အေးစက်လှသော ဘေးအန္တရာယ်နယ်မြေ
Vol. 5 Ch. 50
အောင်းနင်ရွှမ်း သည် သူမအား မော်ရှန်းတပည့် မဟုတ်ဟု လုံနန်ဖျင် က ပြောဆိုလိုက်သည်ကို ကြားသောအခါ ၊ ဒေါသတကြီးဖြင့် ပါးစပ်ကလေး ဆူသွားပြီး ထိုကောင်စုတ်လေးကို ပညာပေးရန် ပြင်လိုက်တော့သည်။ သို့သော် သူမ မလှုပ်ရှားမီမှာပင် တစ်စုံတစ်ဦးက ဦးအောင် လက်ဦးမှု ယူလိုက်၏။
လုံနန်ဖျင် တစ်ယောက် ကျေနပ်မောက်မာနေဆဲမှာပင် ၊ သူ၏ နောက်ကျောဘက်မှ သန်မာလှသော လက်ဖဝါးကြီးတစ်ဖက် ရုတ်ချည်း ရောက်ရှိလာပြီး သူ၏ ကော်လာမှ ဆွဲမလိုက်တော့သည်။
“ဘာ... ငါ အောင်းထျန်းလုံ ရဲ့ သမီးက မော်ရှန်းတပည့် မဟုတ်ဘူး ဟုတ်လား”
မျက်နှာထက်၌ ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာနှိမ်နင်းရေး အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ဗလတောင့်တောင့် လူသန်ကြီး အောင်းထျန်းလုံသည် လုံနန်ဖျင်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
“အောင်းထျန်းလုံဟုတ်လား ၊ ဒါက တတိယမြောက် ဂိုဏ်းရဲ့ထိတ်တန်းတပည့် ဂိုဏ်းတူအစ်ကို အောင်းထျန်းလုံ ဟုတ်လား”
“တကယ်ပဲ ဂိုဏ်းတူအစ်ကိုကြီးပါလား ၊ သူ ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး”
“ဒီမိန်းကလေးက တကယ်ပဲ ဂိုဏ်းတူအစ်ကိုကြီးရဲ့ သမီးပေါ့ ၊ တကယ့်ကို ခြင်္သေ့က မွေးတဲ့ သမီးပဲ”
“အရမ်းကောင်းတာပဲ ၊ ဂိုဏ်းတူအစ်ကိုကြီး မော်ရှန်းက ထွက်သွားတာ ၁၅ နှစ်လောက် ရှိပြီ ၊ အခုမှ ပြန်လာတော့တယ်”
ဤခဏ၌ ဝါရင့် အတွင်းစည်းတပည့်များ အားလုံးမှာ ရှေ့မှလူသည် သူတို့၏ ဂိုဏ်းတူအစ်ကိုကြီး အောင်းထျန်းလုံ ဖြစ်ကြောင်း မှတ်မိသွားကြတော့သည်။ ဖြောင့်မတ်ပြီး ပါရမီထူးချွန်လှသော ဤ ဂိုဏ်းတူအစ်ကိုကြီးမှာ ထိုစဉ်က တပည့်များစွာ၏ စံပြပုဂ္ဂိုလ် ဖြစ်ခဲ့သည်။
“ဂိုဏ်းတူအစ်ကိုကြီး၊ တကယ်ပဲ အစ်ကိုကြီးလား၊”
ပိုင်ရူရူ သည် အောင်းထျန်းလုံကို မြင်လိုက်ရသောအခါ ဝမ်းသာလွန်းသဖြင့် မျက်ဝန်းများ နီမြန်းလာတော့သည်။
“ရ... ရှင်... ရှင်က ဂိုဏ်းတူအစ်ကို အောင်းထျန်းလုံလား”
လုံနန်ဖျင်မှာမူ မိစ္ဆာနံ့များ ထွက်ပေါ်နေသော လူသန်ကြီးကို ကြည့်ကာ ကြောက်လန့်တကြား တုန်ရီနေတော့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖခင်ဖြစ်သူက အောင်းထျန်းလုံသည် ညီအစ်ကိုများကြား စိတ်ဝမ်းကွဲအောင် လုပ်သူများကို အမုန်းဆုံး ဖြစ်ပြီး ၊ သူ့ကဲ့သို့ လူမျိုးများကို တွေ့လျှင် အရေခွံဆုတ်တတ်ကြောင်း အမြဲပြောဆိုလေ့ရှိသောကြောင့် ဖြစ်သည်။
