← Chapters

ပြစ်ဒဏ်ခတ်ခြင်း

Vol. 5 Ch. 49

ပြစ်ဒဏ်ခတ်ခြင်း

Vol. 5 Ch. 49

“ကောင်းကင်အရှင်သခင် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဖေဖေ့ကို ဂုဏ်ပြုပါတယ်”

မြေပြင်ပေါ်တွင် ရှိနေသော တာအိုဆရာလေးမှာလည်း စိတ်လှုပ်ရှားစွာဖြင့် ဝမ်းမြောက်ကြောင်း ဆိုလိုက်သည်။ သို့သော် ထိုခဏ၌ပင် တာအိုဆရာအိုကြီး၏ အကြည့်များမှာ စူးရှတင်းမာသွားပြီး သူ၏ သားဖြစ်သူထံသို့ ကျရောက်သွားတော့သည်။

“မင်းရဲ့ကိုယ်ပေါ်မှာ ဘာလို့ ‘ဝိညာဉ်ထွက်ခွာခြင်း’ အရှိန်အဝါတွေ ရှိနေရတာလဲ၊ မင်း ဘာတွေ သွားလုပ်ခဲ့တာလဲ”

ရုတ်တရက် တာအိုဆရာအိုကြီးက အေးစက်သော မျက်ဝန်းများဖြင့် မေးမြန်းလိုက်၏။ ထိုစကားကို ကြားလိုက်ရချိန်တွင် လူငယ်လေး၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

“ဖေဖေ၊ ကျွန်တော်ရှင်းပြတာကို နားထောင်ပါဦး၊”

လူငယ်လေးမှာ အသနားခံရန် အမြန်ပင် ကြိုးစားလိုက်သော်လည်း...

“ဝုန်း”

ကံဆိုးစွာပင် နောက်တစ်ခဏ၌ တာအိုဆရာအိုကြီး၏ လက်ဝါးအတွင်းမှ အပြာရောင် လျှပ်စီးတန်းတစ်ခု ရုတ်ချည်း ပွင့်ထွက်လာတော့သည်။ ထိုမိုးကြိုးစွမ်းအားမှာ လူငယ်လေး၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွား၏။

“ပလပ်”

ခဏအတွင်းမှာပင် လူငယ်လေး၏ ပါးစပ်မှ ညစ်ညမ်းသော သွေးပုပ်များ ပန်းထွက်လာပြီး ၊ သူ၏ ကိုယ်ခန္ဓာမှာလည်း မီတာ ဒါဇင်ပေါင်းများစွာ ဝေးရာသို့ လွင့်စင်သွားတော့သည်။

“ဝုန်း... ဂွမ်”

နောက်ဆုံးတွင် ကျယ်လောင်လှသော အသံကြီးနှင့်အတူ လူငယ်လေးမှာ ကျောက်ဆောင် နံရံကြီးနှင့် ရိုက်မိကာ သတိလစ် မေ့မြောသွားတော့သည်။

“ဟင်း၊ ပြုပြင်လို့ မရတဲ့ကောင်၊ မင်းသာ ငါ့သား မဟုတ်ရင် ၊ မင်းကို ငါ သတ်ပစ်လိုက်တာ ကြာလှပြီ”

တာအိုဆရာအိုကြီးမှာ သတိလစ်နေသော သူ၏သားကို ကြည့်ကာ သနားညှာတာမှု အလျင်းမရှိဘဲ ဒေါသများသာ ပြည့်နှက်နေ၏။ ထို့နောက် သူသည် ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်ပြီး...

“’ငရဲထောင်သွေး’ ဆိုတာ နောက်ဆုံးတော့ ကပ်ဘေးတစ်ခုပါပဲ၊ မင်းကတော့ သေတာတောင် ငါ့အတွက် ဒီလို ဝန်ထုပ်ဝန်ပိုးမျိုး ချန်ထားခဲ့ရသေးတယ်”

တာအိုဆရာအိုကြီးက ကောင်းကင်ယံကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ နောက်တစ်ခဏ၌ သူသည် အနားတွင် လဲလျောင်းနေသော သားဖြစ်သူကို ဂရုမစိုက်တော့ဘဲ ဂူအတွင်းသို့ ပြန်လှည့်ဝင်သွားတော့သည်။

