိုးကြိုးစွမ်းအား၊ ဟားဟားဟား၊ ငါက နောက်ဆုံးတော့ ကောင်းကင်မိုးကြိုးစွမ်းအားကို ထိန်းချုပ်နိုင်ခဲ့ပြီ၊”
ဤခဏ၌ တာအိုဆရာအိုကြီးမှာ ကောင်းကင်ယံကို ကြည့်ကာ အားရပါးရ ရယ်မောနေတော့သည်။ ဤမျှသာမက သူ၏ အရှိန်အဝါမှာလည်း မူလက မြေကမ္ဘာအရှင်သခင် အဆင့် (၁၀) မှ ကောင်းကင်အရှင်သခင် အဆင့်သို့ ခုန်တက်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားခြင်းနှင့်အတူ ဒုတိယအဆင့် မိုးကြိုးဓာတ်ခန္ဓာတို့ ပေါင်းစပ်လိုက်ပါက ၊ ထုတ်ဖော်နိုင်သော စွမ်းအားမှာ တတိယအဆင့် မိုးကြိုးဓာတ်ခန္ဓာနှင့် ညီမျှနေပြီဖြစ်သည်။ ထို့အပြင် ကောင်းကင်အရှင်သခင် အဆင့်သို့လည်း ရောက်ရှိသွားပြီ ဖြစ်ရာ...
ဤမျှ ကြောက်စရာကောင်းသော အစွမ်းမျိုးဖြင့်ဆိုပါက ၊ သာမန် ကောင်းကင်အရှင်သခင် အဆင့် (၃) ပညာရှင် တစ်ဦးပင်လျှင် သူ၏ ပြိုင်ဘက် မဟုတ်တော့ချေ။ ထို့အပြင် သူသည် အခုမှ အဆင့်တက်လှမ်းထားခြင်းသာ ရှိသေးသည်။