“သိရင် ပြီးတာပဲ ၊ မင်းက လုံမိသားစုက မဟုတ်လား ၊ မင်းရဲ့ ပုံစံကို ကြည့်ရတာ အသုံးမကျတဲ့ လုံနန်ဖျင်ရဲ့ သားပဲ ဖြစ်ရမယ် ၊ မော်ရှန်းကို ရောက်လာမှတော့ ကောင်းကောင်း ကျင့်ကြံစမ်းပါ၊ မင်းတို့ လုံမိသားစုရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းတွေကို ဒီမှာ လာမသုံးနဲ့”
အောင်းထျန်းလုံက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် သူ၏ လက်မောင်းကြီးကို ဝေ့ယမ်းလိုက်သည်။
“ဝုန်း”
ပြင်းထန်လှသော ခွန်အားကြောင့် လုံနန်ဖျင်မှာ နောက်သို့ လွင့်စင်သွားတော့သည်။ ကျယ်လောင်လှသော အသံကြီးနှင့်အတူ သူသည် အနီးနားရှိ တောင်နံရံနှင့် အရှိန်ပြင်းစွာ ရိုက်မိသွားပြီး ၊ ပုစွန်ထုပ်ကလေးကဲ့သို့ ခွေလိပ်လျက် မြေပြင်ပေါ်၌ တဆတ်ဆတ် တုန်ခါနေတော့သည်။
“ဂိုဏ်းတူအစ်ကိုကြီး၊”
ထိုစဉ် ပိုင်ရူရူသည် ပျော်ရွှင်စွာ ပြေးလာပြီး အောင်းထျန်းလုံ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ခုန်ဝင်လိုက်၏။
“ဒီကောင်မလေးကတော့ကွာ... ဒီလောက် ကြီးနေပြီကို အရင်အတိုင်းပဲ”
အောင်းထျန်းလုံက မတတ်သာသလို ပြုံးလိုက်သည်။ သူမသည် သူ၏ ဂိုဏ်းတူညီမလေး ဖြစ်သော်လည်း ၊ အသက်နှစ်ဆယ်ကျော် ကွာနေသောကြောင့် သူ့သမီးအရွယ်ပင် ဖြစ်နေသည်။ သူ မော်ရှန်းမှ ထွက်ခွာသွားချိန်က ဤကောင်မလေးမှာ ဆယ်နှစ်ပင် မပြည့်သေး။
“ဘယ်သူက ၁၈ နှစ်တောင် ပစ်ထားပြီး ပြန်မလာခိုင်းလို့လဲ ၊ ဂိုဏ်းတူအစ်ကိုကြီးနဲ့ အစ်မကြီးလည်း အတူတူပဲ ၊ လက်ထပ်ပြီးကတည်းက တစ်ခါမှ ပြန်မလာကြတော့ဘူး”
ပိုင်ရူရူက ကလေးလေးတစ်ယောက်လို ညည်းတွားလိုက်သည်။
“ဒါကတော့ ငါတို့အားလုံးက ဘေးအန္တရာယ်နယ်မြေတွေကို စောင့်ကြပ်နေရလို့ပါ၊ ကဲ... အမြန်ဆင်းစမ်းဦး၊ မင်းရဲ့ တူမလေး ကြည့်နေတယ်”
အောင်းထျန်းလုံက ရယ်မောလျက် ဆိုလိုက်၏။
“ဟုတ်ကဲ့ပါ”
ပိုင်ရူရူသည် အောင်းထျန်းလုံ၏ ရင်ခွင်ထဲမှ မြေပြင်သို့ လိမ်မာစွာ ဆင်းလိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာမူ ပုံမှန်အချိန်၌ မိစ္ဆာဘုရင်မကဲ့သို့ ဆိုးသွမ်းလှသော ပိုင်ရူရူ၏ နူးညံ့လှသော တစ်ဖက်ခြမ်းကို မြင်လိုက်ရသဖြင့် သရဲ မြင်လိုက်ရသည့်အလား မှင်သက်နေကြတော့သည်။