သို့သော် ထူးဆန်းသည်မှာ လူငယ်လေး၏ ပတ်ဝန်းကျင်၌ အမည်းရောင် ဝိညာဉ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအမည်းရောင် ဝိညာဉ်ငွေ့များ ရောက်ရှိရာ နေရာတိုင်းတွင် လူငယ်လေး၏ ဒဏ်ရာများမှာ လျင်မြန်စွာ ပြန်လည် ကုသသွားတော့သည်။ တာအိုဆရာအိုကြီးမှာ ဤမြင်ကွင်းကို သတိပြုမိသော်လည်း ၊ တစ်ကြိမ်ထက်မက မြင်တွေ့ဖူးသဖြင့် အာရုံစိုက်ခြင်း မရှိပေ။

နောက်တစ်နေ့ နံနက်စောစောတွင် အောင်းထျန်းလုံ နှင့် သူ၏အဖွဲ့မှာ မော်ရှန်းတောင်ခြေသို့ ရောက်ရှိလာကြသည်။ မော်ရှန်းဂိုဏ်းကို အားကောင်းလှသော ‘ကောင်းကင်အဆင့်မြင့် အကာအကွယ် စီရင်စု’ ဖြင့် အမြဲတစေ ဖုံးကွယ်ထားပေသည်။

သာမန်လူများအနေဖြင့် ငါးနှစ်တစ်ကြိမ် ကျင်းပသော တပည့်သစ် လက်ခံပွဲနေ့၌သာ မော်ရှန်းဂိုဏ်း၏ တံခါးဝကို မြင်တွေ့နိုင်ကြ၏။ ပုံမှန်အချိန်များတွင်မူ မြင့်မားလှသော တောင်တန်းကြီးများနှင့် မတ်စောက်သော လျှိုမြောင်များကိုသာ တွေ့မြင်ရမည် ဖြစ်သည်။

“ဝိုး၊ ဖေဖေ၊ မော်ရှန်းတောင်ရဲ့ ရှုခင်းက တကယ့်ကို လှတာပဲ၊ အနောက်ဘက်ဒေသမှာတော့ ဒီလောက် သစ်ပင်တွေ မရှိဘူး”

လမ်းဘေးရှိ တောပန်းလေးများကို ကြည့်ကာ အောင်းနင်ရွှမ်း မှာ ပျော်ရွှင်စွာ ဆွတ်ခူးနေတော့သည်။ သူမသည် ထိုပန်းလေးများကို ဆံပင်တွင် ကပ်လျက် ၊ သူမ လှရဲ့လားဟု လင်းရန်ယန် နှင့် အောင်းထျန်းလုံကို မေးမြန်းနေ၏။

“အမေရာ၊ ကျွန်တော်တို့ ဘယ်လောက်တောင် ထပ်လျှောက်ရဦးမှာလဲ၊ တစ်ညလုံး လျှောက်လာရတာ ၊ ကျွန်တော်တော့ မောလို့ သေတော့မယ်”

တစ်ဖက်တွင်မူ ယွင်ကောင်း မှာ နာကျင်ပင်ပန်းနေသော မျက်နှာဖြင့် ညည်းတွားနေသည်။

“မင်းက ဒီအရွယ်တောင်ရောက်နေပြီ ၊ တောင်တက်တာလေးတောင် မလုပ်နိုင်ဘူးလား၊ ဘာလဲ... မင်းအဖေလို ဝက်အိုကြီး ဖြစ်ချင်လို့လား၊ မြန်မြန် လျှောက်စမ်း”

သားဖြစ်သူ၏ ဇွဲမရှိမှုကို မြင်သောအခါ ဝမ်မုန့် သည် အကြောင်းပြချက်မရှိဘဲ သူမ၏ အသုံးမကျသော လင်တော်မောင်ကို သတိရသွားသည်။ ယွင်ကောင်းသည် သူ၏ ဖခင်ပုံစံကို တွေးမိသည်နှင့် တစ်ကိုယ်လုံး တုန်တက်သွားပြီး ၊ အမြန်ပင် စိတ်တင်းကာ ဆက်လက် တက်လိုက်ရတော့သည်။

မကြာမီ သူတို့အားလုံးမှာ မော်ရှန်းဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိလာပြီ ဖြစ်သည်။ လင်းရန်ယန်သည် သူ၏ တပည့်အမှတ်အသား တံဆိပ်ပြားကို ထုတ်ယူကာ လေဟာနယ်အတွင်းသို့ ဖိနှိပ်လိုက်ရာ...