ထို့နောက်တွင်မူ ကြာမြင့်စွာ ခွဲခွာနေခဲ့ရသော ညီအစ်ကို မောင်နှမများ ပြန်လည် ဆုံတွေ့သည့် အခိုက်အတန့် ဖြစ်ပေါ်လာတော့သည်။ အောင်းထျန်းလုံသည် မော်ရှန်းသို့ မပြန်သည်မှာ ကြာပြီဖြစ်သဖြင့် သူ၏ အိမ်တော်မှာ ပျက်စီးနေသောကြောင့် ၊ သူနှင့် သမီးဖြစ်သူမှာ လင်းရန်ယန်၏ အိမ်တော်၌ပင် ခေတ္တ တည်းခိုရန် ဆုံးဖြတ်လိုက်ရ၏။
ယွင်ကောင်း နှင့် သူ၏မိခင်မှာမူ ပိုင်ရူရူနှင့်အတူ နေထိုင်ကြသည်။ ကံဆိုးလှသော ယွင်ကောင်းမှာမူ သူ၏ ဒေါ်လေးဖြစ်သူနှင့် မိခင်ဖြစ်သူတို့၏ နှစ်ထပ်ကွမ်း နှိပ်စက်မှုကို ချက်ချင်းပင် ခံစားလိုက်ရတော့သည်။ အရင်က သူသည် ကျင့်ကြံခြင်း မပြုနိုင်သဖြင့် လျှောက်သွားနေရုံသာ ရှိသော်လည်း ၊ ယခုအခါ ကျင့်ကြံနိုင်ပြီ ဖြစ်သဖြင့် နားချိန်ဟူ၍ မရှိတော့ပေ။
နောက်ထပ် နှစ်ရက်ခန့်အတွင်း လင်းရန်ယန်သည်လည်း မော်ရှန်း၌ အနားယူ ကျင့်ကြံနေသည်။ အပြင်သို့ တစ်ခေါက် ထွက်ခဲ့ခြင်းက ရုပ်ရှင် လေးကားစာ ဇာတ်လမ်းများကိုပင် ပြီးမြောက် သွားစေနိုင်သည်။ သံယောဇဉ်မှာလည်း တဖြည်းဖြည်း နက်ရှိုင်းလာတော့သည်။
လင်းရန်ယန်သည် ဤဖြူစင် လန်းဆန်းလှသော မိန်းကလေးကို အတော်လေး သဘောကျနေမိသည်။ အဓိက အချက်မှာ သူမ၏ ရုပ်ရည်မှာ ရန်ထင်ထင် တို့ထက်ပင် သာလွန်နေခြင်းကြောင့် ဖြစ်သည်။ ထိုနှစ်ရက်အတွင်း သူ၏ အဆင့်မှာ မြေကမ္ဘာအရှင်သခင် အဆင့် (၉) သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။
၎င်းအပြင် သူသည် ‘အလိုအလျောက် တိုက်ခိုက်ခြင်း’ စွမ်းရည် သုံးခုကို ရရှိခဲ့ပြီး ၊ အဆင့် (၂) သို့ မြှင့်တင်နိုင်ခဲ့သည်။ ဤစွမ်းရည်မှာ အသိစိတ်အတွင်း၌ ပြိုင်ဘက်မျိုးစုံနှင့် တိုက်ခိုက်နေရသဖြင့် တိုက်ပွဲ အတွေ့အကြုံများကို အစဉ်တစိုက် တိုးပွားစေနိုင်သည်။ အဆင့် (၂) အလိုအလျောက် တိုက်ခိုက်ခြင်းမှာ တစ်ရက်လျှင် ၁၀ နှစ်စာ တိုက်ပွဲ အတွေ့အကြုံများကို ပေးစွမ်းနိုင်သည်။
တိုက်ပွဲနည်းပါးလှသော ဤခေတ်ကာလတွင် ၁၀ နှစ်စာ တိုက်ပွဲ အတွေ့အကြုံဆိုသည်မှာ မြေကမ္ဘာအရှင်သခင် အားလုံးနီးပါးကို ကျော်လွန်ရန် လုံလောက်လှသည်။ အတွေ့အကြုံ ကြွယ်ဝသူသည် ပြိုင်ဘက်၏ မည်သည့် ပညာရပ်ကိုမဆို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီး ၊ တူညီသော စွမ်းအားဖြင့်ပင် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုကို ပြုလုပ်နိုင်သည်။