“ဝုန်း”

ချက်ချင်းဆိုသလိုပင် တောင်တန်းအနှံ့ ပြန့်ကျဲနေသော လှပခမ်းနားလှသည့် အဆောက်အအုံများနှင့် နန်းဆောင်များမှာ အားလုံး၏ မျက်စိရှေ့၌ ပေါ်လာတော့သည်။ မီတာ ဒါဇင်ပေါင်းများစွာ မြင့်မားလှသော ခန့်ညားထည်ဝါသည့် ဂိုဏ်းတံခါးကြီးမှာလည်း သူတို့ရှေ့တွင် ပေါ်ပေါက်လာတော့သည်။

“ဝိုး၊ ဒါ မော်ရှန်းဂိုဏ်းလား ၊ အစ်ကို လင်းရန်ယန် ၊ ဒါကြီးက တကယ့်ကို ကြီးမားတာပဲ”

အောင်းနင်ရွှမ်းမှာ မြင့်မားလှသော တောင်ထိပ် ကိုးခုနှင့် ခမ်းနားလှသော အဆောက်အအုံများကို ကြည့်ကာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။

“အတွင်းထဲမှာဆိုရင် ဒီထက်တောင် ပိုလှသေးတယ်၊ လာ... အစ်ကို လိုက်ပြမယ်”

လင်းရန်ယန်က အနည်းငယ် ပြုံးလျက် အောင်းနင်ရွှမ်းကို ဦးဆောင်ကာ ဝင်သွားတော့သည်။

“၁၈ နှစ်တောင် ရှိသွားပြီ ၊ ဒါပေမဲ့ ဒီမော်ရှန်းဂိုဏ်းကတော့ ဘာမှ ပြောင်းလဲမသွားဘူးပဲ”

အောင်းထျန်းလုံသည်လည်း ပြုံးရွှင်စွာဖြင့် အတွင်းသို့ လှမ်းဝင်လိုက်၏။

လေ့ကျင့်ရေးကွင်းပြင်၌………..၊

“ငါ့အဖေ ဘာတွေလုပ်နေလဲ မသိဘူး၊ သူက လင်းရန်ယန်နဲ့ ပိုင်ရူရူ ရဲ့ ဂိုဏ်းတူအစ်ကိုတွေကို ငါ့အတွက် လက်စားချေပေးမယ်လို့ ပြောသွားတာ ၊ အခုထိ ဘာသတင်းမှ မကြားရသေးဘူး”

လေ့ကျင့်ရေးကွင်းပြင်တွင် ပိုင်ရူရူ၏ ရက်စက်သော နှိပ်စက်မှုကို ခံနေရသည့် လုံနန်ဖျင် မှာမူ ၊ သူ၏ ဖခင်ဖြစ်သူ ပြန်လာပြီး လက်စားချေပေးရန်သာ မျှော်လင့်နေသည်။ သို့မှသာ ပိုင်ရူရူက သူ့ကို ထပ်မံ၍ ထိရဲတော့မည်မဟုတ်ပေ။ ပြီးခဲ့သည့် ရက်များအတွင်း သူသည် စကားအနည်းငယ် မှားရုံနှင့်ပင် အရိုက်ခံနေရသည်။