ဒုတိယနေ့ ညနေခင်းတွင် အောင်းထျန်းလုံသည် မဟာအကြီးအကဲ၏ တောင်ထိပ်မှ ပြန်လာခဲ့သည်။ သူ၏ မျက်နှာမှာ အလွန်ပင် လေးနက်နေ၏။
“ဖေဖေ၊ ဘာဖြစ်လို့လဲ”
ဖခင်ဖြစ်သူ၏ အမူအရာကို မြင်သောအခါ အောင်းနင်ရွှမ်းက စိုးရိမ်တကြီး မေးလိုက်သည်။
“ကိစ္စကြီး တစ်ခုတော့ ဖြစ်ပြီ”
အောင်းထျန်းလုံက သက်ပြင်းချရင်း ဆိုလိုက်၏။
“အိုး... ဘာကိစ္စကြီးများလဲ၊”
လင်းရန်ယန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
“မင်းက ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ ကောင်လေးရာ”
လင်းရန်ယန်၏ ပုံစံကို ကြည့်ကာ အောင်းထျန်းလုံမှာ စကားပင် မဆိုနိုင်တော့ပေ။
“ဟဲဟဲ၊ ကျွန်တော်က မော်ရှန်းမှာ နေရတာ နည်းနည်း ပျင်းနေလို့ပါ”
လင်းရန်ယန်က ရယ်မောလျက် ပြန်ပြောလိုက်သည်။
“အခြေအနေက ဒီလိုပါ”
အောင်းထျန်းလုံက အကြောင်းစုံကို ရှင်းပြလိုက်တော့သည်။ မဟာအကြီးအကဲ ပြန်ရောက်ပြီးနောက် ၊ ကျိန့်ယိဂိုဏ်း သည် အနောက်ဘက်ဒေသရှိ ‘အအေးဓာတ် ဘေးအန္တရာယ်နယ်မြေ’ ကို ဖြေရှင်းရန် မဟာအကြီးအကဲ တစ်ဦးအား စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
သို့သော် ယခုလေးတင် ထိုအကြီးအကဲ၏ ဝိညာဉ်မီးအိမ်မှာ ငြိမ်းသွားခဲ့ပြီ ဖြစ်ရာ ၊ သူ အသက်ဆုံးရှုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ရသည်။
“ဘာ... မဟာအကြီးအကဲ တစ်ယောက်တောင် သေသွားတာလား”
အောင်းနင်ရွှမ်းမှာ ထိတ်လန့်သွားရ၏။
“ဟုတ်တယ်၊ အဲဒီအကြီးအကဲရဲ့ အစွမ်းက ကောင်းကင်အရှင်သခင် အဆင့် (၄) တောင် ရှိတာ ၊ ဒါတောင်မှ အဲဒီနယ်မြေထဲမှာ ဘာသတင်းမှ မပေးနိုင်ဘဲ အသံတိတ် သေဆုံးသွားခဲ့ရတယ် ၊ ငါတို့သာ အမြန်မပြန်လာရင် ငါတို့သားအဖလည်း သေချင်သေသွားနိုင်တယ်”
အောင်းထျန်းလုံကလည်း ရင်တထိတ်ထိတ်ဖြင့် ဆိုလိုက်သည်။ ကောင်းကင်အရှင်သခင် တစ်ဦး ကျဆုံးခြင်းမှာ ကျင့်ကြံရေးလောကရှိ တရားသော ဘက်တော်သားများ အားလုံးအတွက် ကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။
“ကောင်းကင်အရှင်သခင် အဆင့် (၄) တစ်ယောက်က သတင်းတောင် မပို့နိုင်ဘဲ သေသွားတယ်ဆိုတော့ ၊ အဲဒီနေရာက တကယ့်ကို ကြောက်စရာကောင်းတဲ့ နေရာပဲ ဖြစ်ရမယ်”