၎င်းကို ‘အထူးလေ့ကျင့်ခန်း’ ဟု ခေါ်ဆိုကြသော်လည်း ၊ သူ့အတွက်မူ တကယ့်ကို ငရဲကျနေသကဲ့သို့ပင်။ လုံမိသားစု၏ ကောင်းကင်အရှင်သခင် နှစ်ဦးအနက် တစ်ဦးမှာ သူ၏ ထူးချွန်လှသော အစ်ကိုဖြစ်သူကို သင်ကြားပေးနေပြီး ၊ နောက်တစ်ဦးမှာမူ မော်ရှန်းဂိုဏ်း၌ အဆင့်မြင့် ကျင့်ကြံခြင်းကို ပြုလုပ်နေသဖြင့် သူ့ကို ဂရုစိုက်ရန် အချိန်မရှိပေ။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း လုံမိသားစု၏ အတော်ဆုံးသူများကိုသာ မိသားစုအတွင်း ထားရှိပြီး ၊ ကျန်သူများကို မော်ရှန်းဂိုဏ်းသို့ ပို့ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လုံနန်ဖျင်မှာ မော်ရှန်းဂိုဏ်းသို့ ရောက်လာရခြင်းမှာ သူ၏ ပါရမီမှာ လုံမိသားစု၏ လက်ရှိမျိုးဆက်တွင် အကောင်းဆုံး မဟုတ်သောကြောင့် ဖြစ်သည်။

သူ့တွင် အသက် ၂၄၊ ၂၅ ခန့်သာ ရှိသေးသော်လည်း ကောင်းကင်အရှင်သခင် အဆင့် (၃) သို့ ရောက်ရှိနေသည့် အစ်ကိုတစ်ယောက် ရှိသည်။ သူ၏ အစ်ကိုမှာ အနာဂတ်တွင် ကောင်းကင်အရှင်သခင်ကြီး ဖြစ်လာရန် ၉၀ ရာခိုင်နှုန်း သေချာနေသူ ဖြစ်သော်လည်း ၊ လုံနန်ဖျင်အတွက်မူ ထိုအဆင့်သို့ ရောက်ရန် အခွင့်အရေးမှာ ၃၀ ရာခိုင်နှုန်းပင် မပြည့်ပေ။ ဤသည်မှာ သူတို့ကြားမှ ကွာဟချက်ပင် ဖြစ်သည်။

“နင်ရွှမ်း၊ ဒါက ငါတို့ မော်ရှန်းဂိုဏ်းရဲ့ အတွင်းစည်း လေ့ကျင့်ရေးကွင်းပဲ၊”

ထိုစဉ် အနီးနားမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။ လုံနန်ဖျင်မှာ အမြန်ပင် လှည့်ကြည့်လိုက်ရာ ၊ လင်းရန်ယန်သည် စင်ကြယ်လှပသော မိန်းမပျိုလေး တစ်ဦးနှင့်အတူ လျှောက်လာသည်ကို မြင်တွေ့လိုက်ရ၏။ ထိုကဲ့သို့ လှပသော မိန်းကလေးမှာ ဘေးပတ်ဝန်းကျင်ရှိ တပည့်များအားလုံး၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားတော့သည်။

“ဟင်”

ကျင့်ကြံနေသော ပိုင်ရူရူသည်လည်း ဤသည်ကို သတိပြုမိသွားသည်။ သူမ ကြည့်လိုက်သောအခါ လင်းရန်ယန်နှင့် အောင်းနင်ရွှမ်းတို့မှာ ပျော်ရွှင်စွာ စကားပြောဆိုလာသည်ကို မြင်လိုက်ရသဖြင့် ၊ သူမ၏ မျက်နှာမှာ ချက်ချင်းပင် မဲမှောင်သွားတော့သည်။

“ဒီကောင်စုတ်လေး၊ ပြီးခဲ့တဲ့ ရက်တွေက ဘယ်ပျောက်နေတာလဲလို့ ၊ အပြင်မှာ မိန်းကလေးတွေနောက် လိုက်နေတာကိုး၊ မိန်းကလေးနောက် လိုက်တာက ထားပါဦး၊ မော်ရှန်းလေ့ကျင့်ရေးကွင်းကိုပါ ခေါ်လာရသလား၊ ဒါက ကြီးလေးတဲ့ တားမြစ်ချက်ဆိုတာ မသိဘူးလား”

ပိုင်ရူရူသည် လွန်ခဲ့သော နှစ်ရက်က လင်းရန်ယန်ထံ၌ အရေးနိမ့်ခဲ့သည်ကို အမှတ်ရနေဆဲ ဖြစ်သည်။ သို့သော် လင်းရန်ယန်က ပြင်ပလူတစ်ဦးကို ခေါ်ဆောင်လာခြင်းမှာ သူမကို စိုးရိမ်ပူပန်သွားစေ၏။ အဘယ်ကြောင့်ဆိုသော် မော်ရှန်းဂိုဏ်း၏ စည်းကမ်းချက်အရ လေ့ကျင့်ရေးကွင်းအတွင်းသို့ အခြားဂိုဏ်းမှ တပည့်များ ဝင်ရောက်ခွင့် မရှိသောကြောင့် ဖြစ်သည်။

အကယ်၍ တွေ့ရှိသွားပါက အတွင်းစည်းတပည့်ပင် ဖြစ်လင့်ကစား ကြီးလေးသော ပြစ်ဒဏ်ကို ခံရမည် ဖြစ်၏။ ထိုအကြောင်းကို တွေးမိသောအခါ သူမသည် လင်းရန်ယန်ကို သွားရောက် သတိပေးရန် ပြင်လိုက်သည်။

“ဟား၊ ဂိုဏ်းတူအစ်ကို လင်းရန်ယန်၊ ဒါက မော်ရှန်းလေ့ကျင့်ရေးကွင်းဆိုတာ မသိဘူးလား၊ ပြင်ပလူကို ဒီကို ခေါ်လာတာက... မော်ရှန်းရဲ့ ပညာရပ်တွေကို ခိုးယူခိုင်းဖို့ ကြံစည်နေတာလား”

ကံဆိုးစွာပင် လုံနန်ဖျင်သည် ရှေ့သို့ ခုန်ထွက်လာပြီး တရားမျှတဟန်ဖြင့် အော်ဟစ်လိုက်တော့သည်။

“ဒီကောင်စုတ် ပြန်လာပြီပဲ၊ ပြီးခဲ့တဲ့ နှစ်ရက်က ငါပေးတဲ့ အထူးလေ့ကျင့်ခန်းတွေက ဘာမှ ထိရောက်ပုံမရဘူး”

လုံနန်ဖျင် ထွက်လာသည်ကို မြင်သောအခါ ပိုင်ရူရူ၏ မျက်နှာမှာ ပို၍ပင် မဲမှောင်သွားတော့သည်။ သို့သော် လုံနန်ဖျင်မှာမူ သူ၏ ရည်မှန်းချက် အထမြောက်တော့မည်ဟု ထင်မှတ်ကာ ကျေနပ်နေ၏။ အဘယ်ကြောင့်ဆိုသော် သူပြောလိုက်သည်နှင့် ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာလည်း သတိဝင်လာကြသောကြောင့် ဖြစ်သည်။

ပညာရပ်များကို ခိုးယူလေ့လာခြင်းမှာ မည်သည့်ဂိုဏ်းကြီးများတွင်မဆို ကြီးလေးသော တားမြစ်ချက်ဖြစ်ပြီး ၊ ရှေ့တွင်ရှိနေသော လှပသည့် မိန်းကလေးမှာလည်း မော်ရှန်းတပည့် မဟုတ်သည်မှာ သေချာလှသည်။

“အို၊ မင်းက ဒါကို ပြဿနာလို့ ထင်နေတာလား၊”

လင်းရန်ယန်က လုံနန်ဖျင်၏ စကားကို ကြားသောအခါ အေးအေးဆေးဆေးပင် ပြုံးလျက် မေးလိုက်သည်။

“ကျွန်တော်က ပြဿနာလို့ ထင်တာ မဟုတ်ဘူး၊ ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း ပြောနေတာ၊ ဂိုဏ်းတူ အစ်ကိုက အပြင်လူကို ဒီလိုမျိုး ခေါ်လာလို့ ၊ ငါတို့ မော်ရှန်းရဲ့ ကျင့်စဉ်တွေ ပေါက်ကြားသွားရင် ၊ ဂိုဏ်းတူအစ်ကို ဘယ်လို ပြစ်ဒဏ်မျိုး ခံယူမလဲဆိုတာ သိလား”

လုံနန်ဖျင်က သူ၏ အကြံအောင်မြင်တော့မည့် ပုံစံဖြင့် မောက်မာစွာ ဆိုလိုက်တော့သည်။

“အစ်ကို လင်းရန်ယန်၊ သူက ဘယ်သူလဲ၊ ဘာလို့ ဒီလောက် မောက်မာနေရတာလဲ၊ ညီမ သွားရိုက်လိုက်ရမလား”

All Chapters